အခန်း ၅၂၆
Vol. 53 Ch. 526
အခန်း (၅၂၆) - မိုးကြိုးဆွဲပိုက်နှင့် ရတနာမြေ
"အာရုံခံပေါက်ဖွင့်တာကို ဆက်လုပ်ရမယ်"
"ရှေ့တန်းမှာ တိုက်ပွဲတွေက နေ့စဉ် ဖြစ်ပျက်နေပြီး လေးဂိုဏ်းမဟာမိတ်အဖွဲ့က တပည့်တွေ ကျဆုံးနေသလို မီးလျှံမဟာမိတ်ဘက်မှာလည်း အလားတူ ဖြစ်မှာပဲ၊ သူတို့ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေထဲမှာ မီးသားရဲချီတွေ အများကြီး ရှိနေမှာ သေချာတယ်"
"ရွှေသဲကျွန်းမျောကို ပြန်ရောက်မှ ဝယ်တာထက် စစ်မြေပြင်မှာပဲ လိုက်ရှာပြီး ဝယ်တာ ပိုကောင်းမယ်"
စိတ်ဆုံးဖြတ်ချက် ချပြီးနောက် လော့ချန်သည် ချီသန့်စင်အဆင့် ကျင့်ကြံသူ ပုကျွင်းကျယ်ကို ခေါ်ယူလိုက်သည်။ ထို့နောက် သူ့အား ရှေ့တန်းသို့ သွားရောက် စုံစမ်းခိုင်းလိုက်တော့သည်။ အကယ်၍ ဒုတိယအဆင့် မီးသားရဲချီရှိသူ ရှိပါက ဈေးကြီးပေး၍ ဝယ်ယူမည် ဖြစ်သည်။
ပုကျွင်းကျယ် ထွက်သွားပြီးနောက် လော့ချန်တစ်ယောက် အားနေသဖြင့် တပ်စခန်း၏ ခံစစ်များကို လှည့်လည် စစ်ဆေးပြီးနောက် မော်ကွန်းဝင်အစီအရင်အိမ်မြောင် မြှုပ်နှံထားသည့် မိုးကြိုးထိထားသော တောအုပ်သို့ ရောက်ရှိလာသည်။
အခြားသူများအနေဖြင့် မီးလောင်ထားသည့် အနက်ရောင် သစ်ပင်ငယ်များအား အဖိုးတန် ဒုတိယအဆင့် မိုးကြိုးသစ်ပင်နှင့် ဆက်စပ်၍ တွေးနိုင်မည်မဟုတ်ပေ။ သို့သော် မကြာခဏ လင်းလက်နေသည့် မိုးကြိုးရောင်ခြည်များက ၎င်းမှာ မိုးကြိုးဓာတ် အနည်းငယ် ပါဝင်သည့် ဒုတိယအဆင့် မိုးကြိုးသစ်ပင် ဖြစ်ကြောင်းကို သက်သေပြနေသည်။
အစီအရင်အိမ်မြောင်ကို စစ်ဆေးကြည့်ရာ လော့ချန် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ တစ်လအတွင်းတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀၀)၊ အဆင့်လတ် ဝိညာဉ်ကျောက်တုံး (၂၀၀) ကုန်ကျသွားခဲ့ပြီး၊ ယခုအခါ မိုးကြိုးရောင်ခြည်များဖြင့် ပြည့်နှက်နေကာ အများစုမှာ စွမ်းအား ဖြည့်ထားပြီး ဖြစ်သည်။ နောက်ထပ် တစ်လလောက်ဆိုလျှင် အချိန်မရွေး ပေါက်ကွဲရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ထိုအခါ အရာအားလုံး အသင့်ရှိနေမည် ဖြစ်ပြီး၊ လိုအပ်သည်မှာ ပတ်ဝန်းကျင်သာ ဖြစ်သည်။ လော့ချန်သည် အမှုန့်ဖြစ်သွားသည့် ဝိညာဉ်ကျောက်တုံး အများအပြားကို အစားထိုးပြီး အသစ်များဖြင့် ဖြည့်တင်းကာ အစီအရင် ဆက်လက် လည်ပတ်နိုင်စေရန် လုပ်ဆောင်လိုက်သည်။
ထို့နောက် သူ ထွက်ခွာရန် ပြင်ဆင်နေစဉ် နားထဲတွင် အသံတစ်သံ ကြားလိုက်ရသည်။
ဂျိန်းးး....
