အခန်း ၅၃၀
Vol. 53 Ch. 530
အခန်း (၅၃၀) - သွေးမိစ္ဆာအစစ်နှင့် လော့ချန်တို့၏ တိုက်ပွဲ
တောအုပ်အတွင်း၌ ရုပ်သွင်တစ်ခုသည် မြေပြင်ပေါ်မှ လေပေါ်သို့ ပျံသန်းလျက် ဖြည်းဖြည်းနှင့်မှန်မှန် ရွေ့လျားနေသည်။ သူ၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားပြီး ဦးတည်ရာကို အခါအားလျော်စွာ စစ်ဆေးနေသည်။
လော့ချန်တစ်ယောက် နဝမတောင်တန်း၏ ပတ်ဝန်းကျင်မှာ အလွန်ပင် ရှုပ်ထွေးလွန်းကြောင်း တွေ့ရှိလိုက်ရသည်။ အပေါ်ယံ ကြည့်လိုက်လျှင် သဘာဝပတ်ဝန်းကျင်မှာ အလွန်သာယာလှသော်လည်း တိရစ္ဆာန်ရိုင်းများနှင့် နတ်မိစ္ဆာများမှာမူ ရှားပါးလှသည်။ ဤသည်မှာ မကြာခဏ ပေါ်ပေါက်နေသည့် မိုးကြိုးမုန်တိုင်းများနှင့် သက်ဆိုင်နေလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
တောင်ထဲသို့ ဝင်ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း မိုးကြိုးမုန်တိုင်းနှင့် နှစ်ကြိမ်တောင် တွေ့ဆုံခဲ့ရပြီ ဖြစ်သည်။ ၎င်းတို့မှာ မိုးကြိုးမုန်တိုင်းငယ်များသာ ဖြစ်သော်လည်း၊ အခြေတည်အဆင့် ကျင့်ကြံသူများအတွက်မူ ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ခုပင် ဖြစ်ပေသည်။ လော့ချန်အနေဖြင့် မိမိ၏ ခန္ဓာကိုယ်မှာ အလွန်သန်မာသည်ဟု ယုံကြည်ထားသော်လည်း ထိုကဲ့သို့သော သဘာဝ လျှပ်စီးကြောင်းများကိုမူ စမ်းသပ်ရန် စိတ်မကူးမိပေ။
ဤသည်မှာ အနည်းအကျဉ်းသာ ဖြစ်လျှင် ကိစ္စမရှိပေ။ သို့သော် သူသတိပြုမိသည်မှာ နဝမတောင်တန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏ ဝိညာဉ်အာရုံမှာ အကြီးအကျယ် ဖိနှိပ်ခံလိုက်ရခြင်း ဖြစ်သည်။ သူ၏ အခြေခံအုတ်မြစ်မှာ အလွန် နက်ရှိုင်းလှသဖြင့် အပြင်သို့ ဖြန့်ကျက်လိုက်ပါက (၁၀) မိုင်ကျော်အထိ ရောက်ရှိနိုင်သည်။ သို့သော် ဤနေရာ၌မူ (၇) မိုင်၊ (၈) မိုင်ခန့်သာ ရောက်ရှိတော့သည်။ တစ်ဝက်ကျော်ပင် လျော့ကျသွားခဲ့သည်။ ထို့အတူ အသံလွှင့် ကျောက်စိမ်းပြား၏ အကွာအဝေးမှာလည်း မူလက မိုင် (၁၀၀၀) ကျော်အထိ ရနိုင်သော်လည်း၊ ယခုအခါမိုင် (၃၀၀) သို့မဟုတ် (၄၀၀) ခန့်သာ ကျန်ရှိတော့သည်။ ထိုသို့ ဖြစ်ပျက်နေခြင်းကြောင့် ဤတောင်တန်းအတွင်းသို့ ဝင်ရောက်လာသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ဝမ်ယွမ်ကို မရှာဖွေနိုင်သေးပေ။
သို့သော်လည်း အကျိုးအမြတ် လုံးဝ မရှိသည်တော့ မဟုတ်ပေ။
သူသည် သန့်စင်ခြင်းမှော်အတတ်ကို ကျွမ်းကျင်သဖြင့် ထူးခြားသည့် အရှိန်အဝါများကို ဖယ်ရှားနိုင်သလို နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့ရာ အရှိန်အဝါ အမျိုးမျိုးကိုလည်း အလွန်ပင် ခံစားမိနိုင်သည်။ သွေးစက်များ စွန်းထင်းနေသည့် နေရာ အချို့တွင် ဝမ်ယွမ်၏ ကျန်ရစ်ခဲ့သည့် အရှိန်အဝါကို သူ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသဲလွန်စများအတိုင်း ဆက်တိုက်ဆိုသကဲ့သို့ လိုက်လံစုံစမ်းနေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် တစ်တောင်လုံး တစ်ပတ်လည်ပြီးနောက် တောင်တန်းကို ပတ်၍ သွားနေသကဲ့သို့ ဖြစ်နေသည်ကို သူ သတိပြုမိလိုက်သည်။
သူ၏ အားထုတ်မှုများမှာ အလဟဿ ဖြစ်နေခဲ့ရသည်။
“ထူးဆန်းတဲ့ ရွေ့လျားမှု လမ်းကြောင်းပဲ”
“အစ်ကိုဝမ်က လိုက်အသတ်ခံနေရတာ မဟုတ်ဘူးလား၊ ဘာလို့ သူက နဝမတောင်တန်းအစွန်းပိုင်းမှာပဲ ပတ်ပြေးနေရတာလဲ"
