အခန်း ၄၆၃
Vol. 47 Ch. 463
အခန်း ၄၆၃ သိုင်းသူတော်စင်အောက်တွင် ပြိုင်ဘက်ကင်းသူ
မြင့်မားမတ်စောက်သော တောင်တန်းကြီးများက တစ်ဆုံးတစ်စ မမြင်ရအောင် ရှည်လျားလှသည်။
စိမ်းလန်းသော သစ်တောကြီးက ပင်လယ်ရေလှိုင်းများအလား ဖြစ်နေပြီး ရှားပါး ဆေးပင်များကို နေရာတိုင်းတွင် မြင်တွေ့နေရသည်။
တောင်တန်းကြီး တစ်သိန်း ဆိုသည်မှာ ယေဘုယျ ခေါ်ဆိုသော အမည်နာမ တစ်ခုသာ ဖြစ်သည်။
ပိုင်ယွဲ့နယ်မြေ အတွင်းတွင် ရှိသလို ပိုင်ယွဲ့နယ်မြေ အပြင်ဘက်ကိုလည်း ရောက်ရှိနေပြီး နယ်နိမိတ်မျဉ်း တစ်ခုအဖြစ် တည်ရှိနေသည်။
တောင်တန်းကြီး တစ်သိန်းတွင် အဆုံးသတ် ဆိုသည်မှာ မရှိပေ။
အရှေ့ပင်လယ်ပြင်ကြီး ကဲ့သို့ပင် နေရာတိုင်းတွင် ချုံပုတ်များဖြင့် ပြည့်နှက်နေသည်။
အဆိပ်ပြင်းသော အင်းဆက်များ၊ မြွေများ၊ ပုရွက်ဆိတ်များနှင့် အဆိပ်ငွေ့များကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပေသည်။
လူသူအရောက်အပေါက် နည်းပါးသော တောနက်ကြီး တစ်ခုဟု ခေါ်ဆိုလျှင်ပင် လွန်မည်မဟုတ်ချေ။
သိုင်းပညာရှင် အများစုအတွက် တောင်တန်းကြီး တစ်သိန်း ဆိုသည်မှာ သေမင်းတမန် နယ်မြေတစ်ခု ဖြစ်သည်။
တောင်တန်းကြီး တစ်သိန်း၏ အနက်ရှိုင်းဆုံး အပိုင်းတွင် စုန်းနတ်ဘုရားကျောင်း တည်ရှိနေရုံသာမက အတွင်းပိုင်းရှိ မိစ္ဆာအကောင်များကလည်း အလွန် များပြားလှသောကြောင့် ဖြစ်သည်။
မြွေများ၊ အင်းဆက်များနှင့် ကြွက်များအပြင် သားရဲများလည်း ရံဖန်ရံခါ ပေါ်လာတတ်သေးသည်။
ချင်းဖုန်း နှိမ်နင်းထားသော ချင်းလွမ် သားရဲကြီး ဆိုလျှင်လည်း တောင်တန်းကြီး တစ်သိန်း၏ အနက်ရှိုင်းဆုံး နေရာမှ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အောက်ခွန်းကလည်း တောင်တန်းကြီး တစ်သိန်း၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသူ ဖြစ်ပြီး ရှေးဟောင်း မိစ္ဆာမျိုးနွယ်များ၏ မျိုးဆက် တစ်ခုဖြစ်ကြောင်း အစဉ်အဆက် ပြောစမှတ် ပြုကြသည်။
ဤနေရာ၏ အန္တရာယ် ကြီးမားပုံကို ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ဖူးမှသာ သေချာစွာ နားလည်နိုင်ပေလိမ့်မည်။
ကျန်းချဲ့ကိုပဲ ကြည့်ပါ။
သူ၏ ကိုယ်ပိုင် စွမ်းအားက စစ်မှန်သောသခင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ခက်ခဲသော အန္တရာယ် အချို့နှင့် ကြုံတွေ့ခဲ့ရသေးသည်။
သေချာသည်မှာ သာမန် အန္တရာယ်များက သူ့ကို မထိခိုက်စေနိုင်သော်လည်း ရွံရှာစရာ ကောင်းသည်ကတော့ အမှန်ပင် ဖြစ်သည်။
အထူးသဖြင့် ရှန်ရှန်းအဆင့်ရှိ အဆိပ်ဖားပြုပ်ကြီး တစ်ကောင်နှင့် တွေ့ဆုံခဲ့ရချိန်တွင် ဖြစ်သည်။
ထိုအကောင် ထုတ်လွှတ်လိုက်သော အဆိပ်ရည်များက သူ့ကို ခြိမ်းခြောက်နိုင်ရုံသာမက အလွန်တရာ နံစော်နေသော အနံ့ဆိုးကြီးက ကျန်းချဲ့ကိုပင် အန်ချင်စိတ် ပေါက်သွားစေသည်။
သို့သော် အခြေအနေအရ ကျန်းချဲ့က ပြဿနာ ကြီးကြီးမားမား မဖြစ်ချင်သဖြင့်သာ သည်းခံခဲ့ခြင်း ဖြစ်သည်။
ထိုသို့မဟုတ်ပါက ထိုဖားပြုပ်ကြီးကို အဆိပ်ကန်ထဲမှ ဆွဲထုတ်ကာ သတ်ပစ်မည်မှာ သေချာသည်။
သူ ဤသို့ သည်းခံနေရခြင်း၏ အဓိက အကြောင်းရင်းမှာ စုန်းနတ်ဘုရားကျောင်းကို မနှောင့်ယှက်လိုသောကြောင့်ပင် ဖြစ်သည်။
