← Chapters

ကလေး၊ ဖြေစမ်းပါဦး

Vol. 3 Ch. 45

ကလေး၊ ဖြေစမ်းပါဦး

Vol. 3 Ch. 45

ရွှီချင်းသည် အိမ်ပြန်ရောက်သောအခါမှသာ သက်ပြင်းမောကြီးချလိုက်သည်။

ထိုသို့ပြုလုပ်သည်မှာ မကောင်းမှန်း သူ သိပါသော်လည်း ပညာကို အရူးအမူးတပ်မက်သော သူ၏စိတ်ကြောင့် ထိုသို့လုပ်ရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိချေ။

သူ၏လှည့်ကွက်အသေးစားလေးကိုလည်း ဖောက်မြင်နိုင်မည်ဖြစ်ကြောင်း သူ နားလည်ထားသည်။

“ နောက်ကျရင် ကျုပ် သမားတော်ကြီးကို ကျေးဇူးပြန်ဆပ်မှာပါ ”

လူငယ်လေးသည် တီးတိုးရေရွတ်ကာ ထိုကိစ္စကို ရင်ထဲတွင် မှတ်သားထားလိုက်သည်။ မည်သို့ပြန်ဆပ်ရမည်ကို သူ မသိသေးပါသော်လည်း ရင်ထဲတွင် မှတ်ထားရမည်သာ ဖြစ်သည်။ နောင်တချိန်ချလျှင် ပြန်ဆပ်ရန်အခွင့်အရေး ရချင်ရလာနိုင်သည် မဟုတ်ပါလား။

၎င်းအား မေ့သွားမည်ကို စိုးရွံ့သည့်အလား သူက သူ၏သားရေအိတ်ထဲမှ ဝါးပေလွှာကလေးကို ထုတ်ကာ သံတုတ်ဖြင့် ‘ သမားတော်ကြီးပိုင် ’ ဆိုသည့်စကားလုံးများအား ထွင်းထုလိုက်လေသည်။

ထိုပေလွှာကလေးကို အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက သမားတော်ကြီးပိုင် ဆိုသော စာသားအပြင် ခေါင်းဆောင်လဲ့ဟူသော နာမည်ကိုပါ ရေးထွင်းထားသည်ကို မြင်ရပေမည်။ ထို့ပြင် တခြားနာမည်သုံးခုလည်း ရှိနေသေး၏။

အနှီနာမည်သုံးခုသည် ဆင်းရဲသားရပ်ကွက်တွင် နေထိုင်စဉ်က သူ့အား ကူညီပေးခဲ့သည့်လူများ ဖြစ်ကြပေသည်။ သူတို့က အနည်းအကျဉ်းသာ အကူအညီပေးခဲ့ပါသော်လည်း ရင်ထဲတွင် သူ မှတ်သားထား၏။

ထိုနည်းအားဖြင့် နာမည်အား ရေးထွင်းပြီးနောက် ရွှီချင်းသည် နောက်ထပ်ဝါးပေလွှာလေးတစ်ခုကို ထုတ်ကာ ယနေ့သင်ခန်းစာများအား ရေးခြစ်လိုက်လေသည်။

ယခင်သင်ခန်းစာများရေးထွင်းထားသည့် ဝါးပေလွှာကလေးကိုလည်း ထုတ်ယူလိုက်ပြီး စိတ်ထဲမှနေ၍ ကျက်မှတ်လိုက်သည်။ သင်ခန်းစာအားလုံးကို မှတ်မိကြောင်း သေချာသွားသောအခါ သူ ကျေနပ်သွားဟန်တူသည်။

“ ငါ ဆေးပင်နှစ်ဆယ့်ခုနစ်မျိုးကို နားလည်နေပြီ ”

ရွှီချင်းသည် လွန်စွာ ပျော်ရွှင်နေ၏။ ထိုခံစားချက်သည် တစ်နေ့ခင်းလုံး ကြာရှည်ခံနေပြီး ကျင့်ကြံနေသည့်အချိန်မှာပင် စိတ်ရွှင်လန်းနေသည်။

ထို့ကြောင့် နောက်တစ်နေ့နံနက်စောစော၌ သူ နိုးလာသည်။ ခုနစ်ရွက်မြက်ပင်အနည်းငယ်ကို ရောင်းချပြီးနောက် ကောင်းကင်ကြမ္မာပန်းပွင့်နှင့် ဆင်တူသော ဆေးပင်တစ်ပင်ကို ဝယ်ကာ သမားတော်ကြီးပိုင်၏ ရွက်ဖျင်တဲကို သွားမြဲတိုင်း သွားလိုက်သည်။