အမှန်စင်စစ် လော့ချန်သည် တောင်စွန်းပိုင်းတွင်သာ လှုပ်ရှားနေခြင်း မဟုတ်ပေ။ အချို့အချိန်များတွင် တောင်တန်းအတွင်းပိုင်းထိ ဝင်ရောက်ခဲ့ဖူးသည်။ သို့သော် ဝမ်ယွမ်၏ အရှိန်အဝါမှာ ရုတ်တရက် အပြင်ဘက်သို့ ရောက်သွားပြန်သည်။
“ထူးချွန်တဲ့ အမဲလိုက်သူတစ်ယောက်က အမဲကောင်ပုံစံနဲ့ ပေါ်လာတတ်တယ်၊ အခု အခြေအနေကို ကြည့်ရတာ အခြေအနေ ပြောင်းပြန်ဖြစ်သွားပြီး အစ်ကိုဝမ်က သူ့ကို လိုက်သတ်နေတဲ့ ရန်သူတွေကို ပြန်ပြီး အမဲလိုက်နေတာ ဖြစ်မယ်"
လော့ချန် ကြီးမားသည့် တွင်းကြီးတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။ ထိုမြေပြင်ပေါ်၌ လက်ချောင်းအရွယ်အစားလောက်ရှိသည့် အာရုံခံပေါက်ကလေးများကို သူ တွေ့လိုက်ရသည်။
“သွေးဘေးဒုက္ခလက်ညှိုး”
ဝမ်ယွမ်တစ်ယောက် အသွင်ပြောင်းစွမ်းအားကို နားလည်ပြီးနောက် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များကို အဓိကထားကာ ပညာရပ်များစွာကို ပေါင်းစပ်ပြီး ဖန်တီးထားသည့် သတ်ကွက် ဖြစ်သည်။ လော့ချန် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ထိုအာရုံခံပေါက်များကို စမ်းသပ်ကြည့်ရာ ဝမ်ယွမ်၏ အရှိန်အဝါကို ခံစားလိုက်မိသည်။
ရက်ပေါင်းများစွာ ကြာမြင့်သော်လည်း အရှိန်အဝါမှာ ပျောက်ကွယ်မသွားသေးပေ။
ဝမ်ယွမ်၏ ယခုအခြေအနေမှာ အလွန်ပင် ကောင်းမွန်နေကြောင်း သိသာလှသည်။
“ငါပေးလိုက်တဲ့ သွေးမိစ္ဆာဆေးလုံးတွေနဲ့ ဆိုင်လိမ့်မယ်"
သွေးမိစ္ဆာဆေးလုံးမှာ သွေးကြောများကို ဖွင့်ပေးရုံအတွက်သာ မဟုတ်ပေ။ ၎င်းမှာ ခန္ဓာကိုယ် ကျင့်ကြံသူများ အဓိက အသုံးပြုသည့် ဆေးလုံးဖြစ်ပြီး အလွန် ပြင်းထန်သည့် သွေးစွမ်းအားများ ပါဝင်နေသည်။ လော့ချန် ကိုယ်တိုင် ဖော်စပ်ထားသည့် ထိုဆေးလုံး တစ်လုံးစီမှာ ချီသန့်စင် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်၏ သွေးစွမ်းအား စုစုပေါင်းနှင့် ညီမျှသည်။
ယခင်က ဝမ်ယွမ်သည် သွေးမိစ္ဆာဆေးလုံးဖြင့် အခြေတည်အဆင့်တက်လှမ်းရန် ကြိုးစားခဲ့ဖူးသည်။ ထိုစဉ်က သူ မှီခိုလိုခဲ့သည်မှာ ဆေးလုံးတွင် ဖော်ပြထားသည့် ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားပင် ဖြစ်သည်။
ဝမ်ယွမ်၏ အခြေအနေကို လော့ချန် ကျေနပ်နေစဉ် နက်ရှိုင်းသည့် သံသယတစ်ခု သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
“ငါလိုက်ရှာဖွေခဲ့သလောက် အစ်ကိုဝမ်ရဲ့ ဒီလကုန်ပိုင်း လှုပ်ရှားမှုတွေက နဝမတောင်တန်းထဲမှာပဲ ရှိတယ်"
“ဒါဆိုရင် အပြင်မှာ ပျံ့နှံ့နေတဲ့ သွေးမိစ္ဆာက သူ မဖြစ်နိုင်ဘူး"
“ဒါဆိုရင် အဲဒီလူက ဘယ်သူလဲ”
သူ သံသယ ဖြစ်နေစဉ်မှာပင် လေးလံသည့် ခြေသံများကို ရှေ့ဘက်မှ ကြားလိုက်ရသည်။
လော့ချန် မျက်မှောင်ကြုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
သူ၏ အမြင်အာရုံထဲတွင် ကျင့်ကြံသူတစ်ယောက် ယိုင်နဲ့နဲ့နှင့် တုံ့ဆိုင်းစွာ လျှောက်လာနေသည်။
ခြေတစ်လှမ်းချင်းစီမှာ ယိုင်နဲ့နေပြီး တစ်ခါတစ်ရံ လဲကျလုနီးပါး ဖြစ်နေသည်။
ဤအခြေအနေဖြင့် သူ၏ အမြင်အာရုံထဲတွင် မည်သည့် ဒဏ်ရာမျိုးမျှ ရရှိထားခြင်း မရှိသည့် လော့ချန်ကို မြင်လျှင် ထွက်ပြေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် ရှေ့၌ ရှိနေခဲ့သည့် လူမှာ ရန်သူလား မိတ်ဆွေလား ဆိုသည်ကို တပ်အပ်မပြောနိုင်ခြင်းကြောင့် ဖြစ်၏။ မိတ်ဆွေ ဖြစ်နေလျှင်ပင် သတိထားရန် လိုအပ်သည်။