သူက နန်ယွဲ့ မြို့တော်ကို ဖျက်ဆီးခဲ့ပြီး ပိုင်ယွဲ့ တစ်ခွင်လုံးကို တုန်လှုပ်သွားစေခဲ့ပြီ ဖြစ်ရာ ယခုအချိန်တွင် စုန်းနတ်ဘုရားကျောင်းမှ လူများကို ထပ်မံ ရန်စမိပါက အလွန် အန္တရာယ် များလွန်းလှသည်။
အလယ်ပိုင်းလွင်ပြင် အင်ပါယာနန်းတော်နှင့် စုန်းနတ်ဘုရားကျောင်း တို့ကြားတွင် သိုင်းသူတော်စင်များ ကိုယ်တိုင် ဝင်ရောက် မစွက်ဖက်ရန် မဟာမိတ် စာချုပ် ချုပ်ဆိုထားသော်လည်း ကျန်းချဲ့က အိမ်တိုင်ရာရောက် လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရာ ထိုစာချုပ်ထဲတွင် အကျုံးဝင်တော့မည် မဟုတ်ပေ။
ဆန့်ကျင်ဘက် အနေဖြင့် အလယ်ပိုင်းလွင်ပြင်၏ နံပါတ်တစ် ပါရမီရှင်နှင့် ယွဲ့ပြည်နယ်၏ လက်ရှိ အုပ်ချုပ်သူ ဖြစ်သော သူက စုန်းနတ်ဘုရားကျောင်း၏ စိတ်ဝင်စားမှုကို ပိုမို ဆွဲဆောင်နိုင်ပေလိမ့်မည်။
သူ့တွင် ချင်းဖုန်းနှင့် နတ်မိမယ်ချင်းချင်း ဆိုသည့် အသိအကျွမ်း နှစ်ဦး ရှိနေသော်လည်း ထိုအရာက စုန်းနတ်ဘုရားကျောင်းမှ သိုင်းသူတော်စင်များ၏ ဆုံးဖြတ်ချက်ကို လုံးဝ ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ချီဖျင်တောက်ကို သတ်ဖြတ်ပြီးကတည်းက ကျန်းချဲ့က လမ်းခရီး တစ်လျှောက်လုံးတွင် အလွန် သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။
သူ၏ သဲလွန်စများ ပေါက်ကြားသွားမည်ကို အလွန် စိုးရိမ်နေသောကြောင့်ပင်။
"မြွေအိုကြီး မင်း လမ်းမှားခေါ်လာတာတော့ မဟုတ်ပါဘူးနော် ဘယ်လိုလုပ်ပြီး တဖြည်းဖြည်း ခေါင်တဲ့ နေရာကို ရောက်လာသလို ခံစားနေရတာလဲ" ဟု ချီရွှယ်မိစ္ဆာသခင်က မနေနိုင်ဘဲ ဖွင့်ဟမေးမြန်းလိုက်သည်။
ယခင်က သူ ပိုင်ယွဲ့ တစ်ခွင်တွင် လှည့်လည်သွားလာခဲ့စဉ်က တောင်တန်းကြီး တစ်သိန်း အတွင်းသို့ ဝင်ရောက်ခဲ့ဖူးသည်။
သို့သော် တောင်တန်းကြီး တစ်သိန်းက အလွန် ကြီးမားကျယ်ဝန်းလွန်းလှပြီး မှတ်တမ်းများ အရဆိုလျှင် အဆုံးအစပင် မရှိပေ။
ထို့ကြောင့် သူကိုယ်တိုင် လမ်းကြောင်း အတိအကျကို မသိရှိနိုင်ချေ။
အောက်ခွန်း၏ လမ်းညွှန်မှုကိုသာ အားကိုးနေရသည်။
အကယ်၍ ထိုမြွေနဂါးက တစ်ခုခု ကြံစည်နေမည် ဆိုပါက သူတို့ ဤတစ်ကြိမ်တွင် သေချာပေါက် အန္တရာယ် ရှိနိုင်ပေသည်။
"တာအိုမိတ်ဆွေချီ မစိုးရိမ်ပါနဲ့ ငါက နှစ်ရာချီပြီး အကျဉ်းချ ခံထားရပေမဲ့ ဦးနှောက်ကတော့ မရှုပ်ထွေးသေးပါဘူး ပတ်ဝန်းကျင် လမ်းကြောင်းတွေ ပြောင်းသွားတယ် ဆိုရင်တောင် ငါတို့ သွားရမယ့် နေရာက ရှိနေသေးရင် ပြဿနာ မရှိပါဘူး နောက်ထပ် မိုင်သုံးရာလောက် ဆက်သွားရင် ရုန်းရင်းဆန်ခတ် မိစ္ဆာတောင်ကြားကို ရောက်ပါပြီ" ဟု လူပုံစံ ဖန်တီးထားသော အောက်ခွန်းက အလျင်အမြန် ရှင်းပြလိုက်သည်။
ကျန်းချဲ့က သူ့အပေါ် အထင်လွဲသွားမည်ကို အလွန် ကြောက်ရွံ့နေသည်။
မည်သို့ပင်ဆိုစေ ကျန်းချဲ့က သူ၏ အသက်ကို ထိန်းချုပ်ထားသည် မဟုတ်ပါလား။
ထိပ်တန်း မိစ္ဆာဘုရင် တစ်ပါး ဖြစ်လင့်ကစား သေလုမျောပါး ဖြစ်နေသော ချီရွှယ်မိစ္ဆာသခင်ကိုပင် အလွန် ရိုသေလေးစားနေရခြင်းမှာလည်း ဤအကြောင်းရင်းများကြောင့်ပင် ဖြစ်သည်။
သို့သော် ကောင်းကင်ကို တိုင်တည်၍ သူ ကျန်းချဲ့ကို ဤနေရာတွင် လုပ်ကြံရန် လုံးဝ မတွေးခဲ့ဖူးပေ။
ကျန်းချဲ့၏ ရှေ့တွင် အစွမ်းကုန် အကျိုးဆောင်ပေးရန်သာ တွေးထားခဲ့သည်။
