← Chapters

အခန်း ၅၂၇

Vol. 53 Ch. 527

အခန်း ၅၂၇

Vol. 53 Ch. 527

အခန်း (၅၂၇) - လေးဂိုဏ်းလုံး ရူးသွားကြပြီလား….

မိုးကြိုးစွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်၏ အာရုံခံပေါက်များကို ဖွင့်လှစ်ရန် လေ့လာ့စမ်းသပ်မှု ပြုလုပ်နေသည့် လုပ်ငန်းစဉ်မှာ လော့ချန် အဆက်မပြတ် လုပ်ဆောင်နေသော အရာဖြစ်သည်။

မည်သို့ပင် ဖြစ်စေ၊ ရှေ့တန်းမှ စစ်ပွဲများမှာ သူတို့နှင့် သက်ဆိုင်ခြင်း မရှိချေ။

လေးဂိုဏ်း မဟာမိတ်အဖွဲ့က ဆဋ္ဌမမြောက် တောင်တန်းကို အသက်စွန့် ကာကွယ်ရသည့် ရည်ရွယ်ချက်မှာ အလွန်ပင် ထင်ရှားနေသဖြင့်၊ လူအင်အား လိုအပ်သည့် အခြေအနေမျိုး မရောက်မချင်း လော့ထျန်းအဖွဲ့အနေဖြင့် ရှေ့တန်းသို့ တက်သွားရလိမ့်မည်မဟုတ်ပေ။

ရက်အနည်းငယ် ကြာပြီးနောက်….။

လော့ချန်တစ်ယောက် မိုးကြိုးသစ်ပင်တောအုပ်ထဲတွင် စိတ်အေးလက်အေး ထိုင်နေသည်။ လျှပ်စီးကြောင်းလေးများမှာ မိုးကြိုးဆွဲပိုက်၏ ဆွဲဆောင်မှုအောက်တွင် သူ၏ ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံလာသည်။ သာမန် အခြေတည်အဆင့် ကျင့်ကြံသူများဆိုလျှင် ဤအခြေအနေမျိုးကို မသက်မသာ ဖြစ်မည်ဖြစ်ပြီး၊ မြွေကို ကြောက်သကဲ့သို့ ကြောက်ရွံ့ကြပေလိမ့်မည်။ သို့သော် လော့ချန်၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်သန်စွမ်းလှပြီး ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်ကို ကြာရှည်စွာ ကျင့်ကြံထားခြင်းကြောင့် ခန္ဓာကိုယ်မှာ ပြင်းထန်သော ပြန်လည် နာလန်ထူနိုင်စွမ်း ရှိနေသည်။

ဤမျှလောက်သော မိုးကြိုးများမှာ သူအတွက်မူ ကြောက်စရာ မဟုတ်ပေ။

ထိုအစား သူသည် အဆင့်မြှင့်တင်ထားသည့် ချီစွမ်းအင်ထိန်းချုပ်နည်းဖြင့် ဤအားနည်းသည့် မိုးကြိုးများကို ထိန်းချုပ်ကာ ခန္ဓာကိုယ် အာရုံခံပေါက်များပေါ်ရှိ ချီစွမ်းအား အလွှာပါးကို ထိုးဖောက်ရန် အသုံးပြုလိုက်သည်။

လော့ချန် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို အမြဲ စောင့်ကြည့်နေသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် လျှပ်စီးတစ်ကြောင်းမှာ အပ်တစ်ချောင်းအလား ချီစွမ်းအား အလွှာပါးကို ထိုးဖောက်သွားသည်။

ဂျိန်းးး....

"အာ့"

လော့ချန် တိုးညှင်းစွာ ညည်းတွားလိုက်ပြီးနောက် မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ဝမ်းမြောက်ခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"ဖြစ်နိုင်တယ်"

"တကယ်ကို ဖြစ်နိုင်တာပဲ"

"ငါ မိုးကြိုးစွမ်းအားကို မထိန်းချုပ်နိုင်သလို ဒါကို အသုံးပြုပြီး ကျင့်ကြံလို့လည်း မရပေမဲ့၊ မိုးကြိုးစွမ်းအားနဲ့ အာရုံခံပေါက်ဖွင့်တဲ့ နည်းလမ်းကတော့ လုံးဝ ဖြစ်နိုင်တယ်"

"ပြောရရင် မီးသားရဲချီနဲ့ မိုးကြိုးစွမ်းအားတွေက စွမ်းအင်တွေပဲ မဟုတ်လား၊ ငါ မီးသားရဲချီကို ထိန်းချုပ်နိုင်သလို မိုးကြိုးစွမ်းအားကိုလည်း ခဏတာ ထိန်းချုပ်နိုင်မှာပဲ"

"ဒါပေမဲ့ ဒီပမာဏကိုတော့ ဂရုစိုက်ရမယ်၊ တကယ်လို့ မိုးကြိုးတွေ အများကြီး ခန္ဓာကိုယ်ထဲ ဝင်လာရင် ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိမ့်မယ်၊ အဲဒီအခါကျရင်တော့ အခြေအနေ မကောင်းတော့ဘူး"

လော့ချန် တီးတိုးရေရွတ်ရင်း ယနေ့အတွက် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။

မိုးကြိုးသစ်ပင်တောအုပ်ထဲမှ ထွက်လာသည်နှင့် ရွှီဟွမ်ကျန်းက အလျင်အမြန်ပင် ဆီးကြိုလိုက်သည်။

"အဖွဲ့ချုပ်ခေါင်းဆောင် ကရုဏာမဲ့နတ်သမီးက ရှာနေပါတယ်"

လော့ချန် မျက်ခုံးပင့်လိုက်သည်။

"သူက ငါ့ကို ဘာကိစ္စနဲ့ ရှာတာလဲ"

