အခန်း ၅၂၅
Vol. 53 Ch. 525
အခန်း (၅၂၅) - တတိယအဆင့် အစီအရင် ဗြုန်းစားမိုးကြိုးလှိုင်း
‘ဗြုန်းစားမိုးကြိုးလှိုင်း’
ဤသည်မှာ တတိယအဆင့် မိုးကြိုးအစီအရင် ဖြစ်သည်။ ထိုညက ဖြစ်ပျက်ခဲ့သည့် အတွေ့အကြုံများမှ သင်ခန်းစာယူကာ မင်လုံယွီတစ်ယောက် နာကျင်စွာဖြင့် ပြန်လည် ဆန်းစစ်ရင်း အဆင့်မြှင့်တင်ထားသည့် တိုက်စစ် အစီအရင်တစ်ခု ဖြစ်သည်။ ဤအစီအရင်သည် ရုပ်သေးရုပ်ကဲ့သို့ အသက်မဲ့နေသည်မဟုတ်ဘဲ အသက်ဝင်လှုပ်ရှားနေသည့် အစီအရင် ဖြစ်သည်။ အစီအရင်အမည်အတိုင်းပင် မိုးကြိုးများမှာ မုန်တိုင်းကဲ့သို့ အရှိန်အဟုန်ပြင်းစွာနှင့် ရေလှိုင်းပမာ ဗြုန်းစား ပေါက်ကွဲထွက်လာမည် ဖြစ်သည်။
ဤအစီအရင်သာ တစ်ကြိမ်ပေါက်ကွဲသွားလျှင် ရွှေအမြုတေအဆင့် စီရင်စုသခင်များပင်လျှင် ထိုတိုက်ခိုက်မှုကို ရှောင်ရှားရပေလိမ့်မည်။ အကယ်၍သာ ထိုအစီအရင်ထဲသို့ နစ်မွန်းသွားမိပါက အမှုန့်အဖြစ် ကြွေမွသွားရန်မှာလည်း အဆန်းမဟုတ်ပေ။ သို့သော်လည်း ဤအစီအရင်ကို ခင်းကျင်းရန်မှာ အလွန်တရာမှ ခက်ခဲလှသည်။
ပထမအချက်မှာ မှော်ရတနာအဆင့်ရှိသည့် အစီအရင်ပြားတစ်ခုကို အဓိက အနှစ်သာရအဖြစ် ထားရှိရမည်ဖြစ်ပြီး၊ မိုးကြိုးဆိုင်ရာ ပစ္စည်းကိရိယာများစွာဖြင့် ပံ့ပိုးပေးရမည် ဖြစ်သည်။ ဒုတိယအချက်မှာ၊ အစီအရင်ကိုယ်တိုင်တွင် မိုးကြိုးစွမ်းအား အမြောက်အမြားကို စုဆောင်းထားပြီး အစပျိုးပေးရန် လိုအပ်သည်။ ထိုမှသာလျှင် ရေလှိုင်းပမာ ပြင်းထန်သော မိုးကြိုးများကို ဆွဲခေါ်နိုင်မည် ဖြစ်သည်။ နောက်ဆုံးအချက်မှာ ဤအစီအရင်၏ အစွမ်းသတ္တိကို အမြင့်ဆုံးအထိ တွန်းပို့လိုပါက မိုးကြိုးစွမ်းအား အလွန်ထူပြောသည့် ပတ်ဝန်းကျင်မျိုးတွင်သာ ပြုလုပ်ရမည် ဖြစ်သည်။
မဟုတ်ပါက ထွက်ပေါ်လာမည့် အစွမ်းမှာ သာမန် ဒုတိယအဆင့် အစီအရင်ထက်ပင် ညံ့ဖျင်းနေပေလိမ့်မည်။ ဤသည်ကို တတိယအဆင့် တိုက်စစ်အစီအရင်ဟု ခေါ်သည်ထက် မိုးကြိုးဆွဲခေါ်သည့် အစီအရင်ဟု ခေါ်ဆိုခြင်းက ပို၍ သင့်တော်မည် ဖြစ်သည်။ ဂိုဏ်းကြီးများက မိုးကြိုးများကို ဆွဲခေါ်ပြီး အဖိုးတန် ကျင့်ကြံခြင်းဆိုင်ရာ သစ်ပင်နှင့် သတ္တုများကို ပြုစုပျိုးထောင်ခြင်းနှင့်မူ ကွာခြားသည်။ ထိုသို့သော ဆွဲခေါ်ခြင်းမျိုးမှာ ပို၍ နူးညံ့သိမ်မွေ့ပြီး၊ အရေအတွက်အားဖြင့်လည်း ရှားပါးသည့် မိုးကြိုးများသာ ဖြစ်သည်။ သို့သော် ဗြုန်းစားမိုးကြိုးလှိုင်းအစီအရင်က ဆွဲခေါ်လာသည်မှာမူ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့် အတိုင်းအဆမရှိသော မိုးကြိုးစီးကြောင်းကြီးပင် ဖြစ်သည်။
