အခန်း ၄၀၂
Vol. 28 Ch. 402
အပိုင်း(၄၀၂) အပြောင်းအလဲအသစ်၊ ရှင်းပစ်ခံရမည့်ပစ်မှတ်များ
ပစ္စုပ္ပန်ကျေးရွာ။
အစိမ်းရောင်အုတ်ကြွပ်မိုးအိမ်လေး။
မုန့်ချင်ကျိုးက တင်ပလ္လင်ခွေထိုင်ကာ ခြေဖဝါး၊ လက်ဖဝါး၊ ခေါင်းထိပ်တို့ကို အပေါ်ဘက်လှန်ထားသည့် ငါးချက်မိုးပေါ်လှန်ပုံစံဖြင့် တရားထိုင်နေပြီး အတန်ကြာမှ ဖြည်းညှင်းစွာ သတိဝင်လာသည်။
ယခုအခါတွင် သူက ကောင်းကင်နယ်ပယ်နှောင်းပိုင်းသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
နတ်ဘုရားတာအို(၁၀၀)ဆိုသည်မှာ အကောင်းဆုံးသော လှည့်စားမှုလက်နက်ပင်။ ဤအာဏာများသာ မရှိပါက သာမန်ကျင့်ကြံအားထုတ်မှုဖြင့် စည်းမျဉ်းကြိုးတန်းတစ်ခုကို တည်ဆောက်နိုင်ရန်အတွက် အနည်းဆုံး နှစ်ရာထောင်ချီ အချိန်ယူရမည် ဖြစ်သည်။ တာအို(၁၀၀) တည်ဆောက်ရန်ဆိုပါက ကမ္ဘာဦးအစခေတ်မှ နှောင်းခေတ်အထိ ကျင့်ကြံမှသာ ဖြစ်နိုင်မည်ဟု ခန့်မှန်းရသည်။
"အာဏာ(၈၀)ကျော်ကို ပြောင်းလဲပြီးပြီဆိုတော့ အတွင်းစကြဝဠာက အခြေခံအားဖြင့် ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်နေပြီ။ နောက်ထပ် နတ်ဘုရားတာအို (၁၀)ခုလောက် ပြောင်းလဲလိုက်ရင်ပဲ ကောင်းကင်နယ်ပယ် နှောင်းပိုင်းကို ရောက်ပြီ။"
"နတ်ဘုရားတာအို(၁၀၀)က အလိုအလျောက် သံသရာလည်သွားပြီဆိုရင်တော့ ကောင်းကင်နယ်ပယ် အထွတ်အထိပ်ကို တက်လှမ်းနိုင်ပြီ။"
"ဒါပေမယ့် အချိန်က တစ်နှစ်ပဲ ကျန်တော့တယ်..."
"ကောင်းကင်တာအို နိုးထလာတဲ့ဖြစ်စဉ်က ပိုပိုပြီးတော့ ပြင်းထန်လာတယ်။ လွန်ခဲ့တဲ့ (၅)နှစ်က ကောင်းကင်နယ်ပယ်က ဖိနှိပ်ခံခဲ့ရတယ်။ လွန်ခဲ့တဲ့ (၂)နှစ်ကဆို ကောင်းကင်ထောက်တိုင်နယ်ပယ်တွေက နည်းနည်းလေး သတိလွတ်သွားတာနဲ့ ကောင်းကင်နဲ့လူသားရဲ့ ဆုတ်ယုတ်ခြင်း (၅)ပါးကို ဆွဲဆောင်မိပြီး ဘေးဒုက္ခမျိုးစုံကို ကြုံတွေ့ခဲ့ရတယ်။"
"အခုဆို ငါကိုယ်တိုင်တောင် အလွယ်တကူ လှုပ်ရှားလို့မရတော့ဘူး။ မဟုတ်ရင် ကောင်းကင်တာအိုရဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံရပြီးတော့ ဘေးဒုက္ခတွေ တွေ့လိမ့်မယ်။"
"ချီကျိပြောခဲ့တဲ့စကားက တကယ် မှန်နေတယ်။ ကောင်းကင်တာအို အပြည့်အဝ နိုးထလာတဲ့ အခိုက်အတန့်မှာ ကောင်းကင်ထောက်တိုင်နယ်ပယ်နဲ့အထက် ကျင့်ကြံသူတွေအားလုံး ရှင်းလင်းခံရလိမ့်မယ်။"
"သမိုင်းတစ်လျှောက် အကြီးမားဆုံးသော အမှောင်ထုရှင်းလင်းရေးကြီး ရောက်လာတော့မယ်..."
