အခန်း ၅၂၈
Vol. 53 Ch. 528
အခန်း (၅၂၈) - အခြေတည်ကျင့်ကြံသူများ ရူးသွပ်ကုန်ခြင်း
လေးဂိုဏ်းလုံး ရူးသွားကြပြီလော ဆိုသည်ကို လော့ချန် မသိနိုင်ပေ။
သို့သော် သူ သိသည်မှာကား လေးဂိုဏ်း၏ လက်အောက်ခံ အင်အားစုများ၊ ဤနေရာတွင် လှည့်လည်ကျက်စားနေကြသည့် အခြေတည်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူများ အားလုံးမှာမူ ရူးသွပ်သွားကြပြီ ဖြစ်သည်။
လေးဂိုဏ်းက ဂုဏ်သိက္ခာကြီးမားစွာဖြင့် ရွှေအမြုတေလျှို့ဝှက်နည်းများကို အသီးသီး ထုတ်ဖော်လိုက်သည်။ ဤသည်မှာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် လမ်းစမရှိဘဲ အခြေတည် နှောင်းပိုင်းအဆင့်တွင် ရုန်းကန်နေရသည့် ကျင့်ကြံသူများအတွက်မူ ကောင်းကင်ဘုံသို့ သွားရာ တံခါးပေါက်ကို ဖွင့်ပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
အခြေတည် အစောပိုင်း၊ အလယ်ပိုင်းအဆင့် ကျင့်ကြံသူများအတွက်မူ ချက်ချင်းလက်ငင်း လိုအပ်နေသည် မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်ထားလိုခြင်းမှာ လူတိုင်း၏ သဘာဝပင်။
လော့ချန်သည် အထက်တွင် ဖော်ပြထားသည့် ရွှေအမြုတေ လျှို့ဝှက်နည်းလေးမျိုးကို ကြည့်နေပြီး တစ်မျိုးစီ၏ လဲလှယ်ရန် လိုအပ်သည့် ဂုဏ်ထူးဆောင် အမှတ်တန်ဖိုးများကို မှတ်သားထားသည်။ အမြင့်ဆုံးမှာကား တိမ်ပြိုဂိုဏ်းမှ ထုတ်ဖော်လိုက်သည့် အဆင့်မြင့် ရွှေအမြုတေ လျှို့ဝှက်နည်း ပုလဲထောင်ချောက်ပင် ဖြစ်၏။ ဤနည်းစနစ်ကို လဲလှယ်ရန်အတွက် ဂုဏ်ထူးဆောင် အမှတ်ပေါင်း (၁၀၀၀၀) လိုအပ်သည်။ ဒုတိယမှာမူ ဂိုဏ်းသုံးခုက တူညီစွာ ထုတ်ဖော်ထားခြင်းဖြစ်ပြီး ဂုဏ်ထူးဆောင် အမှတ် (၂၀၀၀) သာ လိုအပ်သည့် အောက်လမ်းစဉ် ရွှေအမြုတေလျှို့ဝှက်နည်းများ ဖြစ်သည်။ ရေခဲခံတပ်၏ နဂါးဖီးနစ်သည်လည်း ၎င်းတို့အထဲတွင် ပါဝင်သည်။ လော့ချန်မှာ ဤနည်းစနစ်ကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သကဲ့သို့ လိုအပ်သည့် တတိယအဆင့် ဆေးလုံး နှစ်မျိုးကိုလည်း ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ ၎င်းနှင့် တူညီသည့် အခြားနည်းစနစ်နှစ်ခုလည်း အခြေအနေမှာ အတူတူပင် ဖြစ်ပေလိမ့်မည်။
သို့သော် ထိုသို့ဖြစ်စေကာမူ ဂိုဏ်းကြီးများ၏ တပည့်ရင်း မဟုတ်သည့် အခြေတည်အဆင့် ကျင့်ကြံသူများအတွက်မူ အောက်လမ်းစဉ် ရွှေအမြုတေ လျှို့ဝှက်နည်းစနစ်ပင်လျှင် ရရှိရန် အလွန် ခက်ခဲလှသည်။ ယခုမူ လေးဂိုဏ်းက တံခါးဖွင့်ပေးလိုက်လေပြီ။
လဲလှယ်နိုင်သည့် လမ်းကြောင်းကို သူတို့ရှေ့တွင် ထင်ထင်ရှားရှား ချပေးလိုက်သောအခါ မည်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
အနည်းဆုံးတော့ လျှို့ဝှက်နည်းစနစ် တစ်ခု ပိုင်ဆိုင်ထားပြီးဖြစ်သည့် လော့ချန်ပင်လျှင် ပုလဲထောင်ချောက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။
"အဖွဲ့ချုပ်ခေါင်းဆောင် ကျွန်တော်တို့...."
