အခန်း ၄၀၄
Vol. 28 Ch. 404
အပိုင်း(၄၀၄) တန်ခိုးရှင်နှင့်လူသားများပြောင်းပြန်ဖြစ်သွားခြင်း၊ ကောင်းကင်ထောက်တိုင်နယ်ပယ် ပုရွက်ဆိတ်များ
မိုးဖွဲဖွဲလေး ရွာကျနေပြီး လေထဲတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် နှင်းပွင့်များ အတူတကွရောနှောကာ ရေခဲပွင့်များအဖြစ် ပြောင်းလဲသွားသည်။
နွေရာသီတွင် တောရိုင်းမြေတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မိုးရေနှင့်နှင်းပွင့်များပေါင်းစပ်ကာ ရေခဲပွင့်များ ဖြစ်ပေါ်လာပြီး ကျောက်ပြားခင်းထားသော လမ်းမများပေါ်သို့ တဖြောက်ဖြောက် ကျဆင်းနေသည်။
လူများက အလျင်အမြန်အိမ်ပြန်ကာ လှန်းထားသောအဝတ်အထည်များကို သိမ်းဆည်းကြသဖြင့် မြို့တော်မှာ ချက်ချင်း လူသူကင်းမဲ့သွားတော့သည်။
ချီးထမ်းသည့် အဘိုးအိုက ခမောက်ကို အနည်းငယ်ပင့်တင်ကာ ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ကောင်းကျိုးတွေ တစ်ပြိုင်တည်း မလာတတ်သလို ဆိုးကျိုးတွေကလည်း တစ်ခုတည်း မလာတတ်ဘူး။ တိုင်းပြည်တည်ထောင်တာ အခက်အခဲတွေ အများကြီးပဲ။ လူသားမျိုးနွယ်တွေ ဘယ်တော့မှ ကြီးပွားလာမလဲ..."
"နွေရာသီကြီးမှာ နှင်းတွေကျနေတာ။ ဒါက ကပ်ဘေးရဲ့ နိမိတ်လက္ခဏာပဲ။"
"ဧကရီက တံခါးပိတ် ကျင့်ကြံနေတယ်။ အစိုးရကလည်း ပုန်းကွယ်နေတယ်။ နန်းတော်ကြီး တစ်ခုလုံးမှာ ဧကရာဇ်တစ်ယောက်တည်း စောင့်ကြည့်နေတာ။ သူ ဘာကို စောင့်နေတာလဲ။"
မဟာကျင်းတိုင်းပြည်က ရပ်တန့်သည့်အခြေအနေသို့ ရောက်ရှိနေပြီဟု ကြေညာခဲ့သည်မှာ (၅)လခန့် ရှိပြီဖြစ်သည်။
ထိုအချိန်အတွင်း။
နယ်မြေအသီးသီးတွင် တာဝန်ကျနေသော အရာရှိများမှလွဲ၍ နန်းတော်တွင် ဧကရာဇ်တစ်ဦးတည်းသာ ကျန်ရှိတော့သည်။
အချိန်တွေ ကုန်လွန်လာတာနှင့်အမျှ ထူးဆန်းသောအဖြစ်အပျက်များ မကြာခဏ ဖြစ်ပေါ်လာပြီး ရာသီဥတုများက ပိုမို ကမောက်ကမ စ်လာကာ ရာသီဥတုလေးခုက ပြောင်းပြန်ဖြစ်နေသလို ဖြစ်နေသည်။
ထိုမျှတင် မကသေးပေ။
ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူများက အမည်မသိ ဘေးဒုက္ခတွေကို မကြာခဏ ကြုံတွေ့နေရသည်။
လွန်ခဲ့သော(၁၀)ရက်က မဟာကျင်းတိုင်းပြည်၏ ကောင်းကင်ထောက်တိုင်နယ်ပယ်အသစ် ကောင်းကင်စစ်သူကြီး ရုတ်တရက် ရူးသွပ်သွားပြီး မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ကောလာဟလများအရ လူသူကင်းမဲ့နေသောမြို့ထဲတွင် သွေးချောင်းစီးနေပြီး အလောင်းများက တောင်လိုပုံနေ၏။ အလွန်ပင် ကြောက်စရာကောင်းလှသည်။ ဓားသခင်မ စုချင်ချိုးကသာ ဝင်မပါခဲ့လျှင် ထိုဘေးဒုက္ခကြီးကို မည်ကဲ့သို့ အဆုံးသတ်မည်ကို မသိနိုင်ပေ။။