မုန့်ချင်ကျိုးက မျက်မှောင်ကို တင်းတင်းကြုတ်ထားလိုက်သည်။
မဟာကျင်းတိုင်းပြည်ရှိ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူအရေအတွက်မှာ (၅၀)ကျော် ရှိပြီး အများစုမှာ သူ၏ဘေးနားရှိ လူများပင်။ အကယ်၍ သူတို့အားလုံး ဘေးဒုက္ခကြုံတွေ့ရပါက မည်သို့သော အခြေအနေမျိုး ဖြစ်လာမည်ကို တွေးကြည့်၍ပင် မရနိုင်ပေ။
သူ မဟာတာအိုကို ရှာဖွေရခြင်းမှာ တစ်ဦးတည်း အထီးကျန်စွာ အုပ်စိုးရန် မဟုတ်ပေ။ သူ့ဘေးရှိ ချစ်ရသူများကို ကာကွယ်ပေးလိုခြင်းသာ။ ဆွေမျိုးမိတ်ဆွေများသာ မရှိပါက လောကကြီး တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်မည်ဆိုလျှင် အသက်ရှင်ရခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
...
...
နောက်တစ်နေ့။
သူက ထုံးစံအတိုင်း ကိုယ်ပိုင်ကျောင်းလေးဆီ သွားခဲ့သည်။ အရင်နှင့်အနည်းငယ် ကွာခြားသွားသည်မှာ သူ့ဘေးတွင် မိန်းကလေးငယ်တစ်ဦး ပါလာပြီး သူတို့နှစ်ဦး အတူတကွ သွားနေခြင်ပင်။
အမြီးလေးနှံ့ကာ နောက်မှမလိုက်ချင်လိုက်ချင်ဖြင့် ကပ်ပါလာသော ခွေးဝါကြီး တစ်ကောင်လည်း ရှိသေးသည်။
"ဖေဖေ၊ မနေ့က သမီး ရွာထဲကို တမင်သက်သက် တစ်ပတ် လျှောက်ကြည့်ခဲ့တယ်။ ပုံပြင်ပြောတဲ့ဆရာ၊ ဦးလေးလင်း၊ အဘိုးလီ၊ အဘိုးချင်းတို့အားလုံး ဒီတလော သိပ်မထွက်လာဘူး။ တစ်ခါတလေ ထွက်လာရင်လည်း အရမ်းကို အလောတကြီးနိုင်နေကြတယ်။ တစ်ခုခု ဖြစ်လို့လားဟင်။" မုန့်အန်းအန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ရွာထဲမှ မကြာခဏထွက်လာလေ့ရှိသူ အများစုမှာ ကောင်းကင်ထောက်တိုင်နယ်ပယ် အောက်ရှိသူများ ဖြစ်သည်။
သူတို့က ကောင်းကင်တာအို နိုးထလာမည့် ဖိအားကို အာရုံမခံနိုင်ကြသလို ကောင်းကင်တာအို၏ ရှင်းလင်းရေးကလည်း ကောင်းကင်ထောက်တိုင်နယ်ပယ်အောက်ကျင့်ကြံသူများကို ပစ်မှတ်ထားမည် မဟုတ်ပေ။