သို့သော် ထိုသူသည် လော့ချန်ကို မြင်သောအခါ နောက်ဆုတ်သွားခဲ့ခြင်း မရှိသည့်အပြင် သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။
သူ လက်ကို ဆန့်တန်းကာ အာလေးလျှာလေးဖြင့် အော်ဟစ်လိုက်တော့၏။
“မိတ်ဆွေ.... ကယ်.... ကယ်ပါဦး”
လော့ချန် တည်ငြိမ်စွာဖြင့် သူ့အား စိုက်ကြည့်လိုက်မိရင်း
“ငါ ကယ်နိုင်ပါတယ်၊ ဒါပေမဲ့ မင်း ငါ့ရဲ့ မေးခွန်း အချို့ကို ဖြေပေးဖို့ လိုတယ်"
“ရပါတယ်၊ ဘာမဆို ရပါတယ်၊ ငါ မင်းကို ငါ့ဆီမှာ ရှိသမျှ အကုန်ပေးမယ်၊ ကယ်ပါ၊ မြန်မြန် ကယ်ပါဦး"
ထို စကားလုံးများက သူ၏ ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးသော စွမ်းအင်များကိုပါ ကုန်ဆုံးစေခဲ့ရသည့်အလား သူသည် မြေပြင်ထက်သို့ လဲပြိုသွားခဲ့ရတော့၏။
လော့ချန် သူ့ရှေ့သို့ သွား၍ အပေါ်စီးမှ ကြည့်လိုက်သည်။
“မင်းက ဝမ်ယွမ်ကို လိုက်သတ်နေတဲ့သူလား”
“အင်း"
“ဘယ်သူက ခေါင်းဆောင်လဲ”
“ဖားပြုပ်ခြောက်"
“ဖားပြုပ်ခြောက် ဆိုတာ ဘယ်သူလဲ”
“ငါ မသိဘူး၊ ငါက မီးလျှံမဟာမိတ်က ကျင့်ကြံသူ မဟုတ်ဘူး၊ ဓားဂိုဏ်းရဲ့ လက်အောက်ခံပဲ"
လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် နောက်တစ်ဖန် မေးလိုက်သည်။
“မင်း ခန္ဓာကိုယ်က ဒဏ်ရာက....”
“ဝမ်ယွမ်ကြောင့်၊ အဲဒီ နတ်ဆိုးကြောင့်”
ကျင့်ကြံသူချူက မောဟိုက်လှသော လေသံဖြင့် ပြန်ဖြေလိုက်သည်။ ထိုစကားကို ပြောပြီးသည်နှင့် သူ မြေပြင်ပေါ်တွင် လူးလိမ့်နေရတော့သည်။ သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းမှ ရေလှိုင်းကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည့်အလား ဆန်းကြယ်လှသော အသံကြီးများ ထွက်ပေါ်လာခဲ့ရတော့၏။
“ဝမ်ယွမ် ဘယ်မှာလဲ”
လော့ချန် လေသံမာမာဖြင့် မေးမြန်းလိုက်တော့သည်။
“ကယ်ပါဦး၊ မြန်မြန် ကယ်ပါဦး....”
ထိုအမျိုးသားက ပြင်းထန်လှသော ဝေဒနာများနှင့်အတူ အော်ဟစ်လိုက်တော့၏။
လော့ချန် မျက်မှောင်ကြုတ်လိုက်ပြီး ကုသခြင်းမှော်အတတ်ကို ထုတ်လွှတ်လိုက်သည်။
အစိမ်းရောင် အလင်းတန်းမှာ ကျင့်ကြံသူချူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သို့သော် ထိုအလင်းတန်း ထိမှန်လိုက်သည်နှင့် ကြောက်မက်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“အား”
လော့ချန်၏ မျက်ဝန်းများ ကျုံ့ဝင်သွားပြီး အနောက်သို့ လျင်မြန်စွာ ပျံသန်း ရှောင်တိမ်းလိုက်သည်။ သူ၏ အမြင်အာရုံအတွင်း၌မူ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ပူဖောင်းတစ်ခုကဲ့သို့ ပြင်းထန်စွာဖြင့် ဖောင်းကားလာခဲ့ပြီး သူ၏ အရေပြားများမှာလည်း ပေါက်ကွဲထွက်လုနီးပါး ဖြစ်လာသည်။
နောက်တစ်ခဏတွင်....။
ဝုန်းးး....
စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ယခင်က သေးငယ်ပြီး မထင်မရှားလှသော စွမ်းအားမှ အလွန် ပြင်းထန်သည့် စွမ်းအားသို့ ပြောင်းလဲသွားသည်။ ကျောက်တုံးများမှာ ပြာမှုန့် ဖြစ်သွားပြီး၊ သစ်ပင်များမှာလည်း ပြာ ဖြစ်သွားသည်။ တစ်လံပတ်လည်အတွင်းတွင် သွေးမိုးများသာ ရွာကျနေသည်။ သွေးများသာ ရှိပြီး အသားစ၊ အရိုးစ မရှိပေ။ ဤကျင့်ကြံသူမှာ ရေအိတ်ကြီးတစ်ခု ဖြစ်နေသကဲ့သို့ အတွင်းထဲတွင် သွေးများဖြင့်သာ ပြည့်နှက်နေသည်။
လော့ချန်၏ မျက်နှာထား ပြောင်းလဲသွားသည်။
ဤသည်မှာ ဝမ်ယွမ်၏ လက်ချက်လော။ အပြင်အားလည်း မဟုတ်၊ သူပြသခဲ့ဖူးသည့် အတွင်းအားလည်း မဟုတ်ပေ။
“အသွင်ပြောင်းစွမ်းအားလား”
