← Chapters

အခန်း ၄၀၀

Vol. 28 Ch. 400

အခန်း ၄၀၀

Vol. 28 Ch. 400

အပိုင်း(၄၀၀) အချိန်ကုန်မြန်ခြင်းနှင့် အနာဂတ်အခြေအနေ

မုန့်ချင်ကျိုးက မုန့်အန်းအန်း၏ လက်သေးသေးလေးကိုဆွဲကာ ပစ္စုပ္ပန်ကျေးရွာ၏ ရွာလမ်းလေးအတိုင်း လမ်းလျှောက်လာခဲ့သည်။ သွားလာနေသောရွာသားများက လှိုက်လှဲစွာနှုတ်ဆက်ကြပြီး မုန့်အန်းအန်းကလည်း ပြုံးရွှင်စွာဖြင့် တစ်ယောက်ချင်းစီကို ပြန်လည်နှုတ်ဆက်လေသည်။

"နောက်ဆို သူတော်စင်(၃)ပါးပညာသင်ကျောင်းမှာ သွားမတက်တော့နဲ့။ မြို့တော်ထဲမှာ ဖွင့်ထားတဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ သိုင်းကျောင်းတွေ အများကြီး ရှိတယ်။ အဲဒီမှာက အဆင့်အတန်း ခွဲခြားမှုမရှိတဲ့ ကျောင်းသားမျိုးစုံ ရှိတယ်။ အန်းအန်းက နောက်ဆိုရင် အဲဒီကိုပဲ သွားရမယ်။ ကိုယ့်ရဲ့ စစ်မှန်တဲ့အရည်အချင်းနဲ့ အမြင့်ဆုံးတက္ကသိုလ်ကို အဆင့်ဆင့်ဖြေပြီး ဝင်ရမယ်။ ကြားလား။"

"ဟုတ်ကဲ့။ အန်းအန်းက ဖေဖေ့စကားကို နားထောင်မှာပါ။"

သားအဖနှစ်ယောက် စကားပြောရင်း ရယ်မောရင်းနှင့် ဆောင်းဦးရွက်ဝါများ ပြည့်နှက်နေသည့် လမ်းမကြီးပေါ်တွင် နေဝင်ဆည်းဆာ၏ ရွှေနီရောင်အလင်းတန်းလေးများက ဖြာကျနေ၏။

အစိမ်းရောင်အုတ်ကြွပ်မိုးအိမ်လေး၏ခြံတံခါးက ပိတ်ထားသော်လည်း၊ မီးခိုးခေါင်းတိုင်မှ မီးခိုးငွေ့များ လွင့်တက်နေသည်။

"ဒီအနံ့ကို ကြည့်ရတာ သမီးမေမေက ဝက်သားနီချက် ချက်နေတာ ဖြစ်မယ်"

"ဟေး။ အန်းအန်း အကြိုက်ဆုံးဟင်းပဲ။"

ခြံတံခါးကို တွန်းဖွင့်လိုက်သော် တုန်းဖန်လျူလီက ဟင်းပန်းကန်ကိုကိုင်ပြီး အေပရွန်လေးနှင့် နူးညံ့စွာ ပြုံးရင်း ဆီးကြိုနေသည်။ "ပြန်ရောက်လာပြီလား၊ မြန်မြန်လက်ဆေးပြီး ထမင်းစာ။"

ကျွီ...

ခြံတံခါး ပိတ်သွား၏။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်(၃)နှစ် အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြန်သည်။ ခြံစည်းရိုးပေါ်တွင် ရေညှိများ တဖြည်းဖြည်း ဖုံးလွှမ်းလာပြီး နှင်းပွင့်များက လွင့်ဝဲကျဆင်းလာကာ တောင်တန်းများအားလုံးကို အဖြူရောင် လွှမ်းခြုံသွားစေသည်။

ကျွီ...

ခြံတံခါး ပွင့်သွား၏။

မြင်းမြီးပုံစံ ဆံပင်ကိုစည်းထားပြီး စာအုပ်များ အပြည့်ထည့်ထားသည့်ကျောပိုးအိတ်ကို လွယ်ထားကာ ဓားတိုလေးတစ်လက်ကို ကိုင်ဆောင်ထားသော မိန်းကလေးတစ်ယောက် ထွက်လာသည်။ အလွန်လှပသော မိန်းကလေးတစ်ယောက်ဖြစ်လာမည့် အရိပ်အယောင်များ ရှိနေပြီဖြစ်သောသူက ခုန်ပေါက်ပြီး အပြင်ထွက်ကာ နောက်လှည့်မကြည့်ဘဲ လက်ပြနှုတ်ဆက်လိုက်သည်။

"ဖေဖေ၊ မေမေ။ သမီး ကျောင်းသွားတော့မယ်နော်။"

ရိုးရှင်းသော အဖြူရောင်ဝတ်စုံလေး ဝတ်ထားသည့် အမျိုးသမီးက အပြင်ကို လိုက်ထွက်လာပြီး မိန်းကလေးကို ဆွဲထားကာ ထမင်းချိုင့်လေးတစ်ခုကို ထည့်ပေးလိုက်ကာ သူ၏နဖူးကို ဖွဖွလေးခေါက်ပြီး ချစ်စနိုးနှင့် အပြစ်တင်လိုက်သည်။

"အမြဲမေ့တတ်လိုက်တာ။ နေ့လယ်စာတောင် မယူသွားတော့ဘူးလား။"