နားထဲတွင် တွမ်ဖုန်း၏ အသံကို လော့ချန် ဝိုးတဝါး ကြားလိုက်ရသည်။
သူ သတိပြန်ဝင်လာပြီး တွမ်ဖုန်းကို လှည့်ကြည့်လိုက်ရာ တွမ်ဖုန်း၏ မျက်ဝန်းများထဲတွင် တောင့်တမှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ဘေးသို့ လှည့်ကြည့်လိုက်ပြန်လျှင် ရွှီဟွမ်ကျန်းမှာလည်း အသက်ရှူနှုန်းများ မြန်ဆန်နေသည်ကို တွေ့ရသည်။ အဆင့်မြင့်လေလေ၊ ရွှေအမြုတေ လျှို့ဝှက်နည်းစနစ်ကို ပိုမို တောင့်တလေလေ ဖြစ်သည်။
သူတို့တင် မဟုတ်ဘဲ ကြီးမားသည့် ကျောက်တိုင်ကြီးကို ဝိုင်းရံထားသည့် တစ်ကိုယ်တော်ကျင့်ကြံသူ ထောင်ပေါင်းများစွာမှာလည်း ယခုအချိန်တွင် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ အချို့ဆိုလျှင် အနားပင် မယူချင်တော့ဘဲ မိုးကြိုးတောင်တန်း စစ်မြေပြင်သို့ ချက်ချင်း ပြန်သွားရန်ပင် စိတ်အားထက်သန်နေကြသည်။
"အခုတစ်ခေါက် လူစားလဲတာမှာ လူတွေဘာလို့ ပိုများနေလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်"
"သတင်းကြားတာနဲ့ စစ်မြေပြင်ဆီကို စိတ်လှုပ်ရှားပြီး ပြေးသွားတဲ့ လူသစ်တွေပဲ ဖြစ်ရမယ်"
လော့ချန် တီးတိုးရေရွတ်နေစဉ် အခြေတည်အဆင့် (၉) ကျင့်ကြံသူ အချို့ကို အမှတ်မထင် တွေ့လိုက်ရသည်။ သူတို့မှာ တည်ငြိမ်သော အမူအရာဖြင့် စကားပြောဆိုကာ ထွက်ခွာသွားကြသည်။
သူ တံတွေးကို မြိုချလိုက်ပြီး မိမိကိုယ်ကို တည်ငြိမ်စေရန် ကြိုစားလိုက်သည်။ အကျိုးအမြတ် များလေလေ၊ အန္တရာယ် များလေလေ ဖြစ်သည်။ ရွှေအမြုတေ လျှို့ဝှက်နည်းစနစ် လေးခု ထွက်ပေါ်လာသည်နှင့် လေးဂိုဏ်းမဟာမိတ်အဖွဲ့အတွင်းရှိ လက်အောက်ခံ အင်အားစုများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများအားလုံး ရူးသွပ်သွားလိမ့်မည်မှာ သေချာသည်။
ဤတိမ်ပြိုဂိုဏ်းဘက်တွင် ရူးသွပ်နေသလို၊ ဓားဂိုဏ်းဘက်မှလည်း တုံ့ပြန်မှု မရှိဘဲ နေမည် မဟုတ်ပေ။ ဆိုလိုသည်မှာ စစ်ပွဲမှာ ပိုမို ပြင်းထန်လာပေလိမ့်မည်။
စိတ်လှုပ်ရှားနေသည့် သူ့လူနှစ်ဦးကို ကြည့်ရင်း လော့ချန် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
"အရင် အနားယူကြ"