လော့ချန် ခံစားနိုင်သည်မှာ ထိုသူ ပေါက်ကွဲသေဆုံးစဉ်က ခန္ဓာကိုယ်ထဲတွင် အလွန် ပြင်းထန်သည့် စွမ်းအားနှစ်ခု ပေါင်းစပ်နေသည်။ အကယ်၍သာ တစ်ယောက်ယောက်က ထိန်းချုပ်ထားခြင်း မရှိပါက ထိုသွေးမိုးစက်များမှာ အခြေတည်အလယ်ပိုင်းအဆင့် ကျင့်ကြံသူများကိုပင် ထိခိုက်စေနိုင်သည့် ပြင်းထန်သော အမဲလိုက်နည်းစနစ် ဖြစ်လာလိမ့်မည်။
ယခင်က ဝမ်ယွမ် လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းမှာ မပြည့်စုံခဲ့ပေ။ သူ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အားနည်းချက်များစွာ ရှိနေသည်။ အထူးသဖြင့် တိုက်စစ် ဘက်တွင်ဖြစ်သည်။ အစပိုင်းတွင် သူ၏ ခန္ဓာကိုယ်ကိုသာ အားကိုးနိုင်ပြီး၊ ရန်သူက အကွာအဝေး ခြားလိုက်လျှင် ဘာမှ မတတ်နိုင်ပေ။ ထိုစဉ်က အဝေးမှ မတိုက်ခိုက်နိုင်သဖြင့် သွေးဘေးဒုက္ခလက်ညှိုးကို တီထွင်ခဲ့သည်။ သို့သော် သွေးဘေးဒုက္ခလက်ညှိုးမှာ တည့်တည့်သာ သွားနိုင်သဖြင့် လှည့်ပတ် တိုက်ခိုက်ရန် ခက်ခဲသည်။
ချင်းဟွာမြစ်ကမ်းဘေးမှ တိုက်ပွဲပြီးနောက် ဝမ်ယွမ်မှာ တိုက်ပွဲအတွင်း၌ ထိုအားနည်းချက်ကို ဖြည့်ဆည်းပေးသည့် သွေးဘေးဒုက္ခလက်ညှိုးကို နားလည်သွားသည်။ တိုက်ပွဲအတွင်း၌ စွမ်းအားကို ထိန်းချုပ်ပြီး လမ်းကြောင်း ပြောင်းလဲစေနိုင်သည်။ သူ ၎င်းကို နတ်ဘုံပြန်လမ်းဟု အမည်ပေးလိုက်သည်။ ဤနည်းစနစ် နှစ်ခုမှာ အလွန် ပြင်းထန်လှသည်။ တစ်ဦးချင်း တိုက်ပွဲများအတွင်း၌ ဆိုလျှင်မူ အဆင့်တူ ကျင့်ကြံသူများအဖို့ ဤတိုက်ကွက်ကို ကာကွယ်ရန်အတွက် အလွန်တရာ ခဲယဉ်းလှပေသည်။ သို့သော် အနှစ်ချုပ်ရလျှင် ဤနည်းစနစ်မှာ သေးငယ်လှသော ပြင်ဆင်မှုတစ်ခုမျှသာ ဖြစ်ပေ၏။
လော့ချန် အံ့ဩမိသော်လည်း ဤနည်းစနစ်ကို သိပ်အထင်မကြီးပေ။
အရာအားလုံးကို ခြုံငုံသုံးသပ်လိုက်မည် ဆိုလျှင်မူ ဝမ်ယွမ်တွင် ကျယ်ပြန့်သည့် သတ်ဖြတ်နည်းစနစ်များ မရှိသေးပေ။ လော့ချန်ကိုယ်တိုင်အတွက်မူ အများ တစ်ယောက် တိုက်ခိုက်ခြင်းမှာ ပုံမှန်သာ ဖြစ်သည်။ လခြမ်းတောင်ကြားတိုက်ပွဲ ဖြစ်စေ၊ ကောင်းလင်လွင်ပြင် တိုက်ပွဲ ဖြစ်စေ သို့မဟုတ် ချင်းဟွာမြစ် တိုက်ပွဲကြီး ဖြစ်စေ သူသည် မိမိနှင့် အဆင့်တူညီလှသည့် ရန်သူ နှစ်ဦးထက် မနည်း ရင်ဆိုင်ခဲ့ရသည်။ သူ၏ အားကိုးရာမှာ ကျယ်ပြန့်သည့် အတိုင်းအတာအထိ ဖျက်ဆီးနိုင်သည့် မှော်အတတ်ပင် ဖြစ်သည်။
ယခုအခါမူ ဝမ်ယွမ်တွင်လည်း ထိုအားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်သည့် နည်းလမ်း ရှိနေပြီဖြစ်သည်။
လော့ချန်တစ်ယောက် ထိုကျင့်ကြံသူ လဲကျရာ နေရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။
တွင်းငယ်တစ်ခုထဲတွင် သွေးများဖြင့် ပြည့်နှက်နေသည်။
“အစ်ကိုဝမ်ရယ်၊ ဒီနည်းစနစ်ကို အစ်ကို ဘယ်လိုများ ထွင်ထားတာလဲ”
“ဒီလောက်ထိ ပြင်းထန်ပြီး ရက်စက်တဲ့ နည်းစနစ်က.... သွေးမိစ္ဆာအသွင်ပြောင်းလက်ညှိုးလား”
လော့ချန် စဉ်းစားနေရင်း မီးလုံးနှင့် သန့်စင်ခြင်းမှော်အတတ်တို့ကို ထုတ်လွှတ်ရန် ပြင်ဆင်လိုက်သည်။ ဤနေရာတွင် ကျန်ရှိနေသည့် စွမ်းအင်ကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ အခြားသူများ လာရောက် ရှာဖွေခြင်းမှ ရှောင်ရှားရန် ဖြစ်သည်။ အကြောင်းမှာ သွေးမိစ္ဆာ၏ ကောလဟာလများမှာ ဝမ်ယွမ်ကိုသာ ညွှန်ပြနေသောကြောင့် ဖြစ်သည်။