"ကဲ စကားများမနေကြနဲ့တော့ မိုင်ရာချီပဲ လိုတော့တာ မကြာခင် ရောက်တော့မှာပါ" ဟု ကျန်းချဲ့က လက်ကာပြလိုက်ပြီး အောက်ခွန်းတို့ကို ဆက်မငြင်းခုံရန် အချက်ပြလိုက်သည်။
မထွက်ခွာမီ ကတည်းက ပုံရိပ်ယောင် နတ်မီးတောက်ကို မည်သည့်နေရာတွင် ဝှက်ထားကြောင်း အောက်ခွန်းက သူ့ကို အသေးစိတ် ပြောပြထားခဲ့ပြီး ဖြစ်သည်။
သူက ချီရွှယ်မိစ္ဆာသခင်ကိုလည်း မေးမြန်းခဲ့သော်လည်း အသုံးဝင်သော အချက်အလက် တစ်ခုမျှ မရရှိခဲ့ပေ။
မည်သို့ပင်ဆိုစေ ရုန်းရင်းဆန်ခတ် မိစ္ဆာတောင်ကြားမှာ တောင်တန်းကြီး တစ်သိန်း၏ အတွင်းပိုင်းတွင် တည်ရှိပြီး နေရာကလည်း အလွန် လျှို့ဝှက်လှသည်။
သူတို့ လူစုက မိုင်ထောင်ချီ ခရီးနှင်ပြီးမှသာ အနီးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ချီရွှယ်မိစ္ဆာသခင် ကိုယ်တိုင်လည်း ထိုအချိန်က ဤမျှလောက် အနက်ရှိုင်းဆုံး အထိ မဝင်ရောက်ခဲ့ဖူးပေ။
ရုန်းရင်းဆန်ခတ် မိစ္ဆာတောင်ကြားဟု ခေါ်ဆိုရခြင်း၏ အကြောင်းရင်းကိုလည်း အောက်ခွန်း၏ ပါးစပ်မှတစ်ဆင့် ကျန်းချဲ့ သိရှိခဲ့ရသည်။
ထိုနေရာရှိ လေဟာနယ်များ ရှုပ်ထွေးနေခြင်း အပြင် အဆိပ်ရှိသော အကောင်များနှင့် မိစ္ဆာအကောင်များစွာ ပုန်းအောင်းနေသောကြောင့် ဖြစ်သည်။
တောင်ကြား၏ အနက်ရှိုင်းဆုံး နေရာတွင် သိုင်းသူတော်စင် နှင့် ယှဉ်ပြိုင်နိုင်သော အရာများပင် ရှိနေသဖြင့် အလွန် အန္တရာယ်များသော နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်သည်။
သို့သော် အတွင်းတွင် မည်သည့်အရာများ ပုန်းအောင်းနေသနည်း ဆိုသည်ကိုတော့ ယနေ့အထိ မည်သည့် သတင်းမျှ ထွက်ပေါ်လာခြင်း မရှိသေးပေ။
အောက်ခွန်း ကိုယ်တိုင်ပင်လျှင် ထိုအချိန်က အတွင်းပိုင်းအထိ မဝင်ရောက်ခဲ့ဖူးဘဲ ထိုနေရာသို့ အမှတ်မထင် ရောက်ရှိသွားချိန်တွင်မှ ပုံရိပ်ယောင် နတ်မီးတောက် ရှိနေကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။
ရုန်းရင်းဆန်ခတ် မိစ္ဆာတောင်ကြား အတွင်းရှိ ထိုကြောက်မက်ဖွယ် သက်ရှိကို ကာကွယ်ရန်အတွက် ကျန်းချဲ့က အချိန်တိုင်း သိုင်းသူတော်စင် ကျောက်စိမ်းရုပ်တုကို အာရုံစိုက်ထားရသည်။
အရေးပေါ် အခြေအနေတွင် အချိန်မီ အသုံးမပြုနိုင်မည်ကို စိုးရိမ်သောကြောင့်ပင်။
ဤသို့ဖြင့် နောက်ထပ် နာရီအနည်းငယ် ကုန်လွန်သွားခဲ့သည်။
နောက်ဆုံးတွင် ကျန်းချဲ့တို့ လူစုက ရုန်းရင်းဆန်ခတ် မိစ္ဆာတောင်ကြား နယ်မြေသို့ ရောက်ရှိသွားကြသည်။
ထိုနေရာကို မြင်လိုက်ရသောအခါ အောက်ခွန်းမှလွဲ၍ ကျန်လူများ အားလုံး အံ့အားသင့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ရုန်းရင်းဆန်ခတ် မိစ္ဆာတောင်ကြား ဆိုသည့် နေရာက အလွန် ကြီးမားကျယ်ဝန်းလွန်းသောကြောင့်ပင်။
တစ်ဆုံးတစ်စ မမြင်ရအောင် ကြီးမားလှပြီး တောင်တန်းကြီး တစ်ခုဟု ခေါ်ဆိုလျှင် ပို၍ သင့်လျော်ပေလိမ့်မည်။
အရေးအကြီးဆုံးမှာ ပတ်ဝန်းကျင်တွင် အဆိပ်ငွေ့များ ဖုံးလွှမ်းနေခြင်းပင်။
အကယ်၍ ရွှမ်တန်အဆင့် အောက်ရှိ သိုင်းပညာရှင်များသာ ဤနေရာသို့ အမှတ်မထင် ရောက်ရှိလာပါက မည်သူမျှ လှုပ်ရှားရန် မလိုဘဲ ထိုအဆိပ်ငွေ့များအောက်တွင် သေဆုံးသွားမည်ဟု ကျန်းချဲ့ ခန့်မှန်းမိသည်။