မိန်းကလေးက ခေါင်းကိုပွတ်သပ်ပြီး ရယ်မောလိုက်သည်။ "ဟီးဟီး၊ ကျေးဇူးပါ မေမေ။"

ပြောရင်းနှင့် သူက ခေါင်းပြူထွက်လာပြီး ခြံထဲတွင် ပန်းပင်များကို ညှပ်ပေးနေကာ ခွေးဝါကြီးကို အစာကျွေးနေသည့်လူငယ်လေးကို လက်ပြနှုတ်ဆက်လိုက်၏။

"ဖေဖေ၊ အန်းအန်း သွားတော့မယ်နော်။"

လူငယ်လေးက နောက်လှည့်ကြည့်ပြီး ပြုံးရင်းခေါင်းညိတ်ပြလိုက်သည်။ "လမ်းမှာ သတိထားသွားဦး။"

မိန်းကလေး အိမ်အပြင်ထွက်သွားပြီးနောက်။

လူငယ်လေးက ရေခွက်ကိုချထားပြီး သက်ပြင်းချလိုက်လေသည်။ "အန်းအန်းတောင် (၇)နှစ် ရှိသွားပြီ။ အချိန်တွေကုန်တာ တကယ်မြန်လိုက်တာ။"

သာမန်အားဖြင့် (၇)နှစ်ဆိုသည်မှာ ကလေးအရွယ်သာ ရှိသေးသော်လည်း မုန့်အန်းအန်း၏ ပါရမီနှင့် အရိုးအဆက်များက သာမန်လူများထက် အများကြီး သာလွန်၏။

စမ်းသပ်ရသလောက်ပါရမီများမှာ ဧကရာဇ်အဆင့် ရေခဲအသားအရေနှင့်ဓားအရိုး၊ မဟာဧကရာဇ်အဆင့် အလွန်မြင့်မားသည့်ဉာဏ်ရည်၊ ဧကရာဇ်အဆင့် မွေးရာပါဇာမဏီမီးတောက်၊ အချိန်-နေရာလွတ် တာအိုနှင့် သဘာဝအတိုင်း ရင်းနှီးကျွမ်းဝင်မှုများပင် ဖြစ်သည်။

ထို့ကြောင့် မုန့်အန်းအန်းက (၇)နှစ်သာ ရှိသေးသော်လည်း အရပ်အမောင်းက ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်လို ဖြစ်နေသည်။

ကျင့်ကြံမှုအရှိန်ကတော့ ပြောစရာမလိုအောင် ကြောက်စရာကောင်လှသည်။

(၃)နှစ်အတွင်းမှာတင် တောင်ရွှေ့နယ်ပယ်မှ ပင်လယ်လွှမ်းနယ်ပယ် အထွတ်အထိပ်ကို ခုန်ပျံကျော်လွှားပြီး ရောက်ရှိသွားသည်။ အချိန်-နေရာလွတ် တာအိုတွင်လည်း အနည်းငယ် အောင်မြင်မှု ရရှိနေပြီး ဓားပညာတွင်လည်း အခြေခံ ပိုင်နိုင်နေလေပြီ။

ယခင် မဟာကျင်းတိုင်းပြည်မှာဆိုလျှင် ထိုစွမ်းအားက နယ်ပယ်တစ်ခု၏ ထိပ်တန်းအဆင့်ဟူ၍ပင် ခေါ်၍ရသည်။

မှန်ပေသည်။ နှောင်းခေတ်၏ နံပါတ်တစ်ကျင့်ကြံသူကိုယ်တိုင် နေ့စဉ် သီးသန့်သင်ကြားပေးနေခြင်း၊ မုန့်အန်းအန်း၏ ကြောက်စရာကောင်းသောပါရမီများ ပေါင်းစပ်လိုက်ရာ ထိုမျှလောက် လျင်လျင်မြန်မြန် တိုးတက်လာတာကလည်း ဖြစ်သင့်သော ကိစ္စတစ်ခုပင်။

တုန်းဖန်လျူလီက သမီးဖြစ်သူ ထွက်သွားတာကိုကြည့်ပြီး ရှက်ရွံ့စွာနှင့် မုန့်ချင်ကျိုး၏ဘေးနားကို တဖြည်းဖြည်းတိုးလာကာ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။

"အန်းအန်းတောင် (၇)နှစ် ရှိသွားပြီ။ ဖိန်ဖိန်လေးက အခုအထိ ဗိုက်ထဲမှာ မရှိသေးဘူးနော်။ နည်းနည်းလောက် ထပ်ပြီးကြိုးစားကြမလား။"

အယ်...

မုန့်ချင်ကျိုးက တိတ်တဆိတ် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး သိသိသာသာ မဖြစ်အောင် အကွာအဝေးကို ခွာလိုက်သည်။ အိပ်ခန်းဘက်ကို ကျောမပေးမိအောင် သတိထားရင်း ခွေးကြိုးကို ချက်ချင်း ဆွဲယူလိုက်ပြီး နားမကြားမျက်စိမမြင်ဟန်ဆောင်ကာ သူ့ဘာသာသူ စကားပြောနေလိုက်သည်။

"အမ်၊ ခွေးဝါကြီး ဒီနေ့လမ်းမလျှောက်ရသေးဘူးထင်တယ်။ အိမ်ထဲမှာ ပိတ်မိနေတော့မှာပဲ။ လာ။ ငါ မင်းကို အပြင်ခေါ်သွားမယ်။"