လွန်ခဲ့သော ရက်(၃၀)က စန်းချင်းတာအိုကျောင်းမှ ကောင်းကင်ထောက်တိုင်နယ်ပယ် အစောပိုင်း ကျောင်းထိုင်ဘုန်းကြီးက တံခါးပိတ်ကျင့်ကြံနေသော ဂူထဲတွင် ရုတ်တရက် ပေါက်ကွဲသေဆုံးသွားခဲ့သည်။ သေဆုံးသောအချိန်တွင် ထွက်ပေါ်လာသော လှိုင်းဂယက်က တောင်တန်းပေါင်းတစ်သောင်းကို လွှမ်းခြုံသွားပြီး ထိုနယ်မြေ၏ အချိန်-နေရာလွတ်ကို လုံးဝပြိုကျသွားစေသည်။
လွန်ခဲ့သော (၂)လက အသက်(၃၀၀)သာ ရှိသေးသည့် ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ဖြစ်သော လုံရင်ဂိုဏ်းချုပ်၊ အချိန်နည်းနည်း ထပ်ပေးလိုက်ရင် သေချာပေါက် ကောင်းကင်ထောက်တိုင် နယ်ပယ်ကို တက်လှမ်းနိုင်မယ့်သူက အလောတကြီး အောင်မြင်ချင်စိတ်ကြောင့် တည်ငြိမ်မှုပျောက်ဆုံးပြီး အတင်းအကျပ် အဆင့်တက်ရန် ကြိုးစားရာမှ ကောင်းကင်ထောက်တိုင်နယ်ပယ် အခြေခံ လုံးဝပျက်စီးသွားပြီး နေရာမှာတင် သာမန်လူတစ်ယောက် ဖြစ်သွားတယ်။
လွန်ခဲ့သော (၂)လခွဲက သူတော်စင် ယိုရှန်း..
လွန်ခဲ့သော (၃)လက မဟာကျင်း၏ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်က တိုက်ခိုက်လေ့ကျင့်ရာမှ ဒေါသထွက်ပြီး အမှန်တကယ်တိုက်ခိုက်မိကြရာ နှစ်ယောက်စလုံး သေဆုံးသွားကြသည်။
...
...
(၅)လအတွင်း ဘေးဒုက္ခအမျိုးမျိုးကြောင့် အကြောင်းပြချက်မရှိဘဲ သေဆုံးသွားသော ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူ(၈)ယောက်ပင် ရှိနေပြီ ဖြစ်သည်။
အထူးဆန်းဆုံးမှာ စုံစမ်းစစ်ဆေးမှုရလဒ်များအရ သေဆုံးရသောအကြောင်းရင်း၊ ကျန်ရစ်ခဲ့သော သဲလွန်စများ၊ ထိုအချိန်က အခြေအနေကို ပြန်လည်ဖော်ထုတ်ကြည့်ရာ အားလုံးက အရမ်းကိုပုံမှန်ဖြစ်နေပြီး ပြင်ပမှ ဝင်ရောက်စွက်ဖက်သော အကြောင်းရင်း လုံးဝမရှိနေခြင်းပင်။
တောရိုင်းမြေတင် မကပေ။
ထိုနှစ်များအတွင်း ကောင်းကင်ပြည်နယ်တွင်လည်း နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတချို့က တဖြည်းဖြည်း ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်လာကြသည်။ စုစုပေါင်း (၁၀)ယောက်ကျော်လောက် ရှိသည်။ သို့သော်လည် ဤ(၅)လအတွင်းမှာပင် တစ်ဝက်လောက် သေဆုံးသွားကြသည်။
ထိုအဖြစ်အပျက်များကို ခြုံငုံကြည့်လိုက်လျှင် ဦးနှောက်နည်းနည်းရှိသူဆိုပါက မဟာကျင်းတိုင်းပြည်က ရုတ်တရက် ရပ်တန့်သွားသည့်အခြေအနေကို ကြေညာလိုက်ခြင်းနှင့် ဆက်စပ်ပြီး ကြီးမားသောဘေးဒုက္ခကြီး ရောက်လာတော့မည်ဖြစ်ကြောင်းကို သိနိုင်ပေသည်။
ယခုဆိုရင် ဘေးဒုက္ခက တဖြည်းဖြည်း နီးကပ်လာနေလေပြီ။
"လောကကြီးက ပြောင်းလဲလွယ်တယ်။ မဟာတာအိုကြီးက ပြောင်းပြန်ဖြစ်နေပြီ။"
"အရင်က အထက်စီးကနေနေခဲ့တဲ့ နတ်ဘုရားတွေက အသက်ရှင်ဖို့ရုန်းကန်နေရတဲ့ ပုရွက်ဆိတ်တွေ ဖြစ်သွားပြီးတော့ အောက်ခြေက သာမန်လူတွေကတော့ လွတ်လပ်ပျော်ရွှင်စွာ နေနိုင်ကြတယ်။"
"ကောင်းကင်ကြီးပြိုကျလာရင် အရင်ဆုံးအသေခံရမှာက အရပ်ရှည်တဲ့သူတွေပဲ။" ချီးထမ်းသော အဘိုးအိုက အေးဆေးစွာ သီချင်းဆိုရင်း ခေါင်းယမ်းနေသည်။
...
...
"ချင်ချိုး။"
တောင်ထိပ်ကမ်းပါးယံတစ်ခုပေါ်မှာ လူနှစ်ယောက်က လေတိုက်ခံရင်း ရပ်နေပြီး ကမ်းပါးအောက်က တိမ်ပင်လယ် လှိုင်းတံပိုးများကို ကြည့်နေကြသည်။
လီယဲ့က နက်ရှိုင်းသောအကြည့်ဖြင့်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
"ကောင်းကင်တာအိုက မကြာခင် ပြန်နိုးတော့မယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ်နဲ့အထက်တွေကို ရှင်းလင်းဖို့ စီမံကိန်းက ပေါ်လာပြီ။ အပြည့်အဝ မနိုးထခင်ကတည်းက ရှင်းလင်းရေးက စတင်နေပြီ။"
"ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မလား မသိဘူး။ ဒီလပိုင်းတွေမှာ ငါ ပိုပိုပြီးအားအင်ကုန်ခန်းလာသလို ခံစားရတယ်။ အချိန်တိုင်းမှာ ကမ္ဘာကြီးတွေ အများကြီးကို ထမ်းထားရသလိုပဲ။ လမ်းလျှောက်ရင် ခြေလှမ်း နည်းနည်းကျယ်သွားတာနဲ့ တစ်ကိုယ်လုံးက အရိုးအကြောတွေ ပြတ်တောက်သွားမလိုပဲ"
"အခု ငါ့အခြေအနေက တိုက်ခိုက်ဖို့နေနေသာသာ သာမန်လူ(၁၀)ယောက်လောက် ဝိုင်းတိုက်ရင်တောင် ငါ့ကို သတ်နိုင်တယ်။"
ပြောရင်းနှင့် လီယဲ့က ပင်ပန်းနွမ်းနယ်စွာ အသက်ရှူရင်း အတင်းပြုံးကာ ဆက်ပြောလိုက်သည်။
"တကယ်လို့ ငါသေသွားရင် ငါ့ကို ကူညီပေးလို့ရမလား။"
စုချင်ချိုးက မျက်နှာသေဖြင့် မကြားသလို နေနေလိုက်ပြီး အတန်ကြာမှ ပြန်ဖြေလိုက်သည်။ "ရှင် အရင်ပြောကြည့်။ ပြီးမှ ကျွန်မ စဉ်းစားပေးမယ်။"
သူက အရင်ကနှင့် သိပ်မကိုက်ညီသော နာမည်ပြောင်ဖြစ်သည့် 「အေးစက်သောဓားနတ်မိမယ်」 ဆိုသည်နှင့် တဖြည်းဖြည်း ပိုတူလာသည်။