သို့သော် ကျန်းချဲ့တို့ လူစုအတွက်တော့ ဤအဆိပ်ငွေ့များက မည်သို့မျှ မထိခိုက်စေနိုင်ပေ။
"အဆိပ်ငွေ့တွေကို ဖြတ်ပြီး နောက်ထပ် မိုင်ဆယ်လီလောက် ဆက်သွားရင် ကျွန်တော် အရင်က ပုံရိပ်ယောင် နတ်မီးတောက်ကို တွေ့ခဲ့တဲ့ နေရာကို ရောက်ပါပြီ အဲဒီနေရာက လေဟာနယ်တွေက အရမ်း ရှုပ်ထွေးနေလို့ သတိထားဖို့တော့ လိုလိမ့်မယ် အကယ်၍ လေဟာနယ် လှိုင်းတံပိုးတွေထဲ ပါသွားရင် ကျွန်တော်တို့ စွမ်းအားနဲ့တောင် နည်းနည်း ဒုက္ခရောက်နိုင်တယ်" ဟု အောက်ခွန်းက ထပ်မံ၍ သတိပေးလိုက်သည်။
"စိတ်ချပါ" ဟု ကျန်းချဲ့က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
အတွေးတစ်ချက်နှင့်အတူ သူ၏ ကိုယ်ပတ်လည်တွင် ဓမ္မစွမ်းအင် အကာအကွယ် တစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။
အမူအရာ ကင်းမဲ့စွာဖြင့် အောက်ခွန်းနှင့်အတူ အဆိပ်ငွေ့များ အတွင်းသို့ ဝင်ရောက်သွားရာ ဖြတ်သန်းသွားသော နေရာတိုင်းရှိ အဆိပ်ငွေ့များက အတင်းအဓမ္မ ဖယ်ခွာခံလိုက်ရပြီး လမ်းကြောင်း တစ်ခု ပွင့်သွားသည်။
မြေပြင်ပေါ်တွင် အဆိပ်ရှိသော အင်းဆက်မျိုးစုံ ပျံ့နှံ့နေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းချဲ့က လေဟာနယ်ထက်မှ ချက်ချင်း ပျံသန်းသွားသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများကိုတော့ အလွန် နိမ့်ကျအောင် ဖိနှိပ်ထားဆဲပင်။
တစ်နာရီခန့် အကြာတွင် အောက်ခွန်း ပြောသော နေရာသို့ ကျန်းချဲ့တို့ နောက်ဆုံးတွင် ရောက်ရှိသွားကြသည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်များက အဆက်မပြတ် လှိုင်းဂယက်များ ထနေပြီး ငြိမ်သက်နေသော ရေကန်ထဲသို့ တစ်ခုခု ပစ်ချလိုက်သည့်အလား ဖြစ်နေသည်။
မြေကြီးပေါ်တွင်တော့ ပုံစံမျိုးစုံ အရွယ်အစားမျိုးစုံ ရှိသော အရိုးဖြူများ စုပုံနေပြီး အကြမ်းဖျင်း ခန့်မှန်းကြည့်ရုံဖြင့် ဆယ်ခုကျော်ခန့် ရှိသည်။
ဖရိုဖရဲ ဖြစ်နေသော အရိုးဖြူများက နေရာအနှံ့ ပြန့်ကျဲနေပြီး ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
"အဲဒီတုန်းက ဒီနေရာမှာပဲ ပုံရိပ်ယောင် နတ်မီးတောက် အဆက်မပြတ် လင်းလက်နေခဲ့တာ သခင် သေချာ ရှာကြည့်ဖို့တော့ လိုလိမ့်မယ်" ဟု အောက်ခွန်းက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ မှတ်ဉာဏ်ထဲရှိ နေရာနှင့် ကိုက်ညီကြောင်း အတည်ပြုလိုက်သည်။
အောက်ဘက်ရှိ အရိုးဖြူများကို သူ အနည်းငယ် မှတ်မိနေသေးသည်။
သို့သော် အခြေအနေကို ကြည့်ရသည်မှာ အရိုးဖြူ အသစ်အချို့ ထပ်တိုးလာပုံရသည်။
ကျန်သည့် အရိုးများကတော့ ဆွေးမြည့်နေပြီဖြစ်ပြီး အချိန်ကာလ၏ တိုက်စားမှုကို ခံခဲ့ရသည့်အလားပင်။
ကျန်းချဲ့က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏ ဝိညာဉ်အာရုံကို ပတ်ဝန်းကျင်သို့ ဖြန့်ကြက်လိုက်သည်။
သူ၏ လက်ရှိ ဝိညာဉ်အာရုံဖြင့်ဆိုလျှင် အလွန် ကျယ်ဝန်းသော နယ်မြေတစ်ခုကို လွှမ်းခြုံနိုင်နေပြီ ဖြစ်ပြီး ဆယ်မိုင် ပတ်လည်ကို လွှမ်းခြုံရန်ဆိုသည်မှာ လုံးဝ ပြဿနာ မရှိပေ။
သို့သော် ဝိညာဉ်အာရုံများက ရှုပ်ထွေးနေသော လေဟာနယ်များ အတွင်းသို့ ဝင်ရောက်သွားချိန်တွင် အတားအဆီးများစွာနှင့် ကြုံတွေ့ခဲ့ရသည်။