မိုးကြိုးသည် ကောင်းကင်မှ ကျဆင်းလာပြီး ပထမအဆင့် မိုးကြိုးသစ်ပင် တစ်ပင်ပေါ်သို့ ကျရောက်လာသည်။ ထိုပေါက်ကွဲမှုကြောင့် သစ်ပင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အကိုင်းအခက် အများအပြား ကြွေကျသွားသည်။
"မီးမလောင်ဘူးပဲ၊ ပထမအဆင့် ရောက်သွားပြီဆိုတော့ ကာကွယ်နိုင်စွမ်း နည်းနည်း ရှိသွားပြီပဲ"
လော့ချန် သက်ပြင်းချလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် သူ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ မျက်လုံးထောင့်မှ မြင်တွေ့လိုက်ရသည့် ထူးခြားလှသော အပြောင်းအလဲတစ်ခုက သူ့အား ဆွဲဆောင်လိုက်ခြင်း ဖြစ်ပေသည်။ သူ နတ်မျက်စိကို ချက်ချင်း လှုံ့ဆော်လိုက်ရင်း မိုးကြိုးသစ်ပင်ကို စိုက်ကြည့်နေမိသည်။
မိုးကြိုးဒဏ်ကြောင့် မီးလောင်ကျွမ်းသွားသော်လည်း ပင်မကိုယ်ထည်မှာ ပိုမို ခိုင်မာလာသည်။ ပတ်ဝန်းကျင်ရှိ ချီစွမ်းအားများမှာ ၎င်းဆီသို့ တဖြည်းဖြည်း စုစည်းလာပြီး အဆင့်မှာလည်း တဖြည်းဖြည်း ပြောင်းလဲနေသည်။ ဤမိုးကြိုးဒဏ်ကပင် ဒုတိယအဆင့်သို့ တက်လှမ်းရန် အရေးကြီးသည့် ခြေလှမ်းကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
မိုးကြိုးဟူသည်မှာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် ဘေးဒုက္ခများ၏ ပြယုဒ်တစ်ခု ဖြစ်ပေသည်။ သို့သော်ငြားလည်း ကျင့်ကြံသူတိုင်း ကောင်းစွာ သိရှိထားကြသည့်အတိုင်းပင် ၎င်းက ပြန်လည်မွေးဖွားခြင်းနှင့် သက်ရှိတို့၏ အမှတ်အသားတစ်ခုလည်း ဖြစ်ပေသေး၏။
"နွေဦးရဲ့ မိုးချုန်းသံက အရာအားလုံးရဲ့ အစပဲ.... ငါးဓာတ်ထဲမှာ အရှေ့အရပ်ကို ကိုယ်စားပြုတဲ့ တုန် ဆိုတာ မိုးချုန်းသံရဲ့ သင်္ကေတဖြစ်ပြီး၊ သစ်ဓာတ်အုပ်စုထဲမှာ ပါဝင်တယ်”
“အရှေ့အရပ်က ကြယ်တာရာ ခုနစ်ခုထဲမှာတော့ ယီမူစိမ်းနဂါးဆိုတဲ့ ကြယ်က မိုးကြိုးရဲ့ အသက်စွမ်းအားကို ထိန်းချုပ်စောင့်ကြပ်နေတဲ့ ကြယ်ပဲ...."
