အခန်း ၅၂၉
Vol. 53 Ch. 529
အခန်း (၅၂၉) - ဖားပြုပ်ခြောက်တို့အဖွဲ့၏ အခြေအနေနှင့် စိတ်ဝမ်းကွဲခြင်း
ဤသဲကန္တာရထဲတွင် မိုးကြိုးတောင်တန်း တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း (၁၀၀၀) ရှိပြီ ဖြစ်သည်။ အခြား တောင်တန်း (၈) ခုမှာမူ သာမန် ချီသန့်စင်အဆင့် ကျင့်ကြံသူများ သွားလာနိုင်သည့် နေရာများ ဖြစ်သည်။
သို့သော် နဝမတောင်တန်းမှာမူ လုံးဝ မတူညီပေ။ ၎င်း၏ အတွင်းပိုင်းတွင် မိုးကြိုးစွမ်းအားများ စုစည်းနေပြီး တစ်ခါတစ်ရံ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လေ့ရှိကာ ပတ်ဝန်းကျင်မှာလည်း အလွန် ရှုပ်ထွေးလှသည်။ သာမန် အခြေတည်ကျင့်ကြံသူများပင် အတွင်းထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရန် မဝံ့ရဲကြပေ။
နှစ်စဉ် မိုးကြိုးအမြုတေကျောက်ကို ဆွတ်ခူးသည့်အခါတွင်လည်း ဓားဂိုဏ်းမှ ရွှေအမြုတေ စီရင်စုသခင်များ ကိုယ်တိုင် ဝင်ရောက်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ စစ်ပွဲ စတင်ပြီးနောက် အခြားတောင်တန်း (၈) ခုမှာ စစ်ပွဲ၏ ဗဟိုချက် ဖြစ်လာခဲ့သော်လည်း နဝမတောင်တန်းမှာမူ ဂိုဏ်းနှစ်ခုလုံး၏ ပစ်မှတ် မဟုတ်ခဲ့ပေ။
ယနေ့တွင်....။
အရိပ်တစ်ခုမှာ ဝေးကွာလှသည့် သဲမုန်တိုင်းများကြားမှ ပျံသန်းလာသည်။
တောင်ခြေသို့ ရောက်သော် ထိုအရိပ်မှာ ရပ်တန့်သွားသည်။
လော့ချန် နောက်သို့ လှည့်ကြည့်လိုက်ရာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ မှန်ပေသည်။ သူ တွေးထားသည့်အတိုင်းပင်။ ယခုအခါ လူတိုင်း၏ အာရုံမှာ စစ်ပွဲနှင့် ဂုဏ်ထူးဆောင် အမှတ် ရရှိရေးတွင်သာ ရှိနေသည်။ စစ်မြေပြင် မဟုတ်သည့် နဝမတောင်တန်းကိုမူ အာရုံစိုက်သူ နည်းပါးလှသည်။
"အခုလုပ်ရမှာက ဒီတောင်တန်းထဲကို ဝင်ပြီး အစ်ကိုဝမ်ကို လိုက်ရှာဖို့ပဲ"
"ငါရထားတဲ့သတင်းတွေအရဆို အစ်ကိုကြီး နောက်ဆုံး ပေါ်လာခဲ့တဲ့ အချိန်က လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကဆိုတော့ နဝမတောင်တန်းနဲ့ သတ္တမတောင်တန်းကြားမှာ တောင်ထဲကနေ ထွက်လာဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်"
"ဒါပေမဲ့ နောက်ဆုံးမှာတော့ အကြောင်းတစ်ခုခုကြောင့် သူ နဝမတောင်တန်း အတွင်းပိုင်းကို ပြန်သွားခဲ့တယ်"
လော့ချန် တီးတိုးရေရွတ်နေရင်း ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ အထဲသို့ စိတ်အာရုံဖြင့် အသံလွှင့်လိုက်သော်လည်း တုံ့ပြန်မှု မရှိဘဲ ရေထဲသို့ ကျောက်ခဲ ပစ်လိုက်သကဲ့သို့ပင် ဖြစ်နေသည်။
"အကွာအဝေး အတွင်းမှာ မရှိသေးတာလား"
လော့ချန် နှုတ်ခမ်းကို စေ့လိုက်ပြီး စွမ်းအားကို လျှော့ချကာ တောင်ထဲသို့ လျှို့ဝှက်စွာ ဝင်ရောက်သွားသည်။
....