ရွှီဟွမ်ကျန်းနှင့် တွမ်ဖုန်းတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသော်လည်း သူ၏ စကားကို မလွန်ဆန်ရဲကြပေ။
တပ်စခန်းသို့ ပြန်ရောက်သည့်အခါ....။
သတင်းမှာ ပျံ့နှံ့သွားနှင့်ပြီ ဖြစ်ပြီး၊ လော့ထျန်းအဖွဲ့မှ ချီသန့်စင်အဆင့် ကျင့်ကြံသူများပင် ဤကိစ္စကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
လော့ချန် တည်ငြိမ်စွာပင် တွမ်ဖုန်းတို့အား အခန်းထဲသို့ ခေါ်လာခဲ့သည်။
"ရွှေအမြုတေလျှို့ဝှက်နည်းကြောင့် ခေါင်းဆေးမခံလိုက်နဲ့"
ရွှီဟွမ်ကျန်း တံတွေးမြိုချလိုက်သည်။
"ဒါပေမဲ့ အဲဒီထဲမှာ အထက်လမ်းစဉ် ရွှေအမြုတေလျှို့ဝှက်နည်းလည်း ပါနေတာလေ"
လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆိုရင် လိုအပ်တဲ့ ဂုဏ်ထူးဆောင် အမှတ်တွေကို ဘာလို့ မကြည့်တာလဲ"
ဤစကားကို ကြားလိုက်ရသည်နှင့် ရွှီဟွမ်ကျန်း ကြက်သေသေသွားပြီး စိတ်လှုပ်ရှားမှုများလည်း တဖြည်းဖြည်း မှေးမှိန်သွားသည်။
သူ စကားပြောရန် ဟန်ပြင်သော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။
မှန်ပေသည်။ လိုအပ်သည့် အမှတ်များမှာ အမှန်ပင် များပြားလွန်းသည်။ လေးဂိုဏ်း မဟာမိတ်အဖွဲ့က ချမှတ်ထားသည့် ဂုဏ်ထူးဆောင်အမှတ် ရရှိရေး စည်းကမ်းချက်မှာ အလွန်ပင် ရိုးရှင်းပြီး ကြမ်းတမ်းသည်။ သာမန် ကင်းစောင့်ခြင်း၊ ကာကွယ်ခြင်း လုပ်ငန်းတာဝန်များတွင် ဂုဏ်ထူးဆောင် အမှတ်မှာ အလွန် နည်းပါးသည်။ ကင်းလှည့်ခြင်း၊ စောင့်ကြပ်ခြင်း၊ သတင်းထောက်လှမ်းခြင်းများတွင် အနည်းငယ် ပိုများသော်လည်း မပြောပလောက်ပေ။ များပြားလှသည့် ဂုဏ်ထူးဆောင် အမှတ်များကို ရရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ ရန်သူကို သတ်ဖြတ်ခြင်းပင် ဖြစ်၏။
ချီသန့်စင်အဆင့် တစ်ယောက်ကို သတ်လျှင် (၁၀) မှတ် ရသည်။
အခြေတည် အစောပိုင်းအဆင့် တစ်ယောက်ကို သတ်လျှင် အမှတ် (၁၀၀) ရသည်။
အခြေတည် အလယ်ပိုင်းအဆင့် တစ်ယောက်ကို သတ်လျှင် အမှတ် (၂၀၀) ရသည်။
အခြေတည် နှောင်းပိုင်းအဆင့် အကြီးအကဲ တစ်ယောက်ကို သတ်မှသာလျှင် ဂုဏ်ထူးဆောင် အမှတ် (၅၀၀) ကို တိုက်ရိုက် ရရှိမည် ဖြစ်သည်။