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော နေမင်းအရှင်သခင်က ရုတ်တရက် အချုပ်ခံလိုက်ရပြီး အပြင်ကို ဆွဲခေါ်ခံလိုက်ရသည့်အခါ မျက်နှာကြီးမည်းမှောင်သွားပြီး လည်ပင်းမတ်ထားကာ ခြေလေးချောင်းနှင့် မြေကြီးကို အတင်းကန်ထားပြီး လုံးဝမလိုက်ချင်ကြောင်း ပြသနေသည်။

လခွမ်းတဲ့မှ။

ငါက ကောင်းကင်ထောက်တိုင်နယ်ပယ်တောင် ရောက်နေပြီ။ နာမည်ကြီး တိုင်းပြည်အစောင့်အရှောက် နတ်ဘုရားသားရဲကြီး ဖြစ်နေပြီကို ဘာလို့ လမ်းလျှောက်ဖို့ အဆွဲခေါ်ခံနေရတာလဲ။ ဟိုရဟန်းငယ်လေးကလည်း အခု ပစ္စုပ္ပန်ကျေးရွာမှာ နေနေတာဆိုတော့ တွေ့သွားရင် ရယ်စရာ ဖြစ်တော့မှာပဲ။

ရဟန်းငယ်လေး၏ မျက်နှာပြောင်တိုက်သောပုံစံကို တွေးမိသောအခါတွင် နေမင်းအရှင်က ခွေးဘဝကြီး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။

မဖြစ်ဘူး။

သေရင်တောင် မလိုက်ဘူး။ အရိုက်ခံရရင်တောင် ဒီအကျင့်ကို လုံးဝအစမခံနိုင်ဘူး။

တစ်ခါလုပ်ရင် နှစ်ခါလုပ်မယ်။ နှစ်ခါလုပ်ရင် အဆုံးမရှိ လုပ်ရတော့မှာပဲ။ နောက်ဆိုရင် နေ့တိုင်း အပြင်ကို လမ်းလျှောက်ဖို့ အဆွဲခေါ်ခံနေရရင် ခွေးမျက်နှာတော့ အရှက်ကွဲတော့မှာပဲ။

"ဟေ့၊ ခွေးစုတ်။ စကားနားမထောင်ဘူးလား။ ကြက်သွန်ဖြူနဲ့တွဲစားခံရတာကို လွမ်းနေတာလား။" မုန့်ချင်ကျိုးက အခြေအနေမကောင်းကြောင်း မြင်သောအခါတွင် ထိုခွေးစုတ်ကို အတင်းဆွဲပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။

ရုတ်တရက်။

အရိုးမပါသလိုနူးညံ့ပြီး ရေလိုချောမွေ့သော လက်တစ်ဖက်က မုန့်ချင်ကျိုး၏လည်ပင်းကို ညင်သာစွာ ချိတ်ဆွဲလိုက်ပြီး နားနားကပ်ကာ သင်းပျံ့သော အသက်ရှူသံလေးနှင့် ပြောလိုက်သည်။

"အန်းအန်းမရှိတုန်း ဖိန်ဖိန်လေးကိုမွေးဖို့ အချိန်တန်ပြီလေ။"

"စိတ်ချပါ။ အန်းအန်း စာမေးပွဲဖြေတာ အနည်းဆုံး (၇)ရက်၊ (၈)ရက်လောက် ကြာမှာပါ။ စာမေးပွဲကော၊ လက်တွေ့ကော... အဆင့်တွေအများကြီး ရှိတယ်။"

"ကျွန်မတို့မှာ အချိန်တွေ အများကြီးရှိပါတယ်။"

မုန့်ချင်ကျိုး၏လည်စေ့ လှုပ်ရှားသွားပြီး အနည်းငယ် ကြောက်ရွံ့သွားသည်။

"အန်းအန်း စာမေးပွဲဖြေတာ ကိုယ်တို့ကသွားပြီး အဖော်လုပ်ပေးသင့်တယ် မဟုတ်ဘူးလား..."

"ပြီးတော့ ကိုယ်က တိရစ္ဆာန်မှ မဟုတ်တာ။ ဘယ်လိုလုပ် နေ့တိုင်း ထွန်ယက်နေလို့ရမှာလဲ။"

ပြောရင်းနှင့် မုန့်ချင်ကျိုးက တစ်ခုခုကို သတိရသွားသလို ရင်ဘတ်ထဲမှ စက္ကူစာရွက်အနည်းငယ်ကို အသက်ကယ်ကြိုးတစ်ချောင်းလို ဆွဲထုတ်လိုက်ပြီး တိုးတိုးလေး အော်လိုက်သည်။

"ခွင့်တိုင်စာ။"

"ဒါက မင်း ကိုယ့်ကိုပေးထားတဲ့ ခွင့်တိုင်စာလေ။ တစ်ရွက်ကို တစ်ရက် ခွင့်ယူလို့ရတယ်။ ဒီမှာ အတိအကျ (၈)ရွက် ရှိတယ်။ ကိုယ် (၈)ရက် ခွင့်ယူမယ်။"

တုန်းဖန်လျူလီက ချိုသာစွာ ပြုံးလိုက်ပြီး ထိုခွင့်တိုင်စာများကိုယူကာ ဖြန့်ပြီးဖတ်ပြလိုက်သည်။