ရွာထဲရှိ ကောင်းကင်ထောက်တိုင်နယ်ပယ်များ အဘယ်ကြောင့် ရှားရှားပါးပါးသာ ထွက်ပေါ်လာရသနည်း ဆိုလျှင် အဓိကအကြောင်းရင်းမှာ ကောင်းကင်တာအို နိုးထလာတော့မည်ဖြစ်ရာ သူတို့အားလုံး နောက်တစ်နှစ် အကြာတွင် ကျရောက်လာမည့် ကောင်းကင်တာအို၏ဖိနှိပ်မှုကို ကာကွယ်ရန် အမှောင်ထဲတွင် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
၎င်းမှာ မုန့်ချင်ကျိုးက မဟာကျင်းတိုင်းပြည်ရှိ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူ အားလုံးထံ တိတ်တဆိတ် ထုတ်ပြန်ထားသော အမိန့်ပင်။
ကောင်းကင်တာအို နိုးထလာချိန်တွင် အဆင့်မြင့်ကျင့်ကြံသူများမှာ အဓိက ရှင်းလင်းခံရမည့် ပစ်မှတ်များ ဖြစ်လာမည်။ အားနည်းသူနှင့် အားကြီးသူတို့၏ အဆင့်အတန်းမှာ ပြောင်းပြန် ဖြစ်သွားမည်။ ကျင့်ကြံခြင်းအဆင့်နိမ့်လေ ပို၍ဘေးကင်းလေဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်မြင့်လေ ပို၍ဒုက္ခရောက်လေ ဖြစ်မည်။
ထိုအချိန်မျိုးတွင် မည်သူကမှ ကူညီပေး၍မရဘဲ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမည် ဖြစ်သည်။
တစ်နှစ်ကြာပြီးနောက် ကောင်းကင်ထောက်တိုင်နယ်ပယ်နှင့်အထက် ကျင့်ကြံသူများသည် ပင်လယ်ထဲ ကျသွားသော ရေမကူးတတ်သူများအလား ဖြစ်သွားမည်။ မည်သူအသက်ရှင်ပြီး မည်သူသေမလဲ ဆိုသည်က မည်သူ ပိုမြန်မြန်ကူးခတ်နိုင်သည့်အပေါ်တွင်သာ မူတည်နေသည်။
မှန်ပေသည်။
ထိုအထဲတွင် မုန့်ချင်ကျိုးနှင့် တုန်းဖန်လျူလီတို့ မပါဝင်ပေ။
မုန့်ချင်ကျိုးက ကောင်းကင်နယ်ပယ်နှောင်းပိုင်းသို့ တက်လှမ်းတော့မည်ဖြစ်ရာ ကောင်းကင်တာအို နိုးထလာလျှင်ပင် ယှဉ်ပြိုင်နိုင်သည့် အရည်အချင်း ရှိနေသည်။ တုန်းဖန်လျူလီမှာလည်း ကောင်းကင်တာအို ကိုယ်တိုင် ရွေးချယ်ထားသော လူသားဧကရာဇ် ဖြစ်ပြီး လူ့လောကတွင် ကောင်းကင်တာအို၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခံထားရသဖြင့် ပို၍ပင် ဘေးကင်းပေသည်။
ထိုအချိန်ရောက်လျှင် အခြေအနေမှာ ဤသို့ဖြစ်လာမည်။
[ကောင်းကင်နယ်ပယ်နှင့်အထက်များက "တစ်ခုတည်းသောတည်ရှိမှု"ကို လုယူကြမည်ဖြစ်ပြီး ရှေးခေတ်နှင့် ယခုခေတ်မှ အစွမ်းထက်သူများအားလုံး နှောင်းခေတ်တွင် စုဝေးရောက်ရှိလာကြမည်]