တောင်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လေလေ နဝမတောင်တန်း၏ ပတ်ဝန်းကျင်မှာ အခြား တောင်တန်း (၈) ခုနှင့် သိသိသာသာ ကွဲပြားလာလေလေ ဖြစ်သည်။ သစ်ပင်ပန်းမန်များ ပေါက်ရောက်နေပြီး ဒုတိယအဆင့် မိုးကြိုးထိထားသည့် သစ်ပင်များမှာ နေရာတိုင်းတွင် ရှိနေသည်။ တောင်တန်း၏ အပေါ်ယံတွင်ပင် တန်ဖိုးကြီးမားသည့် မိုးကြိုးအမျိုးအစား သတ္တုရိုင်းများ ရှိနေသည်။
ထူထပ်သည့် တောအုပ်တစ်ခုတွင်....။
လူသုံးယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး မျက်နှာထားများမှာ မည်းမှောင်နေသည်။
တစ်ယောက်နှင့် တစ်ယောက် စကားပြောဆိုရာတွင်လည်း ငြင်းခုံမှုများ ဖြစ်ပွားနေသည်။
"ဖားပြုပ်ခြောက် ငါတို့ မင်းအတွက် ဒီလောက်အထိ လုပ်ပေးခဲ့တာ တော်လောက်ပြီ…. အခုတော့ ရပ်လိုက်ကြရအောင်"
အခြေတည်အလယ်ပိုင်း ကျင့်ကြံသူ တစ်ယောက်ကရင်ထဲမှ ဒေါသများကို အတင်းအကျပ် ထိန်းချုပ်ထားရသည့်အလား လေးလံလှသော လေသံဖြင့် ပြောလိုက်သည်။
သူ၏ အနားတွင် ရှိနေခဲ့သည့် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အခြား အမျိုးသားတစ်ယောက်မှာလည်း ကြောက်လန့်နေသည့် အမူအရာဖြင့် ရှိနေသည်။ သူ အလျင်အမြန်ပင် ခေါင်းညိတ်လိုက်တော့၏။
"မင်းနဲ့ သူ့ကြားမှာ ဘယ်လိုမျိုး နက်နက်ရှိုင်းရှိုင်း ရန်ငြိုးတွေ ရှိနေတာလဲ၊ ဒီလို အစွမ်းထက်သူမျိုးက ငါတို့၊ အစ်ကိုချူတို့နဲ့ မဆိုင်တဲ့သူမျိုးပဲ"
သူ၏ အပြောကို ခံရသည့် အစ်ကိုချူမှာ အစောပိုင်းက ရပ်တန့်ရန် အဆိုပြုခဲ့သည့် အလယ်ပိုင်း အဆင့် ကျင့်ကြံသူပင် ဖြစ်သည်။ ထိုသူက ခါးသီးစွာဖြင့် ပြောလိုက်သည်။
"ငါတို့ ငါးယောက်တည်းနဲ့ ဒီနဝမတောင်တန်းထဲကို အမဲလိုက် ဝင်လာခဲ့တာ၊ နောက်ပိုင်းကျတော့ မင်းက အခြေတည်အစောပိုင်းအဆင့် သုံးယောက်ကိုပါ အကူအညီ ခေါ်ခဲ့တယ်၊ ဒါပေမဲ့ လအနည်းငယ်အတွင်းမှာပဲ အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီး သူကပဲ ငါတို့ကို လိုက်အမဲလိုက်လာတာ၊ အခုတော့ စွမ်းအား အမြင့်ဆုံးဖြစ်တဲ့ ငါတို့ သုံးယောက်ပဲ ကျန်တော့တယ်"
ဤစကားကို ကြားလိုက်ရသည့်အခါ အစိမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူမှာ တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ်ရာ ကိစ္စတစ်ခုကို ပြန်သတိရသွားသကဲ့သို့ပင် ဖြစ်သည်။ နှစ်ယောက်စလုံးမှာ မသိစိတ်ဖြင့် ဖားပြုပ်ခြောက်ကို ကြည့်နေကြပြီး သူ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြသည်။