"ရှေးခေတ်က အစွမ်းထက်တဲ့ ခန္ဓာကိုယ် ကျင့်ကြံသူတွေဟာ မီးသားရဲချီနဲ့သာမက မိုးကြိုးစွမ်းအားကို အသုံးပြုပြီး ခန္ဓာကိုယ်ကို ကျင့်ကြံကြတယ်လို့ ကြားဖူးတယ်၊ ဖြစ်နိုင်တာက မိုးကြိုးရဲ့ ဖျက်ဆီးခြင်း နောက်ကွယ်က တခြား အဓိပ္ပာယ်ကို နားလည်လို့ ဖြစ်မယ်"
"ငါရော မိုးကြိုးစွမ်းအားကို အသုံးပြုနိုင်ပါ့မလား"
တောအုပ်ထဲတွင် ရပ်လျက် အဆင့်တက်နေသည့် သစ်ပင်ကို ကြည့်ရင်း လော့ချန် အတွေးထဲ နစ်မြုပ်သွားသည်။
ယနေ့မှာ လမင်းထိန်ထိန်သာပြီး ကြယ်ကလေးများ တောက်ပနေသည့် ညဖြစ်သည်။ သူသည် မှောင်မိုက်သည့် သစ်တောထဲတွင် ရပ်နေပြီး၊ ရံဖန်ရံခါ ပေါက်ကွဲသည့် လျှပ်စီးကြောင်းများက သူ၏ ခန္ဓာကိုယ်ကို ထင်ရှားစေနေလေသည်။
ရုတ်တရက် သူ လှုပ်ရှားလိုက်တော့သည်။ အဝေးတစ်နေရာမှနေ၍ ကင်းစောင့်နေခဲ့ကြသည့် တွမ်ဖုန်းနှင့် ရွှီဟွမ်ကျန်းတို့မှာ လော့ချန်တစ်ယောက် မိုးကြိုးသစ်ပင်ငယ်လေးတစ်ပင်ဆီသို့ လက်ကမ်းလိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ အံ့အားသင့်သွားခဲ့ကြရရှာ၏။
တွမ်ဖုန်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ရသည်။
"သူက မိုးကြိုးလမ်းကြောင်းကို မသိတဲ့ပုံပဲ၊ ဒီလိုမျိုး ကိုယ်တိုင် ခန္ဓာကိုယ်နဲ့ မိုးကြိုးကို ရင်ဆိုင်နေတာတော့...."
သူ လှမ်း၍ တားဆီးရန် ပြင်လိုက်စဉ်မှာပင် လော့ချန်၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားသည်။ ခဏမျှသာ ဖြစ်သော်လည်း လော့ချန် လက်ကို ရုတ်သိမ်းလိုက်ပြီး လက်ချောင်းထိပ်ကို ကြည့်လိုက်သည်။ အမည်းစက်လေး တစ်ခုမှာ သူ၏ လက်ချောင်းထိပ်တွင် ထင်ရှားစွာ ရှိနေလေသည်။
"အလုပ်ဖြစ်ပုံပဲ"
လော့ချန် ထိုနေရာ၌ ခေတ္တမျှ ရပ်တန့်နေခဲ့မိရင်း စိတ်ထဲ၌ တွေးတောနေခဲ့မိတော့သည်။ သူသည် သတိမထားမိဘဲ ထိုစမ်းသပ်မှုကို နောက်ထပ် အကြိမ်အနည်းငယ်ခန့် ထပ်မံ၍ ပြုလုပ်ကြည့်ခဲ့ပါသော်လည်း ရလဒ်များအားလုံးမှာ အတူတူပင် ဖြစ်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင်မှ သူ ဖြည်းဖြည်းချင်း ပြန် လျှောက်လာသည်။
"အဖွဲ့ချုပ်ခေါင်းဆောင် ဘာဖြစ်တာလဲ"
ရွှီဟွမ်ကျန်းက စိတ်ဝင်တစား ဆီးမေးလိုက်သည်။
တွမ်ဖုန်းကမူ လော့ချန်နှင့် အချိန်အတော်ကြာ သိကျွမ်းထားသဖြင့် သူ၏ စိတ်နေစိတ်ထားကို သိကာ ကြားဖြတ်ပြောလိုက်သည်။
"မိုးကြိုးသစ်ပင်ပေါ်က မိုးကြိုးစွမ်းအားကို သုံးပြီး တစ်ခုခု လုပ်မလို့လား"
လော့ချန် ခေါင်းညိတ်လိုက်သည်။