မဖြစ်မနေ ကာကွယ်ထားရန်အတွက် လော့ချန်သည် ခြေကုပ်ရသည်နှင့် တစ်ပြိုင်နက် မိုးကြိုးထိထားသည့် သစ်ပင်များရှိသော တောအုပ်ထဲတွင် မော်ကွန်းဝင်အစီအရင်အိမ်မြှောင်ကို မြှုပ်နှံလိုက်သည်။ ထို့နောက် ရောင်စုံအလံငယ်များကို ထုတ်ယူပြီး ဓာတ်ကြီးငါးပါး တည်နေရာများအတိုင်း စနစ်တကျ စိုက်ထူလိုက်သည်။ အချို့သော နေရာများတွင်မူ မင်လုံယွီ မှာကြားထားသည့် ပစ္စည်းများကို အစီအရီ ထားရှိလိုက်သည်။
မိုးကြိုးကြေးနီသံ၊ မိုးကြိုးရောင်ခြည်မှုန်၊ မိုးကြိုးဆွဲသစ်သား....။
လော့ထျန်းအဖွဲ့သားများက သူလုပ်နေသည်များကို ပါးစပ်အဟောင်းသားဖြင့် စိတ်ဝင်တစား ကြည့်နေကြသည်။ သို့သော် လော့ချန် အစီအရင်ခင်းနေမှန်း သိသွားကြသည့်အခါတွင်မူ မည်သူမျှ ဝင်ရောက်နှောင့်ယှက်ခြင်း မပြုရဲကြတော့ပေ။
"အကြီးအကဲမင်လုံယွီရဲ့ နောက်ဆုံးလက်ကျန် နည်းလမ်း ဖြစ်လိမ့်မယ်"
လူတိုင်းကို အံ့အားသင့်စေသည်မှာ အဖွဲ့ချုပ်ခေါင်းဆောင်တစ်ယောက် အစီအရင်ခင်းရာတွင် အလွန် သဘာဝကျနေခြင်း ဖြစ်သည်။ သူသည် ဤအစီအရင်အတတ်ကို နှစ်ပေါင်းများစွာ ကြာအောင် လေ့ကျင့်လာခဲ့ဖူးသည့် လူတစ်ဦးကဲ့သို့ပင် ဖြစ်နေခဲ့၏။
နောက်ဆုံး အလံကို နေရာချထားပြီးနောက်တွင်မူ လော့ချန် အဆင့်လတ် ဝိညာဉ်ကျောက်တုံး ၁၀၀ ကို ထုတ်ယူလိုက်ပြီး သူ ကိုယ်တိုင် ထုဆစ်ထားခဲ့သည့် အကြမ်းထည် မိုးကြိုးဆွဲမြေပြင်ပေါ်ရှိ အာရုံခံပေါက်ထဲသို့ ထည့်လိုက်သည်။ နောက်ဆုံး ကျောက်တုံး အထဲသို့ ဝင်ရောက်သွားခဲ့သည့် အချိန်တွင်မူ သူ ခြေလှမ်းအနည်းငယ်မျှ နောက်သို့ ဆုတ်လိုက်မိရင်း အစီအရင်ကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။
အမှန်တိုင်း ပြောရလျှင် သူလည်း အနည်းငယ် အံ့အားသင့်မိသည်။ ဤတတိယအဆင့် အစီအရင်ကို ကိုယ်တိုင် ခင်းကျင်းရာတွင် အစမှ အဆုံးအထိ အခက်အခဲ တစ်စုံတစ်ရာ မတွေ့ခဲ့ရပေ။ အစီအရင်အလယ်ဗဟိုတွင် လျှပ်စီးကြောင်းလေးများ ဖြတ်ပြေးနေပြီး မော်ကွန်းဝင်အစီအရင်အိမ်မြောင်ဆီ စီးဆင်းသွားသည်ကို ကြည့်ရင်း သူမေးကို ပွတ်သပ်လိုက်သည်။