"ခွင့်တိုင်စာ။။ကျွန်တော် မုန့်ချင်ကျိုးသည် ဇနီးသည်နှင့်အတူနေရန် တစ်ရက် အနားယူခွင့် တောင်းခံပါသည်။ အဆိုပါကာလအတွင်း ဇနီးသည်၏ မည်သည့်တောင်းဆိုမှုကိုမဆို ဖြည့်ဆည်းပေးပါမည်။ လက်မှတ် - မုန့်ချင်ကျိုး။"

"ဒါက ရှင်ကိုယ်တိုင် လက်မှတ်ထိုးထားတာနော်။ ငြင်းလို့မရဘူး။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက မယုံကြည်နိုင်စွာ ပါးစပ်ဟသွားပြီး ပြောလိုက်သည်။ "ဒါက ရိုးသားတဲ့သူကို အနိုင်ကျင့်တာ မဟုတ်ဘူးလား။"

"အရင်တုန်းကပြောထားတဲ့ ခွင့်တိုင်စာမှာ ဘာလို့ နောက်ကနေ အပိုစည်းကမ်းချက်တွေ ပါလာရတာလဲ။"

တုန်းဖန်လျူလီက ချစ်စရာကောင်းအောင်ပြုံးလိုက်ပြီး ခေါင်းစောင်းကာ နားမလည်ဟန်ဆောင်လိုက်၏။ ရှည်လျားသော လက်ညိုးလေးကို နီရဲပြည့်ဖြိုးသော နှုတ်ခမ်းပေါ်တင်လိုက်ပြီး နှုတ်ခမ်းထောင့်ကိုကွေးကာ ပြုံးရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ဒီခွင့်တိုင်စာက ပြည်သူတွေကို ခွင့်တိုင်တာလေ။ ကျွန်မကို ခွင့်တိုင်တာ မဟုတ်ဘူးနော်။"

ပြောပြီးနောက်။

သူက နောက်ဆုံးသည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး နှုတ်ခမ်းနီ နည်းနည်းစွန်းနေသော လက်ညိုးလေးနှင့် မုန့်ချင်ကျိုး၏နှုတ်ခမ်းဘေးကို ထိလိုက်သည်။ ထို့နောက် လက်ညိုးကို တောက်လျှောက် အောက်ဘက်သို့ ပွတ်ဆွဲသွားပြီး ရင်ဘတ်တွင် ရပ်တန့်လိုက်၏။

ဇာမဏီမီးတောက် ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ချင်ကျိုး၏အင်္ကျီကို အကုန်လုံး လောင်ကျွမ်းသွားစေသည်။

"အာ။ ဒီလောက်တောင်ကြမ်းတမ်းဖို့ မလိုပါဘူး။" မုန့်ချင်ကျိုးက အရမ်းလန့်သွားပြီး အလိုအလျောက် ရင်ဘတ်ကို ကာလိုက်သည်။

ထို့နောက် နေမင်းအရှင်သခင်က ခြံပြင်ကိုပစ်ထုတ်ခံလိုက်ရပြီး ခွေးပန်းကန်၊ ခွေးအိမ်များနှင့်အတူ အကုန်လုံး လွှင့်ပစ်ခံလိုက်ရ၏။

ဝါကြီးက အစပိုင်း ဒေါသထွက်ပြီး နားမလည်ဖြစ်ခဲ့သော်လည်း အခုတော့ အကျင့်ပါနေလေပြီ။ သူက ကျွမ်းကျင်စွာပင် ခွေးအိမ်နှင့်ပန်းကန်ကိုကိုက်ပြီး အမြီးနှံ့ကာ အိမ်တစ်အိမ်၏တံခါးဝကို ဝင်သွားလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ပြီး ခွေးအိမ်နှင့်ပန်းကန်ကို ခြံစည်းရိုးပေါ်မှပစ်ချကာ ကျော်ခွပြီး ဝင်သွာက်သည်။

ဟေး၊ ရဟန်းငယ်လေး။ ဒီအရှင်သခင်က မင်းကို အဖော်လုပ်ပေးဖို့ ထပ်ရောက်လာပြီဟေ့။

...

...

ရက်အနည်းငယ် ကြာပြီးနောက်။

ဝါကြီး အိမ်ပြန်၍ရပြီဖြစ်ကြောင်း အကြောင်းကြားစာရသွားမှသာ ဟွေ့နန်း၏အိမ်ထဲမှ မခွဲချင်ခွဲချင်နှင့် ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်။

အစိမ်းရောင်အုတ်ကြွပ်မိုးအိမ်လေး၏ခြံရှိ မဏ္ဍပ်အောက်တွင် မုန့်ချင်ကျိုးက ပက်လက်ကုလားထိုင်ပေါ် လှဲနေပြီး မျက်လုံးမှိတ်အနားနေသည်။ အပြင်ပန်းကကြည့်လျှင် အေးဆေးနေပုံရသော်လည်း တကယ်တမ်းတွင် စိတ်အာရုံက ခန္ဓာကိုယ်ထဲ နစ်မြောနေပြီး...