"အစ်ကိုတို့လို လက်နက်ပညာရှင်တွေက မိုးကြိုးလမ်းကြောင်းတွေကို နားလည်တယ် မဟုတ်လား"
တွမ်ဖုန်း ခေါင်းညိိတ်လိုက်သည်။
"ဟုတ်ပါတယ်.... ရတနာပစ္စည်းတွေ သွန်းလုပ်တဲ့ အတတ်ပညာဆိုတာ အင်မတန် နက်နဲတယ်၊ အသုံးအများဆုံးကတော့ မီးနဲ့ အရည်ဖျော်ပြီး ပြုလုပ်တာ ဖြစ်ပေမဲ့ အသားအရေ၊ သွေးသား ဒါမှမဟုတ် စိတ်ဝိညာဉ်တွေကို အခြေခံတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်၊ ပိုပြီး နက်နဲတာကတော့ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးပြုပြီး ပြုလုပ်တာပါ"
"အစွမ်းထက်တဲ့ ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူတွေက နတ်ဘုရားအဆင့် တက်လှမ်းတဲ့အခါ မိုးကြိုးတွေကို အသုံးပြုပြီး နတ်ဘုရားလက်နက်တွေ ပြုလုပ်တာမျိုး ရှိတယ်လို့ ကြားဖူးတယ်၊ ငါတို့လို သာမန် လက်နက်ပညာရှင်တွေက အဲဒီလို နည်းလမ်းမျိုး မသိပေမဲ့ ကောင်းကင်နှင့် မြေကြီးရဲ့ မိုးကြိုးစွမ်းအားကို အသုံးပြုဖို့အတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှု ကိရိယာတွေတော့ ရှိပါတယ်"
မှော်လက်နက်၊ မှော်ရတနာ အပေါ်မှာမှ နတ်ဘုရားလက်နက်ဖြစ်သည်။ နတ်ဘုရားလက်နက်ဆိုသည်မှာ သာမန် ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်ဘဲ ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူများပင်လျှင် တစ်ခု ရရှိရန် ခက်ခဲလှသည်။ ဤအရာမှာ သက်စောင့်မှော်ရတနာကို အဆင့်မြှင့်တင်ခြင်းဖြင့်သာ ရရှိနိုင်သည်။ ထို့အပြင် မိုးကြိုးကပ်ဘေးကို ခံနိုင်ရည် ရှိခဲ့မှသာ နတ်ဘုရားလက်နက်သို့ အဆင့်တက်နိုင်ခြင်းဖြစ်၏။
သို့သော် မိုးကြိုးကပ်ဘေးကို ဖြတ်သန်းရခြင်းမှာ သေခြင်းတရားနှင့် နီးကပ်နေသဖြင့် မည်သူကများ မိုးကြိုးကို အသုံးပြု၍ လက်နက် ပြုလုပ်နိုင်ပါ့မည်နည်း။ ထို့ကြောင့် ဝိညာဉ်သန္ဓေတည်အဆင့် ပုဂ္ဂိုလ်များ၊ နတ်ဘုရားအဆင့် ပုဂ္ဂိုလ်များမှာ သာမန်ကောင်းကင်မိုးကြိုးများကို ဆွဲခေါ်ပြီး မိမိ၏ မှော်ရတနာများကို သန့်စင်ရန် နည်းလမ်းများကို ရှာဖွေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤနည်းလမ်းများမှာ ရိုးအီလာပြီး အဆင့်မြင့်မှ အဆင့်နိမ့်သို့ တဖြည်းဖြည်း ကျဆင်းသွားသည်။ နောက်ဆုံးတွင် သာမန် လက်နက်ပညာရှင်များပင်လျှင် မိုးကြိုး ဝိညာဉ်အမြစ် မရှိဘဲ ကိရိယာများကို အသုံးပြု၍ မိုးကြိုးစွမ်းအားဖြင့် လက်နက် ပြုလုပ်နိုင်လာသည်။
"အစ်ကို့မှာ ရှိလား"