"ဒီအစီအရင်က ရိုးရှင်းလွန်းလို့ ဖြစ်မယ်"
တတိယအဆင့်ဟု ထင်ရသော်လည်း ၎င်း၏ အစွမ်းမှာ အစီအရင်ကိုယ်ပိုင်၏ အစွမ်းထက် ပတ်ဝန်းကျင်၏ မြေမျက်နှာသွင်ပြင် အခြေအနေအပေါ်၌သာ လုံးဝ မူတည်နေခဲ့ခြင်း ဖြစ်ပေသည်။
"အချိန်ကြာလေ စုဆောင်းမိတဲ့ မိုးကြိုးစွမ်းအား များလေလေပဲ၊ ဒီဆွဲအားကလည်း ပိုပြီး ပြင်းထန်လာမယ်၊ အဲဒီအခါကျရင် ပိုပြီး များပြားတဲ့ မိုးကြိုးတွေကို ဆွဲခေါ်နိုင်လိမ့်မယ်"
"အဲဒီတော့ မိုးကြိုးဆွဲဖို့အတွက် ကုန်သွားတဲ့ ဝိညာဉ်ကျောက်တုံးတွေကိုပဲ အချိန်နဲ့အမျှ ဖြည့်ပေးဖို့ လိုမယ်၊ ကျန်တာကတော့ စောင့်နေရုံပဲ"
သူ သက်ပြင်းချလိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တွမ်ဖုန်းက အဖွဲ့သားများ ကင်းလှည့်ရန် စီစဉ်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။
နောင်တွင် အချိန်အတော်ကြာအောင် ဤငှက်တောင်မနား၊ ခွေးတောင်မသွားသည့် နေရာတွင်သာ နေထိုင်ရတော့မည်ဟု သူ တွေးမိသည်။
ဤနေရာ၌ တိုက်ပွဲ များများစားစား ဖြစ်လိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ရှေ့တွင် တားဆီးပေးမည့်သူများ အလုံအလောက် ရှိနေသည် မဟုတ်လော။
....
လော့ချန် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။
ဆဋ္ဌမမြောက် တောင်တန်းတွင် တာဝန်ကျနေစဉ် အခြားသော အဖွဲ့ငယ်များမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း လော့ထျန်းအဖွဲ့အတွက်မူ အေးချမ်းစွာပင် ရှိနေခဲ့သည်။
တစ်လကျော်လာပြီ ဖြစ်သည်။
ဆဋ္ဌမမြောက် တောင်တန်း၏ အရှေ့ဘက်တွင် ဓားဂိုဏ်း၏ မဟာမိတ်အဖွဲ့က တိုက်ခိုက်နေကြောင်း သတင်းများ ရံဖန်ရံခါ ကြားနေရသည်။ တိုက်ပွဲ၏ ပြင်းထန်မှုမှာ သတ္တမမြောက် တောင်တန်းကို သိမ်းပိုက်စဉ်ကထက်ပင် မလျော့နည်းပေ။ ဆဋ္ဌမမြောက် တောင်တန်းသာ ကျဆုံးသွားပါက လေးဂိုဏ်းမဟာမိတ်အဖွဲ့တွင် ပဉ္စမမြောက် တောင်တန်းသာ ကျန်ရှိတော့မည်ဖြစ်ပြီး ထိုအခါ တိမ်ပြိုဂိုဏ်းဘက်တွင် နောက်ဆုတ်ရန် လမ်းစ မရှိတော့မည်ကို လူတိုင်း သိရှိကြသည်။