"ငါသေသွားရင် ကောင်းကင်ပြည်နယ်က ချင်းလွမ်ထျန်းနယ်မြေ၊ လီမိသားစုရဲ့ အိမ်ဟောင်းမှာ မြှုပ်နှံချင်တယ်။ ရမလား။" လီယဲ့၏ အရိုးအကြောများက တုန်ခါနေပြီး ဒဏ်မခံနိုင်တော့ဘဲ ဖင်ထိုင်လျက် လဲကျသွားသည်။ မီတာထောင်ချီမြင့်သော တောင်ကြီးကပင် ပြိုကျမတတ် ဖြစ်သွားပြီး တောင်တစ်ခုလုံး တုန်ခါသွား၏။
စုချင်ချိုးက အေးဆေးစွာပင် ပြောလိုက်သည်။
"မီးသင်္ဂြိုဟ်မလား၊ မြေမြှုပ်မလား၊ ဒါမှမဟုတ် ရေချရမလာ။"
"မီးသင်္ဂြိုဟ်တာက အရိုးပြာကို လွင့်ပစ်တာနဲ့တူတယ်။ ရေချတာကလည်း မသင့်တော်ဘူး။ မြေမြှုပ်တာပဲ ကောင်းမယ်။" လီယဲ့က စဉ်းစားပြီး ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ စုချင်ချိုးက နောက်လှည့်ကြည့်ပြီး သေချာစဉ်းစားကာ ပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။
"ဘာဖြစ်လို့လဲ။ ငါသေမှာကို နှမြောလို့လား။ ဝမ်းနည်းစရာ မလိုပါဘူး။ ရွှမ်ကျင်းနဲ့ယှဉ်ရင် ငါက အသက်ရှင်ရတာ တန်နေပါပြီ။" လီယဲ့က ပွင့်လင်းစွာ ပြုံးလိုက်သည်။
"မဟုတ်ဘူး၊ ငါ ထင်တာ မြေမြှုပ်တာက အရမ်း ရှုပ်ထွေးတယ်။ မီးသင်္ဂြိုဟ်တာက ပိုအဆင်ပြေတယ်။ မီးရှို့ပြီးရင် အရိုးပြာတွေကို လေထဲ လွင့်ပစ်လိုက်၊ လေက မင်းရဲ့ အရိုးပြာတွေကို ကောင်းကင်ပြည်နယ်ဆီ သယ်သွားလိမ့်မယ်။ ဘယ်လိုလဲ။" စုချင်ချိုး က သေချာ အကြံပေးပြီး ထပ်ပြောလိုက်တယ်။
"အခု ကျွန်မလည်း အရမ်းပင်ပန်းနေပြီ။ ရှင်နဲ့မတူတာက ကျွန်မက စိတ်ပိုင်းဆိုင်ရာပင်ပန်းနေတာ။ ကိုယ်ပိုင်စွမ်းအားတော့ အကန့်အသတ် မရှိဘူး။ ဒါပေမယ့် အချိန်တိုင်းမှာ စိတ်ကူးယဉ် အာရုံချောက်ချားမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အချိန်တိုင်းမှာ စိတ်ပိုင်းဆိုင်ရာညစ်ညမ်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ နောက်ထပ် အချိန်အကြာကြီးနေရင် ကျွန်မမှာ ရှင့်ကိုကူညီဖို့ ခွန်အားရှိပါ့ဦးမလား မသိဘူး။"
"အဲဒီအချိန်ကျရင် ကျွန်မက အရူးတစ်ယောက် ဖြစ်နေလောက်ပြီ။ ရှင့်ကို တိုက်ရိုက်မီးရှို့ပြီး အရိုးပြာ လွင့်ပစ်လိုက်မယ်။ ဘာလို့လဲဆိုတော့ မီးသင်္ဂြိုဟ်တာက အလွယ်ဆုံးပဲလို့ စိတ်ထဲကနေ ယုံကြည်နေလို့ပဲ။"
ထိုစကားကို ကြားသောအခါ လီယဲ့၏အပြုံးမှာ မျက်နှာပေါ်တွင် တောင့်တင်းသွား၏။
ရုတ်တရက် အားကိုး၍မရဟု ခံစားလိုက်ရသည်။
"အာ..."