လော့ချန် အံ့အားသင့်ရခြင်းမှာ အကြောင်းရှိသည်။ ယခင်က ရေခဲခံတပ်တွင် တစ်ကြိမ်သာ တွေ့ဆုံခဲ့ပြီးနောက် ကရုဏာမဲ့နတ်သမီးမှာ ဆဋ္ဌမမြောက် တောင်တန်းသို့ ပြန်သွားပြီး သူနှင့် ထပ်မံ မတွေ့ဆုံခဲ့ပေ။

ထိုခပ်စိမ်းစိမ်း အခြေအနေကို လော့ချန် ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။ အကြောင်းရင်းမှာ သခင််မယင်ယွဲ့ကို အသုံးပြု၍ သူမကို ဖိအားပေးခဲ့သည့်အတွက် မကျေမနပ် ဖြစ်နေခြင်းပင် ဖြစ်သည်။ လော့ချန် နောင်တ မရပေ။ အကယ်၍သာ ထိုစဉ်က ထိုသို့ မလုပ်ခဲ့ပါက ယခုအချိန်တွင် ရှေ့တန်း၌ တိုက်ခိုက်နေရမည့်သူမှာ လော့ထျန်းအဖွဲ့ ဖြစ်နေပေလိမ့်မည်။

ထိုသို့ဆိုလျှင် ဤကဲ့သို့ အေးချမ်းသည့် စစ်မြေပြင် ခရီးစဉ်မျိုးကို မည်သို့ ရနိုင်ပါမည်နည်း။ လော့ထျန်းအဖွဲ့၏ ယခုလက်ရှိ အခြေအနေမှာ ရေခဲခံတပ်၏ တပည့်ရင်း အချို့ထက်ပင် ပိုမို သက်သောင့်သက်သာ ရှိနေသေးသည်။

"ထားပါတော့၊ သူက တွေ့ချင်တယ်ဆိုတော့လည်း ငါ သွားတွေ့လိုက်ပါ့မယ်"

လော့ချန် ပြုံးလိုက်ပြီး တပ်စခန်းမှ ချက်ချင်း ထွက်သွားလေသည်။

....

တဲအိမ် တစ်ခုအတွင်း....။

အမျိုးသမီးက လော့ချန်အား အေးစက်စက် အကဲခတ်နေပြီး ခဏကြာမှသာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မင်း အတော်လေး အေးချမ်းနေတာပဲနော်"

လော့ချန် ရိုသေစွာဖြင့် လက်ယှက် ဂါရဝပြုလိုက်သည်။

"အကြီးအကဲရဲ့ စောင့်ရှောက်မှုကြောင့်ပါ"

ကရုဏာမဲ့နတ်သမီး၏ နှုတ်ခမ်းများ တွန့်သွားသော်လည်း မည်သည့်စကားမှ မဆိုပေ။ သူမအမြင်တွင် လော့ချန်အနေဖြင့် မိုးကြိုးတောင်တန်း စစ်မြေပြင်ကဲ့သို့ ရေနောက်ထဲ မဆင်းခြင်းကသာ အကောင်းဆုံး ဖြစ်သည်။

လော့ထျန်းအဖွဲ့ဝင် ကျင့်ကြံသူများအတွက်မူ သူမအမြင်တွင် ထိုသူတို့မှာ မြေစာပင်များသာ ဖြစ်ကြပြီး ထည့်စဉ်းစားစရာပင် မလိုပေ။

"မင်း ဒုတိယအဆင့် မီးသားရဲချီတွေ အများကြီး လိုနေတယ်လို့ ကြားမိတယ်" ကရုဏာမဲ့နတ်သမီးက ရုတ်တရက် ပြောလိုက်သည်။

လော့ချန် စိတ်လှုပ်ရှားသွားပြီး အလိုအလျောက် ခေါင်းညိတ်လိုက်သည်။

"ငါ့ဆီမှာ စုဆောင်းထားတာ အတော်များများ ရှိတယ်၊ (၅၀၀) လောက် ရှိမယ်၊ မင်း လိုချင်လား"

လော့ချန် ဝမ်းသာအားရ ဖြစ်သွားသည်။

‘လိုချင်တာပေါ့ မလိုချင်ဘဲ နေပါ့မလား’

သူသည် မိုးကြိုးစွမ်းအားကို အသုံးပြု၍ အာရုံခံပေါက်ဖွင့်နိုင်သော်လည်း လိုသလောက် ထိန်းချုပ်၍ မရသည့်အပြင်၊ မိုးကြိုးကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများကို ကုသရန်အတွက် ကုသခြင်းအတတ်ကို မကြာခဏ အသုံးပြုနေရသည်။ သို့သော် မီးသားရဲချီမှာမူ သူ စိတ်တိုင်းကျ ထိန်းချုပ်နိုင်သည်။ အလွယ်နည်းအား စွန့်ပယ်ပြီး ခက်ခဲသည်ကို ရွေးစရာ အကြောင်းမရှိပေ။

"ဒါဆိုရင် အကြီးအကဲကို ကျေးဇူးတင်ပါတယ်၊ ဈေးနှုန်းကရော"

"ရေခဲခံတပ်က ပုံမှန် ဈေးနှုန်းအတိုင်းပဲ ပေးပါ၊ နောက်ပြီး မီးသားရဲချီတွေ ထည့်ထားတဲ့ ပုလင်းက အဆင့်မြင့် မှော်လက်နက်ဖြစ်လို့ အဲဒီအတွက် ဝိညာဉ်ကျောက်တုံး (၅၀၀၀) ထပ်ဖြည့်ပေးပါ"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့"

လော့ချန် ခေါင်းညိတ်ကာ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံး (၃၀၀၀၀) ကို ထုတ်ယူ၍ သူမအား ပေးအပ်လိုက်သည်။ ဤသည်မှာ ပုံမှန် ကုန်သွယ်မှုသာ ဖြစ်ပြီး စောင့်ရှောက်မှုဟု မဆိုသာပေ။ သို့သော် ကရုဏာမဲ့နတ်သမီးအနေဖြင့် သူ၏ လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားပေးပြီး သူနှင့် ကုန်သွယ်ရန် စိတ်ကူးရှိခြင်းကို လော့ချန် ကျေးဇူးတင်မိသည်။