ထို့ကြောင့် လေးဂိုဏ်းမဟာမိတ်အဖွဲ့၏ တုံ့ပြန်မှုမှာ အလွန်ပင် ပြင်းထန်လှသည်။ တိုက်ပွဲတိုင်းတွင် သွေးစွန်းသည့် ကာကွယ်မှုမျိုးဖြင့်သာ ရင်ဆိုင်ကြသည်။ ထိုသို့သော စစ်ပွဲမျိုးတွင် ကျင့်ကြံသူပေါင်းများစွာ ကျဆုံးကြသကဲ့သို့ အသက်ရှင်ကျန်ရစ်သူများမှာလည်း နာမည် ကျော်ကြားလာကြသည်။
မင်လုံယွီ၏ မိုးကြိုးနတ်သားကဲ့သို့ အမည်နာမများမှာလည်း အများအပြား ထွက်ပေါ်လာသည်။
မဟာမိတ်များအကြားတွင်လည်း တစ်ဦးကိုတစ်ဦး ချီးမွမ်းစကားများနှင့် မြှောက်ပင့်စကားများက အစဉ်မပြတ် ပျံ့လွင့်နေခဲ့ကြ၏။ သို့သော် စစ်မြေပြင်တွင် ရရှိလာသည့် ထိုသို့သော နာမည်များမှာ အလာမြန်သလို အပျောက်လည်း မြန်ဆန်သည်။ ကျဆုံးသွားသည်ကို မဆိုထားနှင့်၊ နောင်တွင် ထိုအမည်များ ဆက်လက် ကျန်ရစ်နိုင်ပါ့မလား ဆိုသည်မှာလည်း နောက်ထပ် ကိစ္စတစ်ခု ဖြစ်သည်။
ဤကြားထဲတွင် လော့ချန်လည်း ရှေ့တန်းသို့သွား၍ တိုက်ပွဲကြီးတစ်ခုကို သွားကြည့်လိုက်သေးသည်။
ထိုစဉ်က ချီစွမ်းအားများမှာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ စီးဆင်းနေပြီး ဓားအလင်းတန်းများမှာလည်း ရောထွေးရှုပ်ထွေးစွာဖြင့် တောက်ပနေသည်။ အမျိုးမျိုးသော မှော်ရတနာ၊ မှော်လက်နက်၊ မှော်စာရွက်များနှင့် အစီအရင်များမှာ အပြန်အလှန် ပေါက်ကွဲနေကြသည်။
အခြေတည်အဆင့် ကျင့်ကြံသူများမှာ တိုက်ပွဲ၏ အဓိက အင်အားစုများ ဖြစ်ကြပြီး၊ မှော်ရတနာများဖြင့် ရှေ့တိုးနောက်ဆုတ် လုပ်နေကြသလို၊ အချို့ကလည်း မှော်လက်နက်များဖြင့် အကြီးအကျယ် တိုက်ခိုက်နေကြသည်။ အခြေတည်အဆင့် တိုက်ပွဲများတွင် ပါဝင်နိုင်ခြင်း မရှိဟု ထင်ရသော ချီသန့်စင်အဆင့် ကျင့်ကြံသူများမှာလည်း အံ့သြစရာကောင်းသည့် တိုက်ခိုက်နိုင်စွမ်းကို ထုတ်ဖော်ပြသကြသည်။ ချီသန့်စင်အဆင့် ကျင့်ကြံသူများမှာ အုပ်စုလိုက် ပူးပေါင်းပြီး လေးဂိုဏ်းမှ တပည့်ရင်းများ၏ အမိန့်ပေးမှုအောက်တွင် ပြင်းထန်သော အစီအရင်များကို ပစ်လွှတ်ကြသည်။
တစ်ယောက်နှစ်ယောက်သာဆိုလျှင် ကြောက်စရာ မရှိပေ။ သို့သော် အရေအတွက် များပြားလာသောအခါ အခြေတည်အဆင့် ကျင့်ကြံသူများပင် ထိုအရှိန်ကို မခံနိုင်ကြပေ။ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ရွှေအမြုတေ စီရင်စုသခင် ပြောခဲ့သလိုပင် ယနေ့ခေတ် ကျင့်ကြံခြင်း လောကတွင် ကျင့်ကြံသူများမှာ လမ်းမှားသို့ ရောက်ရှိနေကြပြီး အားလုံးမှာ ကာကွယ်ခြင်းထက် တိုက်ခိုက်ခြင်းကိုသာ ဦးစားပေးနေကြသည်။