လော့ချန် လှုပ်ရှားရန် ပြင်ဆင်နေစဉ် စိတ်ထဲတွင် အလွန် ပြင်းထန်သည့် အန္တရာယ် တစ်ခုကို ခံစားလိုက်ရသည်။ သူ့တွင် တုံ့ပြန်ရန် အချိန်မရှိပေ။ ဗီဇအရ ဝိညာဉ်အတောင်ပံ တစ်စုံမှာ ရုတ်တရက် ပေါ်လာသည်။ ထို့နောက် သူသည် လျှပ်စီးကဲ့သို့ပင် ထိုကျင်းကြီး၏ အထက်မှနေ၍ ဝေးကွာလှသော နေရာဆီသို့ အလျင်အမြန်ပင် ဆုတ်ခွာသွားခဲ့တော့၏။
ထိုအခါမှသာ သူ လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာထားက ချက်ချင်းပင် လေးနက်သွားရသည်။
ထိုနေရာတွင် မျက်နှာဖုံးတပ်ထားသည့် ရုပ်သွင်တစ်ခုက သူ့အား အံ့ဩစွာ ကြည့်နေသည်။
“လှလိုက်တဲ့ ပျံသန်းမှုပဲ၊ ကျောက်စိမ်းအိုးနယ်မြေမှာ ကျော်ကြားတဲ့ ဆေးဖော်ဆရာတစ်ယောက်က မီးဓာတ်မှော်အတတ်တွေမှာတင်မကဘဲ ပျံသန်းတဲ့နေရာမှာလည်း ဒီလောက်ထိ ကျွမ်းကျင်လိမ့်မယ်လို့ မထင်ထားမိဘူး”
အသံမှာ စူးရှပြီး ကြမ်းတမ်းလှသည်။
ထိုအသံကို ကြားလိုက်ရသဖြင့် လော့ချန်၏ မျက်နှာမှာ အေးစက်သွားသည်။
“မိတ်ဆွေက ငါ့ကို ဒီလောက်ထိ သိနေတာပဲ၊ ငါကတော့ မိတ်ဆွေရဲ့ နာမည်ကို မသိသေးဘူး"
မျက်နှာဖုံး တပ်ထားသူက ခေါင်းခါလိုက်သည်။
“ငါ့နာမည်က ပြောပလောက်အောင် မရှိပါဘူး၊ မင်း ငါ့ကို သွေးမိစ္ဆာလို့ ခေါ်နိုင်ပါတယ်"
စကားပြောနေစဉ် သူ၏ အကြည့်မှာ တွင်းကြီးသို့ ရောက်သွားသည်။
မျက်နှာဖုံးအောက်မှ မျက်လုံး နှစ်စုံမှာ အံ့ဩခြင်းဖြင့် တောက်ပနေသည်။
သူ၏ ဆန့်ကျင်ဘက်တွင် လော့ချန်၏ မျက်နှာမှာမူ လုံးဝ ပြောင်းလဲသွားသည်။ ကောလဟာလများထဲရှိ တိုက်ပွဲ၌ လှည့်လည်ကျက်စားနေသည့် သွေးမိစ္ဆာမှာ ဝမ်ယွမ် မဟုတ်ဘဲ ဤသူပင် ဖြစ်သည်။ အလွန် တိုက်ဆိုင်စွာပင် ထိုသူက သူ့ရှေ့သို့ ရောက်လာခဲ့သည်။
“ဟွန့်”
“နာမည်ကို ဖုံးကွယ်ထားပြီး၊ ငါ့ဆီကို ဘာလို့ လာရတာလဲ”
သွေးမိစ္ဆာက တိုက်ရိုက် မဖြေဘဲ လက်ကို မြှောက်လိုက်ရာ မြေပြင်ပေါ်ရှိ သွေးများမှာ စုစည်းသွားပြီး သူ့လက်ထဲသို့ ရောက်ရှိသွားသည်။ သူ အနည်းငယ် စမ်းသပ်ပြီးနောက် စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။
“သိပ်ကောင်းတဲ့ အခြေတည်အလယ်ပိုင်း ကျင့်ကြံသူရဲ့ သွေးပဲ၊ အားကောင်းပြီး သန့်စင်တယ်၊ ဒါပေမဲ့ အခု အသုံးမဝင်တော့ဘူး၊ အညစ်အကြေးတွေနဲ့ ပြည့်နေတယ်"
သူ လက်ကို ခါလိုက်သည်။ ထိုသွေးများမှာ မြေပြင်ပေါ်သို့ ကျသွားပြီး တွင်းတစ်ခု ဖြစ်ပေါ်သွားသည်။ သူ လော့ချန်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့် သတ်လိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်က သန်မာတယ်၊ အဆင့်လည်း မနိမ့်ဘူး၊ ဝမ်ယွမ်နဲ့ မတူဘဲ သန့်စင်တဲ့ သွေးစွမ်းအားတွေ ဖြစ်မှာပဲ”
‘ငါ့ရဲ့ သွေးစွမ်းအားကို လိုချင်တာလား’
လော့ချန် ရယ်မောလိုက်သည်။
“ဒီလောက်ထိ မောက်မာရဲတာလား၊ မင်းမှာ ဘာစွမ်းရည် ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့”
သူ စကားပြောနေစဉ် သူ၏ စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး မြေပြင်ပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သွေးမိစ္ဆာမှာ စိတ်ဝင်တစား ကြည့်နေသည်။
“မီးဓာတ်မှော်အတတ်တွေနဲ့ ကျော်ကြားတယ်လို့ ကြားဖူးတယ်၊ ငါ မြင်ကြည့်ချင်သေးတယ်"
သို့သော် နောက်တစ်ခဏတွင် သူ ကြောင်သွားသည်။ မြေပြင်ထက်မှနေ၍ ကြီးမားလှသော နွယ်ပင်ကြီးများက ရုန်းကန်လျက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းတို့က နဂါးကဲ့သို့၊ မြွေကဲ့သို့ လှုပ်ရှားနေပြီး အဆိပ်အတောက်များဖြင့် ပြည့်နှက်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော နွယ်ပင်ကြီးများက သွေးမိစ္ဆာထံသို့ တိုးဝင်လာခဲ့ကြတော့၏။