အချို့သော ရှုပ်ထွေးသည့် လေဟာနယ်များက သူ၏ ဝိညာဉ်အာရုံကိုပင် အရှင်လတ်လတ် မျိုချပစ်လိုက်ကြသည်။
ယင်းက ကျန်းချဲ့ကို မျက်မှောင်ကြုတ်သွားစေပြီး ဝိညာဉ်အာရုံကို အများကြီး ပြန်လည် ရုပ်သိမ်းလိုက်ရသည်။
ဘေးရှိ အောက်ခွန်း ကလည်း အားမနေဘဲ လျင်မြန်စွာ ကူညီရှာဖွေပေးနေသည်။
"သခင် တွေ့ပြီ" ဟု နာရီဝက်ခန့် အကြာတွင် အောက်ခွန်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး ကျန်းချဲ့၏ နားထဲသို့ ဝင်ရောက်လာသည်။
ထိုစကားကို ကြားသောအခါ ကျန်းချဲ့၏ ရင်ထဲတွင် ဝမ်းသာသွားမိသည်။
ခန္ဓာကိုယ် တစ်ချက် လှုပ်ရှားလိုက်သည်နှင့် နေရာမှာပင် ပျောက်ကွယ်သွားကာ နောက်တစ်ကြိမ် ပြန်ပေါ်လာချိန်တွင် မိုင်အနည်းငယ် အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အောက်ခွန်းက အဝေးရှိ လေဟာနယ် တစ်နေရာကို လက်ညိုးထိုးပြကာ မျက်ဝန်းများထဲတွင် အံ့ဩဝမ်းသာမှုများ တောက်ပနေသည်။
ကျန်းချဲ့က ခေါင်းမော့ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ လေဟာနယ် လှိုင်းဂယက်များ အထက်တွင် အစိမ်းရောင် အလင်းတန်း တစ်ခု ကပ်ငြိနေသည်ကို မြင်လိုက်ရသည်။
လေဟာနယ်နှင့် တစ်သားတည်း ဖြစ်နေသည့်အလား ဝိုးတဝါးသာ မြင်တွေ့နေရသည်။
ထို အစိမ်းရောင် အလင်းတန်းက ရှိသလိုလို မရှိသလိုလို ဖြစ်နေသည်။
ရှေးဟောင်း မှတ်တမ်းများထဲတွင် ရေးသားထားသော ပုံရိပ်ယောင် နတ်မီးတောက် အမှန်တကယ်ပင် ဖြစ်သည်။
"သခင် သေချာ သတိထားပါ ဒီ ပုံရိပ်ယောင် နတ်မီးတောက်က ထိလိုက်တာနဲ့ ဒဏ်ရာရနိုင်ပြီး ပွတ်မိရင်တောင် အသက်ဆုံးရှုံးနိုင်တယ် အထူးသဖြင့် မူလဝိညာဉ်ကို ထိခိုက်နိုင်စွမ်း အရမ်း မြင့်မားတယ် ပြီးတော့ သန့်စင်ဖို့ အရမ်း ခက်ခဲတယ် သာမန် သိုလှောင်ရေး ရတနာတွေက ဒီအရာရဲ့ လောင်ကျွမ်းမှုကို လုံးဝ တောင့်ခံနိုင်မှာ မဟုတ်ဘူး" ဟု ကျန်းချဲ့ အလွန် စိတ်ဝင်စားနေသည်ကို မြင်သောအခါ အောက်ခွန်းက အလျင်အမြန် သတိပေးလိုက်သည်။
ကျန်းချဲ့က အောက်ခွန်းကို တစ်ချက် လှည့်ကြည့်လိုက်ပြီး လျင်မြန်စွာ ရှေ့သို့ တိုးသွားသည်။
ပုံရိပ်ယောင် နတ်မီးတောက်က မည်မျှပင် ကြောက်မက်ဖွယ် ကောင်းစေကာမူ သူ မကြောက်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ့ကို လုံးဝ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်သောကြောင့်ပင်။
သတ်မှတ်ထားသော အကွာအဝေး တစ်ခုအထိ ချဉ်းကပ်သွားရုံဖြင့် ထိုအရာကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် နယ်မြေ အတွင်းသို့ သိမ်းယူနိုင်မည် ဖြစ်သည်။
ကျန်းချဲ့ ဤမျှလောက် အရဲစွန့်နေသည်ကို ကြည့်ရင်း အောက်ခွန်းမှာတော့ ရင်တထိတ်ထိတ် ဖြစ်နေရသည်။
ကျန်းချဲ့ ဤနေရာသို့ လာရောက် သိမ်းယူရန် သေချာပေါက် နည်းလမ်း တစ်ခုခု ရှိမည်ဟု သူ သိထားသော်လည်း စိုးရိမ်ပူပန်မှုကိုတော့ မတားဆီးနိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေ ပုံရိပ်ယောင် နတ်မီးတောက်၏ နာမည်ကျော်ကြားမှုက အလကား ရလာခြင်း မဟုတ်ပေ။
ယွမ်ယင်းအဆင့်ကို ထားလိုက်ဦး။
ယွမ်ရှန်းအဆင့်ပင်လျှင် ပုံရိပ်ယောင် နတ်မီးတောက်၏ လောင်ကျွမ်းမှုကို အချိန်အကြာကြီး မတောင့်ခံနိုင်ပေ။