ပြင်းထန်သော တိုက်စစ် မှော်ရတနာများမှာ နေရာတိုင်းတွင် ရှိနေသော်လည်း ကောင်းမွန်သော ခံစစ် မှော်ရတနာတစ်ခုကို ရှာဖွေရန်မှာမူ အလွန်ပင် ခက်ခဲလှသည်။ အကောင်းစား ခံစစ် မှော်လက်နက်များပင်လျှင် ရှားပါးလှသည်။ ဤသို့သော အခြေအနေမျိုးတွင် အခြေတည် အဆင့် ကျင့်ကြံသူများမှာ အစွမ်းထက်သည်ဟု ထင်ရသော်လည်း အဆင့်နိမ့် ကျင့်ကြံသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ကျဆုံးနိုင်သည့် အန္တရာယ်မှာ အမြဲရှိနေသည်။
ဤသို့သော လက်အောက်ခံအဖွဲ့များ၏ အသက်လုတိုက်ပွဲများနှင့် နှိုင်းယှဉ်ပါက လော့ထျန်းအဖွဲ့ဘက်တွင်မူ အရာအားလုံးမှာ အေးချမ်းသာယာလှသည်ဟု ဆိုရမည်။
ထန်ထိုက်ကျင်း၏ တိုက်တွန်းချက်ကြောင့် ပံ့ပိုးပေးရသည့် တိုက်ပွဲတစ်ခုမှလွဲ၍ ကျန်တိုက်ပွဲများတွင် ပါဝင်ခြင်း မရှိသလောက်ပင်။ ထိုသို့သော အခြေအနေမျိုးက အောင်ပွဲ ရယူလိုသည့် လော့ထျန်းအဖွဲ့ဝင် ချီသန့်စင်အဆင့်ကျင့်ကြံသူများကို စိတ်မရှည် ဖြစ်စေသည်။
သို့သော် လော့ချန်၊ တွမ်ဖုန်း၊ ရွှီဟွမ်ကျန်းတို့ သုံးဦးမှာမူ စစ်ပွဲပြီးဆုံးသည်အထိ ဤအတိုင်းပင် ဆက်သွားစေချင်နေသည်။
‘ဂုဏ်ထူးဆောင်ဆု’
မည်မျှပင် ကြီးမားသော ဂုဏ်ထူးဆောင်ဆု ဖြစ်ပါစေ အသက်ရှင်ကျန်ရစ်ခြင်းထက်တော့ မသာလွန်နိုင်ပေ။ လေးဂိုဏ်းမဟာမိတ်အဖွဲ့ကသာ သူတို့အား ပိုမိုမြင့်မားသည့် အဆင့်အတန်းတစ်ခုဆီသို့ ပင့်တင်ပေးနိုင်မည့် လမ်းစကို မပြနိုင်ပါက ဤကဲ့သို့ နောက်ဘက်တွင် တိတ်ဆိတ်စွာ နေရခြင်းမှာ အကောင်းဆုံးပင် ဖြစ်သည်။ လူတိုင်းအတွက် တစ်ခုတည်းသော နေသားမကျ ဖြစ်နေခဲ့ရသည့် အရာကမူ မိုးကြိုးတောင်တန်း၏ ချီစွမ်းအားမှာ အလွန်ပင် နည်းပါးလှခြင်း ဖြစ်သည်။
၎င်းက သူတို့ ကျင့်ကြံခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် လုံးဝ အဆင်ပြေလှသောအရာ မဟုတ်ချေ။ အမှန်စင်စစ် ချီစွမ်းအား နည်းပါးခြင်းမဟုတ်ဘဲ ဓာတ်ကြီးငါးပါး ချီစွမ်းအားများ အလွန်ပင် ရှားပါးနေခြင်း ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် ပြင်းထန်သော မိုးကြိုးချီစွမ်းအားများဖြင့် ပြည့်နှက်နေပြီး၊ မိုးကြိုး ဝိညာဉ်အမြစ် ရှိသည့် ပုဂ္ဂိုလ်များမှလွဲ၍ မည်သူမျှ ဤနေရာတွင် တိတ်ဆိတ်စွာ ကျင့်ကြံနိုင်မည် မဟုတ်ပေ။ ထို့အပြင် မိုးကြိုးဝိညာဉ်အမြစ် ရှိသည့် ကျင့်ကြံသူများပင်လျှင် ဤကဲ့သို့ သဘာဝတရားမှ ထွက်ပေါ်လာသည့် ချီစွမ်းအားများကို အလွယ်တကူ စုပ်ယူရန် မဝံ့ရဲကြပေ။ ၎င်းတို့မှာ အလွန်တရာ ပြင်းထန် ရှုပ်ထွေးလွန်းသဖြင့် ပြန်လည် ချေဖျက်ရန် အချိန် အလွန်ကြာမြင့်ပေလိမ့်မည်။
သို့သော်လည်း ကျင့်ကြံရန် အဆင်မပြေခြင်းသည် ကျင့်ကြံ၍ မရခြင်း မဟုတ်ပေ။
လော့ချန်သည် ဤတစ်လအတွင်း ကျင့်ကြံခြင်းကို ရပ်တန့်မထားခဲ့ပေ။ သူသည် မီးသားရဲချီ၏ အကူအညီဖြင့် ခန္ဓာကိုယ်၏ အာရုံခံပေါက်များ ဖွင့်လှစ်ခြင်း လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်နေသည်။ တစ်လအတွင်းတွင် အာရုံခံပေါက် (၅၀) ကျော်ကို ထပ်မံ ဖွင့်လှစ်နိုင်ခဲ့သည်။ အစပိုင်းတွင် ခက်ခဲသော်လည်း နောက်ပိုင်းတွင် ပို၍ ကျွမ်းကျင်လာပြီး တစ်ရက်လျှင် အာရုံခံပေါက် (၂) ပေါက်အထိ ဖွင့်လှစ်နိုင်လာသည်။
ဤသို့သော အရှိန်အဟုန်အား ဝမ်ယွမ်သာ ကြားသိရပါက အံ့အားသင့်သွားပေလိမ့်မည်။
သို့သော် လော့ချန်အတွက်မူ မထူးခြားပေ။ အာရုံခံပေါက်ဖွင့်ခြင်းမှာ သွေးမြစ်အဆင့်၏ အခြားသော အဆင့်များနှင့် မတူညီပေ။ ကိုယ်တွင်းအင်္ဂါကို သန့်စင်ရာတွင် နေ့စဉ်နှင့်အမျှ လုပ်ဆောင်သွားရန် လိုအပ်ပြီး၊ ကလီစာငါးမျိုးကို အနည်းငယ်စီ အားဖြည့်ပေးမှသာ ဓာတ်ကြီးငါးပါးချီစွမ်းအားများကို ပြုစုပျိုးထောင်နိုင်မည် ဖြစ်သည်။ သွေးကြောဖွင့်ရာတွင် မြစ်ရေကဲ့သို့ စီးဆင်းပြီး သေးငယ်သော ရေမြောင်းများကို ထိုးဖောက်သွားရမည် ဖြစ်ပြီး ဖြတ်သန်းသွားသည့် နေရာတိုင်း ချီစွမ်းအားများ ပြည့်နှက်နေရမည် ဖြစ်သည်။
အာရုံခံပေါက်ဖွင့်ခြင်းမှာမူ ပို၍ သိမ်မွေ့သည့် အလုပ် ဖြစ်သည်။ အာရုံခံပေါက်များမှာ ကိုယ်တွင်းအင်္ဂါနှင့် သွေးကြောများထက် အလွန်ပင် နူးညံ့လွန်းသဖြင့် တစ်ချက်မှားယွင်းလျှင် မိမိကိုယ်ကို ထိခိုက်နိုင်သည်။ အပ်နှင့် ချည်မျှင်ကို အသုံးပြုသကဲ့သို့ မျက်စိဖြင့် အသေအချာ ကြည့်ရှုပြီး လက်ဖြင့် တည်ငြိမ်စွာ လုပ်ဆောင်ရမည့် အလုပ် ဖြစ်သည်။