အတွင်းစကြဝဠာကို လေ့လာစောင့်ကြည့်နေခြင်းပင်။

(၃)နှစ်တာ ကာလအတွင်း သူက အားအင်အားလုံးကို နတ်ဘုရားတာအိုများ ပြောင်းလဲခြင်းတွင် အသုံးပြုခဲ့ပြီး စုစုပေါင်း(၃၀)ကို ပြောင်းလဲနိုင်ခဲ့သည်။

ကျင့်ကြံမှုအဆင့်က ကောင်းကင်နယ်ပယ် အလယ်အလတ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

(၃)နှစ်အတွင်း အဆင့်ငယ်တစ်ခု တိုးတက်လာခြင်းသည် အလွန်လျင်မြန်သော တိုးတက်မှုဟု ဆိုရမည်။ သေချာသည်မှာ သူသည် တစ်ခါတစ်ရံ အချိန်-နေရာလွတ် အရှိန်မြှင့်နယ်ပယ်ကို အသုံးပြု၍ လှည့်စားခဲ့သည်။ အပြင်ပန်းတွင် (၃)နှစ်သာ ကြာသော်လည်း တကယ်တွက်ကြည့်လျှင် နှစ်(၁၀၀)ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

"လောလောဆယ် သေချာတာကတော့ ဒီလမ်းကြောင်းက ဖြစ်နိုင်ခြေရှိတယ်။ စနစ်က ချမှတ်ပေးထားတဲ့ လမ်းကြောင်းလောက် ကျင့်ကြံတဲ့အရှိန် မမြန်ပေမယ့် အနည်းဆုံးတော့ လူ့စိတ် မပျောက်ကွယ်သွားအောင် အာမခံနိုင်တယ်။"

ထို့အပြင်။

မုန့်ချင်ကျိုးက စနစ် ဆုချီးမြှင့်ရာတွင်ဖော်ပြခဲ့ဖူးသော "တစ်ခုတည်းသောတည်ရှိမှု" အကြောင်းကိုလည်း အထူးလေ့လာခဲ့သည်။ ထိုအရာက မည်သည့်အရာမှန်း မသိခဲ့သော်လည်း ယခုအခါ အနည်းငယ် အရိပ်အမြွက် ရလာပြီဖြစ်သည်။

"လောကရဲ့ ကျင့်ကြံခြင်းအတတ်တွေက မဟာတာအို နတ်ဘုရား သုံးထောင်ကနေ ဆင်းသက်လာတာ။ သူတို့က မွေးကတည်းက ကောင်းကင်နယ်ပယ် အထွတ်အထိပ်မှာ ရှိနေကြလို့ ကျင့်ကြံခြင်းလောကရဲ့ အမြင့်ဆုံး အထွတ်အထိပ်ကလည်း ကောင်ကင်နယ်ပယ်အထွတ်အထိပ်လို့ သတ်မှတ်ခံလိုက်ရတာပဲ"

"ရှေးကတည်းက ဘယ်သက်ရှိ၊ ဘယ်ကျင့်ကြံသူမှ ဒီကန့်သတ်ချက်ကို မချိုးဖောက်နိုင်ခဲ့ဘူး။"

"ဒါပေမယ့် ကျင့်ကြံခြင်းလမ်းကြောင်းက ဒီလောက်နဲ့တင် မဆုံးသေးဘူး။ မဟာတာအို နတ်ဘုရားတွေ မွေးဖွားလာတာက သက်ရှိတွေရဲ့ အမြင့်ဆုံးကန့်သတ်ချက်ကို အဲဒီလောက်အထိပဲ သတ်မှတ်ပေးလိုက်တာ။ ကန့်သတ်ချက်ကိုချိုးဖောက်ပြီး အရင်ကမရှိခဲ့ဖူးတဲ့၊ နောက်လည်းရှိလာမှာမဟုတ်တဲ့ အဆင့်တစ်ခုကို မရောက်နိုင်သရွေ့ပေါ့။"

"စဉ်းစားကြည့်ရရင် ကောင်းကင်တာအိုက ဒီအဆင့်မှာ ရှိနေလောက်တယ်။"

"တစ်ခုတည်းသောတည်ရှိမှုဆိုတာ ကန့်သတ်ချက်ကိုချိုးဖောက်ဖို့ သော့ချက်တစ်ခုပဲ။ ပြီးတော့ စနစ်က အရင်တုန်းက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ တစ်ခုတည်းသောတည်ရှိမှုကို လုယူရမယ်လို့။ အတိအကျ ဘာလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးဘူး။"

"ဒါပေမယ့် သေချာတာကတော့ တစ်ခုတည်းသောတည်ရှိမှုကို လုယူဖို့အတွက် အရည်အချင်းရှိတဲ့ တခြားသူတွေလည်း ရှိနေတယ်ဆိုတာပဲ။ မဟုတ်ရင် လုယူတယ်လို့ သုံးမှာ မဟုတ်ဘူး။"

မုန့်ချင်ကျိုးက (၃)နှစ်တာရလဒ်များကို ခေါင်းထဲတွင် ပြန်လည်သုံးသပ်နေသည်။

တစ်ခုတည်းသောတည်ရှိမှုက သူ၏ လက်ရှိ အဓိကလေ့လာမှုပစ်မှတ် ဖြစ်သည်။ (၁၀)နှစ်ကြာလျှင် "တစ်ခုတည်းသောတည်ရှိမှု" ထွက်ပေါ်လာမည်ဟု သူ ကြိုတင် ခံစားမိနေသည်။

လုယူခွင့် အရည်အချင်းရှိသော အစွမ်းထက်ရန်သူများ အားလုံး ပေါ်ထွက်လာလိမ့်မည်။ သူတို့သည် အချိန်-နေရာလွတ်ကို ဆန်တက်ကာ ဤခေတ်ကာလတွင် "တစ်ခုတည်းသောတည်ရှိမှု"ကို လာရောက် လုယူကြလိမ့်မည်။