စတုရန်းပုံ မျက်နှာ၊ မျက်ခုံးထူထူ၊ ခရမ်းရောင် တာအို ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက်ကြီးကြီးလူကြီးမှာမူ ဖားနှင့်တူသည့် အနာစိမ်းများကြောင့် ကြည့်ရဆိုးလှသည်။
ဤသူမှာ မီးလျှံမဟာမိတ်မှ အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖားပြုပ်ခြောက် ဖြစ်သည်။ သူတိတ်ဆိတ်နေသဖြင့် ကျန်နှစ်ယောက်မှာ ထွက်ခွာရန် မဝံ့မရဲဖြစ်နေကြသည်။ အဆုံးသတ်တွင်မူ သူတို့သည် ဖားပြုပ်ခြောက်ထံမှ ရက်ရောလှသော ဆုလာဘ်များကို လက်ခံရရှိထားခဲ့ကြသဖြင့် သူ၏ အမိန့်ပေးမှုများအောက်မှ ရုန်းထွက်နိုင်စွမ်း ရှိမနေခဲ့ချေ။
ဖားပြုပ်ခြောက်က သူတို့အား အေးစက်စွာ ကြည့်လိုက်သည်။
"မင်းတို့ လုပ်ချင်စိတ် မရှိကြတော့ဘူးလား"
အခြေတည် အလယ်ပိုင်း ကျင့်ကြံသူ နှစ်ယောက်က အမြန် ခေါင်းညိတ်လိုက်ကြသည်။
"ထွက်သွားတာ ပိုကောင်းမယ်"
"အပြင်ဘက်မှာ စစ်ပွဲတွေက ပြင်းထန်နေတာ၊ အဲဒီနေရာကမှ ငါတို့ရဲ့ အရည်အချင်းကို ပြသနိုင်တဲ့ နေရာ၊ ဒီနေရာမှာ ပိတ်လှောင်ပြီး ဝမ်ယွမ်လက်ချက်နဲ့ သေရမှာထက်စာရင် ပိုကောင်းတယ်"
ချူ ဟု ခေါ်သည့် ကျင့်ကြံသူက မတွန့်ဆုတ်ဘဲ ပြောလိုက်သည်။ သူ ခဏ ရပ်လိုက်ပြီး တစ်ဖက်လူကို နှစ်သိမ့်ရန် ကြိုးစားရင်း ဆက်ပြောသည်။
"ငါတို့ ဝမ်ယွမ်ကို အထင်သေးခဲ့မိတာ၊ အဆင့်က အခြေတည်အဆင့် ၂ ပဲရှိပေမဲ့ သူ့ရဲ့ စွမ်းရည်က ကျင့်ကြံခြင်းအဆင့်နဲ့ မဆိုင်ဘူး"
ဖားပြုပ်ခြောက် ခေါင်းညိတ်လိုက်ပြီး သူ၏ အိုမင်းသော အသံဖြင့် နှစ်ယောက်စလုံး ကြားလိုက်ရလျှင် စိတ်သက်သာရာ ရမည့် စကားကို ပြောလိုက်သည်။
"တကယ်ပါပဲ၊ ငါတို့ သူ့ကို အထင်သေးခဲ့မိတာ"
"သူက ငါတို့နဲ့ မတူဘူး၊ ဒီလို စွမ်းအားတွေ ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ သူရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် ငါးက ရေထဲမှာ ကူးခတ်သလိုပဲ"
"ငါ အခြေတည်အဆင့် (၇) ဖြစ်နေပေမဲ့၊ သူ့ကို တိုက်ခိုက်တဲ့အခါ ဂရုစိုက်နေရတယ်"
နဝမတောင်တန်းမှာ မိုးကြိုးမုန်တိုင်းများကို မထည့်တွက်လျှင် ပတ်ဝန်းကျင်မှာ အပြင်ဘက်ထက် ကောင်းမွန်သည်။ သို့သော် ကောင်းမွန်သည်မှာလည်း ကန့်သတ်ချက် ရှိသည်။ ဤနေရာတွင် စွမ်းအားများ ပြည့်ဝသော်လည်း အလွန် ကြမ်းတမ်းလှသည်။ သာမန် အခြေတည် ကျင့်ကြံသူများမှာ ဤနေရာတွင် စွမ်းအားကို ပြန်လည် မဖြည့်တင်းနိုင်ဘဲ ဆေးလုံးများကိုသာ မှီခိုနေရသည်။ သို့သော် လအနည်းငယ် ကြာပြီးနောက် သူတို့ လက်ထဲတွင်လည်း ဆေးလုံးများ မကျန်ရှိတော့ပေ။