မီးသားရဲချီများဖြင့် ပြည့်နေသော ပုလင်းကို ပျော်ရွှင်စွာ သိမ်းဆည်းနေသည့် လော့ချန်ကို ကြည့်ရင်း ကရုဏာမဲ့နတ်သမီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ စကားပြောရန် ပြင်ဆင်သော်လည်း ပါးစပ်ဖျားသို့ ရောက်လာပြီးမှ ပြန်လည် မြိုသိပ်လိုက်သည်။

လော့ချန် သူမ၏ တွေဝေမှုကို သတိထားမိသဖြင့် မေးလိုက်သည်။

"ကျွန်တော့်ကို တခြား အရေးကြီးတဲ့ ကိစ္စများ ပြောစရာရှိသေးလို့လား အကြီးအကဲ"

ကရုဏာမဲ့နတ်သမီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။

"၆ လကြာရင် မင်းတို့ ပြန်ကြတော့"

လော့ချန် တစ်ချက် ငိုင်သွားသည်။ လော့ထျန်းအဖွဲ့ဝင် ကျင့်ကြံသူများအား ပစ်ထားပြီး သူတစ်ယောက်တည်း ပြန်သွား၍ မရကြောင်း ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သတိပြုမိလိုက်သည်။

"မင်းတို့"

သူ စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"အကြီးအကဲက ကျွန်တော်တို့ လော့ထျန်းအဖွဲ့ဝင် အားလုံးကို ဆိုလိုတာလား"

"ဟုတ်တယ်၊ ဒါပေမဲ့ ပြန်ပြီး အလကား နေခိုင်းမှာ မဟုတ်ဘူး၊ နောက်တန်းကို ဆုတ်ခွာပြီး နောက်တန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို တာဝန်ယူရမယ်၊ နောက်ပြီး ဓားဂိုဏ်းဘက်က ငါတို့နယ်မြေကို ကျူးကျော်လာတာကို ကာကွယ်ရမယ့် တာဝန်ကို ပေးမှာ"

ကရုဏာမဲ့နတ်သမီးက အေးဆေးစွာ ပြောသည်။

ဤစကား ထွက်ပေါ်လာသည်နှင့် လော့ချန် ဝမ်းမြောက်ခြင်းကို မဖုံးကွယ်နိုင်တော့ပေ။ သို့မဟုတ် ဖုံးကွယ်ရန်လည်း မလိုတော့ပေ။ ယခင်က မည်သို့မျှ ကြိုးစား၍ မရခဲ့သည့် ကိစ္စမှာ ယခုအခါ သူကိုယ်တိုင် အန္တရာယ်နှင့် ရင်ဆိုင်လိုက်ခြင်းဖြင့် နောက်ဆုံးတွင် သူမကို အလျှော့ပေးအောင် လုပ်နိုင်ခဲ့လေပြီ။

သို့သော် သူ ဂရုစိုက်ဟန်ဖြင့် မေးမြန်းလိုက်သည်။

"ကျွန်တော်တို့သာ ထွက်သွားရင် အကြီးအကဲရဲ့ ချန်ချင်အဖွဲ့ဝင်တွေကရော"

"ဒီကိစ္စကို မင်း စိတ်မပူပါနဲ့၊ ရေခဲခံတပ်က ထန်ထိုက်ကျင်းတို့ အဖွဲ့ကို အစားထိုးဖို့ အခြားအဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်လိမ့်မယ်၊ ရေခဲခံတပ်က လုပ်ငန်းတွေကိုတော့ တစ်ယောက်ယောက်က ထိန်းချုပ်ဖို့ လိုသေးတာပဲ"

ကရုဏာမဲ့နတ်သမီးက ပြန်ဖြေလိုက်သည်။

လော့ချန်၏ ဂရုစိုက်ဟန်မှာ အတုအယောင် ဖြစ်သည်။ သို့သော် သူမ၏ စကားက သူ့နှလုံးသားထဲတွင် သံသယများ ဖြစ်ပေါ်စေသည်။ သူ ယခင်က ပေးခဲ့သည့် ဆေးလုံး အနည်းငယ်ဖြင့် ကရုဏာမဲ့နတ်သမီးအား ဤမျှလောက် အကျိုးကျေးဇူးများ ရစေနိုင်သလော။ လော့ထျန်းအဖွဲ့အား နောက်တန်းသို့ ဆုတ်ခွာခိုင်းရုံသာမက၊ ချန်ချင်အဖွဲ့ဝင်များပါ စစ်ပွဲ၏ နွံထဲမှ လွတ်မြောက်နိုင်စေရန် လုပ်ပေးနိုင်သလော။

လော့ချန်၏ သံသယကို ရိပ်မိသွားသည့်ပုံပင်။ ယခုအချိန်တွင် ကရုဏာမဲ့နတ်သမီး မဖုံးကွယ်တော့ပေ။

"ဂိုဏ်းက ဆုံးဖြတ်ချက် ချလိုက်ပြီ၊ မင်းကို ငါတို့ ရေခဲခံတပ်ရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ဒါဟာ အခြေတည်အဆင့်ထဲမှာ တစ်ဦးတည်းသော အကြီးအကဲလည်း ဖြစ်လိမ့်မယ်"

လော့ချန် အံ့အားသင့်သွားသည်။ ခဏအကြာတွင်မှ သဘောပေါက်လိုက်သည်။

ကရုဏာမဲ့နတ်သမီးက သူ့အား ရောင်းစားလိုက်ခြင်းပင်။

ထိုအချိန်က သခင််မယင်ယွဲ့ ပြောခဲ့သည့် “ဂိုဏ်းတူအစ်မ.... ဂိုဏ်းက သူ့ကို အလိုရှိနေတာ၊ နင်တစ်ယောက်တည်း သူ့ကို အပိုင်သိမ်းထားလို့ မရဘူး....” ဆိုသည့် စကားမှာ နားထဲတွင် ပဲ့တင်ထပ်နေသည်။ ယခုကြည့်ရသော် ကရုဏာမဲ့နတ်သမီးမှာ သူ့အား မကာကွယ်ပေးနိုင်ခဲ့ဘဲ ကုန်ပစ္စည်းအဖြစ် အသုံးချကာ များစွာသော အကျိုးကျေးဇူးများကို လဲလှယ်လိုက်ခြင်းပင် ဖြစ်သည်။