"ငါ တခြားသူတွေကို အကူအညီ တောင်းလိုက်ပါ့မယ်။" လီယဲ့ကပြောပြီး တောင်ပေါ်မှဆင်းရန် ပြင်လိုက်သည်။
စုချင်ချိုးက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
"တခြားသူတွေနဲ့ယှဉ်ရင် ကျွန်မက အသက်သာဆုံးပဲ။ လင်းလုရဲ့ တာအိုက အဆက်မပြတ် ပြိုကွဲနေတယ်။ သူက အချိန်တိုင်း သေရေးရှင်ရေးအခြေအနေမှာ ရောက်နေပြီးတော့ နေ့တိုင်း ပြင်ဆင်နေရတာ အလုပ်ရှုပ်နေတယ်။"
"ဝူဟွေ့ရဲ့ အတွင်းကသူတော်စင်၊ အပြင်ကမိစ္ဆာဆိုတဲ့ တာအိုနှလုံးသားက တဖြည်းဖြည်း အစွန်းရောက်လာပြီး အတွင်းကမိစ္ဆာ၊ အပြင်ကသူတော်စင်ဆိုတဲ့ ပုံစံမျိုး ပြောင်းလဲနေတယ်။"
"ခူကျင်းက တာအိုကျမ်းစာတွေထဲမှာပြောတဲ့ 「ကိုယ်၊စိတ်၊ဆန္ဒ」ရဲ့ ဆွဲငင်မှုကြောင့် သူ့ရဲ့ဝိညာဉ်(၃)ပါးနဲ့ နာမ်(၇)ပါးက 「ဆန္ဒ」နဲ့အတူ 「စိတ်」ရဲ့ အနက်ရှိုင်းဆုံးနေရာကို ဆွဲခေါ်ခံလိုက်ရတယ်။ အသက်ရှင်နေတယ် ထင်ရပေမယ့်၊ 「ကိုယ်」က သေနေပြီ။"
"ဟွေ့နန်းက တစ်နေကုန် ဧကရာဇ်ကို လက်စားချေမယ်၊ အတ္တကင်းမဲ့ဗုဒ္ဓအတွက် လက်စားချေမယ်၊ ဧကရာဇ်နဲ့ သူသေကိုယ်သေတိုက်မယ်လို့ အော်နေတယ်။"
"ချင်းဖုန်းဟော်ရဲ့ အတွင်းစကြဝဠာ စည်းမျဉ်းတွေက ပြိုကျနေတယ်။ သူက တစ်နေရာကိုဖာရင် နောက်တစ်နေရာကပေါက်တဲ့ အခြေအနေနဲ့ အလုပ်ရှုပ်နေတယ်..."
"အချုပ်ပြောရရင် ဘယ်သူမှ ရှင့်ကို ဂရုစိုက်ဖို့အချိန်မရှိဘူး။
လီယဲ့၏မျက်နှာမှာ အလွန်ခါးသက်သွားပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။
"ဒါဆိုလည်း ကောင်းပါပြီ။ မီးသင်္ဂြိုဟ်ရင်လည်း မီးသင်္ဂြိုဟ်တာပေါ့။ ငါ့ကို သေချာလေး လုပ်ပေးပါ။"
ကောင်းကင်တာအို၏ဖိနှိပ်မှုကို ရင်ဆိုင်ရချိန်တွင် လီယဲ့ တဖြည်းဖြည်း မျှော်လင့်ချက် ကင်းမဲ့လာသည်။
နည်းနည်းလေး အားစိုက်လိုက်သည်နှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်သွား၏။ ထိုအချိန်တွင် သန်မာသောလူကြီးတစ်ယောက်လာပြီး သူ့ကို ပြင်းပြင်းထန်ထန် တွန်းလိုက်လျှင် လီယဲ့က ကောင်းကင်တာအိုဖိနှိပ်မှုကြောင့် ချက်ချင်း သေလုမျောပါး ဖြစ်သွားပေလိမ့်မည်။
စုချင်ချိုးက အေးဆေးစွာ ပြောလိုက်သည်။
"အခုက အစမ်းသဘောပဲ ရှိသေးတယ်။ ကျွန်မ အာရုံခံမိတယ်။ ဒါက ကောင်းကင်တာအို မနိုးထခင်က 「လှိုင်းဂယက်」လေးပဲ ရှိသေးတာ။ မုန်တိုင်းမလာခင်က လေပြေလေးပဲ။ နောက်တစ်လနေရင်တော့ ကောင်းကင်တာအို လုံးဝနိုးထလာတဲ့အခါ အဲဒီအချိန်ကျမှ တကယ့် အကြီးစားရှင်းလင်းရေးပဲ။"