သို့သော် ဝမ်ယွမ်မှာမူ လုံးဝ မတူညီပေ။ သူ၏ စွမ်းရည်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ခန္ဓာကိုယ် ကျင့်ကြံသူများမှာ ကြာရှည် တိုက်ခိုက်ရန် မသင့်တော်ပေ။ သို့သော် ထိုလူမှာမူ သွေးစွမ်းအားများမှာ အံ့ဩစရာ ကောင်းလောက်အောင် သန်မာနေပြီး လအနည်းငယ် ကြာသော်လည်း အားနည်းသွားခြင်း မရှိဘဲ ပိုမို သန်မာလာနေသည်။ ဆက်တိုက် အမဲလိုက်ခြင်းကြောင့် ဖားပြုပ်ခြောက်တို့ အဖွဲ့မှာ လူလျော့နည်းလာသည်။ အမဲလိုက်ခြင်းမှ ပြန်လည် အမဲလိုက်ခံရခြင်း ဖြစ်လာသည်။
ယခင်က (၈) ယောက်က (၁) ယောက်ကို ဝိုင်းထားခြင်း ဖြစ်သော်လည်း၊ ယခုမူ (၃) ယောက်က (၁) ယောက်ကို ဝိုင်းထားခြင်း ဖြစ်နေလေပြီ။ ထို့အပြင် မည်သူမှ အနိုင်ရမည်ဟု ယုံကြည်ချက် မရှိကြတော့ပေ။
ချူဟု ခေါ်သည့် ကျင့်ကြံသူက ဝမ်းသာစွာဖြင့် ဆိုသည်။
"ဒါဆိုရင်...."
ဖားပြုပ်ခြောက် နှုတ်ခမ်းကို တွန့်လိုက်သည်။
"မင်းတို့ ထွက်သွားချင်ရင် သွားနိုင်ပါတယ်၊ ငါ မတားပါဘူး"
ကျင့်ကြံသူချူနှင့် အစိမ်းရောင်ဝတ်ရုံနှင့်သူမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ဝမ်းသာသွားသည်။ ထို့နောက် သူတို့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် တုံ့ဆိုင်းသွားသည်။
"မင်း ငါတို့နဲ့ မလိုက်လာဘူးလား"
ဖားပြုပ်ခြောက် ခေါင်းခါလိုက်သည်။
"မသွားဘူး၊ ငါ သူ့ကို သတ်ပြီး လက်စားချေရမယ်"
ဤသို့ ပြောပြီးနောက် သူ နှစ်ဦးစလုံးကို မျက်တောင် မခတ်ဘဲ ကြည့်နေသည်။
"မင်းတို့ နှစ်ယောက်တည်း ထွက်မသွားရဲကြဘူး မဟုတ်လား"
ချူက တံတွေး မြိုချလိုက်ပြီး မျက်ဝန်းထဲတွင် ကြောက်လန့်မှုများ ရှိနေသည်။ အကယ်၍ သူတို့ သုံးယောက် ပူးပေါင်း၍ ထွက်သွားလျှင် ဝမ်ယွမ် သူတို့အား ဘာမှ မလုပ်နိုင်ပေ။ သို့သော် နှစ်ဦးတည်း ထွက်သွားလျှင် အနိုင်ယူခြင်းကို ခံရလိမ့်မည်။
အစိမ်းရောင် ဝတ်ရုံနှင့်သူက အံကိုကြိတ်ကာ ပြောသည်။
"ငါတော့ မနေတော့ဘူး၊ အစ်ကိုချူ မင်းနဲ့ ငါ တွဲသွားမယ်၊ သူ ဘယ်လောက်ပဲ သန်မာပါစေ ငါတို့ကို တိုက်ရိုက် မရင်ဆိုင်ရဲဘူး"
ချူလည်း စဉ်းစားပြီးနောက် နောက်ထပ် အချိန်မဆွဲရန် ဆုံးဖြတ်လိုက်သည်။ ဖားပြုပ်ခြောက်အား တောင်းပန်စကား ဆိုပြီးနောက် နှစ်ယောက်စလုံး သတိထား၍ လက်နက်များကို စီးနင်းကာ တောင်ခြေသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။