ဤသို့သော ရောင်းစားခံရသည့် အခြေအနေမျိုးအတွက် လော့ချန်၏ စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည်။

ကရုဏာမဲ့နတ်သမီးက သူ့အား စိုက်ကြည့်ရင်း မေးလိုက်သည်။

"မင်း သဘောမတူဘူးလား"

လော့ချန် သက်ပြင်းချကာ ပြုံးလျက် ပြောလိုက်သည်။

"အခြေတည်အဆင့်နဲ့ ရွှေအမြုတေဂိုဏ်းကြီးရဲ့ အကြီးအကဲ ဖြစ်လာရတာ ကျွန်တော့်ရဲ့ ကံကောင်းခြင်းပါပဲ"

ဤသည်မှာ သဘောတူလိုက်ခြင်းပင် ဖြစ်သည်။

ကရုဏာမဲ့နတ်သမီးမှာမူ စိတ်မကောင်းဖြစ်နေသည်။

"ဒါဆိုရင် မင်း အောက်ကို ဆင်းသွားလိုက်ပါ"

"နောက်ပိုင်း စစ်ပွဲတွေနဲ့ မင်းနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး"

လော့ချန် တစ်ခါမျှ မလုပ်ဖူးသည့် လက်ယှက် ဂါရဝပြုမှုကို လုပ်လိုက်သည်။

"ကျွန်တော် သွားပါတော့မယ် အကြီးအကဲ"

သူ ထွက်သွားပြီးနောက် ထန်ထိုက်ကျင်းက နောက်ဘက်မှ ထွက်လာပြီး ကရုဏာမဲ့နတ်သမီးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

"ဆရာ ဘာလို့ သူ့ကို ဆွဲမထားတာလဲ၊ သူသာ ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာရင် ကျွန်မတို့ ချန်ချင်အနွယ်အတွက် ဘာမှ လုပ်ပေးတော့မှာ မဟုတ်ဘူး၊ အခုချိန်မှာ ကောင်းကောင်း စည်းရုံးထားရင်...."

"မင်း စကားတွေ သိပ်များနေပြီ"

အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

ထန်ထိုက်ကျင်းသည် ဆောင်းရာသီအတွင်း၌ ပြင်းထန်လှသော အအေးဒဏ်ကြောင့် အသံတိတ်သွားခဲ့ရရှာသည့် ပုစဥ်းရင်ကွဲလေးတစ်ကောင်ကဲ့သို့ ချက်ချင်းပင် နှုတ်ဆိတ်သွားခဲ့ရရှာသည်။

ကရုဏာမဲ့နတ်သမီးက ထိုစိတ်မကောင်းသည့် အမူအရာကို ဖယ်ရှားလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"ဘာကြောင့် အပိုတွေ လုပ်နေရမှာလဲ၊ ဂိုဏ်းက သူ့ကို လိုချင်ရင် ငါ သူ့ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး"

"ပြီးတော့ လော့ချန်က ဘယ်လို လူစားမျိုးလဲဆိုတာ မင်း သိရဲ့လား၊ သူ့ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် တချို့အရာတွေကို ငါ ပြောပြဖို့တောင် မလိုဘူး၊ သူ ကိုယ်တိုင် သိနေမှာပဲ"

ဤသို့သော အကဲဖြတ်မှုမှာ ကရုဏာမဲ့နတ်သမီး၏ နှုတ်မှထွက်ပေါ်လာသောအခါ အလွန်တရာ မြင့်မားလှသော ချီးကျူးစကားတစ်ခွန်း ဖြစ်သွားသည်။

ထန်ထိုက်ကျင်း ရုတ်တရက် သဘောပေါက်သွားပြီး စိုးရိမ်စိတ်များ လျော့ကျသွားသည်။

သို့သော် ကရုဏာမဲ့နတ်သမီး၏ မျက်လုံးထဲတွင် ဖြစ်ပေါ်နေသည့် အတိတ်ကိုပြန်လည်အောက်မေ့သည့်အရိပ်အယောင်များကိုမူ သူမ မမြင်လိုက်ပေ။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ရေခဲခံတပ်တွင် နောက်ထပ် ဆေးဖော်ဆရာတစ်ဦး ထပ်မံ ပေါ်ပေါက်လာတော့မည်။ ယခင်က ရှန်းဟူ ရေခဲခံတပ်သို့ ဝင်ရောက်လာစဉ်ကဲ့သို့ပင်။ တိုက်ဆိုင်သည်မှာ ဤသူကိုလည်း ကရုဏာမဲ့နတ်သမီး ကိုယ်တိုင် ဂိုဏ်းထဲသို့ ခေါ်သွင်းလာခြင်းပင် ဖြစ်သည်။

သူမ၏ အကြည့်မှာ သူမနှင့် ဆင်တူသည့် ထန်ထိုက်ကျင်းအပေါ် ရောက်ရှိသွားပြီး စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။

သို့သော် နောက်ဆုံးတွင် အသံတိတ်သွားသည်။

‘အတိတ်ကို ပြန်ဖော်ထုတ်ပြီး ဘာလုပ်ရမှာလဲ၊ အိမ်ထောင်ပြုတာက တစ်ဖက်လူကိုရော ကိုယ့်ကိုပါ ဒုက္ခပေးတာ’

‘ငါက ငါ့ဆရာ မဟုတ်သလို၊ ယင်ယွဲ့လည်း မဟုတ်ဘူး၊ ထန်ထိုက်ကို ငါ့ရဲ့ လမ်းဟောင်းအတိုင်း ဘယ်လိုလုပ် လျှောက်ခိုင်းနိုင်မှာလဲ’

‘ဒါမျိုး ငါ မလုပ်နိုင်ဘူး’

....