စကားဆုံးသည်နှင့်။
ရုတ်တရက် သိမ်းငှက်ကြီးတစ်ကောင်က တိမ်ပင်လယ်ထဲမှ ထွက်လာပြီး လေပြင်းကြောင့် လမ်းကြောင်း ပျောက်ကာ တောင်ပံခတ်ရင်း လီယဲ့၏ရင်ဘတ်ကို ဝင်တိုက်မိသည်။
"သတိထား။" စုချင်ချိုးက အော်လိုက်ပြီး တားဆီးရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူ၏စိတ်နတ်ဆိုးက ပြန်လည်နိုးထလာပြီး မျက်စိရှေ့တွင် အဆုံးအစမရှိသော အာရုံချောက်ချားမှုများ ပေါ်လာသည်။
ဝုန်း။
ခေါင်းဖြူသိမ်းငှက်ကြီးက လီယဲ့ရင်ဘတ်ကို ဝင်တိုက်မိရာ သူ နောက်သို့ ခြေသုံးလှမ်းဆုတ်သွားသည်။
ပထမခြေလှမ်းတွင် မီတာထောင်ချီမြင့်သော တောင်ထိပ်ကြီး နှစ်ခြမ်းကွဲသွားသည်။
ဒုတိယခြေလှမ်းတွင် တစ်ကိုယ်လုံးရှိ အရိုးအကြောများနှင့် သွေးသားများက ပေါက်ကွဲထွက်လာပြီး အနီရောင်ပန်းပွင့်များအလား ဖြစ်သွားသည်။
တတိယခြေလှမ်းတွင် လီယဲ့က အလိုအလျောက် အားယူကာ ခြေလှမ်းကို ရပ်တန့်လိုက်သော်လည်း ရင်ဘတ်က ပေါက်ကွဲထွက်သွားပြီး အတွင်းစကြဝဠာ တစ်ခဏချင်းမှာပင် အမှုန့်ဖြစ်သွားတော့သည်။
ထွီး...
လီယဲ့က မျက်လုံးပြူးသွားပြီး အားနည်းစွာ ဒူးထောက်ကျသွားကာ ဒွါရ(၇)ပေါက်မှ သွေးများ စီးကျလာပြီး နဖူးရှိ အသိစိတ်ပင်လယ် အက်ကွဲသွားကာ ဝိညာဉ်အပိုင်းအစများ တလွင့်လွင့် ကျဆင်းလာသည်။
စုချင်ချိုး သတိဝင်လာချိန်တွင် သေရေးရှင်ရေးဖြစ်နေသော လီယဲ့ကို မြင်လိုက်ရပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ရှင်..."
"အဟွတ် အဟွတ်..."
လီယဲ့က သွေးများအန်ထုတ်လိုက်ပြီး ဒူးထောက်နေကာ သူ့အောက်တွင် သွေးအိုင်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ခက်ခက်ခဲခဲ ပြုံးရင်း ပြောလိုက်သည်။
"ကောင်းကင်တာအိုနိုးထလာတဲ့နေ့အထိ တောင့်ခံနိုင်မယ်လို့ ငါ ထင်ထားခဲ့တာ။ သိမ်းငှက်တစ်ကောင် ဝင်တိုက်လို့ သေရမယ်လို့မထင်ထားခဲ့ဘူး။"
"အမှောင်ထု ရောက်လာရင် နတ်ဘုရားတွေက ပုရွက်ဆိတ်လို ဖြစ်သွားပြီးတော့ သာမန်လူတွေက အေးချမ်းစွာ နေနိုင်ကြတယ်။"
"ဒါက ကိုယ်ပိုင်စွမ်းအားကန့်သတ်ချက်ကို ကျော်လွန်သွားတဲ့အတွက် ပေးဆပ်ရတဲ့တန်ဖိုးပဲပေါ့..."