တစ်နည်းအားဖြင့် ဂိုဏ်းသုံးခု၏ အောက်လမ်းစဉ် လျှို့ဝှက်နည်းစနစ်ကို လဲလှယ်လိုပါက ချီသန့်စင်အဆင့်ကျင့်ကြံသူ (၂၀၀) ကို သတ်ရမည်၊ သို့မဟုတ် အခြေတည်အစောပိုင်းကျင့်ကြံသူအယောက် (၂၀)၊ အလယ်ပိုင်းကျင့်ကြံသူအယောက် (၁၀) သို့မဟုတ် အခြေတည်နှောင်းပိုင်းကျင့်ကြံသူ (၄) ယောက်ကို သတ်ဖြတ်နိုင်ရမည်။
ဤသည်မှာ အလွန်ပင် ခက်ခဲလှသည်။ လော့ထျန်းအဖွဲ့သည် ယခင်က နှစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း အမှတ်ပေါင်း (၇၀၀) သာ စုဆောင်းနိုင်ခဲ့သည်။ ၎င်းတို့အထဲမှ အများစုမှာ မင်လုံယွီက အစီအရင်ဖြင့် အခြေတည်အစောပိုင်း ကျင့်ကြံသူ (၅) ယောက်ကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ခဲ့ရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဤအမှတ်များမှာလည်း အခြေတည်ဆေးလုံး လဲလှယ်ခြင်းကြောင့် (၁၀၀) သာ ကျန်ရှိတော့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဂုဏ်ထူးဆောင် အမှတ် ရရှိရန် မည်မျှ ခက်ခဲကြောင်း သိသာလှသည်။
ထိုအရာမှာ အောက်လမ်းစဉ် လျှို့ဝှက်နည်းစနစ်အတွက်သာ ဖြစ်သည်။ အကယ်၍ တိမ်ပြိုဂိုဏ်းမှ ပုလဲထောင်ချောက် နည်းစနစ်ကို လဲလှယ်လိုပါက (၅) ဆ ပိုမို လိုအပ်သေးသည်။ ဤသည်မှာ အခြေတည်အဆင့် ကျင့်ကြံသူတို့ တတ်နိုင်သည့် ကိစ္စ မဟုတ်ပေ။ အခြေတည်အစောပိုင်း ကျင့်ကြံသူ ရာပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ သို့မဟုတ် အခြေတည် နှောင်းပိုင်းကျင့်ကြံသူ အယောက် (၂၀) ကို သတ်ဖြတ်ရန် ဟူသည်မှာ ရွှေအမြုတေ စီရင်စုသခင်များသာ တတ်နိုင်ပေလိမ့်မည်။
သို့သော် ပြဿနာ ရှိနေသည်။ ရွှေအမြုတေ စီရင်စုသခင်များက ဤရွှေအမြုတေဖွဲ့စည်းနည်းကို အဘယ်မှာ စိတ်ဝင်စားမည်နည်း။ ထို့ပြင် လဲလှယ်ရေး စည်းကမ်းချက်တွင်လည်း ရွှေအမြုတေ အဆင့်အောက်ရှိသူများ၊ လေးဂိုဏ်းမှ တပည့်ရင်း မဟုတ်သူများသာ ဤအမှတ် လဲလှယ်ရေးတွင် ပါဝင်နိုင်သည်ဟု ကန့်သတ်ထားသည်။ ဤစည်းကမ်း တစ်ချက်တည်းဖြင့်ပင် ထိပ်တန်း အင်အားစုများမှ ရွှေအမြုတေ ပုဂ္ဂိုလ်ကြီးများက စစ်ပွဲကို အခွင့်ကောင်းယူ၍ ရွှေအမြုတေ လျှို့ဝှက်နည်းစနစ် ရယူမည့် လမ်းကြောင်းကို ပိတ်ပင်ထားလိုက်သည်။