လော့ချန် တဲအိမ်မှ ထွက်လာပြီးနောက် တောင်ကြားထဲတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်၍ လော့ထျန်းအဖွဲ့ တပ်စခန်းဆီသို့ ဦးတည်သွားသည်။

သူ၏ စိတ်ထဲတွင် ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်းများ ရောထွေးနေသည်။

ကရုဏာမဲ့နတ်သမီးက သူ့အား ရောင်းစားလိုက်သည့် ကိစ္စအတွက် သူ အမှန်တကယ် မုန်းတီးခြင်း မရှိပေ။ သူ၏ အရည်အချင်းများ ထွက်ပေါ်လာပြီး ဆေးဖော်ဆရာဟူသော ဂုဏ်သတင်းမှာ ကျောက်စိမ်းအိုးနယ်မြေတစ်ခွင် ပျံ့နှံ့သွားသည်နှင့်အမျှ မည်သည့် ရွှေအမြုတေ ဂိုဏ်းကြီးမဆို သူ့အား လျစ်လျူရှု၍ မရတော့ပေ။

ယခင်က ဆေးလုံးစိမ်းချိုင့်ဝှမ်းရှိ ကောင်းကင်နန်းတော်တွင် စီရင်စုသခင်ချီတင်းနှင့် အိုက်လောင်တောင်မှ ရွှေအမြုတေစီရင်စုသခင်တို့အား သူ့အား ဂိုဏ်းနှစ်ခုလုံး၏ အကြီးအကဲအဖြစ် ခန့်အပ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ကရုဏာမဲ့နတ်သမီး ရှိနေသဖြင့် ထိုအကြံကို အတင်းအကျပ် စွန့်လွှတ်လိုက်ရသည်။

သို့သော် အနှစ်ချုပ်ရလျှင် သူတို့ကြည့်သည်မှာ ကရုဏာမဲ့နတ်သမီး၏ မျက်နှာကို ကြည့်ခြင်း မဟုတ်ဘဲ ရွှေအမြုတေ ဂိုဏ်းကြီးဖြစ်သည့် ရေခဲခံတပ်ကို ကြည့်ခြင်း ဖြစ်သည်။ သူတို့ မသိသည်မှာ ထိုစဉ်က လော့ချန်သည် ချန်ချင်အနွယ်အတွက်သာ အလုပ်လုပ်ပေးနေခြင်း ဖြစ်ပြီး တကယ်တမ်း ပြောရလျှင် ရေခဲခံတပ်၏ လူ မဟုတ်သေးခြင်းပင်။

သုံးနှစ်ကြာ ကြာမြင့်ပြီးနောက် ကရုဏာမဲ့နတ်သမီးလည်း ဆက်လက် အချိန်ဆွဲ၍ မရတော့ပေ။

ရေခဲခံတပ်က လော့ချန်အား သတိထားမိသွားပြီဖြစ်သည်။ ယခင် သခင်မယင်ယွဲ့က ချော့တစ်လှည့်၊ ခြောက်တစ်လှည့် စည်းရုံးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ပိုင်းတွင် ဂိုဏ်းချုပ်မှ အမိန့်ပေးကာ သူ့အား အကြီးအကဲအဖြစ် ခန့်အပ်ရန် တိုက်ရိုက်ခိုင်းစေခဲ့သည်။

ယခုအချိန်တွင် ကရုဏာမဲ့နတ်သမီးအနေဖြင့် အလျှော့ပေးမှ ဖြစ်ပေတော့မည်။

သူမ၏ ရှုထောင့်မှ ကြည့်လျှင် သူမ လုပ်ဆောင်နိုင်သမျှသော အရာအားလုံးကို လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်သဖြင့် မတတ်သာသည့်အဆုံး အကောင်းမွန်ဆုံးသော ရလဒ်ကို ရရှိနိုင်ရန်အတွက် ဈေးကောင်းကောင်းဖြင့်သာ လဲလှယ်လိုက်ရသည်။

သို့သော် လော့ချန်၏ ကိုယ်ပိုင်ရှုထောင့်မှ ကြည့်လျှင် ရေခဲခံတပ်၏ အကြီးအကဲ ဖြစ်လာခြင်း၏ အကျိုးအပြစ်ကို မည်သို့ တိုင်းတာမည်နည်း။ လက်ရှိ အခြေအနေအရဆိုလျှင် အကျိုးက အပြစ်ထက် အဆပေါင်းများစွာ သာလွန်နေသည်။ လော့ထျန်းအဖွဲ့အား ကာကွယ်ခြင်း ဖြစ်စေ၊ စစ်ပွဲ၏ နွံထဲမှ ထွက်ခွာခြင်း ဖြစ်စေ၊ အားလုံးမှာ အလွန် ကောင်းမွန်သော ကိစ္စများ ဖြစ်သည်။ အမှန်စင်စစ် သူသည် ရေခဲခံတပ်ထံမှ ရွှေအမြုတေဖွဲ့စည်းနည်းနှင့် သက်ဆိုင်သည့် အရင်းအမြစ်များကို ရရှိနိုင်မည့် အခွင့်အရေး ရှိသေးသည်။ ရေရှည်ကို ကြည့်လျှင်မူ ထိုအရာမှာ ရွှေအမြုတေအဆင့် မတက်လှမ်းမီ သို့မဟုတ် အောင်မြင်ပြီးမှ ဖြစ်လာမည့် ကိစ္စဖြစ်သည်။