လော့ချန် စိတ်ဝင်တစား မေးလိုက်သည်။
တွမ်ဖုန်းက ခေါင်းညိတ်လိုက်ရင်း
"ငါ့ဆီမှာ မိုးကြိုးဆွဲပိုက် တစ်ခု ရှိတယ်၊ တစ်ခါတစ်ရံ လက်နက်လုပ်ရင် သုံးပါတယ်၊ မကြာသေးမီက မှော်လက်နက်လုပ်ငန်းတွေ မကောင်းတော့ အလကား ဖြစ်နေတာ၊ မင်းလိုချင်ရင် ယူသွားလေ"
တခါတရံတွင် စီစဉ်ထားသည်ထက် အပြောင်းအလဲများမှာ မြန်ဆန်လွန်းသည်။ လော့ထျန်းအဖွဲ့အနေဖြင့် စစ်ပွဲကို အခွင့်ကောင်းယူပြီး မှော်လက်နက်လုပ်ငန်းဖြင့် ငွေရှာရန် ရည်ရွယ်ချက်မှာ လီယင်ကျန်း ဒဏ်ရာရခြင်း၊ ဝမ်ယွမ် ပျောက်ဆုံးခြင်းတို့ကြောင့် အလကား ဖြစ်သွားခဲ့ရသည်။ အရေးကြီးဆုံးမှာ ရွှေသဲကျွန်းမျောပေါ်တွင် ဤလုပ်ငန်းကို အခြားသူများ လုပ်ကိုင်နေကြပြီးဖြစ်၍ တွမ်ဖုန်းကဲ့သို့ သာမန် လက်နက်ပညာရှင် တစ်ယောက်အတွက် လမ်းစ မရှိတော့ပေ။
"အင်း.... ကျေးဇူးပဲအစ်ကို"
တွမ်ဖုန်းထံမှ အပြာရောင်နှင့် အဖြူရောင် ရောစပ်နေသည့် သံပိုက်ကို လက်ခံရယူပြီးနောက် လော့ချန် တွေးတောရင်း အခန်းဆီသို့ ပြန်သွားသည်။
နောက်တစ်နေ့....။
လော့ချန်တစ်ယောက် မိုးကြိုးသစ်ပင်တောအုပ်တွင် ထပ်မံ ပေါ်လာပြန်သည်။ ဤနေရာမှာ သူတို့၏ တပ်စခန်းတွင် မိုးကြိုးစွမ်းအား အထူပြောဆုံးနေရာ ဖြစ်၏။ ယခင်ကကဲ့သို့ပင် ခန္ဓာကိုယ်ဖြင့် မိုးကြိုးစွမ်းအားကို စုပ်ယူရန် ကြိုးစားခဲ့သော်လည်း အနည်းငယ်သော ဒဏ်ရာသာ ရရှိခဲ့သည်။
"ပမာဏက နည်းလွန်းတယ်"
လော့ချန် တိုးတိုးလေး ရေရွတ်လိုက်ပြီး တွမ်ဖုန်း ပေးလိုက်သည့် မိုးကြိုးဆွဲပိုက်ကို အသုံးပြုလိုက်သည်။ ထို့နောက် ချီစွမ်းအားဖြင့် လှုံ့ဆော်လိုက်ရာ အနီးနားရှိ မိုးကြိုးသစ်ပင်များပေါ်တွင် ငွေရောင်မိုးကြိုးများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပိုက်မှတစ်ဆင့် သူ့ထံ စီးဆင်းလာသည်။
တစ်ခဏအတွင်းမှာပင် သူ ပြင်းထန်စွာ ထိခိုက်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် မိုးကြိုးများ ဖုံးလွှမ်းသွားသည်။
အချိန်အတော်ကြာပြီးနောက် သူ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အသားမီးလောင်သည့် အနံ့အနည်းငယ် ထွက်လာသည်။ ကုသရေး အစီအရင်တစ်ခုကို အသုံးပြုလိုက်ပြီးနောက် လော့ချန် တစ်ယောက် အတွေးထဲ နစ်မြုပ်သွားသည်။
"မရသေးဘူး…. ငါ့မှာ မိုးကြိုးဝိညာဉ်အမြစ် မရှိလို့ မိုးကြိုးစွမ်းအားကို ထိန်းချုပ်လို့ မရဘူး၊ မိုးကြိုးနဲ့ အထိခံလိုက်ရပြီး ကုသလိုက်တဲ့အခါ ခန္ဓာကိုယ်က အနည်းငယ် ပိုသန်မာလာပေမဲ့၊ တကယ် နည်းနည်းလေးပါပဲ"