ယခင်က သူ ထိုအရာနှင့် အမှတ်မထင် ထိတွေ့မိစဉ်က မိစ္ဆာဝိညာဉ်မှာ ချက်ချင်း လောင်ကျွမ်းသွားခဲ့သည်။
အကယ်၍ သူသာ အချိန်မီ ဆုံးဖြတ်ချက်ချပြီး မိစ္ဆာဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်မပစ်ခဲ့ပါက ထိုအရာ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရမည်မှာ သေချာသည်။
ကျန်းချဲ့က လေဟာနယ်ထက်တွင် တစ်လှမ်းချင်း လျှောက်သွားပြီး ရှုပ်ထွေးနေသော လေဟာနယ်နှင့် ပို၍ပို၍ နီးကပ်လာကာ ပုံရိပ်ယောင် နတ်မီးတောက်နှင့်လည်း အလွန် နီးကပ်သွားသည်။
ကျန်းချဲ့က အနည်းငယ် အကဲခတ်ကြည့်လိုက်ပြီးနောက် လက်ကို မြှောက်လိုက်သည်။
သတ်မှတ်ထားသော အကွာအဝေး တစ်ခုသို့ ရောက်ရှိသွားချိန်တွင် လေဟာနယ်နှင့် တစ်သားတည်း ဖြစ်နေသော ထို အစိမ်းရောင် အလင်းတန်းလေးက တစ်ခုခုကို ခံစားမိသွားသည့်အလား မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင် ကျန်းချဲ့ထံသို့ ပြေးဝင်လာတော့သည်။
မီးတောက်နှင့် မတူဘဲ ဝိညာဉ်မြွေ တစ်ကောင်အလား ဖြစ်နေသည်။
"သခင်" ဟု အောက်ခွန်းက သတိပေးရန် ပြင်လိုက်သည်။
သို့သော် ရုတ်တရက် အသံတိတ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်စရာ မြင်ကွင်း တစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ဖြစ်သွားသည်။
ရှန်ရှန်း မဟာသိုင်းသခင်ကြီးများပင် ရှောင်ရှားရသော ပုံရိပ်ယောင် နတ်မီးတောက်က မျက်တောင်တစ်ခတ်အတွင်း ကျန်းချဲ့၏ အင်္ကျီလက်ရှေ့တွင် ပျောက်ကွယ်သွားသည်။
ရုတ်တရက် တစ်ခုခု၏ မျိုချခြင်းကို ခံလိုက်ရသည့်အလားပင်။
ကျန်းချဲ့ကမူ အလွန် သဘာဝကျနေပြီး မျက်တောင် တစ်ချက်ပင် မခတ်ခဲ့ချေ။
"ဟူး..." ဟု အောက်ခွန်းက လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။
ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားမိသည်။
သူက ကြိုတင် ပြင်ဆင်မှုများစွာ လုပ်ထားခဲ့သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်မှုကို မတားဆီးနိုင်ခဲ့ပေ။
ကျန်းချဲ့ ဤအရာကို သိမ်းယူလိုက်ပုံက အရမ်း လွယ်ကူလွန်းနေသည်ဟု သူ ခံစားလိုက်ရသည်။
စောစောက ကျန်းချဲ့ အနေဖြင့် အကြီးအကျယ် တိုက်ခိုက်ရတော့မည်ဟု သူ ထင်ထားခဲ့သော်လည်း ဤမျှလောက် ရိုးရှင်းနေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။
"သခင်က တကယ်ကို အစွမ်းထက်တာပဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ဒီမီးတောက်ကို ဖိနှိပ်နိုင်ခဲ့တယ်" ဟု အောက်ခွန်း သတိပြန်ဝင်လာပြီးနောက် အလျင်အမြန် မြှောက်ပင့်ပြောဆိုလိုက်သည်။
ကျန်းချဲ့က လက်ကာပြလိုက်ပြီး "အလုပ်ပြီးပြီဆိုတော့ ပြန်ကြရအောင်" ဟု ပြောလိုက်သည်။
ယခုအခါ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာ ဝမ်းနည်းမှုများကို မမြင်တွေ့ရသော်လည်း ရင်ထဲတွင်တော့ အတော်လေး စိတ်အေးသွားပြီ ဖြစ်သည်။
ပုံရိပ်ယောင် နတ်မီးတောက်ကို ရရှိသွားပြီဖြစ်ရာ ကောင်းကင်ယန်စွမ်းအင် မြက်ပင်၊ ကျိုယိုး သွေးစစ်စစ် သစ်ပင် စသည့် အရာများလည်း ရှိနေပြီဖြစ်သဖြင့် ယခုအခါ ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး ပြည့်စုံရန် မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့ တစ်ခုသာ လိုအပ်တော့သည်။