မအောင်မြင်ပါက ပြောစရာ မလိုပေ။ ဂိုဏ်းကြီး၏ ကာကွယ်မှု ရှိထားသဖြင့် ကျန်ရှိသည့် ဘဝကို ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်မည်မှာ သေချာသည်။ အောင်မြင်ပါက ရေခဲခံတပ်နှင့် လုံးဝ တွဲဖက်သွားမည်ဖြစ်ပြီး ထိုသို့ဆိုပါက လုပ်ဆောင်ချက်များမှာ အကန့်အသတ် ရှိလာနိုင်သလို၊ မိမိဆန္ဒအတိုင်း ဖြစ်လာမည်လည်း မဟုတ်ပေ။ ၎င်းက အားနည်းချက်တစ်ခုကဲ့သို့ ထင်မှတ်ရနိုင်သော်လည်း လူ့လောကတွင် မိမိဆန္ဒအတိုင်း အားလုံး ဖြစ်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် နောက်ဆုံးတွင် ရေခဲခံတပ်၏ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်လာခြင်းမှာ အကျိုးက အပြစ်ထက် အဆပေါင်းများစွာ သာလွန်နေသည်။

"ကရုဏာမဲ့နတ်သမီးရဲ့ ဒီတစ်ခေါက် အရောင်းအဝယ်ကြီးက အားလုံးကို အကျိုးရှိသွားစေတာပဲ၊ လူတိုင်း ကိုယ်စီ အကျိုးအမြတ်တွေ ရသွားပြီ"

"ဆုံးရှုံးသွားတာကတော့ ချန်ချင်အနွယ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပဲ ရှိလိမ့်မယ်"

"ဒါပေမဲ့ ငါ့ကို အမြဲတမ်း စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးတရားရှိသေးတော့ အနာဂတ်မှာ ဘက်လိုက်ပေးရမှာပေါ့၊ ဆုံးရှုံးမှုကလည်း ဒီလောက် မများပါဘူး"

"ခုနက သူမ စကားပြောဖို့ တွေဝေနေတာလည်း ဒီကိစ္စကို ပြောချင်လို့ ဖြစ်မယ်"

လော့ချန် ပြုံးလိုက်ပြီး စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးများ ပေါ့ပါးသွားသည်။ ထို့ပြင် အောင်မြင်မှု ခံစားချက် တစ်ခုကလည်း ရင်ထဲသို့ စီးဝင်လာသည်။ သတိမထားမိလိုက်သည့် အချိန်အတွင်းမှာပင် သူ၏ အဆင့်မှာ မြင့်မားသွားခြင်း မရှိသော်လည်း၊ ဆေးဖော်ဆရာဟူသော ဂုဏ်ပုဒ်ကြောင့် ကျောက်စိမ်းအိုးနယ်မြေအတွင်းရှိ ရွှေအမြုတေ ပုဂ္ဂိုလ်များနှင့် တန်းတူ ထိုင်ကာ ရယ်မော စကားပြောနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စပင် ဖြစ်သည်။

ထူးချွန်သော ဆေးဖော်ဆရာ တစ်ယောက်မှာ ဤကဲ့သို့သော အဆင့်အတန်းမျိုး ရရှိသင့်သည်။ ရိုးရှင်းသော အဆင့်အတန်းဖြင့် ဆေးဖော်ဆရာကြီးတစ်ဦး၏ တန်ဖိုးကို မည်သို့ တိုင်းတာနိုင်မည်နည်း။

....

တပ်စခန်းသို့ ပြန်ရောက်သည့်အခါ လော့ချန်၏ နေ့စဉ်ဘဝမှာ ရိုးရှင်းသွားသည်။

ကျင့်ကြံရန် သင့်တော်သည့် နေရာ မရှိသော်လည်း အဆင့်မြင့် နဂါးပျံဆေးလုံးများမှာ သူ့အဖို့ လုံလောက်သည်။ သွေးကြော (၁၀၀) ပွင့်ခြင်းနှင့် အာရုံခံပေါက် အချို့ ဖွင့်လှစ်ထားခြင်းကြောင့် တစ်ရက်လျှင် အဆင့်မြင့် ဆေးလုံး နှစ်လုံးအထိ သောက်သုံးနိုင်သည်။

ထို့ကြောင့် ကျင့်ကြံခြင်းမှာ များစွာ နောက်ကျမသွားပေ။ အခြေတည်အဆင့်တွင် ဆေးကောင်းများသည် များစွာ အထောက်အကူ ဖြစ်စေသည်။ ဆေးလုံး သောက်သုံးခြင်းမှလွဲ၍ ကျန်သည့်အချိန်များတွင် လော့ချန်သည် နေ့စဉ် မီးသားရဲချီကို အသုံးပြု၍ အာရုံခံပေါက်ဖွင့်ခြင်းကို လုပ်ဆောင်နေပြီး တစ်ပေါက်ပြီး တစ်ပေါက် ဖွင့်လှစ်ခြင်းက သူ၏ ခန္ဓာကိုယ်ကို ပိုမို ကြံ့ခိုင်လာစေသည်။ ဖော်ပြရန် ခက်ခဲသည့် ပြောင်းလဲမှု တစ်ခုမှာ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ သူသည် အားလပ်ချိန်တွင် ယခင်က ရပ်တန့်ထားသည့် မိုးကြိုးဖြင့် ခန္ဓာကိုယ် လေ့ကျင့်နည်းကို ပြန်လည် လေ့လာရန် ကြိုးစားလေ့ရှိသည်။ သူသည် ဤအပိုင်းကို အသုံးပြု၍ ဟင်္သာအသွင်ပြောင်းကျင့်စဉ်၏ နောက်ဆက်တွဲ အပိုင်းများကို ဖြည့်စွက်နိုင်မည်ဟု အမြဲ ခံစားနေရသည်။

အချိန်များမှာ ဤကဲ့သို့ အေးချမ်းစွာဖြင့် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။