ယမန်နေ့က နေရာမှာပင် သူ ရပ်နေလိုက်ပြီး ရွက်ဖျင်တဲထဲမှ သင်ခန်းစာ ပို့ချမည့်အချိန်ကို ငြိမ်သက်စွာ စောင့်နေသည်။ သင်ခန်းစာ ပြီးဆုံးသွားပြီး သမားတော်ကြီးပိုင်က မေးမြန်းရန် ထွက်လာသည့်အခါ သူ ဝယ်လာခဲ့သည့်ဆေးပင်ကို ထုတ်၍ မေးမြန်းလိုက်သည်။

သမားတော်ကြီးပိုင်သည် ဆေးပင်ကိုကြည့်၍ ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်သည်။ သူက ခေါင်းယမ်းလိုက်ပြီး သူ ဝယ်ခဲ့သည့်ဆေးပင်မဟုတ်ကြောင်း ရွှီချင်းကို ပြောလိုက်သည်။

ထိုစကားသည် ရွှီချင်းကို တခြားဆေးပင်တစ်မျိုး ယူလာရမည်ဖြစ်ကြောင်း နားလည်သွားစေခဲ့သည်။ ထို့ကြောင့် သူ ပျော်ရွှင်သွားကာ ရင်ထဲမှနေ၍ ကျေးဇူးတင်သွားရသည်။ သူက အရိုအသေပေးကာ ထွက်ခွာလာပြီးနောက် ပြန်လှည့်ကြည့်လိုက်ရာ ယမန်နေ့ကအတိုင်း သမားတော်ကြီးပိုင်က နေရာမှာပင်ရပ်၍ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းသည် ရွှီချင်း၏မျက်လုံးများထဲ ထင်ဟပ်သွားပြီး သူ့စိတ်ထဲတွင် ကမ္ပည်းရေးထိုးထားလိုက်သည်။

ထိုသို့ဖြင့် လဝက်ခန့် ကုန်လွန်သွားလေသည်။

ရွှီချင်းသည် ဆေးပင်အမျိုးအစားအားလုံးနီးပါး နေ့စဉ် ယူလာကာ သင်ခန်းစာချိန် ပြီးသွားတိုင်း ရွက်ဖျင်တဲအပြင်ဘက်၌ သမားတော်ကြီးပိုင်ကို မေးမြန်းလေသည်။

ဆေးပင်များအကြောင်းကို သူ တစတစ သိရှိလာသည်။ ဆေးပင်များအား ပေါင်းစပ်သည့်နည်းလမ်းများကိုပင် သူ ကြားလာရသည်။

ထိုအခြေအနေက သူ့ကို များစွာ ဗဟုသုတရရှိသွားစေပြီး သူ မှတ်တမ်းတင်ထားသည့် ဝါးပေလွှာများသည်လည်း ဒါဇင်ကျော်လာခဲ့လေပြီ။

သမားတော်ကြီးပိုင်သည်လည်း သူ၏ဆေးပညာများကို ရွှီချင်း ခိုးသင်နေကြောင်း တစ်ခါမှ ထုတ်မပြောခဲ့ချေ။ နေ့စဉ်နေ့တိုင်း ဆေးပင်များနှင့် ပတ်သက်သည့် ရွှီချင်း၏မေးခွန်းများကို စိတ်ရှည်ရှည်နှင့် ဖြေပေးလေသည်။

နောက်ဆုံး၌ အရွယ်နှင့်မလိုက်အောင် ကြီးမားသော သားရေအင်္ကျီအနွေးထည်ကြီးကို ဝတ်ဆင်ထားသည့်ထိုကလေးကို အစောင့်အရှောက်များသာ မြင်သားကျလာသည်မက ရွက်ဖျင်တဲထဲရှိ ကလေးများသည်လည်း ကောင်းစွာ သတိပြုမိလာကြသည်။

အပြင်ဘက်၌ မိုးသည်းထန်စွာ ရွာသောနေ့ရက်များမှာပင် သူ ရောက်လာတတ်သည်။ သမားတော်ကြီးပိုင်ဖြစ်စေ၊ လူငယ်လေးနှင့် မိန်းကလေးဖြစ်စေ သူတို့အားလုံး ရွှီချင်း မလာတော့ဘူးဟု ထင်လိုက်ကြသည့်တိုင်အောင် ရွှီချင်းက မိုးကာအင်္ကျီကြီးကို ဝတ်ကာ လာတတ်သည်။

မိုးရွာရွာ၊ နေပူပူ အရေးမပါတော့ပေ။

ထိုအခြင်းအရာကြောင့် သမားတော်ကြီးသာမက ကလေးနှစ်ယောက်သည်လည်း ရွှီချင်းကို အထင်ကြီးသွားကြသည်။

ထို့ကြောင့် စာသင်ချိန်ကို အချိန်မီ ရှားရှားပါးပါး ရောက်မလာသောတစ်နေ့၌ မိန်းကလေးနှင့် လူငယ်လေးသည် ရွက်ဖျင်တဲအပြင်ဘက်ကို မကြာခဏ လှမ်းကြည့်ကြ၏။