အားငယ်နေသည့် နှစ်ယောက်ကို ကြည့်ရင်း လော့ချန် ခေါင်းခါလိုက်သည်။
"ငါရော စိတ်မလှုပ်ရှားဘူး ထင်လို့လား၊ ဒါပေမဲ့ လူဆိုတာ ကိုယ့်ကိုယ်ကို သိဖို့ လိုသလို ကိုယ့်စွမ်းအားနဲ့အညီ လုပ်ဆောင်ဖို့လည်း သင်ယူရမယ်"
"မင်းတို့ သတိမထားမိတာ၊ ရွှေအမြုတေလျှို့ဝှက်နည်းစနစ်ကို အလိုအပ်ဆုံးဖြစ်တဲ့ အခြေတည်နှောင်းပိုင်းအဆင့် ပုဂ္ဂိုလ်ကြီးတွေတောင်မှ မျက်နှာတည်နေကြတာကို"
"မင်းတို့နှစ်ယောက်မှာ တစ်ယောက်က အခြေတည်အဆင့် (၃)၊ တစ်ယောက်ကအဆင့် (၆) ၊ ရွှေအမြုတေအဆင့်နဲ့ ဝေးကွာနေသေးတာကို ဘာလို့ ဒီလောက်တောင် စိတ်လောနေကြတာလဲ"
သူ၏ နှစ်သိမ့်စကားကြောင့် ရွှီဟွမ်ကျန်းနှင့် တွမ်ဖုန်းတို့ နှစ်ယောက်စလုံး သတိပြန်ဝင်လာသည်။ စောနက များစွာသော အကျိုးရလဒ်များ၏ ဆွဲဆောင်မှုကြောင့် သူတို့ သတိလွတ်သွားခြင်း ဖြစ်ပေမည်။ ဖြစ်နိုင်သည်မှာ ဤကဲ့သို့သော အရင်းအမြစ်မျိုးသာလျှင် အခြေတည်အဆင့် ကျင့်ကြံသူများ၏ ပုံမှန် တည်ငြိမ်မှုကို ပျက်ပြားသွားစေနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
နှစ်ယောက်ကို နှစ်သိမ့်ရန်အတွက် လော့ချန်သည် ရေခဲခံတပ်၏ ဧည့်သည်တော် အကြီးအကဲ ဖြစ်လာပြီဆိုသည့် သတင်းကို ကြိုတင် ထုတ်ဖော်လိုက်သည်။
နှစ်ယောက်စလုံး အံ့အားသင့် ဝမ်းမြောက်နေစဉ် သူ တိုက်ရိုက်ပင် ပြောလိုက်သည်။
"စစ်ပွဲကြီး ပြီးတာနဲ့ ငါ့ရဲ့ ဂိုဏ်းကြီးက အကြီးအကဲရာထူးကို အသုံးချပြီး ရွှေအမြုတေလျှို့ဝှက်နည်းကို ရှာဖွေရတာက လွယ်ကူတဲ့ကိစ္စပဲ"
"မင်းတို့ကတော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး အဆင့်မြှင့်ဖို့ပဲ ကြိုးစားကြ"
ဤသို့ဖြင့် သူတို့နှစ်ဦးစလုံး၏ ဖြစ်နိုင်ချေမရှိသော အတွေးများ ပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီးနောက် လော့ချန် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
သူပြောသလိုပင် သူသည်လည်း စိတ်မလှုပ်ရှားဘဲ အဘယ်မှာနေပါမည်နည်း။ သို့သော် အချို့ကိစ္စများတွင် ကိုယ့်ကိုယ်ကို ဇွတ်အထင်မကြီးဘဲ ကိုယ့်အကန့်အသတ်ကိုယ် သိရန် လိုသည်။