[ကောင်းကင်ထောက်တိုင်နယ်ပယ်ကျင့်ကြံသူများမှာ ပုရွက်ဆိတ်များအဖြစ် ကျဆင်းသွားပြီး ကောင်းကင်တာအို၏ အဓိကရှင်းလင်းရေးပစ်မှတ်များ ဖြစ်လာမည်။ အသက်ရှင်ခြင်း သေဆုံးခြင်းမှာ ကိုယ့်အပေါ်တွင်သာ မူတည်မည်]
[အလယ်အလတ်နှင့် အောက်ခြေအဆင့် ကျင့်ကြံသူများမှာမူ ဘေးကင်းလုံခြုံစွာ ရှိနေမည်ဖြစ်ပြီး သူတို့ကိုပစ်မှတ်ထားသော ဘေးဒုက္ခများ ရှိတော့မည် မဟုတ်ပေ။]
"သူတို့ လုပ်စရာကိစ္စတွေ ရှိနေလို့ပါ။ လျှောက်မတွေးပါနဲ့။" မုန့်ချင်ကျိုးက အများကြီး မပြောရဲဘဲ အကြောင်းပြချက်တစ်ခုဖြင့် ပြီးစလွယ် ဖြေလိုက်သည်။
မုန့်အန်းအန်းက အလွန်ဉာဏ်ကောင်းကြောင်း သူသိသည်။ စကားနည်းနည်း မှားသွားသည်နှင့် တပြိုင်နက် သူက အကြောင်းအရာများစွာ၏ အမှန်တရားကို ခန့်မှန်းသိရှိသွားနိုင်ပေသည်။
"ဟုတ်လို့လား..." မုန့်အန်းအန်းက ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ဆိုသည်။
ယခုအခါ မဟာကျင်းတိုင်းပြည်က တိုင်းပြည်အေးချမ်းနေပြီဖြစ်ရာ လူအများကြီး တစ်ပြိုင်နက်တည်း အလုပ်ရှုပ်နေစရာ ဘာကိစ္စများ ရှိနိုင်မည်နည်း။ သေချာပေါက် နောက်ကွယ်မှာ တစ်ခုခုတော့ ရှိနေပေမည်။
သို့သော် မုန့်ချင်ကျိုး မပြောချင်သည့်အတွက် သူက လိမ္မာစွာဖြင့် ဆက်မမေးတော့ပေ။
"အန်းအန်း၊ တကယ်လို့ တစ်နေ့နေ့ကျရင် ဖေဖေတို့ မေမေတို့ မရှိတော့ဘူးဆိုရင် သမီး သေချာပေါက် ကြံ့ကြံ့ခံရပ်တည်ရမယ်နော်၊ ကြားလား။" တောင်ခြေသို့ရောက်ခါနီးတွင် မုန့်ချင်ကျိုးက ရုတ်တရက် ပြောလိုက်သည်။
မုန့်အန်းအန်းက နှုတ်ခမ်းလေးကိုစေ့ကာ အတင်းပြုံးရင်း ပြောလိုက်သည်။ "ဖေဖေ၊ ဘာတွေ လျှောက်ပြောနေတာလဲ။ သမီးတို့မိသားစုက အမြဲတမ်း ဘေးကင်းလုံခြုံနေမှာပါ။ အဲဒီလို မဖြစ်ပါဘူး။"
မုန့်ချင်ကျိုး၏မျက်နှာမှာ တည်ကြည်သွားပြီး ခြေလှမ်းများကို ရပ်တန့်လိုက်ကာ သူ၏ အလင်းရောင် ကင်းမဲ့နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဖေဖေက တကယ်လို့လို့ ပြောတာပါ။ အနာဂတ်မှာ အပြောင်းအလဲတွေအများကြီး ရှိနိုင်တယ်။ ဖေဖေက သမီးကို ခိုင်မာကြံ့ခိုင်စေချင်တယ်။ ဘယ်လိုကိစ္စမျိုးပဲ ကြုံရကြုံရ မျှော်လင့်ချက်ကို လုံးဝ လက်မလွှတ်ရဘူး။"