တစ်လ ကြာပြီးနောက် လူစားလဲလှယ်မည့် အချိန်သို့ ရောက်ရှိလာလေပြီ။

မနက်စောစောတွင် တပ်စခန်းရှိ ကျင့်ကြံသူအားလုံး အဆင်သင့် ဖြစ်နေကြသည်။

သို့သော် စစ်ပွဲ၏ မီးခိုးငွေ့များနှင့် သွေးညှိနံ့များဖြင့် ပြည့်နှက်နေပြီး ပင်ပန်းနွမ်းနယ်နေသည့် အခြားအဖွဲ့များနှင့် နှိုင်းယှဉ်ပါက လော့ထျန်းအဖွဲ့ဘက်မှ ကျင့်ကြံသူများ၏ စိတ်ဓာတ်မှာ အလွန်ပင် ကောင်းမွန်နေသည်။ သူတို့မှာ စစ်တိုက်လာသူများ မဟုတ်ဘဲ စစ်မြေပြင်သို့ အလည်လာသည့် ခရီးသွားအဖွဲ့ကဲ့သို့ပင်။ အလွန်ပင် သက်တောင့်သက်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။ အခြားသူများ၏ မနာလိုသည့် အကြည့်များကြားတွင် လော့ထျန်းအဖွဲ့သည် ရေခဲခံတပ်၏ အဖွဲ့အသစ်နှင့် တာဝန်လွှဲပြောင်းပေးပြီး ဆဋ္ဌမမြောက် တောင်တန်းမှ ပျံသန်း ထွက်ခွာသွားသည်။

ထွက်ခွာချိန်တွင် ရွှီဟွမ်ကျန်းသည် စစ်မီးများ လောင်ကျွမ်းနေသည့် မိုးကြိုးတောင်တန်းကို ပြန်ကြည့်ရင်း စိတ်ကူးယဉ်နေသည်။

‘ဒီလောက်တောင် အေးချမ်းရသလား’

ရှေ့နှစ်နှစ်အတွင်း သူတို့ ဖြတ်သန်းခဲ့ရသည့် နေ့ရက်များကို သူပြန်တွေးမိသွားသည်။ ထိုအရာအားလုံးမှာ အဖွဲ့ချုပ်ခေါင်းဆောင် ရောက်လာပြီးနောက် ပြောင်းလဲသွားသည်။

လော့ချန်မှာမူ အာရုံစိုက်ပုံမရချေ။ သူသည် တွမ်ဖုန်းနှင့် အတူ ဘေးချင်းကပ်ကာ ဤကာလအတွင်း ရေခဲခံတပ်၏ အခြားသော အဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုကို နားထောင်နေသည်။

"ချွီကျန့်ပေါင် သေသွားပြီ"

"သူတို့ကို ရှေ့တန်း ခံစစ်တန်းမှာ ထားလိုက်တာ၊ တိုက်ပွဲဖြစ်တော့ သူ့ရဲ့ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာပြီး ရန်သူက ချက်ချင်း သတ်ပစ်လိုက်တာ၊ ဒါတင်မကဘဲ ချွီမျိုးနွယ်စုလည်း အထိအခိုက် များသွားတယ်၊ လက်ရှိမှာ အခြေတည်ကျင့်ကြံသူ တစ်ယောက်ပဲ အသက်ရှင်ကျန်တော့တယ်"

ဤသတင်းက လော့ချန်အား အံ့အားသင့်စေသည်။ ချွီကျန့်ပေါင်မှာ ဒဏ်ရာရထားသည် မဟုတ်လော။ အခြေစိုက်စခန်းတွင် အနားမယူခိုင်းဘဲ အဘယ်ကြောင့် စစ်မြေပြင်သို့ စေလွှတ်လိုက်ရသနည်း။ အသုံးမဝင်တော့သောကြောင့်လော၊ သခင််မယင်ယွဲ့က မိမိအား စည်းရုံးရန် ကြိုးစားခြင်း မအောင်မြင်သည့်အတွက် စိတ်တိုပြီး အသက်ကို မငဲ့ဘဲ စစ်မြေပြင်သို့ စေလွှတ်လိုက်သည်လော။

ဤအချက်မှာ ယုတ္တိရှိနိုင်သည်။

လော့ချန်လည်း အသေးစိတ် မမေးတော့ပေ၊ မည်သို့ပင်ဆိုစေ သူနှင့် ချွီကျန့်ပေါင်မှာ ရန်သူများ ဖြစ်ကြသည်။ သေသွားသည်က ကောင်းသည်။ နောက်ဆက်တွဲ ပြဿနာများ မရှိတော့ပေ။

သို့သော် လော့ထျန်းအဖွဲ့တွင် မိမိသာ မရှိခဲ့ပါက တွမ်ဖုန်းတို့လည်း ဤကဲ့သို့သော အခြေအနေမျိုး ကြုံရနိုင်သည်ဟု တွေးမိသောအခါ၊ လော့ချန် စိတ်မကောင်း ဖြစ်သွားရသည်။

"ရေခဲခံတပ်ရဲ့ အသန်မာဆုံး အဖွဲ့သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ယွမ်မျိုးနွယ်စုလည်း အထိအခိုက် များသွားတယ်၊ မျိုးနွယ်စုထဲက အခြေတည်နှောင်းပိုင်း ဒုတိယအကြီးအကဲ သေဆုံးသွားပြီး၊ အကြီးအကဲကြီး တစ်ယောက်ပဲ ကျန်ရစ်သူတွေကို ဦးဆောင်ပြီး လွတ်မြောက်လာနိုင်ခဲ့တယ်"

အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ သေဆုံးသွားသည့် သတင်းကို ကြားသောအခါ လော့ချန်၏ မျက်ခွံများ တုန်ခါသွားသည်။ ဂိုဏ်းကြီးများမှာ အမှန်တကယ်ပင် လက်အောက်ခံအင်အားစုများကို လူဟု မသတ်မှတ်ကြပေ။

"တခြား ဂိုဏ်းတွေတော့ မသိဘူး၊ ဒါပေမဲ့ ဒီနှစ်လအတွင်းမှာ ရေခဲခံတပ်က ထိခိုက်မှု များလွန်းတယ်"