လော့ချန် သူ၏ လက်ရှိ စွမ်းအားကို တွက်ချက်ကြည့်ရာ အခြေတည်အစောပိုင်း ကျင့်ကြံသူများကို အနိုင်ယူခြင်းမှာ ပြဿနာ မရှိသလို အလယ်ပိုင်း အဆင့်များမှာလည်း သူ၏ ပြိုင်ဘက် မဟုတ်ပေ။ နှောင်းပိုင်းအဆင့် အကြီးအကဲ တစ်ယောက်နှင့် တွေ့ဆုံပါကလည်း တစ်ဦးချင်း တိုက်ခိုက်ရာတွင် အနိုင်ယူနိုင်စွမ်း ရှိသည်။ အဆိုးဆုံး ဖြစ်ခဲ့လျှင်ပင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိသည်။ သို့သော် စစ်မြေပြင်တွင် အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူအယောက် (၁၀) သို့မဟုတ် (၂၀) ကို သတ်ဖြတ်ရန် ဆိုသည်မှာကား မဖြစ်နိုင်သော အရာပင် ဖြစ်၏။ အကယ်၍ သူသာ လက်လွတ်စပယ်ဖြင့် အစောပိုင်း၊ အလယ်ပိုင်း ကျင့်ကြံသူများကို လိုက်လံ သတ်ဖြတ်မည်ဆိုပါက ပိုမို အစွမ်းထက်သောကျင့်ကြံသူကြီးများ၏ ပစ်မှတ် ဖြစ်လာရန်မှာ အနှေးနှင့် အမြန်ပင်။
ထို့အပြင် ဂုဏ်ထူးဆောင် အမှတ် သတ်မှတ်ချက်မှာ အဆင့်ကိုသာ ကြည့်ခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် ဂိုဏ်းအသီးသီးက ထုတ်ဖော်ထားသည့် မိုးကြိုးပညာတွင် ကျွမ်းကျင်သူများမှာ အခြေတည် အလယ်ပိုင်းအဆင့် ဖြစ်လျှင်ပင် နှောင်းပိုင်းအဆင့်ကဲ့သို့ပင် သတ်မှတ်ရမည် ဖြစ်သည်။ လော့ချန်သည် မိမိ၏ ခေါင်းကို အခြားသူတို့၏ ပစ်မှတ် ဖြစ်လာစေရန် မလိုလားပေ။
"လေးဂိုဏ်း မဟာမိတ်အဖွဲ့က ဒီလို အရင်းအမြစ်တွေကို ထုတ်ပေးလိုက်တာဟာ လက်အောက်ခံတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို အသက်စွန့်ပြီး တိုက်ခိုက်ခိုင်းတာပဲ"
"တိမ်ပြိုဂိုဏ်းက ဒီကျောက်စိမ်းအိုးပြည်တွင်းစစ်ကို အနိုင်ရဖို့ သေချာပေါက် ရည်ရွယ်ထားထားတာပဲ"
"မဟုတ်ရင် တခြားဂိုဏ်းသုံးခုကို စည်းရုံးပြီး ရွှေအမြုတေ လျှို့ဝှက်နည်းတွေကို ထုတ်ပေးမှာ မဟုတ်ဘူး၊ အဲဒီ နည်းစနစ်တွေက ဂိုဏ်းကြီးတွေ စိတ်မဝင်စားတဲ့ အောက်လမ်းစဉ် နည်းစနစ်တွေ ဖြစ်နေရင်တောင်မှပေါ့"