အဆုံးသတ် ရောက်လာပေတော့မည်။

ပထမအချက်မှာ ကောင်းကင်တာအိုသည် ပြန်လည်နိုးထလာမည်ဖြစ်ပြီး ကောင်းကင်ထောက်တိုင် နယ်ပယ်နှင့်အထက် ကျင့်ကြံသူအားလုံး သမိုင်းတစ်လျှောက် အကြီးမားဆုံးရှင်းလင်းမှုကို ရင်ဆိုင်ရပေမည်။

ဒုတိယအချက်မှာ "တစ်ခုတည်းသောတည်ရှိမှု" ထွက်ပေါ်လာမည်ဖြစ်ပြီး ရှေးဟောင်းနှင့်ခေတ်သစ် အစွမ်းထက်ရန်သူများအားလုံး ပေါ်လာကာ အချိန်-နေရာလွတ်အသီးသီးမှ အစွမ်းထက်သူများက အရာတစ်ခုကို လုယူကြမည်။

"သေချာပေါက်ရအောင် ယူရမယ်၊ ဒါပေမယ့် အဲဒီမတိုင်ခင် ကျင့်ကြံမှုအဆင့်ကို ကောင်းကင်နယ်ပယ် အထွတ်အထိပ်ရောက်အောင် မြှင့်တင်ရမယ်။ မဟုတ်ရင် တစ်ခုတည်းသောတည်ရှိမှုကို ရခဲ့ရင်တောင် ကန့်သတ်ချက်ကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူး။"

မုန့်ချင်ကျိုးက တိုးတိုးလေးရေရွတ်ရင်း ပိုမိုလေးနက်လာသည်။

ဤအရာများသည် သူ၏ခန့်မှန်းချက်များသာဖြစ်ပြီး မည်သည့်အထောက်အထားမှ မရှိသော်လည်း ဤခန့်မှန်းချက်သည် အမှန်တရားနှင့် အလွန်နီးစပ်နေကြောင်း သူ အလွန်ယုံကြည်နေသည်။

ကောင်းကင်နယ်ပယ်သည် တာအို၏အဆုံးသတ်နှင့် နီးကပ်နေပြီဖြစ်ရာ မည်သည့် ကြိုတင်ခံစားမှုမျှ အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။

ဤအရာများကိုခန့်မှန်းမိချိန်တွင် ကြိုတင်ခံစားမှုက အလွန်ပြင်းထန်ပြီး ခေါင်းနပန်းကြီးလောက်အောင် ဝိညာဉ်ပါ တုန်လှုပ်သွားလောက်အောင် ဖြစ်စေသည်။

"(၆)နှစ်တောင် ကြာသွားပြီ။ (၄)နှစ်ပဲ ကျန်တော့တယ်။"

"ချီကျိ တကယ်ပဲ မလိမ်ခဲ့ဘူး။ ကောင်းကင်တာအိုက အပြည့်အဝ ပြန်နိုးထတော့မယ်။ အခုဆိုရင် သူက မျက်လုံး ဖွင့်နေပြီ။ မမြင်ရတဲ့ မျက်လုံးတစ်စုံက ဒီကမ္ဘာကြီးတစ်ခုလုံးကို စောင့်ကြည့်နေသလို ခံစားနေရတယ်။"

"သူက ဒီကမ္ဘာကြီးက ကောင်းကင်ထောက်တိုင်နယ်ပယ်နဲ့အထက်က လူတွေကို စောင့်ကြည့်နေတာ။ သူက ကမ္ဘာကြီးရဲ့တည်ငြိမ်မှုကို ပျက်စီးစေမယ့်အရာတွေကို ဖယ်ရှားချင်နေတာ။"

ကမ္ဘာကြီးအတွက်မူ။

သက်ရှိများသည် အကျိုးပြုအင်းဆက်များ ဖြစ်နိုင်သလို အဖျက်ပိုးမွှားများလည်း ဖြစ်နိုင်သည်။ အဓိက ကွာခြားချက်မှာ အကျိုးပြုအင်းဆက်များက ကမ္ဘာကြီးကို မဖျက်ဆီးသော်လည်း အဖျက်ပိုးမွှားများကမူ ကမ္ဘာကြီးကို စားသုံးဖျက်ဆီးမည် ဖြစ်သည်။

ကျင့်ကြံသူများသည် ကောင်းကင်ထောက်တိုင်နယ်ပယ်အထက်သို့ ရောက်ရှိသွားသောအခါ တစ်ဦးချင်း စွမ်းအားမှာ ဟန်ချက်ပျက်သွားပြီး ခန္ဓာကိုယ်တွင်းရှိဆဲလ်များက သီးခြားသက်ရှိများအဖြစ် ပြောင်းလဲသွား သကဲ့သို့ဖြစ်ကာ မိမိကိုယ်ကို အားကောင်းစေရန် ခန္ဓာကိုယ်ကို ဆက်လက်စားသုံးနေသကဲ့သို့ ဖြစ်သည်။

ကောင်းကင်တာအိုအသစ်သည် ကမ္ဘာကြီး၏စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာသော ပိုးသတ်ဆေး ဖြစ်ပြီး အဖျက်ပိုးမွှားများအားလုံးကို ရှင်းလင်းမှသာ ကမ္ဘာကြီးကို ပြန်လည်တည်ငြိမ်စေနိုင်မည် ဖြစ်သည်။