ယနေ့ ညစ်ပတ်ပေရေနေသော ရတနာမုဆိုးလေး ရောက်မလာသည့်အတွက် သူတို့ အံ့အားသင့်နေကြဟန်တူသည်။

လူငယ်လေးနှင့် မိန်းကလေးတို့ အကြည့်လွှဲသွားသောအခါမှသာ မောပန်းနွမ်းနယ်နေသော ရွှီချင်း၏ပုံရိပ် ပေါ်လာသည်။

သူ နောက်ကျသွားရသည့်အကြောင်းအရင်းမှာ သမားတော်ကြီးပိုင်၏ သင်ခန်းစာများကို နားထောင်ရသည့်အပြင် ကောင်းကင်ကြမ္မာပန်းပွင့်နှင့် အမာရွတ်ဖယ်ရှားနိုင်သော ကျောက်တုံးများအား ရှာဖွေရန် တားမြစ်နယ်မြေတောအုပ်ထဲသို့ သွားရအောင်သောကြောင့်လည်း ဖြစ်သည်။ တချိန်တည်းမှာပင် သူက သန္ဓေပြောင်းသားရဲများကို အမဲလိုက်ကာ လေ့ကျင့်နေသည်။

သို့စေကာမူ သူ၏ရှာဖွေခြင်းလုပ်ငန်းစဉ်က မချောမွေ့ပေ။

ထိုပစ္စည်းနှစ်မျိုးကို သူ ရှာမတွေ့သေးပါသော်လည်း တားမြစ်နယ်မြေထဲရှိ အန္တရာယ်များနှင့် ကျင့်သားရလာသည်။

သူသည် တောင်တန်းပင်လယ်ပညာရပ်၏ အဆင့်လေးကို ရောက်ရှိနေသည့်တိုင်အောင် ရတနာမုဆိုးအိုကြီးတစ်ယောက်၏ အသိအမြင်မျိုး ပိုင်ဆိုင်ထားပြီဖြစ်သည်။ တောအုပ်အစွန်အဖျားတွင် ဂရုတစိုက်သာ နေပါက သူ့အနေဖြင့် အသက်ရှင်အောင် နေနိုင်သည်သာမက သန္ဓေပြောင်းသားရဲများကိုပင် အမဲလိုက်နိုင်နေပြီဖြစ်သည်။ သို့သော်လည်း အန္တရာယ်များကို ရံဖန်ရံခါမှသာ သူ ကြုံတွေ့ရသည်။

ဤတစ်ကြိမ်တွင် သူ နောက်ကျသွားခဲ့ရသည်မှာ တောနက်ထဲမှ ထွက်လာသော သန္ဓေပြောင်းသားရဲတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသောကြောင့် ဖြစ်ပေသည်။ သူ သေမင်းကို ကိုယ်လွတ်ရုန်းကာ ပြေးလာနိုင်ခဲ့သည်။ ညလုံးပေါက်ခရီးနှင်ခဲ့ပြီးနောက် မနက်ခင်းတွင် သူ ပြန်ရောက်လာခဲ့သည်။

သူသည် ပြန်ရောက်လာသည်နှင့် အနားမယူနေတော့ဘဲ သင်ခန်းစာကို လာရောက်နားထောင်ခြင်း ဖြစ်သည်။

ထို့ပြင် ဤရက်ပိုင်းအတွင်း ရွှီချင်းသည် မသေးလွန်း၊ မကြီးလွန်းသော အကျိုးအမြတ်တစ်ခုလည်း ရရှိခဲ့သေးသည်။ ယင်းမှာ အရိုးဓား ပြောပြခဲ့ဖူးသည့် အာမခံကိစ္စပင် ဖြစ်သည်။

အရိုးဓားမှာ ကောင်းစွာ နေထိုင်ခဲ့သည်။

ရွှီချင်းထံမှ အာမခံ ဝယ်သွားသည့် နောက်ဆုံးအချိန်ကတည်းက အရိုးဓားသည် တားမြစ်နယ်မြေထဲ သွားသည့်အခါတိုင်း အာမခံကို လာရောက်ဝယ်သွားလေ့ရှိသည်။ မြူခိုးများက နောက်ထပ် ပေါ်မလာတော့သောကြောင့် ရွှီချင်းအနေဖြင့် လှုပ်ရှားနေရန်လည်း မလိုအပ်ခဲ့ပေ။

သို့စေကာမူ အရိုးဓားသည် ဝယ်မြဲတိုင်း ဝယ်နေဆဲပင်။ အမှန်တွင် သူ့ထံမှ အာမခံ ဝယ်ယူသည့် လူအရေအတွက်မှာလည်း တဖြည်းဖြည်း ပိုမိုများပြားလာသည်။

ရွှီချင်းသည် သတိလက်လွတ်ဖြင့် ထိုလူများစွာကို မရောင်းချပေ။ ယခင်က သူ ကယ်ခဲ့ဖူးသည့်လူများကိုသာ သဘောတူလက်ခံခဲ့သည်။

ယင်းသည်လည်း ရွှီချင်း၏ဝင်ငွေကို တိုးပွားစေခဲ့သည်။ တားမြစ်နယ်မြေမှာ အမဲလိုက်ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏နေ့ရက်များက ပို၍ အဆင်ပြေချောမွေ့လာခဲ့သည်။

ခေါင်းဆောင်လဲ့က သူ၏တာဝန်ကို ဆက်မယူနိုင်တော့ပါသော်လည်း ရွှီချင်းပေးသည့် အခကြေးငွေက လွန်စွာ များပြားသည်။ ခေါင်းဆောင်လဲ့က လက်မခံပါသော်လည်း ရွှီချင်းက ဇွတ်အတင်းပေးသဖြင့် နောက်ဆုံးတွင် လက်ခံလိုက်ရသည်သာ ဖြစ်သည်။

ခေါင်းဆောင်လဲ့သည် ပိုက်ဆံအများစုကို အစားအသောက်တွင် သုံးစွဲလေသည်။ တားမြစ်နယ်မြေထဲမှ ရွှီချင်း ပြန်ရောက်လာသည့်အချိန်တိုင်း ပူနွေးသောအစားအသောက်များကို စားရလေသည်။

ရွှီချင်းအတွက် အဝတ်အထည်အနည်းငယ်ကိုပင် ခေါင်းဆောင်လဲ့က ဝယ်ပေးခဲ့သည်။

ထိုအဝတ်အစားများအားလုံး သစ်လွင်တောက်ပနေသည်ဖြစ်၍ ရွှီချင်းမှာ မဝတ်ရက်ချေ။ သို့ဖြစ်၍ ဗီရိုထဲတွင် သပ်ရပ်စွာ ခေါက်၍ ဗီရိုထဲတွင် ထည့်သိမ်းထား၏။ ရံဖန်ရံခါ ဗီရိုထဲမှ ထိုအဝတ်အစားသစ်များကို သူ ထုတ်ယူကြည့်မိလိုက်တိုင်း ပျော်ရွှင်သွားရသည်။

နေ့စဉ် အစာစားချိန်သည်လည်း ရွှီချင်း၏ အနွေးထွေးဆုံးသော အခိုက်အတန့်များအနက် တစ်ခု ဖြစ်သည်။

အစာစားချိန်၌ သူသည် ကောင်းကောင်းစားသည်သာမက ခေါင်းဆောင်လဲ့သည်လည်း အသက်အရွယ်ကြီးရင့်သော အဘိုးကြီးတစ်ယောက်က အိမ်နီးနားချင်းများအကြောင်း ပြောပြသကဲ့သို့ စခန်းရှိ အသေးအဖွဲကိစ္စများကို ပြောပြလေသည်။

ထိုအတောအတွင်း ကြက်ခြေခတ်နှင့် လွမ်ယာသည်လည်း ပြန်ရောက်လာ၏။ သူတို့နှစ်ဦးက ခေါင်းဆောင်လဲ့ကို အချိန်အတော်ကြာ အဖော်ပြုပေးပြီးနောက် ပြန်လည်ထွက်ခွာသွားသည်။

ဤအချိန်ကာလအပိုင်းအခြားသည် လွန်ခဲ့သော ခြောက်နှစ်အတွင်း ရွှီချင်းအတွက် စိတ်အကျေနပ်ရဆုံးကာလများဟု ဆိုနိုင်ပေသည်။

ပူနွေးသော အစားအသောက်များ၊ အဝတ်အစားသစ်များနှင့် ခေါင်းဆောင်လဲ့၏ အဖော်ပြုပေးမှု၊ သူ၏ကျင့်ကြံခြင်းအခြေခံသည်လည်း တိုးတက်လာနေသည်။ အပင်နှင့် အသီးအရွက်နှင့် ပတ်သက်သော သူ၏ အသိပညာဗဟုသုတများသည်လည်း တရိပ်ရိပ် တိုးပွားလာနေ၏။

ယင်းအတွက်ကြောင့် သူ စိတ်ကျေနပ်နေရသည့်အပြင် လက်ရှိရနေသည့်အရာအားလုံးကို မြတ်နိုးတန်ဖိုးထားနေသည်။ နေ့စဉ်နေ့တိုင်း ရွက်ဖျင်တဲအပြင်ဘက်ကို သူ သွားကာ အာရံစိုက်၍ သင်ခန်းစာများ နားထောင်လေသည်။

ယနေ့ မနက်ခင်းနေရောင်ခြည်တန်းများအောက်၌ ရွက်ဖျင်တဲအပြင်ဘက်တွင် ရပ်နေသော ရွှီချင်းသည် သမားတော်ကြီးပိုင်က လူငယ်လေးအား မေးခွန်းမေးလိုက်သည်ကို ကြားလိုက်ရသည်။

“ ချန်ဖေးယွမ်၊ ယဲ့ရှစ်ချန်းနျူဆေးပင်အကြောင်းကို ငါ့ကို ပြောပြစမ်းပါဦး ”

ချန်ဖေးယွမ်ဆိုသောနာမည်သည် လူငယ်လေးကို သမားတော်ကြီးပိုင် ပေးထားသော နာမည်ဖြစ်သည်။ ထိုနာမည်ကို လွန်ခဲ့သော လကတည်းက ရွှီချင်း သိထားခဲ့ပြီး မိန်းကလေး၏နာမည်က ထင်းယွီဖြစ်ကြောင်းကိုလည်း သိခဲ့သည်။

သမားတော်ကြီးပိုင်၏ မေးခွန်းကို ကြားသောအခါ လူငယ်လေးကို မည်သို့ဖြေရမည်ကို မသိပေ။ သူသည် ပွစိပွစိရေရွတ်ကာ ခဏအကြာတွင် ရပ်သွားသည်။

ရွှီချင်းသည် ရွက်ဖျင်တဲအတွင်းပိုင်းကို မမြင်နိုင်ပါသော်လည်း ရွက်ဖျင်တဲဝင်ပေါက်က မကြာခဏ ပွင့်သွားသည်ဖြစ်၍ လူငယ်လေး၏ စိုးရိမ်သောကရောက်နေသော မျက်နှာကို သူ့မျက်လုံးထောင့်စွန်းများမှနေ၍ မြင်နိုင်ပေသည်။

“ ဘာမှအသုံးမကျတဲ့ကောင်၊ ထင်းယွီ ဖြေစမ်း ”

မိန်းကလေးကို ပြောလိုက်သည့် သမားတော်ကြီးပိုင်၏လေသံက လွန်စွာ တင်းမာခက်ထန်နေသည်။

သို့သော်လည်း ဤတစ်ကြိမ်၌ မိန်းကလေးသည် ကောင်းစွာ ပြင်ဆင်မထားပေ။

“ ယဲ့ရှစ်ချန်းနျူဆေးပင်၊ အဲဒီအပင်ကို သိကြတာက တောင်အမြစ်အဆိပ် … ဟို … ဆရာ … သမီး မေ့သွားလို့ ”

မိန်းကလေးက ကြောက်လန့်စွာ ပြောလိုက်ပြီး ငြိမ်သက်သွားသည်။

ရွက်ဖျင်တဲတစ်ခုလုံး ချက်ချင်း ငြိမ်သက်သွား၏။ သမားတော်ကြီးပိုင် အကြီးအကျယ် ဒေါသထွက်နေမည်မှာ ပြောနေစရာပင် မလိုချေ။ ထိုအခိုက် သမားတော်ကြီးပိုင်၏လေသံက အမျက်ဒေါသများ ပေါ်လွင်နေလျက် လွင့်ပျံလာသည်။

“ ကလေး၊ မင်း ဖြေစမ်း ”

ရွက်ဖျင်တဲအပြင်ဘက်တွင် ရှိနေသော ရွှီချင်းသည် ဆွံ့အသွားပြီး အလိုလို ပြောလိုက်သည်။

“ ယဲ့ရှစ်ချန်းနျူဆေးပင်၊ အဲဒီအပင်ကို တောင်အမြစ်ဂန္ဓာပန်းပင်လို့လည်း သိကြတယ်။ ဂန္ဓမာပန်းအနွယ်ဝင်အပင်တစ်မျိုး ဖြစ်တယ်။ အေးစိမ့်နေတဲ့စမ်းချောင်းတွေ၊ တောအုပ်တွေနဲ့ ယင်စွမ်းအားတွေ ကိန်းအောင်းနေတဲ့ လျှိုမြောင်တွေမှာ ပေါက်ရောက်တဲ့ သစ်နွယ်ပင်တစ်ပင် ဖြစ်တယ်။ အဲဒီအပင်ရဲ့အရသာက ခါးသက်သက်နဲ့ နည်းနည်းပူတယ်။ ပုပ်ပွနေတဲ့အရသာမျိုးလည်း ရှိတယ်။ လေတိုက်နှုန်းကို လျော့ကျစေနိုင်တဲ့ ထူးဆန်းတဲ့အာနိသင်လည်း ရှိတယ်။ ဒါပေမဲ့ အဲဒီအပင်က အဆိပ်ပြင်းတယ်။ ယင်ယန်အစွန်းနှစ်ဖက်အပင်တွေထဲမှာ ပါဝင်ပါတယ် ”

ရွှီချင်းသည် ထိုနေရာတွင် ရပ်လိုက်သည်။

“ အလွန်အကျွံသုံးစွဲရင် ဘာတွေဖြစ်နိုင်လဲ ”

ရွက်ဖျင်တဲထဲရှိ သမားတော်ကြီးပိုင်က ထပ်မံမေးမြန်းလိုက်ပြီး လူငယ်နှင့်မိန်းကလေးသည် အနည်းငယ် မယုံမကြည်ဖြစ်နေကြသည်။

“ အလွန်အကျွံသုံးစွဲရင် ဗိုက်နာမယ်၊ မူးဝေနောက်ကျိပြီး ဂယောင်ချောက်ခြားဖြစ်မယ်။ ဆယ့်ငါးမိနစ်အတွင်း မကယ်ရင် အဲဒီလူ သေသွားပါမယ် ”

ရွက်ဖျင်တဲအပြင်ဘက်ရှိ ရွှီချင်းသည် ရှက်ရွံ့နေပါသော်လည်း ရပ်နားခြင်းမရှိဘဲ ဒိုးဒိုးဒေါက်ဒေါက် ဖြေလိုက်သည်။

“ အဲဒီအပင်ရဲ့အဆိပ်ကို ဘယ်လိုပျယ်အောင် လုပ်ရမလဲ ”

“ ပျို့အန်ပြီးတော့ အစာအိမ်ဆေးကြောခြင်းနည်းလမ်းကို သုံးနိုင်ပါတယ်။ နေမွန်းတည့်ချိန်မှာ ကြက်ဥအဖြူနဲ့ ဆူးအနီဝတ်မှုန်တွေကို ရောကြိတ်ပြီးတော့ ရောဂါကို ကုသရပါမယ်။ ကုသချိန်က တစ်နာရီထက်မကျော်ရပါဘူး။ သုံးရက်ဆက်တိုက်ကုသရပါမယ် ”

ရွှီချင်း၏အဖြေစကားကြောင့် ရွက်ဖျင်တဲထဲရှိ သမားတော်ကြီးပိုင်သည် မျက်နှာသေဖြင့် ရှိနေပါသော်လည်း သူ့ဘေးရှိလူငယ်လေးနှင့် မိန်းကလေး၏မျက်ဝန်းများမှာ အံ့သြစိတ်ကြောင့် ပြူးကျယ်နေလေသည်။

“ ယင်ယန်အစွန်းနှစ်ဖက်အပင်တွေဆိုတာ ဘာတွေလဲ ”

သမားတော်ကြီးပိုင်က ထပ်မံမေးမြန်းလိုက်သည်။

“ ယင်ယန်အစွန်းနှစ်ဖက်ဆိုတာ အကောင်းနဲ့အဆိုးကို ပေါင်းစည်းခြင်း ဖြစ်ပါတယ်။ ယန်က ဆေးကို ကိုယ်စားပြုပြီးတော့ ယင်က အဆိပ်ကို ကိုယ်စားပြုပါတယ် ”

ရွှီချင်းက တွေဝေခြင်းမရှိ ဖြေလိုက်သည်။ ထိုအကြောင်းအရာများသည် သူ ကြိမ်ဖန်များစွာ နှုတ်တိုက်ကျက်ထားခဲ့သော ဗဟုသုတများဖြစ်၍ လွန်စွာ ရင်းနှီးနေသည်။

“ အဲဒီအပင်တွေကို ဘယ်လိုအသုံးချလို့ရလဲ ”

သမားတော်ကြီးပိုင်က ခပ်သွက်သွက် မေးမြန်းလိုက်သည်။

“ ဥပမာအနေနဲ့ ယဲ့ရှစ်ချန်းနျူဆေးပင်ကို တစ်လက်မအရွက်နဲ့ ရောလိုက်ရင် ယန်စွမ်းအားကို အဆပေါင်းများစွာ တိုးပွားစေနိုင်တယ်။ ဓာတ်နှောတွေကြောင့် ဝိညာဉ်ထိခိုက်တာကိုလည်း ကုသပေးနိုင်တယ်။ ဒါပေမဲ့ အမွေးပန်းနဲ့ ပေါင်းစပ်လိုက်ရင် ယင်စွမ်းအားကို သိသိသာသာ တိုးပွားစေတယ်။ အဆိပ် ပြင်းတယ်။ သာမန်လူတစ်ယောက်က မသိဘဲ အဲဒါကို စားမိလိုက်ရင် အသက်ရှူချိန်သုံးကြိမ်အတွင်း သေသွားပါလိမ့်မယ် ”

“ အမွေးပန်းကို မင်း ဘယ်လိုလုပ်မလဲ ”

“ တစ်လက်မအမြစ်က ဘယ်လိုအသုံးဝင်လဲ ”

သမားတော်ကြီးပိုင်၏မေးခွန်းများက တစတစ ပို၍ မြန်ဆန်လာသည်။ ရွှီချင်း၏ရင်ထဲရှိ စိုးရိမ်ကြောင့်ကြစိတ်များ တဖြည်းဖြည်း လျော့ပါးလာကာ အလျင်အမြန် ဖြေနေလေသည်။