“မြန်ဆန်တဲ့ မှော်အတတ်ပဲ၊ ပြီးတော့ အားကောင်းတဲ့ သစ်ဓာတ်”
သွေးမိစ္ဆာ ချီးကျူးလိုက်သော်လည်း နေရာတွင်ပင် ငြိမ်သက်စွာဖြင့် မတ်တတ်ရပ်နေခဲ့ဆဲ ဖြစ်ပေသည်။ ပန်းရောင်ဖျော့ဖျော့ အလင်းလှိုင်းလေးတစ်ခုက သူ၏ ခန္ဓာကိုယ်ထက်မှနေ၍ ပြင်ပသို့ ပျံ့နှံ့သွားခဲ့ရပြီး နွယ်ပင်များက သူ၏ အနီးသို့ မရောက်မီပင် ပျော့ခွေသွားသည်။
သူ နှုတ်ခမ်းကို မဲ့လိုက်သည်။
“မဆိုးဘူး၊ ဒါပေမဲ့ အဆင့်က နိမ့်လွန်းတယ်.... ဟမ်”
စကားပြောနေခဲ့သည့် အခိုက်အတန့်တွင်ပင် သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရတော့၏။
“တော်တော် လိမ္မာတဲ့ ကောင်လေးပဲ”
သူ၏ အကြည့်အောက်တွင် လော့ချန်၏ ရုပ်သွင်မှာ မီးနီရောင် တောင်ပံများကို အသုံးပြုကာ အဝေးသို့ ရောက်ရှိသွားသည်။ သူ အစကတည်းက တိုက်ခိုက်ရန် စိတ်ကူး မရှိပေ။ စောနက နွယ်ပင်ပညာမှာ လှည့်ကွက်တစ်ခုမျှသာ ဖြစ်သည်။
ဒေါသအလင်းတန်းများက သွေးမိစ္ဆာ၏ မျက်ဝန်းထဲ၌ ဖြတ်သန်းသွားခဲ့ရပြီးနောက် သူသည် ဓားပျံထက်သို့ ချက်ချင်းပင် ခုန်တက်လိုက်မိရင်း နောက်မှနေ၍ အပြေးအလွှား လိုက်လံဖမ်းဆီးလိုက်တော့၏။ သို့သော် လိုက်လေလေ သူ အံ့ဩရလေလေ ဖြစ်သည်။ လော့ချန်၏ ပျံသန်းနှုန်းမှာ အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်လှသည်။ သူသည် လော့ချန်ထက် ကျင့်ကြံအဆင့် ပိုမြင့်သော်လည်း မမှီနိုင်ဘဲ အကွာအဝေးမှာလည်း ပိုဝေးသွားသည်။
“တခြားနည်းလမ်း သုံးမှ ဖြစ်တော့မယ်”
သူ စိတ်ထဲတွင် တွေးလိုက်ပြီး သွေးစက် တစ်စက်ကို ဓားပေါ်သို့ ချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မြန်နှုန်းမှာ (၃) ဆ တိုးသွားသည်။ သို့သော်လည်း ရှေ့မှ ရုပ်သွင်ကို မှီအောင် မနည်း လိုက်နေရသည်။
“သူ့ရဲ့ ပျံသန်းနည်းက ထူးခြားတယ်၊ ငါသာ အဲ့ဒါကိုရတာနဲ့ သွေးကူးပြောင်းနည်းနဲ့ ပေါင်းစပ်လိုက်ရင် ရွှေအမြုတေအဆင့်တောင် ငါ့ကို မမှီတော့ဘူး”
အစက သွေးစွမ်းအင်ကို လိုချင်ခဲ့ရာမှ ယခုအခါ လော့ချန်၏ ပျံသန်းနည်းစနစ်ကို သူ ပိုမို လိုချင်သွားသည်။
“မင်း ဘယ်လောက်အထိ တောင့်ခံနိုင်ဦးမလဲဆိုတာကို ငါ ကြည့်မယ်”
အခြေတည်အဆင့် (၆) သာ ရှိသေးသဖြင့် ဤမျှမြန်ဆန်စွာ ပျံသန်းပါက မကြာမီပင် မောပန်းသွားလိမ့်မည်ဟု သူ ယုံကြည်ထားသည်။ သို့သော် နောက်မှနေ၍ လိုက်လံဖမ်းဆီးနေခဲ့သည့် အချိန်အတွင်းမှာပင် သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ဓားအလင်းတန်းတစ်ခုက သူ၏ ခြေဖဝါးအောက်မှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့သဖြင့် သူ ဗီဇစိတ်အရ ဘေးဘက်သို့ အလျင်အမြန်ပင် ရှောင်တိမ်းလိုက်ရတော့သည်။
နောက်တစ်စက္ကန့်မှာပင် သူ ယခုလေးတင် ရှိနေခဲ့သည့် နေရာဟောင်း၌ နွယ်ပင်များက ထပ်မံ ထွက်ပေါ်လာပြန်သည်။
“ဒီနည်းပဲ သုံးနေတာ၊ ငါ့အတွက် အသုံးမဝင်ဘူး”
“ဟုတ်လား”
အသံတစ်သံက သူ့ရှေ့မှ ထွက်ပေါ်လာခဲ့ရာ သွေးမိစ္ဆာ နေရာတွင်ပင် ကြောင်သွားသည်။
သူရှေ့သို့ စိုက်ကြည့်လိုက်ရာ ယခင်က ထွက်ပြေးနေခဲ့သည်ဟု ထင်မှတ်ထားခဲ့ရသည့် လော့ချန်က သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် လှည့်လိုက်ရင်း မြေပြင်ထက်သို့ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်ကို မြင်တွေ့လိုက်ရတော့၏။