ကျွီ။

ခြံတံခါး ပွင့်လာသည်။

တုန်းဖန်လျူလီက စာမေးပွဲဖြေပြီးပြန်လာသော မုန့်အန်းအန်းကိုကြိုဆိုကာ သားအမိနှစ်ယောက် ညီအစ်မများသဖွယ် ယှဉ်တွဲရပ်နေကြသည်။

"ဖေဖေ။" မုန့်အန်းအန်းက အိတ်နှင့်ဓားတိုကိုပစ်ချကာ မုန့်ချင်ကျိုး၏ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး ခေါင်းလေးကို သူ၏ရင်ဘတ်တွင် ပွတ်သပ်ရင်း မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဖေဖေ၊ သမီးကို လာတောင် မကြိုဘူး။ မေမေ့ကို ကြည့်ပါဦး။ ရွာထိပ်ကနေ စောင့်နေတာ။ ဖေဖေက သမီးကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူး။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက ခါးသက်သက် ပြုံးလိုက်သည်။

"ဖေဖေ ဒီရက်ပိုင်း အရမ်းပင်ပန်းနေလို့ပါ၊ မနည်းအနားယူချိန်လေးရတုန်း သမီးက လာဆူနေပြန်ပြီ။"

မုန့်အန်းအန်းက သူ၏ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်ထောက်ကာ ခေါင်းမော့ကြည့်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"ဖေဖေက နှောင်းခေတ်ရဲ့ နံပါတ်တစ်ကျင့်ကြံသူလေ။ ဘယ်သူက ဖေဖေ့ကို ဒီလောက်ပင်ပန်းအောင် လုပ်နိုင်လို့လဲ။ အရမ်းစွမ်းတဲ့ ရန်သူအသစ်တွေ ပေါ်လာပြန်ပြီလား။"

မုန့်ချင်ကျိုးက နှုတ်ခမ်းကိုစူကာ လေချွန်ပြီး ပြောလိုက်သည်။ "အဲဒါ သမီးမေမေ့ကို မေးကြည့်။"

"ဒီကိစ္စက မေမေနဲ့ ဘာဆိုင်လို့လဲ။" မုန့်အန်းအန်းက နားမလည်စွာ ခေါင်းစောင်းသွားပြီး သံသယဖြင့် ဘေးဘက်ကို ကြည့်ကာ တုန်းဖန်လျူလီကိုတစ်လှည့် မုန့်ချင်ကျိုးကိုတစ်လှည့်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာ စဉ်းစားနေတော့သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ။"

တုန်းဖန်လျူလီ၏မျက်နှာမှာ ချက်ချင်း နီရဲသွားပြီး အပြစ်တင်စကား ပြောလိုက်သည်။ "မြန်မြန်ထ။ သမီးကြီးလာရင် ဖေဖေနဲ့ခပ်ခွာခွာနေရမယ်လို့ ဆရာ မသင်ပေးဘူးလား။ ဖေဖေ့ ရင်ခွင်ထဲမှာချွဲနေသေးတယ်။"

မုန့်အန်းအန်းက အကြောင်းအရာကို အာရုံလွှဲခံလိုက်ရပြီး လုံးဝမထချင်ဘဲ ပြောလိုက်သည်။

"မလုပ်ပါဘူး။ အန်းအန်းက ခုမှ (၇)နှစ်ပဲ ရှိသေးတာ။ ကလေးလေးပဲ ရှိသေးတယ်။ ဖေဖေနဲ့ ခပ်ခွာခွာနေစရာ မလိုပါဘူး။"

ဖေဖေနှင့်မေမေ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

ဟုတ်သားပဲ။

အန်းအန်းက အခုမှ (၇)နှစ်ပဲ ရှိသေးတာကို ဘာလို့ သူတို့က အချိန်တွေ အမြန်ကုန်ဆုံးသွားပြီး လူငယ်ဘဝ ကုန်ဆုံးသွားသလို ခံစားနေရတာလဲ။

တခဏတာ အချိန်အတွင်း အသက်ကြီးသွားသောဘဝမျိုးကို ဖြတ်သန်းနေရသလို ခံစားရ၏။

မုန့်အန်းအန်းက အသက်ငယ်သည်ကိုအားကိုးပြီး ဆက်လက်ချွဲနွဲ့နေသည်ကို မြင်သောအခါ တုန်းဖန်လျူလီက မျက်နှာကို တည်တင်းလိုက်ပြီး နားရွက်ကို အပေါ်သို့ဆွဲတင်ရင်း ပြောလိုက်သည်။

"အဲဒါလည်း မရဘူး။ ဒီတစ်ခေါက် စာမေးပွဲအဖြေတွေကို မေမေ သိပြီးပြီ။ သိုင်းပညာစာမေးပွဲက အမှတ်ပြည့်။ စာမေးပွဲကတော့ အောင်မှတ်တောင် မပြည့်ဘူး။ သမီးက စာမတတ်ပေမတတ် လူမိုက်တစ်ယောက် ဖြစ်ချင်နေတာလား။"

"နောက်ဆို လူတွေက ခွန်အားပဲရှိပြီး ဦးနှောက်မရှိတဲ့ကောင်မလေးလို့ ပြောကြရင် မရှက်ဘူးလား ကြည့်ရသေးတာပေါ့။"

"လာခဲ့။ မေမေ သမီးကို စာသင်ပေးမယ်။"

မုန့်အန်းအန်းက နာကျင်စွာအော်ဟစ်လိုက်ပြီး မတတ်သာဘဲ ဆွဲခေါ်ခံရရင်း အော်ဟစ်လိုက်သည်။