စုချင်ချိုးက အလျင်အမြန် ရှေ့တိုးသွားပြီး လီယဲ့ကိုပွေ့ချီရန် ပြင်လိုက်ကာ ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို ဧကရာဇ်ဆီ ခေါ်သွားမယ်။ သူ ရှင့်ကို ကယ်ဖို့ သေချာပေါက် နည်းလမ်းရှိမှာပါ။"
လီယဲ့က လက်မြှောက်၍တားဆီးကာ ခေါင်းယမ်းလိုက်သည်။
"မလိုတော့ပါဘူး။ ကံကြမ္မာက ဒီလိုပဲသတ်မှတ်ထားတာ။ ပြောင်းလဲလို့ မရဘူး။"
"ဧကရာဇ်က မကြာခင် ရောက်လာတော့မယ့် ကောင်းကင်တာအိုနိုးထမှုကို ရင်ဆိုင်ဖို့အတွက် သေချာ ပြင်ဆင်ရဦးမယ်။ သွားမနှောင့်ယှက်ပါနဲ့။"
ဤမြင်ကွင်းကို ကြည့်ရင်း စုချင်ချိုးက စိတ်မကောင်းစွာဖြင့် ပြုံးလိုက်သည်။
"ဒီလို အဆုံးသတ်ရတာကို ရှင် တကယ်ပဲ ကျေနပ်ရဲ့လား။"
ယခုအချိန်တွင် စုချင်ချိုးက 「တန်ခိုးရှင်နှင့်လူသားပြောင်းပြန်ဖြစ်ခြင်း」၏ တကယ့်အဓိပ္ပါယ်ကို နားလည်သွားလေပြီ။
အလယ်အလတ် ဖြစ်လေလေ၊ ပိုပြီးလွတ်လပ်ပျော်ရွှင်လေလေပင်။
မမြင့်လွန်း၊ မနိမ့်လွန်းဘဲ ကောင်းကင်တာအို၏ ပစ်မှတ်ထားခံရခြင်းအထဲတွင် မပါဝင်သလို၊ ကိုယ်ပိုင် စွမ်းအား အတိုင်းအတာတစ်ခု ရှိနေခြင်းကမှ တကယ့်ကို ကြီးမားသော လွတ်လပ်မှု ဖြစ်သည်။
ကောင်းကင်ထောက်တိုင်နယ်ပယ်ဆိုသည့် ဂုဏ်ပုဒ်ကြီးဖြင့် ခြေလှမ်းနည်းနည်းလျှောက်ုလိက်သည်နှင့် တစ်ကိုယ်လုံး ဒဏ်ရာအပြည့် ဖြစ်သွားပြီး သိမ်းငှက်တစ်ကောင် ဝင်တိုက်သည်နှင့် သေလုမျောပါး ဖြစ်ရသော အခြေအနေက တကယ်ကို ရယ်စရာပင်။
တန်ခိုးရှင်တွေက ဘာလို့ ဒီလောက်တောင် အားနည်းရတာလဲ။
"သေချာပေါက် မကျေနပ်ဘူးပေါ့။ ဒါပေမယ့် ဘာလုပ်နိုင်မှာလဲ၊ တကယ်တော့..." လီယဲ့က ပြုံးရင်း ပြောလိုက်သည်။ "ငါက အစောကြီးကတည်းက အသက်မရှင်ချင်တော့ဘူး။"
"လီရွှမ်ကျင်း သေသွားပြီ၊ လီတိုင်ယွမ်လည်း ပျောက်ဆုံးနေတယ်၊ ငါ့ရဲ့ တစ်ခုတည်းသောစွဲလမ်းမှုက လီမိသားစုဝင်တွေပဲ။ အခု သူတို့လည်း နေရာမှန်ရသွားပြီဆိုတော့ ငါ့မှာ နောင်တမရှိတော့ဘူး။"
"တမင်သက်သက် အပြင်မှာနေပြီး ကောင်းကင်တာအိုရဲ့ဖိနှိပ်မှုကို ရင်ဆိုင်ရတာက လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီတုန်းက ဘာတွေဖြစ်ခဲ့လဲ။ ဘိုးဘေးက ဘာလို့ ပျောက်ဆုံးသွားလဲဆိုတာကို သိချင်လို့ပဲ။ ဒါပေမယ့် ငါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသွားတယ်။"
"ဒါပေမယ့် ဒီလိုလည်း ကောင်းပါတယ်။ တစ်ခါတလေကျရင် မသိတာက ပိုကောင်းတယ်။ အမှန်တရား ဆိုတာ တစ်ခါတလေကျရင် ချွန်ထက်တဲ့ဓားတစ်လက်လိုပဲ..."