"ဒီလိုမျိုး စုဆောင်းဖို့အတွက် အချိန်ကုန်၊ ချီစွမ်းအား ကုန်၊ တကယ်တမ်းမှာတော့ ဘာမှ မရလိုက်ဘူး"
လော့ချန်သည် သူ၏ အခြေအနေကို အဆက်မပြတ် အကဲဖြတ်နေသည်။ လျှပ်စီးကြောင်းများထဲတွင် ပါဝင်နေသည့် အသက်ရှင်ခြင်း အဓိပ္ပာယ်မှာ သူ့အဆင့်ဖြင့် မထိတွေ့နိုင်သည့် အရာ ဖြစ်သည်။ အသုံးပြုနိုင်သည်မှာမူ အပေါ်ယံ အနည်းငယ်သာ ဖြစ်သည်။ မိုးကြိုးဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ပြီး သစ်ဓာတ်စွမ်းအားဖြင့် ကုသကာ၊ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ပြန်လည် နာလန်ထူအောင် လုပ်ဆောင်ခြင်းမှာ ပို၍ ခိုင်မာလာစေသည်။ သို့သော် ဤမျှလောက်နှင့်သာ ရပ်တန့်နေသည်။
"စိတ်မကောင်းစရာပဲ၊ ငါက တစ်ခုခု ထူးခြားတဲ့ လေ့ကျင့်နည်းကို ရှာတွေ့ပြီလို့ ထင်ခဲ့တာ"
"မိုးကြိုး ဝိညာဉ်အမြစ် မရှိရင် မိုးကြိုးထဲက ချီစွမ်းအားကို အသုံးပြုပြီး စွမ်းအင်ကြောထဲ ကြာကြာ ထိန်းထားဖို့ မဖြစ်နိုင်ဘူး"
သူ သက်ပြင်းချလိုက်ရင်း မိုးကြိုးဆွဲပိုက်ကို သိမ်းလိုက်သည်။
သို့သော်ငြားလည်း သူ လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် လှုပ်ရှားသွားသည်။
"ငါ့လက်ထဲမှာ မီးသားရဲချီ မရှိပေမဲ့ ဒီနေရာက မိုးကြိုးတွေက သစ်ဓာတ်အုပ်စုဝင်တွေပဲ၊ ခန္ဓာကိုယ်ထဲကို ဆွဲသွင်းပြီး အာရုံခံပေါက်ဖွင့်ဖို့ သုံးရင် ဘာဖြစ်မလဲ"
"ဟင်္သာအသွင်ပြောင်းကျင့်စဉ်ထဲမှာလည်း အသင့်တော်ဆုံး ရှေးခေတ်သားရဲ သုံးမျိုးဖြစ်တဲ့ မိုးကြိုးဟင်္သာ၊ ရွှေဟင်္သာတောင်ပံနဲ့ ကောင်းကင်ဟင်္သာတို့ရဲ့ သွေးစက်တွေကို လိုတယ်လို့ ဆိုထားတယ်"
"နောက်ဆုံးနှစ်မျိုးရဲ့ ကျင့်စဉ်က ပြည့်စုံမှု မရှိပေမဲ့၊ မိုးကြိုးဟင်္သာရဲ့ သွေးစက်တွေနဲ့ပတ်သက်ပြီးတော့ အတော်လေး ပြည့်စုံတဲ့ နည်းလမ်းတွေ ရှိတယ်"
"ငါ့ရဲ့ အာရုံခံပေါက်ဖွင့်နည်းက ဟင်္သာအသွင်ပြောင်းကျင့်စဉ်ထဲကနေ အတုယူထားတာပဲ၊ နည်းနည်း ပြင်ဆင်လိုက်ရင်...."
လော့ချန် နှုတ်ခမ်းကို လျှာဖြင့် သတ်လိုက်ပြီး အနီးနားရှိ မိုးကြိုးသစ်ပင်တောအုပ်အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။
ဤနေရာမှာ သူအတွက်မူ ရတနာမြေပင် ဖြစ်တော့သည်။
အဖိုးတန်သည်မှာ ပစ္စည်းများ မဟုတ်ဘဲ၊ အတိုင်းအဆမရှိ ရနိုင်ပြီး ပြင်းထန်မှု မရှိသည့် မိုးကြိုးစွမ်းအားများသာ ဖြစ်၏။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