"မလုပ်ဘူး။"

"အန်းအန်းက တရားတွေအများကြီး နားလည်စရာ မလိုပါဘူး။ ဖေဖေ့လိုပဲ စွမ်းရင်ရပြီ။"

တုန်းဖန်လျူလီက နားရွက်ကို ခပ်ဖွဖွလေးဆွဲရင်း ရယ်မောကာ ဆူလိုက်သည်။

"သမီးဖေဖေက သိုင်းပညာတစ်ခုတည်း စွမ်းတယ်လို့ ဘယ်သူပြောလဲ။ သမီးသိထားဖို့က အဲဒီတုန်းက မဟာကျင်းတိုင်းပြည်တစ်ခုလုံးကို သမီးဖေဖေရဲ့ စာပေပညာနဲ့အသိပညာတွေက သိမ်းပိုက်ခဲ့တာပဲ။ အဲဒီတုန်းက သူက ဘာအင်အားမှမရှိတဲ့ ဆင်းရဲတဲ့စာပေပညာရှင်တစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့တာ။"

"ကောင်းကင်နဲ့မြေကြီးအကြောင်း အကုန်သိတယ်။ တခြားသူတွေရဲ့ ကံကြမ္မာကိုတောင် ဟောကိန်း ထုတ်နိုင်တယ်။ မဟာကျင်းတိုင်းပြည်တစ်ခုလုံးကို အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့တာ။ သမီးရဲ့ဖေဖေ့လို ဖြစ်ချင်တယ်ဆိုရင် ဒီအချက်ကို ဘာလို့မသင်ယူတာလဲ။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက တိုးတိုးလေး ညည်းတွားလိုက်သည်။ "ဘယ်သူက လှည့်စားတာလဲ။ ကိုယ်ပြောတာတွေ အကုန်အမှန်တွေချည်းပဲလေ။"

တုန်းဖန်လျူလီ၏အကြားအာရုံမှာ အလွန်ကောင်းမွန်သဖြင့် ချက်ချင်းပြန်ပြောလိုက်သည်။ "အတော်ပဲ။ သမီးဖေဖေက ပညာတတ်တယ်ဆိုတော့ သူ့ပဲ စာသင်ခိုင်းလိုက်တော့။ မေမေ ဟင်းသွားချက်တော့မယ်။"

ဤစကားကို ကြားသောအခါ သားအဖနှစ်ယောက်စလုံး မျက်နှာပျက်သွားကြသည်။

တစ်ယောက်က မသင်ချင်၊ တစ်ယောက်က ပင်ပန်းနေလို့ မသင်ပေးချင်ပေ။

တုန်းဖန်လျူလီ မီးဖိုချောင်ထဲဝင်သွားသောအခါ မုန့်ချင်ကျိုးက လက်ပြခေါ်လိုက်ပြီး ကဗျာအချို့ကို ခိုးရေးကာ မုန့်အန်းအန်းကိုပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ခဏနေ ဖေဖေတို့ စာသင်နေသလိုမျိုး ဟန်ဆောင်ကြမယ်။ ထမင်းစားချိန်ရောက်ရင် ဒီကဗျာတွေ မေမေ့ကိုရွတ်ပြလိုက်။ ကိုယ်တိုင်ရေးတာလို့ ပြောလိုက်။ မဟုတ်ရင် သမီးမေမေရဲ့ အကျင့်အတိုင်းဆို ညစာစားရဖို့ သန်းခေါင်ချိန်အထိ စောင့်ရလိမ့်မယ်။"

မုန့်အန်းအန်း၏မျက်လုံးများ တောက်ပသွားပြီး လက်မထောင်ကာ ချီးကျူးလိုက်သည်။ "ဖေဖေက အရမ်းစွမ်းတာပဲ။"

မုန့်ချင်ကျိုးက အလွန်ကျေနပ်သွားပြီး ဖခင်တစ်ယောက်အနေဖြင့် ဂုဏ်ယူစွာ လက်ကာပြကာ နှိမ့်ချဟန်ဖြင့် ပြောလိုက်သည်။ "ဒီလောက်ကတော့ အေးဆေးပါ။"

သားအဖနှစ်ယောက်က စားပွဲရှေ့တွင်ထိုင်ကာ အလွန်ပင် ကြိုးစားပမ်းစား လေ့လာနေသကဲ့သို့ ဟန်ဆောင်နေကြသည်။

"ဖေဖေ။ ဖေဖေက စာပေပညာနဲ့ မဟာကျင်းကို သိမ်းပိုက်ခဲ့တာလို့ မေမေပြောတယ်။ အဲဒါ ဘယ်လို လုပ်တာလဲ။ မေမေက ဒီလောက်ဉာဏ်ကောင်းတာကို ဘယ်လိုလုပ် စကားနည်းနည်းလေးနဲ့ အလှည့်စား ခံရတာလဲ။"

"အကြောင်းစုံပြောရရင်တော့ ရှည်တယ်။ တကယ်တော့ သမီမေမေက ဖေဖေ့ကို အရင်လိုက်ခဲ့တာ။ အတင်းအကျပ်လှည့်စားပြီးတော့ သူ့ရဲ့ခင်ပွန်းဖြစ်အောင် လုပ်ခဲ့တာလေ။"

"ဟမ်။ တကယ်ကြီးလား။"

"တကယ်ပေါ့။”

…

All Chapters