တစ်လကျော် အချိန်တိုလေးအတွင်းမှာပင် အများစုကို စုဆောင်းနိုင်ခဲ့ရာ သူ တကယ်ကို ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။
အထူးသဖြင့် ဤ ပုံရိပ်ယောင် နတ်မီးတောက် ဆိုသည့်အရာက အမှတ်မထင်သာ တွေ့နိုင်ပြီး တမင်တကာ ရှာဖွေ၍ မရနိုင်သော အရာဖြစ်သည်။
အစပိုင်းတွင် ကျန်းချဲ့က အတင်းအဓမ္မ ယဇ်ပူဇော်ရန်ပင် ပြင်ဆင်ထားခဲ့သေးသည်။
သို့သော် မမျှော်လင့်ဘဲ အခြေအနေများ ပြောင်းလဲသွားပြီး အောက်ခွန်း၏ ပါးစပ်မှတစ်ဆင့် ဤအရာ၏ သတင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး ကျန်ရှိနေသော ယဇ်ပူဇော်စရာ ပစ္စည်း တစ်ခုသာ ရရှိပါက ယွမ်ရှန်းအဆင့်သို့ တက်လှမ်းနိုင်ပြီ ဖြစ်သည်။
သူ၏ ခန့်မှန်းချက် အရဆိုလျှင် ယွမ်ရှန်းအဆင့်သို့သာ တက်လှမ်းနိုင်ပါက ဖုန်းယွင် အဆင့်သတ်မှတ်ချက် စာရင်း၏ ထိပ်ဆုံး ဆယ်ယောက် သို့မဟုတ် ထိပ်ဆုံး ငါးယောက် အတွင်းသို့ပင် ဝင်ရောက်သွားနိုင်ချေ ရှိသည်။
ထို့အပြင် ဓမ္မရုပ်တုနှင့် ခန္ဓာကိုယ် နှစ်မျိုးစလုံးကို ကျင့်ကြံထားသူ ဖြစ်ရာ သိုင်းသူတော်စင် အောက်တွင် ပြိုင်ဘက်ကင်းသူ ဟု ဆိုလျှင်ပင် ရနိုင်လောက်သည်။
ယွမ်ရှန်းအဆင့်သို့ တက်လှမ်းပြီး စစ်မှန်သောသခင် ဖြစ်လာပါက နောင်တွင် မည်သည့် အန္တရာယ်မျိုးနှင့် ကြုံတွေ့ရပါစေ သိုင်းသူတော်စင် ထွက်မလာသရွေ့ မည်သူကမျှ သူ့ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
မယှဉ်နိုင်လျှင်တောင်မှ ထွက်ပြေးရန်မှာ လုံးဝ ပြဿနာ မရှိပေ။
မည်သို့ပင်ဆိုစေ သူ ဖြတ်သန်းလာခဲ့သော ခရီးတစ်လျှောက်တွင် အချိန်အများစု၌ အဆင့်တူ အချင်းချင်း ပြိုင်ဘက်ကင်းခဲ့သည်။
ယွမ်ရှန်းအဆင့်တွင်လည်း ချွင်းချက် ဖြစ်မည် မဟုတ်ပေ။
ယွမ်ရှန်းအဆင့်သို့ မရောက်ခင် ကတည်းက ထိပ်တန်း စစ်မှန်သောသခင် များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့သည်။
ယွမ်ရှန်းအဆင့်သို့ ဝင်ရောက်ပြီးနောက် အထွတ်အထိပ် စစ်မှန်သောသခင် များကိုလည်း သူ အနည်းငယ်မျှ ကြောက်ရွံ့မည် မဟုတ်ပေ။
အရေးအကြီးဆုံးမှာ ယဇ်ပူဇော်စရာ ပစ္စည်း တစ်ခုတည်းသာ လိုအပ်တော့ပြီး အမှန်တကယ် ရှာမတွေ့တော့ပါက ကျန်းချဲ့ အနေဖြင့် သက်တမ်းကို အသုံးပြု၍ အတင်းအကျပ် ယဇ်ပူဇော်ရန် စွန့်စားနိုင်သေးသည်။
ထိုသို့ မလုပ်နိုင်သည်တော့ မဟုတ်ပေ။
သက်တမ်း သုံးရာကျော် ရှိနေသဖြင့် မည်သို့ပင်ဖြစ်စေ လုံလောက်ပေသည်။
သေချာသည်မှာ အကယ်၍ ယခင်က ယဇ်ပူဇော်စရာ ပစ္စည်း တစ်ခုမှ မရှိသေးချိန်ကသာ ဆိုလျှင် အသက်အန္တရာယ် မကြုံတွေ့ရသရွေ့ သူ စမ်းသပ်ရဲမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ဝိညာဉ်ရတနာ များစွာကို သက်တမ်းဖြင့် အစားထိုးရမည် ဆိုပါက လုံလောက်သည် ဆိုလျှင်တောင်မှ နှစ်အနည်းငယ်သာ ကျန်တော့မည်ဟု သူ ခန့်မှန်းထားသည်။
ထို့နောက်ပိုင်း ယဇ်ပူဇော်မှုများ အတွက် သက်တမ်း ထပ်မံ လိုအပ်ဦးမည်သာ ဖြစ်သည်။
ထို့ကြောင့် မလွှဲမရှောင်သာသော အခြေအနေမျိုးမှ လွဲ၍ ကျန်းချဲ့က လုံးဝ စမ်းသပ်မည် မဟုတ်ပေ။
သို့သော် ယခုတော့ မတူတော့ပေ။
ယခုအချိန်သို့ ရောက်မှသာ သူ၏ ရင်ထဲတွင် ယုံကြည်မှု အချို့ ပိုမို တိုးပွားလာခဲ့သည်။