သူတို့၏ နောက်တွင် ဖားပြုပ်ခြောက်၏ အကြည့်မှာ အေးစက်နေပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"မိုက်မဲလိုက်တဲ့ ကောင်တွေ"
စကားဆုံးသည်နှင့် သူ၏ စိတ်ထဲတွင် တစ်ခုခု လှုပ်ရှားသွားပြီး အကွာအဝေး တစ်နေရာသို့ ကြည့်လိုက်သည်။
"လာပြီပဲ၊ ငါ မင်းကို မလွှတ်သလို မင်းလည်း ငါ့ကို မလွှတ်ချင်ဘူးပေါ့"
"ဒါဆိုရင်လည်း အဆုံးထိ တိုက်ကြတာပေါ့"
သူ ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး နဝမတောင်တန်း အတွင်းပိုင်းသို့ ပျံသန်းသွားသည်။
သူ ထွက်သွားသည့် ခဏမှာပင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"အစ်ကိုချူ မင်း ဘယ်လိုလုပ်ပြီး...."
"ညီလေး ငါ အရင်သွားပြီ၊ ဒီနေ့ မင်း ငါ့အတွက် နောက်ကနေ ကာပေးထား၊ ငါ မင်းရဲ့ မိသားစုကို စောင့်ရှောက်ပေးမယ်"
တောအုပ်တစ်ခုထဲတွင်....။
အစိမ်းရောင် ဝတ်ရုံနှင့် ကျင့်ကြံသူ၏ တစ်ကိုယ်လုံးတွင် လက်ညှိုးအရွယ်အစားလောက် ရှိသည့် အာရုံခံပေါက်များ ပွင့်နေပြီး အရှေ့မှ ကြည့်လျှင် နောက်ကျောဘက်မှ အလင်းရောင်ပင် ဖောက်မြင်နေရသည်။
သူ၏ ရှေ့၌မူ လျှော်တေဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည့် အမျိုးသားတစ်ဦး မတ်တတ်ရပ်နေခဲ့ပေသည်။ သူ၏ ရှည်လျားလှသော ဆံပင်နက်ကြီးများမှာမူ ပတ်ဝန်းကျင်၌ မည်သည့် လေပြေညင်းမျှ တိုက်ခတ်နေခဲ့ခြင်း မရှိပါသော်လည်း လေထဲ၌ လွင့်မျောနေခဲ့ကြသကဲ့သို့ ရှိနေခဲ့၏။ သူ၏ ဆံနွယ်များအောက်က မျက်ဝန်းများမှာမူ နက်မှောင်ပြီး ထက်မြက်နေခဲ့ကြရုံမျှမကဘဲ ပြတ်သားလှသော သတ်ဖြတ်လိုစိတ် အရှိန်အဝါများဖြင့် ပြည့်နှက်လို့ နေခဲ့ပေသည်။
သူသည် အကွာအဝေး (၁၀၀) ကျော်ထိ ရောက်နေသည့် ချူကို ကြည့်ပြီး လက်ညှိုးကို ဓားကဲ့သို့ ပုံဖော်လိုက်သည်။
အဆုံးမဲ့ သွေးစွမ်းအားများ ချက်ချင်းပင် ပေါင်းစပ်သွားကာ စွမ်းအားတစ်ခုအဖြစ်သို့ စုစည်းသွားခဲ့ရတော့သည်။ ချက်ချင်းပင် နီရဲလှသော စွမ်းအင်အလင်းတန်းတစ်ခုက သစ်တောကြီးကို ဖြတ်သန်း၍ ပေါက်ကွဲထွက်ပေါ်သွားခဲ့သည်။
ရူးသွပ်စွာ ထွက်ပြေးနေသည့် ချူမှာ ကြိုတင် ပြင်ဆင်ထားသည့်အတိုင်း လက်ကွက်တစ်ခုဖော်လိုက်ပြီး သူ၏ အကောင်းဆုံး ခံစစ် လက်နက်ကို အမြင့်ဆုံး အထိ တိုးမြှင့်လိုက်သည်။
ဝုန်းးး....
