← Chapters

အခန်း ၄၀၇

Vol. 28 Ch. 407

အခန်း ၄၀၇

Vol. 28 Ch. 407

အပိုင်း(၄၀၇) ရှေးခေတ်နှင့်နှောင်းခေတ်အရှင်သခင်များ၊ သူရဲကောင်းအားလုံး ထွက်ပေါ်လာခြင်း

စကြဝဠာ အပြင်ဘက်ရှိ ထိုမျက်လုံးကြီးသည် အဆုံးအစမရှိသော အလင်းတန်းများ ဖြာထွက်ကာ ကြီးမားကျယ်ပြန့်လှသောစကြဝဠာကို ဖြတ်သန်းပြီး လမ်းတစ်လျှောက်ရှိကြယ်များကို ဖောက်ထွင်းကာ နယ်မြေနှစ်ခု၏ ကောင်းကင်ယံတွင် ပေါ်လာသည်။ နေရာလွတ်ကို အရည်ပျော်စေပြီး ဧကရာဇ်အဆင့် စည်းမျဉ်းများဖြင့် 「တစ်ခုတည်းသောတည်ရှိမှု」ကို ဖမ်းယူရန် ကြိုးစားနေသည်။

အကြည့်တစ်ချက်တည်းဖြင့်ပင် ကောင်းကင်နှင့်မြေကြီးကို ပြိုကွဲလုနီးပါး ဖြစ်သွားစေသည်။

သက်ရှိအားလုံး စကားမပြောနိုင်တော့ဘဲ ထိုအကြည့်ကြီးပေါ်လာသည်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။

"ဧကရာဇ်အဆင့် အရှိန်အဝါပဲ။ ကမ္ဘာဦးခေတ်ကနေလာတဲ့ အငွေ့အသက်တွေ ရှိနေတယ်။ သူက ဘယ်သူလဲ။" စိတ်မလွတ်သေးသော ကောင်းကင်တာအို၏ဖိနှိပ်မှုကြောင့် သေလုနီးပါးဖြစ်နေသည့် ဝါရင့် ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

အလွန်ပင် ကြောက်စရာကောင်းလှသည်။

အကြည့်တစ်ချက်တည်းဖြင့် ဝါရင့်ကောင်းကင်ထောက်တိုင်နယ်ပယ်ကိုပင် အလွန်အမင်း သေမင်း၏ ခြိမ်းခြောက်မှုကို ခံစားရစေသည်။

"ကောင်းကင်ခုံရုံးရဲ့ အရှင်သခင်လား။"

ရုတ်တရက်။

ရှည်လျားပြီး အထီးကျန်ဆန်သော အသံတစ်သံက လူ့လောကတွင် ပဲ့တင်ထပ်သွား၏။

အဆုံးအစမရှိသော ပင်လယ်ရေပြင် နက်ရှိုင်းရာမှ ပင်လယ်ပြင်တစ်ဝက်ခန့်ကို နေရာယူထားသော နဂါးခေါင်းကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် သူ၏ ရွှေရောင်အကြေးခွံများမှ ရေတန်ချိန် ဘီလီယံချီကာ စီးကျလာသည်။

နောက်တစ်ခဏတွင် နဂါးကြီးပါးစပ်ဟကာ မှုတ်ထုတ်လိုက်ပြီး ထိုအကြည့်ကို ဖျက်ဆီးပစ်လိုက်သည်။

နဂါးခေါင်းမှာ ပုပ်ပွနေပြီး နဂါးအကြေးခွံများမှာလည်း ကျဲပါးနေကာ အသားများ မည်းနက်နေပြီး အပေါက်များစွာ ရှိနေသည်။ မျက်လုံးမှာလည်း မျက်လုံးခွံထဲမှ တစ်ဝက်ခန့်ထွက်ကျနေသော်လည်း၊ အမြင့်ဆုံးသော အရှိန်အဝါများကို ထုတ်လွှင့်နေဆဲပင်။

နယ်မြေနှစ်ခုမှ လူအချို့က အလွန်အမင်း ထိတ်လန့်သွားပြီး သူတို့၏ လောကအမြင်မှာ လုံးဝ ပြောင်းလဲသွားတော့သည်။