ချက်ချင်းပင် ကောင်းကင်ထက်၌ နားကွဲလုနီးပါး ပြင်းထန်လှသော အသံကြီး ထွက်ပေါ်လာခဲ့ရသည်။
သွေးမိစ္ဆာ ခေါင်းမော့ကြည့်လိုက်ရာ ကြီးမားသည့် တောင်ကြီးတစ်လုံးက သူ၏ ခေါင်းပေါ်သို့ ကျရောက်လာသည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများ၊ သစ်ပင်များမှာ ထိုတောင်ကြီးဆီသို့ စုစည်းသွားသည်။ ဤသည်မှာ အထွတ်အထိပ်အဆင့် မြေပြိုမှော်အတတ်ပင် ဖြစ်သည်။
သွေးမိစ္ဆာမှာ မအံ့ဩဘဲ သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်ရာ နူးညံ့လှသော ပန်းရောင်ပိုးဖဲကြိုးတစ်စက သူ၏ အင်္ကျီလက်အတွင်းမှနေ၍ ထွက်ပေါ်လာခဲ့ပြီး လေထုထဲ၌ ဆန်းကြယ်စွာဖြင့် ဖြန့်ကျက်သွားခဲ့ရသည်။ ထိုဖဲကြိုးမှာ လေထဲတွင် ပြန့်ကားသွားပြီး တောင်ကြီး၏ ဖိအားကို တားဆီးလိုက်သည်။
“မင်းမှာ နောက်ထပ် ဘာနည်းလမ်း ရှိသေးလဲ၊ မင်းရဲ့ မီးဓာတ်မှော်အတတ်ကိုရော ဘာလို့ မထုတ်တာလဲ”
လော့ချန် အေးစက်စွာဖြင့် ပြုံးလိုက်မိရင်း
“ဒါဆိုရင်လည်း.... မင်းရဲ့ မျက်လုံးတွေကို သေချာ ဖွင့်ပြီး ကြည့်ထားလိုက်”
သူ ဓားကို အထက်သို့ မြှောက်လိုက်ရာ တစ်ခုပြီးတစ်ခု ဆိုသကဲ့သို့ နီရဲလှသော မီးတောက်များ ပေါ်လာသည်။ ထို့နောက် အဆိုပါ မီးတောက်များသည် ကောင်းကင်ယံကို ဖြတ်သန်းလျက် သွေးမိစ္ဆာဆီသို့ တိုးဝင်လာခဲ့ကြတော့သည်။
သွေးမိစ္ဆာက မျက်မှောင်ကြုတ်လိုက်ပြီး လက်ကွက်တစ်ခုကို ဖန်တီးကာ ခုခံလိုက်သည်။
“ကောင်းတဲ့ နည်းစနစ်ပဲ၊ ဒါပေမဲ့ ငါ့ကို....”
သူ၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ အကြောင်းမှာ သူ၏ခန္ဓာကိုယ်ကြီးမှာ အောက်ဘက်သို့ ပြင်းထန်စွာဖြင့် ဖိနှိပ်ခြင်း ခံနေရသည်ကို သတိပြုမိလိုက်ရခြင်းကြောင့် ဖြစ်၏။ ထိတ်လန့်စရာ ကောင်းလှသော စွမ်းအားတစ်ခုက သူ၏ အထက်မှနေ၍ ဖိနှိပ်လျက် ကျရောက်လာခဲ့ခြင်း ဖြစ်သည်။ သူ မော့ကြည့်လိုက်ရာ တောင်ကြီး၏ အပေါ်၌ နောက်ထပ် တောင်တစ်လုံးမှာ ထပ်မံထွက်ပေါ်နေပြီး ထိုအရာမှာ ထိပ်တန်း မှော်လက်နက် ဖြစ်ကြောင်း သိလိုက်ရသည်။
မြေပြိုမှော်အတတ်နှင့် မြေကမ္ဘာတံဆိပ်တော်တို့ ပေါင်းစပ်လိုက်ရာ အခြေတည်အဆင့်တွင် မည်သူမျှ မတားဆီးနိုင်တော့ပေ။
ဤအချိန်တွင် လော့ချန်၏ ဓားမှာ လေထဲတွင် လှည့်လည်နေသည်။ ဓားချက်တစ်ချက်ချင်းစီ တိုင်းတွင်မူ သာမန်လူတစ်ဦး၏ မျက်စိဖြင့် လိုက်လံကြည့်ရှုရန်အတွက် မဖြစ်နိုင်လောက်အောင် ရှုပ်ထွေးလှသော လမ်းကြောင်းများ ပါဝင်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌မူ အဆုံးမရှိလှသော ချီစွမ်းအင်များမှာ ကျယ်ပြန့်လှသော သွေးကြောများအတွင်း၌ မြစ်ကြီး တစ်စင်းကဲ့သို့ ပြင်းထန်စွာဖြင့် စီးဆင်းနေခဲ့သည်။
ချက်ချင်းပင် တောက်ပလှသော နေမင်းကြီးတစ်ခုက သွေးမိစ္ဆာ၏ ခေါင်းထက်တွင် ထွက်ပေါ်လာသည်။
“ဒီကောင်….”
သွေးမိစ္ဆာမှာ ယခင်ကကဲ့သို့ တည်ငြိမ်ခြင်း မရှိတော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ သူ ဓားကို အရှိန်ပြင်းပြင်း ပစ်လွှတ်လိုက်ရာ တောင်တန်းမှာ ပြိုကွဲသွားပြီး မြေကမ္ဘာတံဆိပ်တော်မှာလည်း ဘေးဘက်သို့ လွင့်စင်သွားခဲ့တော့သည်။ သို့သော်ငြားလည်း ထိုခိုက်အတန့်တွင်ပင် ယခင်က အန္တရာယ် မရှိလှဟု ထင်မှတ်ထားခဲ့ရသည့် နီရဲလှသော ပိုးဖဲကြိုးလေးမှာ သူ၏ ခန္ဓာကိုယ်ထက်၌ တင်းတင်းကြပ်ကြပ် ရစ်ပတ်သွားခဲ့ရပြီး သက်ရှိမြွေကြီးတစ်ကောင်ကဲ့သို့ ရှိနေခဲ့တော့၏။
နောက်တစ်ခဏတွင်....။
ဝုန်းးး....