ချက်ချင်းပင် ယွဲ့ပြည်နယ်သို့ ပြန်လည် ထွက်ခွာပြီး ဘုရင်တစ်ပါး၏ အပြန်ခရီးကို ဖန်တီးရန် ပြင်ဆင်လိုက်သည်။
"အမိန့်တိုင်းပါ" ဟု အောက်ခွန်းက အလျင်အမြန် အရိုအသေပေးကာ ပြောလိုက်သည်။
ကျန်းချဲ့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒီတစ်ကြိမ် တာအိုမိတ်ဆွေ အောက်ခွန်းကို အများကြီး ကျေးဇူးတင်ပါတယ် ဒီအကျိုးဆောင်မှုကို ကျန်း တစ်ယောက် မှတ်ထားပါမယ် တာအိုမိတ်ဆွေ အောက်ခွန်းသာ စီးတော်ယာဉ် အဖြစ် နှစ်ခြောက်ဆယ် နေပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ခင်ဗျားကို လွတ်လပ်ခွင့် ပြန်ပေးမယ်လို့ ကျန်း တစ်ယောက် ကတိပေးပါတယ်"
မြင်းကို ပြေးစေချင်လျှင် မြင်းကို မြက်ကျွေးရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ အောက်ခွန်းက ထိပ်တန်း မိစ္ဆာဘုရင် တစ်ပါး ဖြစ်သည် မဟုတ်ပါလား။
သေချာပေါက် သတိထား ဆက်ဆံရမည်သာ ဖြစ်သည်။
သေချာသည်မှာ အဓိက အကြောင်းရင်းမှာ သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းက အရမ်း မြန်ဆန်လွန်းနေသောကြောင့် ဖြစ်သည်။
နှစ်ခြောက်ဆယ် ဆိုသော အချိန်ကာလ အတွင်း သူ သိုင်းသူတော်စင် ဖြစ်လာရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
မည်သည့် အဆင့်အထိ ရောက်ရှိသွားမည်ကို သူကိုယ်တိုင်ပင် သေချာ မသိနိုင်ပေ။
ထိုအချိန်ရောက်ပါက သူက တစ်ဖက်လူကို စီးတော်ယာဉ် လုပ်ခိုင်းမည် မဟုတ်ဘဲ အောက်ခွန်း ကိုယ်တိုင်က စီးတော်ယာဉ် လုပ်ခွင့်ပေးရန် တောင်းဆိုလာမည် ဖြစ်ပြီး ထိုအရာကိုပင် ဂုဏ်ယူနေမည် ဖြစ်သည်။
သို့သော် ကျန်းချဲ့ သိပ်ဂရုမစိုက်သော ကတိစကား တစ်ခွန်းက အောက်ခွန်းကို ချက်ချင်း အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။
လူလုပ်ခွင့်ရမည် ဆိုပါက မည်သူက စီးတော်ယာဉ် လုပ်ချင်မည်နည်း။
နှစ်ခြောက်ဆယ် ဆိုသော အချိန်ကာလက မတိုတောင်းသော်လည်း သူ့အတွက်တော့ တစ်ရေးအိပ်လိုက်သည်ထက် အနည်းငယ်မျှသာ ပိုမို ကြာမြင့်သည်။
မည်သို့ပင်ဆိုစေ လူသားများနှင့် နှိုင်းယှဉ်ပါက သူ၏ သက်တမ်းက အလွန် ရှည်လျားလွန်းလှသည်။
လူသား သိုင်းသူတော်စင်များ၏ သက်တမ်းနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်လောက်သည်။
နှစ်ခြောက်ဆယ် ဆိုတော့လည်း သူ စောင့်နိုင်ပါသည်။
"ကျေးဇူးတင်ပါတယ် သခင် ကျေးဇူးတင်ပါတယ် သခင် သခင့်အတွက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်" ဟု အောက်ခွန်းက အလျင်အမြန် ကတိပေးလိုက်သည်။
"သွားကြစို့" ဟု ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး လက်ဝှေ့ယမ်းကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော် ရုတ်တရက် ကျန်းချဲ့၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး တစ်ခုခုကို ခံစားမိလိုက်သည့်အလား အရှေ့ဘက်ရှိ ရှုပ်ထွေးနေသော လေဟာနယ်ဆီသို့ အကြည့်များကို ချက်ချင်း ရွှေ့လိုက်ရာ မျက်ဝန်းများထဲတွင် အံ့ဩသင်္ကာမကင်းဖြစ်မှုများ ဖြတ်ပြေးသွားသည်။
ဘေးရှိ အောက်ခွန်း သည်လည်း တစ်ခုခုကို ခံစားမိလိုက်သည့်အလား မျက်မှောင်ကို ရုတ်တရက် ကြုတ်လိုက်သည်။
ထို လေဟာနယ် နေရာလေးက အနည်းငယ် ပုံမှန်မဟုတ်သလို ခံစားနေရသည်။