ထိုသွေးရောင် စွမ်းအားမှာ ခံစစ်အလင်းတန်းကို ဖောက်ထွက်သွားပြီး ခံစစ် လက်နက်ကိုလည်း ဖောက်ထွက်ကာ ချူ၏ နောက်ကျောသို့ ထိမှန်သွားသည်။ ထုံကျဉ်သည့် ခံစားမှုမှာ ခဏတာပင် ဖြစ်သည်။ ခြင်ကိုက်လိုက်သကဲ့သို့ပင် မပြောပလောက်အောင် ဖြစ်သည်။
ချူ ဝမ်းသာသွားသည်။ မှန်ပေသည်။ အကွာအဝေးတစ်ခု ကျော်သွားလျှင် ခန္ဓာကိုယ် ကျင့်ကြံသူ၏ နည်းလမ်းမှာ အသုံးမဝင်တော့ပေ။ ယခင် ထိုသူ၏ သွေးရောင်လက်ညှိုး စွမ်းအားမှာ မည်သည့် ခံစစ် လက်နက်မျှ မတားနိုင်ခဲ့ပေ။ လူကို ထိမှန်လျှင်လည်း ချက်ချင်း ပေါက်ကွဲသွားသဖြင့် အခြေတည်နှောင်းပိုင်းအောက် ကျင့်ကြံသူများ မတားနိုင်ခဲ့ပေ။
သို့သော် ယခုမူ သူ တားနိုင်ခဲ့လေပြီ။
"တောင်းပန်ပါတယ် အစ်ကိုလင်း"
"မင်း သေသွားတာက ငါ သေသွားတာထက်စာရင် ပိုပြီးတော့ ကောင်းပါတယ်၊ ငါ အရင်ဆုံး သွားနှင့်ပြီနော်"
ပျံသန်းမှုမှာ ထပ်မံ မြန်ဆန်သွားပြီး ခဏအကြာတွင် ပျောက်ကွယ်သွားသည်။
ဝမ်ယွမ် လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ထွက်ပြေးသွားခဲ့သည့် အလင်းတန်း၏ လမ်းကြောင်းဆီသို့ အေးစက်လှသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့မိတော့သည်။ သူသည် အစိမ်းရောင် ဝတ်ရုံနှင့်သူ၏ သိုလှောင်အိတ်ကို ယူလိုက်ပြီး သူ၏ ခံစားချက်အတိုင်း တစ်နေရာသို့ ကြည့်လိုက်သည်။
"ဖားပြုတ်ခြောက်အိုကြီး၊ သိပ်မြန်တာပဲ"
"ဒါပေမဲ့ မင်းကို မသတ်ရရင် ငါ့စိတ်ထဲမှာ အေးချမ်းမှာ မဟုတ်ဘူး"
မျက်လုံးထဲတွင် အငြိုးများဖြင့် ဝမ်ယွမ် တစ်လှမ်းချင်း ရှေ့သို့လှမ်းလိုက်သည်။ ခြေလှမ်းတစ်လှမ်းချင်းစီမှာ ပေငါးဆယ်ခန့် ကွာဝေးလှသည်။
တဖြည်းဖြည်းနှင့် သူ၏ ပုံရိပ်မှာ နဝမတောင်တန်းအတွင်းပိုင်း၌ ပျောက်ကွယ်သွားတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