နေမင်းကြီး ပြင်းထန်စွာဖြင့် ပေါက်ကွဲသွားပြီး အဆုံးမဲ့ မီးလျှံများမှာ ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားသည်။ ထိုမီးလျှံလှိုင်းများမှာ သွေးမိစ္ဆာ၏ ခန္ဓာကိုယ်ထံသို့ တိုက်ရိုက် စုစည်းသွားခဲ့ကြရင်း သူ့အား ပြာမှုန်အဖြစ်သို့ လုံးဝ ဥဿုံ ပြောင်းလဲပစ်ရန် ကြိုးပမ်းလိုက်တော့၏။ လော့ချန်၏ မျက်နှာထားမှာ တည်တံ့နေသည်။ မလုံလောက်သေးပေ။ ထိုပိုးထည်မှာ ခံစစ်မှော်ရတနာဖြစ်သည်။ နေမီးလျှံမှော်အတတ် တစ်ခုတည်းဖြင့် တစ်ဖက်လူအား မသတ်ဖြတ်နိုင်ပေ။ သို့သော် အခွင့်အရေး ရသွားလေပြီ။ လော့ချန် စိတ်အာရုံ လှုပ်ရှားမှုတစ်ခုနှင့်အတူ ရွှေမီးဓားဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။
ဂျိန်းးး….
ဤအချိန်တွင် ကောင်းကင်ထက်မှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။ လော့ချန်၏ မျက်နှာထားက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရတော့၏။ သူ လက်ကို ခပ်ဖွဖွဝှေ့ယမ်းလိုက်ရင်း နီရဲလှသော တောင်ပံများကို အသက်သွင်းလျက် နောက်သို့ အလျင်အမြန်ပင် ဆုတ်ခွာလိုက်တော့သည်။ နောက်တစ်စက္ကန့်မှာပင် သစ်သားစည်ပိုင်းတစ်ခုမျှ ကြီးမားလှသော လျှပ်စီးကြောင်းကြီးတစ်ခုက အထက်ကောင်းကင်ယံမှနေ၍ ပြင်းထန်စွာဖြင့် ကျရောက်လာခဲ့ရတော့၏။
သူ အထက်သို့ မော့ကြည့်လိုက်မိသည့် အခါတွင်မှ ကြီးမားလှသော မည်းမှောင်လှသည့် တိမ်တိုက်ကြီးများက သူ၏ အထက်၌ လှုပ်ရှားနေခဲ့ကြပြီး ၎င်း၏ အတွင်းပိုင်း၌မူ နဂါးများအလား ရှုပ်ထွေးလှသော ငွေရောင်လျှပ်စီးမျှင်များက လျှပ်ခနဲ လျှပ်ခနဲ ဖြစ်ပေါ်နေခဲ့ကြသည်ကို မြင်တွေ့လိုက်ရတော့သည်။ ဤသည်မှာ မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေသည်။
‘မိုးကြိုးမုန်တိုင်း’
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ရင်း မြေကမ္ဘာတံဆိပ်တော်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့နောက် ရွှေမီးဓားကို ဆုပ်ကိုင်လျက် သွေးမိစ္ဆာထံသို့ အေးစက်လှသော အကြည့်တစ်ချက်ကို ပို့လွှတ်လိုက်တော့၏။
“မင်း ကံကောင်းတယ်”
စကားပြောပြီးနောက် လော့ချန် ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ၏ လျင်မြန်လှသော လှုပ်ရှားမှုများနှင့်အတူ သူ၏ တည်ရှိမှုမှာ ထိုနေရာမှနေ၍ လုံးဝ ဥဿုံ ကွယ်ပျောက်သွားခဲ့ရပြီး မည်သည့် သဲလွန်စမျိုးမျှ ကျန်ရစ်ခဲ့ခြင်း မရှိတော့ချေ။
မီးလျှံများနှင့် လျှပ်စီးဓာတ်များ ပြင်းထန်စွာဖြင့် ဝုန်းဒိုင်းကြဲနေဆဲ ဖြစ်သည့် တိုက်ပွဲမျက်နှာပြင်ထက်တွင်မူ ထိုနီရဲလှသော ပိုးဖဲကြိုးလေးမှာ ဖြည်းညင်းစွာဖြင့် ပြန်လည်၍ ပွင့်လန်းလာခဲ့ပေသည်။ ယခင်က တောက်ပလှသော အရောင်အသွေးများထက်တွင်မူ မီးလောင်ကျွမ်းထားခဲ့ဖူးသည့် နက်မှောင်လှသော အကွက်များက ထင်ရှားစွာ ဖြစ်ပေါ်နေခဲ့သည်။ သွေးမိစ္ဆာ၏ မျက်နှာမှာ ဖြူလျော်နေပြီး ထိုမိုးကြိုးမုန်တိုင်း၏ အစွန်းပိုင်း နေရာမှနေ၍ နောက်သို့ ဆုတ်ခွာလိုက်ရတော့၏။ သူ၏ မျက်ဝန်းများမှာမူ လော့ချန် ကွယ်ပျောက်သွားခဲ့သည့် လမ်းကြောင်းဆီသို့သာ စိုက်ကြည့်နေခဲ့မိသည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးနောက် သူ၏ နှုတ်ခမ်းဖျားမှနေ၍ စကားလုံးအချို့ တိုးညင်းစွာ ထွက်ပေါ်လာခဲ့သည်။
“မင်း ကံကောင်းတာ”
“နောက်တစ်ခါ ငါ့လက်ထဲကို ရောက်လာရင် မလွယ်ဘူး”