လော့ချန်၏ အမြင်အာရုံမှာ အလွန်ပင် စူးရှပြီး ချီစွမ်းအားမှာလည်း ဝမ်ယွမ်ထက် အဆပေါင်းများစွာ ပိုမို ကြွယ်ဝသည်။ အန္တရာယ်ရှိသော စွမ်းအားများကို ထိန်းချုပ်သည့် နည်းလမ်းမှာလည်း သွေးအဆီအနှစ်ဆေးလုံးကို သောင်းနှင့်ချီ ဖော်စပ်ခဲ့ရသဖြင့် အလွန်ပင် ကျွမ်းကျင်နေပြီ ဖြစ်သည်။ ယခုမူ အဆင့်မြင့်သည့် မီးသားရဲချီဖြင့် လဲလှယ်လိုက်ခြင်း ဖြစ်သည်။ အနည်းငယ် ကျွမ်းကျင်သွားသည်နှင့် အောင်မြင်မှုမှာလည်း လျင်မြန်စွာ ရရှိလာသည်။
"အစ်ကိုဝမ်နဲ့ တွေ့တဲ့အခါ ငါကိုယ်တိုင် လေ့လာစမ်းသပ်ထားတဲ့ အာရုံခံပေါက်ဖွင့်နည်းကို ပေးလိုက်မယ်၊ သူ့ရဲ့ ခန္ဓာကိုယ် ကျင့်ကြံမှုကို ပိုပြီး မြန်ဆန်စေမှာပေါ့"
"ဒါပေမဲ့ သူက ခန္ဓာကိုယ် ကျင့်ကြံရာမှာ ငါ့ထက်တောင် ကျော်လွန်နေပြီ၊ အာရုံခံပေါက် (၇၂၀) လုံး ဖွင့်လှစ်ပြီး အထဲအပြင် အားလုံး လှုပ်ရှားနိုင်တဲ့ အဆင့်ကို ရောက်နေလောက်ပါပြီ"
ခေါင်းကို ခါယမ်းရင်း လော့ချန် လွင့်မျောကျောက်တစ်တုံးကို ထပ်မံ ထုတ်ယူလိုက်သည်။
မီးသားရဲချီကို ဆွဲယူရန် ပြင်ဆင်နေစဉ်မှာပင် သူ ရုတ်တရက် ရပ်တန့်သွားသည်။
‘ကုန်သွားပြီ.... အကုန် သုံးလိုက်မိပြီ’
သတိဝင်လာချိန်တွင် လော့ချန် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ မီးသားရဲချီ (၁၀၀) ကျော်မှာ အချိန်အတော်ကြာ အသုံးခံမည်ဟု ထင်ခဲ့သော်လည်း ဤမျှလောက် မြန်မြန် ကုန်ဆုံးသွားလိမ့်မည်ဟု မထင်ခဲ့ပေ။ သူ တစ်ခါတည်း သုံးမျှင်သုံးကာ အာရုံခံပေါက်ကို အတင်း ထိုးဖောက်လိုက်ခြင်းကြောင့် ဖြစ်မည်။
ဤသည်မှာ အလွန်တရာ ဖြုန်းတီးမိလိုက်ခြင်းပင်။
မီးသားရဲချီ မရှိလျှင် အာရုံခံပေါက်ကို မည်သို့ ထိုးဖောက်မည်နည်း။ ဆဋ္ဌမမြောက် တောင်တန်းပေါ်တွင် အချိန်ကို အလကား ဖြုန်းတီး၍ မဖြစ်ပေ။
“မှော်အတတ် လေ့ကျင့်ရမလား”
သူ၏ လက်ရှိ မှော်အတတ်များမှာ အားလုံးနီးပါး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ အသစ်သင်ယူထားသည့် မှော်အတတ် အနည်းငယ်မှာလည်း မိုင်ကိုးသောင်းဟူသည့် တတိယအဆင့် မှော်အတတ်မှလွဲ၍ လိုအပ်ချက် များများစားစား မရှိပေ။ ထို့အပြင် မိုင်ကိုးသောင်းမှာ ပါရမီရှင်အဆင့်အထိ ရောက်နေပြီဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်ရန် အနည်းငယ်သာ လိုတော့သဖြင့် လူမြင်ကွင်းတွင် လေ့ကျင့်ရန် မသင့်တော်ပေ။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