ပြောရင်းနှင့် လီယဲ့က စကားရပ်သွားပြီး အသက်စွမ်းအင်များ အလျင်အမြန်ပင် လျော့ကျလာသည်ကို ခံစားလိုက်ရသည်။ သူက မော့ကြည့်ပြီး စုချင်ချိုးကို ပြောလိုက်၏။
"ငါ ထင်တာကတော့ မြေမြှုပ်တာက ပိုကောင်းမယ်။"
"ငါ မိသားစု(၄)ခုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားချင်တယ်။ မီးသင်္ဂြိုဟ်တာကတော့ တကယ်ကို..."
"ပြီးတော့လည်း မင်းရဲ့ခွန်အားတွေ အခုအထိ ကောင်းနေသေးတယ်ဆိုတော့ကာ ကူညီပေးတယ်လို့ သဘောထားလိုက်ပါ။"
စုချင်ချိုးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"စိတ်ချလက်ချ သွားပါတော့။ ရှင်သေပြီးရင် ကျွန်မ ရှင့်ကို အိမ်ပြန်ပို့ပေးမယ်။"
လီယဲ့က သက်ပြင်းချသွားသလို ပြုံးပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
မသေခင်လေးတွင် လီယဲ့က အကြိမ်ကြိမ်မတ်တပ်ရပ်ပြီး နောက်ဆုံးအလင်းရောင်လေးကို အသုံးပြုကာ ကောင်းကင်တာအိုကို ဒေါသတကြီးဟိန်းဟောက်ချင်ခဲ့သည်။
သို့သော် ဖိနှိပ်မှုက အလွန်ပြင်းထန်လွန်းသည်။
လုံးဝ မတ်တပ်မရပ်နိုင်တော့။ နည်းနည်းလေး လှုပ်ရှားလိုက်သည်နှင့် သေဆုံးမည့်အချိန်က တစ်ဝက် တိုးလာပေလိမ့်မည်။
အကြိမ်ကြိမ်ကြိုးစာသော်လည်း အချည်းနှီးဖြစ်သွားပြီးနောက် လီယဲ့က မတတ်သာဘဲ လှဲလျောင်းကာ မျက်လုံးမှိတ်ပြီး သေခြင်းတရားကို စောင့်ကြိုနေတော့သည်။
မိနစ်အနည်းငယ်အကြာတွင်။
ကောင်းကင်ထောက်တိုင်နယ်ပယ် တန်ခိုးရှင်တစ်ဦးသည် ပုရွက်ဆိတ်တစ်ကောင်အလား အသံတိတ် သေဆုံးသွားပြီး မည်သည့်လှုပ်ရှားမှုမျှ မဖြစ်ပေါ်ခဲ့ပေ။
စုချင်ချိုး သက်ပြင်းချလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ လီယဲ့၏အလောင်းကို လိပ်ယူပြီး ကောင်းကင်ပြည်နယ် ချင်းလွမ်ထျန်းနယ်မြေသို့ ထွက်ခွာသွားသည်။
တန်ခိုးရှင်တွေက ပုရွက်ဆိတ်လိုပဲ...
တန်ခိုးရှင်တွေက ပုရွက်ဆိတ်လိုပဲ။
...