ဤကဲ့သို့သော လှုံ့ဆော်မှုအသစ်ကြောင့် အခြေအနေများအားလုံးမှာ လုံးဝ ပြောင်းလဲသွားခဲ့ရပြီဖြစ်၏။ အခြေခံတည်အဆင့် ကျင့်ကြံသူများ၏ သေဆုံးမှုနှုန်းမှာ ယခင်က ထိန်းချုပ်နိုင်စွမ်း ရှိနေခဲ့သေးသော်လည်း ယခုအခါတွင်မူ ပြန်လည်၍ ပြုပြင်နိုင်စွမ်း မရှိတော့သည့် အသက်လုပွဲများအဖြစ် ကူးပြောင်းသွားတော့မည် ဖြစ်သည်။ ချီသန့်စင်နှောင်းပိုင်း ကျင့်ကြံသူများမှာမူ အခြေတည်ကျင့်ကြံသူများ၏ အမဲလိုက်သည့် ပစ်မှတ် ဖြစ်လာရန် ပိုမို လွယ်ကူသွားသည်။ ဂုဏ်ထူးဆောင် အမှတ် (၁၀၀၀၀) ဆိုသည်မှာ ချီသန့်စင်အဆင့် ကျင့်ကြံသူ (၁၀၀၀) ၏ အသက်မျှသာ ဖြစ်သည်။ အခြေတည်နှောင်းပိုင်းအဆင့် အကြီးအကဲ တစ်ယောက်သာ မျက်နှာမလိုက်ဘဲ ရက်စက်စွာ သတ်ဖြတ်မည်ဆိုပါက အချိန်တိုအတွင်း စုဆောင်းနိုင်ပေလိမ့်မည်။
ကံကောင်းစွာဖြင့် လော့ချန်မှာ ယခုအခါ ရေခဲခံတပ်၏ ဧည့်သည်တော် အကြီးအကဲ ဖြစ်နေပြီ ဖြစ်သည်။ လက်အောက်ရှိ လော့ထျန်းအဖွဲ့မှာလည်း နောက်ပိုင်း စစ်ပွဲများတွင် ပါဝင်ရန် လိုအပ်လိမ့်မည် မဟုတ်ပေ။ ခြောက်လကြာပြီးနောက် တိုက်ရိုက် ထွက်ခွာသွားရုံသာ ဖြစ်သည်။ မဟုတ်လျှင် လော့ထျန်းအဖွဲ့မှ လူဦးရေ (၁၀၀) သာ ရှိသည့် ကျင့်ကြံသူများမှာ ဤအခြေအနေမျိုးကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
စဉ်းစားတွေးတောပြီးနောက် လော့ချန် အကျိုးအပြစ်များကို လုံးလုံးလျားလျား ချိန်ဆနိုင်ခဲ့ပြီ ဖြစ်သည်။
ချက်ချင်းပင် သူ့စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။
"နောက်ပိုင်း လူတိုင်းရဲ့ အာရုံက စစ်မြေပြင်မှာပဲ ရှိနေလိမ့်မယ်"
"ဒီအခွင့်အရေးကို အသုံးချပြီး အစ်ကိုဝမ်ကို ရှာဖို့ နဝမတောင်တန်းကို သွားရင်ကော"
သူ အသံလွှင့်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ တွေးတောနေမိသည်။
ဝမ်ယွမ် စတင် ထွက်ခွာစဉ်က သူတို့ နှစ်ဦးကြား အကွာအဝေး မိုင် (၁၀၀၀) အတွင်း အပြန်အလှန် အသံလွှင့်နိုင်သည့် ကျောက်စိမ်းပြားကို ပေးထားခဲ့သည်။ နဝမတောင်တန်းမှာ အတိုင်းအတာ မကြီးမားလှသဖြင့် အချိန်အနည်းငယ် ပေးပြီး ဂရုတစိုက် ရှာဖွေမည်ဆိုလျှင် သူတို့ နှစ်ယောက် အဆက်အသွယ် ရနိုင်မည် ဖြစ်သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