တွမ်ဖုန်း ခေါင်းယမ်လိုက်ပြီး မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ အကယ်၍သာ လော့ချန် မရောက်လာခဲ့ပါက မိမိတို့ လော့ထျန်းအဖွဲ့မှာလည်း ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်နေမည်မှာ သေချာသည်။

"အစ်ကိုဝမ်ရဲ့ သတင်း ဘာရသေးလဲ"

လော့ချန် မေးလိုက်သည်။

တွမ်ဖုန်းက မသေချာမရေရာစွာ ပြန်ဖြေလိုက်သည်။

"ငါ ဆဋ္ဌမမြောက်တောင်တန်း စခန်းမှာ စုံစမ်းကြည့်တော့ သူ့ကို နဝမတောင်မှာ တွေ့ဖူးတယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ ခဏလေးပဲ ပျောက်သွားတယ်လို့ ကြားတယ်"

ဤအဖြေကို ကြားရသောအခါ လော့ချန် စိတ်သက်သာရာ ရသွားသည်။ အသက်ရှင်နေလျှင် လုံလောက်ပြီဖြစ်သည်။ ခြောက်လအတွင်း လော့ထျန်းအဖွဲ့ ဆုတ်ခွာမည်ဖြစ်ရာ ဤအချိန်အတွင်း သူ ကိုယ်တိုင် ရှာဖွေနိုင်သေးသည်။

သူသည် ဝေးကွာလှသော မိုးကုတ်စက်ဝိုင်းဆီသို့ လှည့်ကြည့်လိုက်မိစဉ် ရုတ်တရက် မြင်တွေ့လိုက်ရသည့် အခြေအနေတစ်ခုကြောင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့ရတော့သည်။

"ဘာလို့ ဒီတစ်ခါ ဆဋ္ဌမမြောက် တောင်တန်းကို လာတဲ့ ကျင့်ကြံသူတွေက ဒီလောက် များတာလဲ၊ လူစားလဲတာ မပြီးသေးဘူးလား"

သူ၏ အကြည့်အောက်တွင် တောင်ခြေ၌ ကျင့်ကြံသူများစွာမှာ လက်နက်များကို စီးနင်းကာ ပျံသန်းနေကြဆဲ ဖြစ်ပြီး လူတန်းကြီး၏ တစ်ဝက်ပင် ဆဋ္ဌမမြောက် တောင်တန်းသို့ မရောက်သေးပေ။

တွမ်ဖုန်းလည်း နားမလည် ဖြစ်နေသည်။ နှစ်ဦးသား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြီး အဘယ်ကြောင့် ကျင့်ကြံသူများ ဤမျှ များနေရသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။ လေးဂိုဏ်း မဟာမိတ်အဖွဲ့က ဖိအား များလွန်းသည်ဟု ယူဆကာ လူအင်အား ပိုမို ခေါ်ယူလိုက်ခြင်းလော။

ဤသံသယကို ရင်ဝယ်ပိုက်လျက် သူတို့အုပ်စု ရေခဲခံတပ်တပ်စခန်းသို့ ပြန်လာခဲ့ကြသည်။

သို့သော် ဆင်းသက်လိုက်သည်နှင့် ရေခဲခံတပ်ထဲမှ ဆူညံသံများကို ကြားလိုက်ရသည်။

“ဟိုး.... အလယ်ဗဟို ကျောက်တိုင်ရှိတဲ့ ရင်ပြင်ကနေ ထွက်လာတာပဲ”

တစ်စုံတစ်ဦးက လှမ်း၍ အော်ဟစ်လိုက်သည်။

“မြန်မြန်လုပ်.... သွားကြည့်ရအောင်”

လော့ချန် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ ပုကျွင်းကျယ်အား ချီသန့်စင်ကျင့်ကြံသူများကို ဦးဆောင်၍ စခန်းဆီသို့ ပြန်လည်ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်ပြီးနောက် သူကိုယ်တိုင်ကမူ ရွှီဟွမ်ကျန်းနှင့် တွမ်ဖုန်းတို့ကို ခေါ်ဆောင်ကာ ဂုဏ်းထူးဆောင် ကျောက်စာတိုင်ကြီးဆီသို့ ဦးတည်၍ ပြေးလွှားလာခဲ့တော့၏။ သူတို့ ထိုနေရာဆီသို့ ရောက်ရှိသွားခဲ့ကြသည့် အခိုက်အတန့်တွင်မူ သုံးဦးစလုံး ချက်ချင်းပင် အသက်ရှူရန် မေ့လျော့သွားခဲ့ရတော့သည်။

ကျောက်စာတိုင်၏ ထိပ်ဆုံးနေရာတွင် စာသား လေးကြောင်းမှာ အသက်ဝင်စွာဖြင့် ထွက်ပေါ်နေသည်။ ဤလဲလှယ်နိုင်သည့် အရင်းအမြစ် လေးမျိုးကြောင့်ပင် ရေခဲခံတပ်ရှိ တပည့်ရင်းမဟုတ်သော အခြေတည်ကျင့်ကြံသူအားလုံး ဆူညံနေကြခြင်းဖြစ်၏။

ရွှီဟွမ်ကျန်းက တံတွေးမြိုချလိုက်ပြီး အံ့ဩစွာဖြင့် ဆိုသည်။

"ရွှေတွင်းကြီးပဲ…. အဖွဲ့ချုပ်ခေါင်းဆောင် ကျွန်တော်တို့...."

လော့ချန်မှာ ယခုအချိန်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

“ရွှေအမြုတေဖွဲ့စည်းနည်း"

"ရွှေအမြုတေဖွဲ့စည်းနည်းလေးခု၊ အထက်လမ်းစဉ်နည်းတောင်ပါသေးတယ်"

"တိမ်ပြိုဂိုဏ်းက ရူးသွားပြီလား…. လေးဂိုဏ်းလုံး ရူးသွားကြပြီလား…."

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters