← Chapters

ရပ်တည်ချက် (၁)

Vol. 77 Ch. 1192

ရပ်တည်ချက် (၁)

Vol. 77 Ch. 1192

“ကျုပ် သိပါတယ်”

“မဟုတ်ဘူး မင်းမသိဘူး... သူတို့ရဲ့ သုတေသနက ဖီးနစ်ရဲ့ သုတေသနနဲ့ ဆင်တူပုံရပြီး စွမ်းအားရှင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှု၊ သန္ဓေပြောင်း သတ္တဝါတွေရဲ့ မျိုးဗီဇပြောင်းလဲမှု၊ ဖုတ်ကောင်တွေရဲ့ စွမ်းရည်တွေနဲ့ ဘူမိဗေဒဆိုင်ရာပြောင်းလဲမှုတွေကို လေ့လာနေတာပဲ... ဒါပေမဲ့ ထူးဆန်းတာက သူတို့ရဲ့ သုတေသနတိုးတက်မှုနှုန်းက ဖီးနစ်ထက် အဆပေါင်းများစွာ ပိုပြီး အဆင့်မြင့်နေတယ်”

“အဲဒါက သူတို့မှာ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုရဲ့ အကူအညီရှိနေလို့ မဟုတ်ဘူးလား”

လင်းရှန်က ပြောလိုက်သည်။

“ဒါက ချန်လှပ်ထားလို့မရတဲ့ ဖြစ်နိုင်ချေတစ်ခုပါပဲ”

ရှင်းဂျီက တည်ငြိမ်စွာ ဆက်ပြောသည်၊၊

“ဒါပေမဲ့ သုတေသနလုပ်ငန်းကို ကူညီပေးလို့ရတယ်ဆိုဦးတော့... စက်ပစ္စည်းတွေ၊ ကိရိယာတွေ၊ ဓာတ်ခွဲခန်းတွေကိုရော... ဒါတွေကိုလည်း မျှော်စင်လူသားတွေက ကြိုတင်ပြီးတည်ဆောက်ပေးခဲ့တာလား”

လင်းရှန် မျက်မှောင်ကြုတ်မိသွားသည်။ သူသည် ချင်းရွှေမြို့၊ ဟန်ရှန်းတောင်ကြားအပြင်ဘက်ရှိ မြေအောက်ဓာတ်ခွဲခန်းတွင် မြင်တွေ့ခဲ့ရသည့် သုတေသနအမျိုးမျိုးကို ပြန်လည်သတိရမိသွားကာ ထိုစဉ်က အချက်အလက်အားလုံး အသေးစိတ်ဖျက်ဆီးခံထားရသည်။ ထိုအချိန်တုန်းက ဒါရိုက်တာတင်းသည် ၎င်းတို့၏ လူသားဆိုင်ရာသုတေသနအချို့က ဖက်ဒရေးရှင်းထက် အများကြီးပိုအဆင့်မြင့်နေကြောင်း တွေ့ရှိခဲ့သည်။ ထိုစဉ်က ကောက်ချက်ချခဲ့သည့် ခန့်မှန်းချက်မှာ ဖောင်ဒေးရှင်းသည် ကမ္ဘာပျက်ကပ်နေ့မတိုင်မီကတည်းက ကမ္ဘာပျက်ကပ်အကြောင်းကို ကြိုတင်သိရှိထားပြီး အချို့သော သုတေသနလုပ်ငန်းများကို အလွန်စောစီးစွာ စတင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။

“ကျုပ် အရင်တုန်းက သူတို့နဲ့ အဆက်အသွယ်ရှိခဲ့စဉ်ကတည်းက ဒါကို သံသယဝင်ခဲ့တယ်”

လင်းရှန်က ပြောသည်၊၊

“ဖောင်ဒေးရှင်းရဲ့ အပြုအမူတွေက တကယ်ပဲ နည်းနည်းမူမမှန်ဘူး... အစတုန်းကတော့ ကျုပ်တို့က အမှောင်ဂိုဏ်းက အမှောင်ယဉ်ကျေးမှုရဲ့ အကူအညီကိုရရှိထားလို့ အလွန်အဆင့်မြင့်တဲ့ သုတေသနစွမ်းရည်တွေရှိနေတာလို့ ထင်ခဲ့ကြတယ်... အဲ့အချိန်တုန်းက ဖောင်ဒေးရှင်းက ဖက်ဒရေးရှင်းနဲ့ ဖီးနစ်အပါအဝင် အစိုးရအဖွဲ့အစည်းများစွာရဲ့ ပံ့ပိုးမှုကို ရရှိထားတာကြောင့် အဲဒီလိုအကြီးစားသုတေသနဓာတ်ခွဲခန်းတွေနဲ့ လက်နက်စနစ်တွေရှိနေတာက အံ့သြစရာတော့မဟုတ်ဘူးပေါ့”

“ဟုတ်တယ်... ဒါပေမဲ့ ပြဿနာက ဤအရာတွေက ကမ္ဘာပျက်ကပ်နေ့မတိုင်ခင်ကတည်းက ပေါ်မလာသင့်ဘူးမဟုတ်လား”

ရှင်းဂျီက လက်များကို အင်္ကျီအိတ်အတွင်း ထည့်လိုက်ကာ “ဒါပေမဲ့ ငါ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီသုတေသနတွေ၊ အဲဒီကိရိယာတွေက မကြာသေးမီနှစ်ပိုင်းတွေကမှ ပေါ်လာတာမျိုး မဟုတ်ဘူး... ပြီးတော့ အဓိကအကျဆုံးဥပမာကတော့ ငါတို့ အကျွမ်းတဝင်ရှိဆုံးအရာပဲ...”

“အနီရောင်ကမ္ဘာ”

လင်းရှန် မျက်မှောင်ကြုတ်လိုက်မိသည်၊၊

“ဒီလောက် ကြီးမားပြီး နယ်ပယ်ကျယ်ပြန့်တဲ့ အဖွဲ့အစည်းကြီးတစ်ခုက ကမ္ဘာပျက်ကပ်နေ့အပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ တည်ထောင်နိုင်ခဲ့ဖို့ မဖြစ်နိုင်ဘူး”

“အတိအကျပဲ... ဒါပေမဲ့ ငါတို့ ဂျူးလိယပ်စ်နဲ့ အခြားသူတွေကို စုံစမ်းစစ်ဆေးရာကနေ ရရှိခဲ့တဲ့ အချက်အလက်တွေအရ သူတို့က အရင်တုန်းက ဒစ်ဂျစ်တယ်သက်ရှိတွေနဲ့ ယန္တရားဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ လမ်းညွှန်မှုကိုပဲ ခံခဲ့ရပြီး ကမ္ဘာပျက်ကပ်နေ့ ဒါမှမဟုတ် ကမ္ဘာပျက်ကပ်နဲ့ မသက်ဆိုင်ခဲ့ဘူးလို့ ငါတို့ကို ထင်မှတ်စေခဲ့တယ်... ဒါပေမဲ့ ကမ္ဘာပျက်ကပ်နေ့အပြီးမှာ သူတို့က ဒီမဟာဗျူဟာဆီကို ချက်ချင်းကူးပြောင်းသွားခဲ့ကြတယ်... ဒါကြောင့် ငါတို့က အဲဒီအချက်ကို လျှစ်လျူရှုမိသွားတာပဲ”

“ဒါဆို ဖောင်ဒေးရှင်းရဲ့ စနစ်တစ်ခုလုံးက ကမ္ဘာပျက်ကပ်နေ့အပြီးအခြေအနေအတွက် ကြိုတင်တည်ထောင်ထားတာလို့ ယူဆရမှာလား”

လင်းရှန် ထိုကားကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားသည်။

“မင်းပြောချင်တာက အမှောင်ဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာပျက်ကပ်နေ့အကြောင်းကို ကြိုသိထားတာပေါ့ဟုတ်လား”

ရှင်းဂျီက လင်းရှန်ကို တည်ငြိမ်စွာ ကြည့်နေသည်။

လင်းရှန်က မည်းမှောင်သောမျက်နှာဖြင့် ခေါင်းခါလိုက်ကာ “အဲဒါလည်းအဓိပ္ပာယ်မရှိဘူး”

“ဘာလို့ အဓိပ္ပာယ်မရှိရမှာလဲ”

“ကျုပ်က အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုရဲ့ ယဉ်ကျေးမှုအကြိုစက်လုံးကို လေ့လာခဲ့တယ်... မျှော်စင်လူသားတွေ မျိုးတုန်းပျောက်ကွယ်ခဲ့ရတာက အခြားအဆင့်မြင့်ယဉ်ကျေးမှုတစ်ခုရဲ့ အမဲလိုက်ခြင်းကြောင့်ပဲ... အိန်ဂျယ် ယူနီအာဂါက ယဉ်ကျေးမှုတစ်ခုလုံးရဲ့ ကျန်ရှိနေတဲ့ ခန္ဓာကိုယ်တွေကို စနစ်တကျပေါင်းစပ်ပြီး မိခင်ဂြိုဟ်ရဲ့ အဓိကအရင်းမြစ်တွေကို သယ်ဆောင်ပြီး အာကာသတွင်းနက်ထဲကို ထွက်ပြေးခဲ့တယ်... ဒါပေမဲ့ မြင့်မားတဲ့ ဒိုင်မေးရှင်းလက်နက်တစ်ခုခုရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်... အပြာရောင်ဂြိုလ်ပေါ်က တွင်းနက် ၁၃ ခုဟာလည်း ဒီဒိုင်မေးရှင်းအပိုင်းအစတွေရဲ့ ရိုက်ခတ်ခြင်းကို ခံခဲ့ရတယ်”

လင်းရှန်က ပြောနေစဉ် ရှင်းဂျီက မျက်စိမှိတ်ကာ သူ၏ဆန်းစစ်ချက်ကို သေချာနားထောင်နေသည်။

“ဒါကြောင့် ကျုပ်တို့က အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ကမ္ဘာတစ်ခုလုံး ကမ္ဘာပျက်ကပ်ထဲကို ဝင်ရောက်သွားခဲ့တယ်... တကယ်လို့ ဒီယူဆချက်အရဆိုရင် မျှော်စင်လူသားတွေဟာ သူတို့ကိုယ်တိုင်ပျက်စီးရမယ့်အကြောင်းကို စောစောစီးစီးသိထားတယ်လို့ ဆိုလိုရာရောက်နေတယ်... ဒါက ဆန့်ကျင်ဘက်ဖြစ်မနေဘူးလား”

“ဟုတ်တယ် မင်းရဲ့ ဆန်းစစ်ချက်က အရမ်းကို တိကျတယ်”

ရှင်းဂျီကက မှတ်ချက်ပေးသည်၊၊

“အချိန်ဖြစ်စဥ်ကို ထိန်းချုပ်နိုင်တဲ့ ယဉ်ကျေးမှုတစ်ခုဟာ ပိုမိုမြင့်မားတဲ့ အချိန်နဲ့ အာကာသကနေ မျိုးတုန်းချေမှုန်းခြင်းခံရတာပဲနေမယ်... ဒါကြောင့် သူတို့က အာကာသတွင်းနက်ထဲကို ထွက်ပြေးပြီးနောက် မြင့်မားတဲ့ ဒိုင်မေးရှင်းလက်နက်တွေနဲ့ ဖျက်ဆီးခံရတယ်ဆိုတဲ့ သဘောတရားမျိုးမှာ တည်ရှိမနေဘူး... ယုတ္တိဗေဒသီအိုရီအရဆိုရင် သူတို့က အချိန်ဖြစ်စဥ်ပေါ်မှာ သူတို့ရဲ့ ပျက်စီးခြင်းကို လေ့လာတွေ့ရှိခဲ့တဲ့အချိန်ကတည်းက သူတို့က ပျက်စီးသွားခဲ့ပြီးပြီ”

ရှင်းဂျီ၏ စကားများကြောင့် လင်းရှန် ခေါင်းနပန်းကြီးသွားသည်။ သူက ဤရုပ်ပိုင်းဆိုင်ရာသဘောတရားများကို အပြည့်အဝနားမလည်သော်လည်း အဓိပ္ပာယ်ကိုတော့ အကြမ်းဖျင်းသဘောပေါက်လိုက်သည်။

“ဒါဆိုရင် ဒီလိုမျိုးကြိုတင်စီမံထားတာက ဘာအဓိပ္ပာယ်ရှိလို့လဲ... စွမ်းအားတွေကို သုတေသနလုပ်တယ်... သန္ဓေပြောင်းလဲမှုတွေကို သုတေသနလုပ်တယ်... ပြီးမှ မျှော်စင်လူသားတွေဆီ လွှဲပြောင်းပေးတယ်... ဒီလိုမဟုတ်ရင်...”

စကားတစ်ဝက်တွင် လင်းရှန် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ မျက်ဝန်းများ အေးခဲသွားပြီးနောက် ရှင်းဂျီထံသို့ ချက်ချင်းလှမ်းကြည့်လိုက်သည်။

ရှင်းဂျီကလည်း ယခုအချိန်တွင် တည်ငြိမ်သော မျက်ဝန်းများဖြင့် သူ့ကို ပြန်ကြည့်နေသည်။

လင်းရှန်လည်း သူ့၏ နှလုံးသားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်ပြီးနောက် တိတ်ဆိတ်သွားကာ မျက်ခွံများ အဆက်မပြတ်လှုပ်ရှားနေခဲ့သည်။

“ငါမှတ်မိသလောက်တော့ ဖီးနစ်မှာ စတားဖိုင်ယားစီမံကိန်းဆိုတာရှိခဲ့တယ် မဟုတ်လား”

ရှင်းဂျီက လှည့်ကာ တိုးညှင်းစွာပြောပြီးနောက် ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။

အနန္တရထားပေါ်တွင် လင်းရှန် ဟိုလိုဂရမ်ဆက်သွယ်ရေးကို ပိတ်လိုက်ပြီး ဝေခွဲမရဖြစ်နေခဲ့သည်။ သူသည် ပြတင်းပေါက်ပြင်ပသို့ လှည့်ကြည့်လိုက်ရာ မီးခိုးရောင်နှင်းများ လွင့်ပျံနေပြီး ထူထပ်သောမြူများက အရာအားလုံးကို ဖုံးကွယ်ထားသည်။

“ဘာဖြစ်လို့လဲ”

ချန်ဆီရွှမ်လည်’ လင်းရှန်၏ မျက်နှာအမူအရာပျက်နေသည်ကို မြင်သဖြင့် မေးလိုက်သည်။ သူမ စောစောက လူနှစ်ဦး၏ စကားပြောသံကို ကြားခဲ့ရသော်လည်း မေးခွန်းများဖြင့် ပြည့်နှက်နေကာ လင်းရှန် ယခုအချိန်တွင် ဘာတွေးနေသည်ကို မသိနိုင်ပေ။

လင်းရှန်က ခေါင်းခါပြကာ လက်ဝေ့ယမ်းလိုက်သည်၊၊ “ဘာမှမဟုတ်ပါဘူး”

သူက ထိန်းချုပ်ခန်းထဲမှ ထွက်ခွာခဲ့ပြီး ရထားတွဲ ၁ကို ဖြတ်သန်းသွားခဲ့သည်။ ရထားတွဲ ၂တွင် ကီကီက မှုန်မှိုင်းသောမျက်နှာဖြင့် လမ်းလျှောက်လာသည့် လင်းရှန်ကို မြင်လိုက်ရသဖြင့် ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်လျက် သူ့ကို ကြည့်ကာ မေးလိုက်သည်၊၊

“ရှေ့မှာ မွန်းစတားတွေ့လို့လား”

“သေချာတာပေါ့... သတိထားကြရအောင်”

သူ စကားတစ်ခွန်းသာပြောပြီး ရှေ့သို့ ဆက်လျှောက်သွား၏။ လင်းရှန် ထွက်သွားသည်ကို ကြည့်ပြီး ရှားရှားက ကီကီအား တိုးတိုးလေးပြောလိုက်သည်။

“အစ်မကီကီ… အစ်ကိုလင်းရဲ့ မျက်နှာအမူအရာက တစ်မျိုးကြီးပဲ။ တစ်ခုခုဖြစ်လို့လား”

“ဘယ်သိမှာလဲ”

ကီကီသည် လင်းရှန်၏ ကျောပြင်ကို လှမ်းကြည့်ရင်း မျက်မှောင်အနည်းငယ်ကြုတ်ကာ နှုတ်ခမ်းဆူလိုက်ပြီး “ဆွေးနွေးပွဲမှာ ခက်ခဲတဲ့ ပြဿနာတစ်ခုခုနဲ့ တိုးလာလို့ ဖြစ်မှာပါ”

“ဟင်… မဟုတ်မှလွဲရော တောင်လောက်ကြီးတဲ့ သန္ဓေပြောင်းသတ္တဝါကြီးနဲ့ ထပ်တိုးတာတော့ မဟုတ်ပါဘူးနော်”

ရှားရှားက မျက်လုံးဝိုင်းလေးများဖြင့် သက်ပြင်းချလိုက်သည်၊၊

“ညီမတို့က ရထားလမ်းပေါ် ရောက်နေပြီပဲ။ ရထားလမ်းအတိုင်းပဲ ဆက်သွားရင် မရဘူးလား”

“အရှေ့က ရထားလမ်းတွေကို အဲဒီသတ္တဝါကြီးက အကုန်ဝါးမျိုလိုက်ရင်ကော”

“အကုန်ဝါးမျိုရင်တောင် အစ်ကိုလင်းက အသစ်ပြန်ဆောက်နိုင်တာပဲ။ တောင်အမေရိကတစ်ခုလုံးကို ဝါးမျိုမပစ်သရွေ့ပေါ့” ရှားရှားက မကျေမချမ်းဖြင့် ပြောလိုက်သည်။

“ကျွတ်… နင်ကတော့ တကယ့်ပြောမရဆိုမရလေးပဲ”

ကီကီက သူမ၏ စိတ်စွမ်းအင်ဖြင့် ရှားရှား၏ နှုတ်ခမ်းလေးကို လှမ်းဆိတ်လိုက်သည်၊၊

“နင့်အစ်ကိုလင်းက နင့်အတွက် ဂြိုဟ်စီးနင်းသူယာဉ်တစ်စင်းပြင်ပေးပြီး နင့်ရဲ့ မိုးပျံမက်မွန်သီးနဲ့ ပေါင်းစပ်ပေးထားတာပဲ။ အဲဒါ ယူနစ် ၀၁ ယန္တရားစက်ရုပ်ကြီးရဲ့ ၈၀ ရာခိုင်နှုန်း ဗားရှင်းလောက်ရှိတယ်မလား။ နင် သေချာမလေ့လာဘူးလား”

“စက်ရုပ်က ထုတ်လုပ်ဆဲပဲရှိသေးတာကိုး” ရှားရှားက ပျော်ရွှင်စွာဖြင့် ဆက်ပြောသည်။

“အစ်ကိုလင်းက အဲဒီအပေါ်မှာ ရွှမ်းဝူရဲ့ ယန္တရားလက်မောင်းနဲ့ ဗာမီလီယံရဲ့ စွမ်းအင်ဓားကိုပါ တပ်ဆင်ပေးထားသေးတယ်။ အဲဒါကို ယူနစ် ၀၁ စက်ရုပ်ရဲ့ ၈၀ ရာခိုင်နှုန်းဗားရှင်းလို့ ခေါ်လို့မရတော့ဘူး။ ယူနစ် ၀၁ ယန္တရား+ ဗားရှင်းလို့ ခေါ်ရမှာ”

“အို… တကယ်အထင်ကြီးစရာပဲ”

…

“ကပ္ပတိန်လင်း”

“ကပ္ပတိန်လင်း”

တွဲ ၄ တွင် မြောင်လုနှင့် ရှောင်ယွမ်က လင်းရှန် လျှောက်လာသည်ကို မြင်ကာ ပြုံး၍ နှုတ်ဆက်လိုက်ကြသည်။ လင်းရှန်က ခေါင်းညိတ်ပြကာ မရပ်ဘဲ ခပ်သွက်သွက်ကျော်ဖြတ်သွားခဲ့သည်။

တွဲ ၅ တွင် မီးတောက်နှင့် တာလို့တို့က စစ်တုရင်ကစားနေကြသည်။

တွဲ ၆ တွင် မာရှောင်ထန်းက လျှပ်စီးကျင့်စဉ်လေ့ကျင့်နေသည်ကို လင်းရှန် တွေ့ရပြီး အနန္တယာဉ်တန်းမှ အဖွဲ့သားအချို့ စုဝေးကာ စားသောက်နေကြသည်။

သူသည် တစ်လမ်းလုံးလျှောက်လာခဲ့သော်လည်း ခေါင်းထဲတွင် ရှုပ်ထွေးနေပြီး ဘာအတွေးမှရှာမရဖြစ်နေသည်။ သို့သော် ရှင်းဂျီ၏ စကားများကြောင့် သူပြဿနာတစ်ခုကို သတိပြုမိသွားသည်။

“အစည်းအဝေးပြီးပြီလား”

လင်းရှန် မော့ကြည့်လိုက်သောအခါ အနန္တရထားတွဲများ၏ အဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး ချူယန်က အလိုအလျောက်တံခါးကို ဖွင့်ကာ ဘေးတွင်ရပ်၍ သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

All Chapters