ထိုသို့ဖြင့် အဘိုးအိုနှင့်လူငယ်လေးသည် ရွက်ဖျင်တဲထဲ၌ တစ်ယောက်က မေးခွန်းမေးကာ တစ်ယောက်က ဖြေနေလေသည်။ အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်လွန်သွားသည်။

သမားတော်ကြီးပိုင်က မေးခွန်းများစွာ မေးမြန်းခဲ့ပြီး မေးခွန်းအများစုသည် ယခင်နေ့ရက်များက သင်ကြားခဲ့သော သင်ခန်းစာများကို ပေါင်းစပ်ပြီးမှသာ ဖြေကြားနိုင်မည် ဖြစ်သည်။ ရွှီချင်းသည် မေးခွန်းအားလုံးကို ဒိုးဒိုးဒေါက်ဒေါက် ဖြေကြားလေသည်။

မူလက အံ့အားသင့်နေခဲ့သော မိန်းမပျိုနှင့်လူငယ်လေးသည် ပို၍ပင် အံ့သြတုန်လှုပ်နေကြပြီး ရွက်ဖျင်တဲထဲတွင် မားမားမတ်မတ်ရပ်နေသော လူငယ်လေးကို ကြောင်၍ကြည့်နေကြ၏။

နောက်ဆုံး၌ လူငယ်လေးနှင့် မိန်းကလေးတို့၏ တအံ့တသြဖြစ်နေသော အကြည့်များအောက်တွင် သမားတော်ကြီးပိုင်က နောက်ဆုံးမေးခွန်းကို မေးမြန်းလိုက်သည်။

“ တစ်နှစ်သက်တမ်းရှိတဲ့ ယဲ့ရှစ်ချန်းနျူသုံးပင်၊ သုံးနှစ်သက်တမ်းရှိတဲ့ တိမ်မြက်သစ်ပင်သုံးပင်၊ ဆယ်နှစ်သက်တမ်းရှိတဲ့ ချိုတစ်ချောင်းကင်းခြေများမုန်ညင်းမြက်ပင်ကိုးပင်၊ အဲဒီအပင်တွေကို ရောကြိတ်ပြီး ရလာတဲ့ဆေးရည်က ဘယ်လိုအစွမ်းရှိမလဲ ”

ထိုမေးခွန်းကြောင့် လူငယ်လေးနှင့် မိန်းကလေးတို့၏ မျက်နှာအမူအရာများ အလျင်အမြန် ပြောင်းလဲသွားပြီး အသက်ရှူသံများ မြန်လာကြသည်။ မည်သည့်အတွက်ကြောင့်ဆိုရသော် ထိုမေးခွန်းတွင် ပါဝင်နေသည်က ရိုးရှင်းသောဆေးပင်များ မဟုတ်တော့ဘဲ ၎င်းတို့အား ပေါင်းစပ်ခြင်း ဖြစ်နေသောကြောင့်ပင်။

ဤမေးခွန်းသည် ရွှီချင်းကိုလည်း အချိန်အတော်ကြာသည်အထိ နှုတ်ဆိတ်သွားစေသော မေးခွန်းဖြစ်သည်။ အသက်ရှူချိန်သုံးဆယ်ကြိမ်စာ စဉ်းစားတွေးတောလိုက်ပြီး အသက်ပြင်းပြင်းရှူကာ လေသံတိုးတိုးဖြင့် သူ ပြောလိုက်သည်။

“ အဆိပ်က ဆေးကို အနိုင်ယူဖို့ခက်ပါတယ်။ ယင်စွမ်းအားက အားနည်းနေတဲ့အချိန်က ယန်စွမ်းအားက ယင်စွမ်းအားထက် ပိုအစွမ်းထက်ပါတယ်။ တိမ်မြက်ပင်ရဲ့ အစွမ်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ချိုတစ်ချောင်း ကင်းခြေများမုန်ညင်းမြက်ပင်ရဲ့ အဆိပ်ဖြေနိုင်စွမ်းက အံ့အားသင့်စရာကောင်းတဲ့အဆင့်ကို ရောက်သွားပါတယ် ”

ရွှီချင်းသည် စကားဆုံးသောအခါ တစ်ခုခုကို နားလည်သွားသည့်အလား မျက်လုံးများ ပြူးကျယ်သွားသည်။

“ အဲဒါက အဆိပ်ဖြေဆေးတွေထဲက မဟာအသွင်ပြောင်းဆေးရဲ့ အခြေခံဆေးဖော်စပ်နည်းပဲ။ နောက်ထပ် ဆေးပင်သုံးမျိုးလောက် ပေါင်းထည့်လိုက်ပြီး တစ်ဆယ့်လေးနာရီလောက် အပူပေးလိုက်ရင် မဟာအသွင်ပြောင်းဆေးကို ဖော်စပ်နိုင်ပြီ ”