"နားလည်လား။"
သူက မုန့်အန်းအန်းကို (၃)နှစ်တိတိ အပြင်ထွက်၍ အတွေ့အကြုံယူခိုင်းခဲ့ပြီး ထို(၃)နှစ်အတွင်း အိမ်မပြန်ခိုင်းခြင်းမှာ သူ့ကို အထီးကျန်ခြင်းနှင့် ဖေဖေမေမေမရှိသော အချိန်များကို ကြိုတင်အသားကျစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်တာအိုနိုးထလာချိန်တွင် အကောင်းဆုံး အခြေအနေတွင်ပင် တုန်းဖန်လျူလီသည် အလွယ်တကူ ထွက်ပေါ်လာ၍မရပေ။ ကောင်းကင်တာအိုကိုယ်တိုင် ရွေးချယ်ထားသော လူသားဧကရာဇ် ဖြစ်သော်လည်း အတိအကျ မဆုံးဖြတ်ရသေးခင်တွင် ကောင်းကင်တာအိုက ယာယီလူစားလဲနိုင်သေးသည် မဟုတ်ပါလား။
မုန့်ချင်ကျိုးကိုယ်တိုင်ဆိုလျှင်လည်း သူက "တစ်ခုတည်းသောတည်ရှိမှု"ကို လုယူရန် လိုအပ်နေသည်။ ၎င်း၏အန္တရာယ် မည်မျှကြီးမားသည်ကို မဆိုထားနှင့်။ အချိန်တိုအတွင်း ပစ္စုပ္ပန်ကျေးရွာသို့ သူ သေချာပေါက် ပြန်လာနိုင်မည် မဟုတ်ချေ။
မုန့်အန်းအန်းက အတန်ကြာတုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။
"ကောင်းကင်တာအိုကြောင့်လား။"
"ဟမ်။" မုန့်ချင်ကျိုးမှာ အံ့အားသင့်သွားပြီး မှင်သက်သွားသည်။ "သမီး ဘယ်လိုလုပ်သိတာလဲ"
"သမီး အာရုံခံမိတယ်။" မုန့်အန်းအန်းက ကြည်လင်ပြာလွင့်နေသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း အတင်းပြုံးကာ ပြောလိုက်သည်။
ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
မုန့်ချင်ကျိုးမှာ မှင်သက် အံ့အားသင့်သွား၏။
အခုမှ နံနက်ခင်းအလင်းနယ်ပယ်ပဲ ရှိသေးတာကို။ ကောင်းကင်တာအိုရဲ့ ရှင်းလင်းရေးပစ်မှတ်တွေထဲမှာ လုံးဝမပါဘူးလေ။ ဘယ်လိုလုပ်ပြီး ကောင်းကင်တာအို နိုးထလာတော့မယ်ဆိုတာကို အာရုံခံနိုင်ရတာလဲ။
ဒါက ပါရမီနဲ့မဆိုင်လောက်ဘူး။ ရှင်းလင်းရေးပစ်မှတ်အဖြစ် သတ်မှတ်ခံရမှ ဒီလိုခံစားမှုမျိုး ရနိုင်တာ ဖြစ်တယ်။
ဒါမှမဟုတ်...