ရွက်ဖျင်တဲထဲမှ သမားတော်ကြီးပိုင်၏အသံက ခပ်ယဲ့ယဲ့ လွင့်ပျံလာသည်။

“ မင်းကို အများကြီး မေးပြီးပြီဆိုတော့ မင်းမှာလည်း မေးချင်တာတွေရှိလား ”

ရွှီချင်း အံ့အားသင့်သွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။

လွန်ခဲ့သည့်လများအတွင်း သူ နားမလည်ခဲ့သော မေးခွန်းများစွာ ရှိသည်။ သို့သော်လည်း သူက ခိုးနားထောင်နေရသည် မဟုတ်ပါလား။ သမားတော်ကြီးပိုင်က သဘောကောင်း၍ သူ့ကို မဟန့်တားပါသော်လည်း စာသင်နေသည်ကို နှောင့်ယှက်ကာ မေးခွန်းမေးမြန်းခြင်းမှာ သင့်တော်သောလုပ်ရပ် မဟုတ်ပေ။

သို့ဖြစ်၍ သမားတော်ကြီးပိုင်၏ စကားများကိုကြားသောအခါ ရွှီချင်းသည် အတွေးစများကို အစီအစဉ်ချလိုက်ပြီး မေးမြန်းလိုက်သည်။

“ သမားတော်ကြီးပိုင်ခင်ဗျား၊ နဂါးစက်လျှော်ပင်နဲ့ အဆိပ်ဆူးပင်တွေက ပုံပန်းသွင်ပြင်အရကော၊ အကျိုးသက်ရောက်ပုံချင်းပါ တူညီနေပါတယ်။ အဲဒီနှစ်ပင်ကြားက ကွာခြားချက်က ဘာပါလဲခင်ဗျာ ”

“ ဝိညာဉ်လွင့်ပန်းပွင့်ကို ဘာလို့ နေ့ခင်းဘက်မှာ ခူးလို့မရတာလဲခင်ဗျာ ”

“ တစ်လက်မအရွက်ကို ကြိတ်ထားတဲ့အရည်က မိစ္ဆာဝိညာဉ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒါကို မိစ္ဆာဝိညာဉ်တွေကို ဖယ်ရှားပေးနိုင်တဲ့ အသက်ဓာတ်မျက်လုံးကိုင်းနဲ့ ဘာကြောင့် တွဲသုံးလို့မရနိုင်တာလဲခင်ဗျာ ”

***

ရွှီချင်းသည် မေးခွန်းတစ်ခုပြီးတစ်ခု ဆက်တိုက်မေးမြန်းနေပြီး သမားတော်ကြီးပိုင်သည်လည်း တစ်ခုပြီးတစ်ခု ဖြေပေးလေသည်။ အဖြေတိုင်းက လွန်စွာ အသေးစိတ်ကျသည်။

ရွှီချင်းမှာ မေးမြန်းခြင်းကို အဆုံးမသတ်နိုင်သည့်အလားပင်။ သင်ခန်းစာအချိန်ကို ကျော်လွန်သွားပြီး လူငယ်နှင့်မိန်းကလေးက သူ့ကို သရဲသဘက်တစ်ကောင်အလား ကြည့်နေကြကာ ကောင်းကင်ကြီး မှောင်ရိပ်သမ်းလာသောအခါမှသာ သူသည် မတတ်သာဘဲ မေးခွန်းမေးခြင်းကို အဆုံးသတ်လိုက်ရတော့သည်။

ယနေ့ သူ အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဟု ခံစားနေရသည်။ သူ့ရင်ထဲတွင် လိပ်ခဲတည်းလည်း ဖြစ်နေသော မေးခွန်းအများစုက အဖြေရှိသွားပြီဖြစ်၍ ၎င်းတို့ကို သူ ကျွမ်းကျင်ပိုင်နိုင်သွားသည့်ပမာ ခံစားနေရတော့သည်။

ဆေးပညာအပေါ် သူ၏ရူးသွပ်စိတ်သည်လည်း ပို၍ပင် အားကောင်းလာသည်။ သူ အိမ်ပြန်ရောက်သည့်အခါ အရာအားလုံးကို မှတ်တမ်းတင်ထားရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

သူသည် ထွက်ခွာမည်ပြုစဉ် ရွက်ဖျင်တဲထဲမှ သမားတော်ကြီးပိုင်၏ မောဟိုက်ပင်ပန်းနေသော အသံ လွင့်ပျံလာသည်။

“ အခုကစပြီး မင်း အပြင်ဘက်မှာ ရပ်မနေတော့နဲ့။ ပြီးတော့ ရှုပ်ရှုပ်ယှက်ယှက်ဆေးပင်တွေလည်း ယူမလာတော့နဲ့။ မနက်ဖန်ကစပြီး မင်း ရွက်ဖျင်တဲထဲကို လာနားထောင်လို့ရတယ် ”

All Chapters