မုန့်ချင်ကျိုး ရုတ်တရက် သတိဝင်လာပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
"ကောင်းကင်တာအိုက ကောင်းကင်ထောက်တိုင်နယ်ပယ်နဲ့အထက် ကျင့်ကြံသူတွေကို ရှင်းလင်းတာက ကမ္ဘာကြီးကိုပျက်စီးစေမယ့် အကြောင်းရင်းတွေကို ဖယ်ရှားပစ်ဖို့၊ တစ်ဦးချင်းစီရဲ့စွမ်းအားတွေ ကန့်သတ်ချက်ကို ကျော်လွန်ပြီး မဟာတာအို ပြိုကွဲပျက်စီးသွားမှာကို တားဆီးဖို့ပဲ။"
"ဒါကြောင့်မို့လို့ ကောင်းကင်ထောက်တိုင်နယ်ပယ်တွေက ပုရွက်ဆိတ်လို ဖြစ်သွားပြီးတော့ အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ အဆင့်အတန်း ပြောင်းပြန်ဖြစ်သွားရတာ။"
"ဒါပေမယ့် ကောင်းကင်တာအိုရဲ့ ရင်းလင်းရေးက ဘယ်လိုလုပ် ဒီလောက် ရိုးရှင်းနိုင်မှာလဲ။ ရှင်းလင်းရေး စပြီဆိုကတည်းက အမြစ်ပြတ သုတ်သင်ဖို့လုပ်မှာ သေချာတာပေါ့။"
"ကောင်းကင်ထောက်တိုင်နယ်ပယ်နဲ့အထက်တွေ တင်မကဘူး။ ပါရမီ ရမ်းထူးချွန်ပြီး အချိန်တစ်ခု ပေးလိုက်ရင် ကန့်သတ်ချက်ကို သေချာပေါက် ချိုးဖောက်နိုင်မယ့် သက်ရှိတွေကိုပါ ပစ်မှတ်ထားတာပဲ။ ဒါမှသာ ကောင်းကင်ထောက်တိုင်နယ်ပယ်ဆီ သွားမယ့်လမ်းကြောင်းကို လုံးဝ ဖြတ်တောက်နိုင်မှာလေ။"
လူ့ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေနဲ့ ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲနေတဲ့ သာမန်ဆဲလ်တွေလိုပဲ။ ကောင်းကင်တာအို အတွက်တော့ ဘာကွာခြားမှုမှ မရှိဘူး။
မုန့်ချင်ကျိုး၏ အသက်ရှူသံ ရပ်တန့်သွား၏။
သတ်ဖြတ်လိုသော အငွေ့အသက်များက တဖြည်းဖြည်း ရုပ်လုံးပေါ်လာတော့သည်။
"ပြန်ကြမယ်။ ဒီနေ့ ကျောင်းမတက်တော့ဘူး။" မုန့်ချင်ကျိုးက ရုတ်တရက် နောက်လှည့်လိုက်ပြီး မုန့်အန်းအန်း၏လက်ကိုဆွဲကာ အိမ်ဘက်သို့ ပြန်လှည့်သွားသည်။
မုန့်အန်းအန်းက အနည်းငယ် နားမလည်စွာဖြင့် မေးလိုက်ည်။ "ကျောင်းသားတွေကို အကြောင်းကြားဖို့ မလိုဘူးလားဟင်။"
"သူတို့ရဲ့ မိဘတွေကို ဖေဖေ အကြောင်းကြားပြီးပါပြီ။ စိတ်ပူစရာ မလိုပါဘူး။"
"အန်းအန်းက ကောင်းကင်တာအိုနိုးထလာတော့မယ်ဆိုတာ အာရုံခံမိလို့ ကျောင်းပိတ်လိုက်တာလား။"
"မဟုတ်ပါဘူး။"
...
...
မုန့်ချင်ကျိုး၏ပါးစပ်မှသာ မဟုတ်ဘူးဟု ပြောနေသော်လည်း စိတ်ထဲတွင်တော့ မည်သူ့ထက်မဆို ပို၍ရှင်းလင်းစွာ သိနေသည်။ ထိုအကြောင်းရင်းကြောင့်ပင် ဖြစ်သည်။
အန်းအန်းသည် ယခုမှ နံနက်ခင်းအလင်းနယ်ပယ်သာ ရှိနေသေးသည်။ ကောင်းကင်တာအို၏ ရှင်းလင်းရေးကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူများပင် သေရေးရှင်ရေး အခြေအနေတွင် ကူးခတ်နေရ၏။ အန်းအန်းဆို ပိုဆိုးပေလိမ့်မည်။