"မျိုးနွယ်စုပေါင်းစုံခေတ်က ဒဏ္ဍာရီလာသတ္တဝါ အစစ်အမှန်နဂါး။ အသက်ရှင်နေတဲ့ နဂါးစစ်စစ် ဒီလောကမှာ ရှိသေးတယ်လား။"

"သူက တစ်ခုတည်းသောတည်ရှိမှု ပေါ်လာမယ့်အချိန်ကို နှစ်ပေါင်းသောင်းချီ စောင့်နေတာလား။"

နဂါးခေါင်းက စကြဝဠာအပြင်ဘက်ရှိ ထိုမျက်လုံးကြီးကို အဝေးမှ စိုက်ကြည့်နေသည်။

အချိန်အတော်ကြာမှ သူက ပြောလိုက်သည်။

"မဟုတ်ဘူး။ မင်းက ကောင်းကင်ခုံရုံးရဲ့ အရှင်သခင် မဟုတ်ဘူး။ သူက သေသွားပြီ။ မင်းက နောက်ထပ် မျက်လုံးတစ်လုံးပဲ။"

ထိုစကားက လူအများ၏ခန့်မှန်းချက်များကို ဖြစ်ပေါ်စေပြီး တစ်ကိုယ်လုံး ကြက်သီးထသွားစေသည်။

ရှေးဟောင်းကောင်းကင်ခုံရုံးရဲ့ အရှင်သခင်က မျက်လုံးတစ်လုံးပဲလား။

အဲဒီမျက်လုံးရဲ့ပိုင်ရှင်က ဘယ်သူလဲ။ စွန့်ပစ်ခံထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုတည်းနဲ့တင် ရှေးဟောင်းကောင်းကင်ခုံရုံးကို အုပ်ချုပ်နိုင်ပြီးတော့ ကောင်းကင်တာအိုကို ကိုယ်စားပြုပြီး အရာအားလုံးကို ဆုံးဖြတ်နိုင်တယ်တဲ့လား။

အခု နောက်ထပ်မျက်လုံးတစ်လုံး ထပ်ပေါ်လာပြီ။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ။

စကြဝဠာအပြင်ဘက်ရှိ ကြီးမားလှသောမျက်လုံးကြီးက အေးစက်စွာ ပြောလိုက်သည်။

"အောင်း။"

"ငါ မင်းကို မှတ်မိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်းက မျိုးနွယ်စုပေါင်းစုံခေတ်မှာ မင်းက အမြင့်ဆုံး အုပ်ချုပ်သူပဲ။ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်အနေနဲ့ ကမ္ဘာဦးအစခေတ်ကတည်းက မြစ်ဖျားခံလာတာ။ သေချင်ယောင်ဆောင်ပြီး အခုချိန်ထိ အသက်ရှင်နေတာက၊ 「တစ်ခုတည်းသောတည်ရှိမှု」ကို လုယူဖို့လား။"

"ငါနဲ့ယှဉ်လုချင်ရင် မင်း လုံးဝပျက်စီးသွားဖို့ ပြင်ဆင်ထားရမယ်"

「အောင်း」 ၏ အကြည့်များက ခံစားချက်မဲ့နေပြီး မည်သည့် စိတ်ခံစားမှု အပြောင်းအလဲမျှ မရှိပေ။

နဂါး၏အရှိန်အဝါများ တဖြည်းဖြည်း ပြင်းထန်လာသည်။

ဒဏ္ဍာရီလာသတ္တဝါများ၏ဖိအားက ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားရာ လူသားမျိုးနွယ် အပါအဝင် သက်ရှိအားလုံး တုန်ယင်စွာဖြင့် ဒူးထောက်သွားကြသည်။ ဤသည်မှာ သွေးသားထဲမှလာသော ဖိနှိပ်မှုပင်။

အောင်းက စကားစပြောလိုက်သည်။

"မင်းရဲ့ဇာစ်မြစ်က ဘယ်လိုပဲနက်နဲပါစေ၊ အရင်ဘဝက ဘယ်လောက်ကြီးမြတ်ပါစေ ဒီလောကမှာတော့ ကောင်းကင်နယ်ပယ်အထွတ်အထိပ်က တာအိုရဲ့အဆုံးသတ်ပဲ။"

"မင်းက အရမ်းကို မာနကြီးလွန်းနေပြီ မဟုတ်လား။ တိုက်ပွဲတစ်ပွဲပဲ ရှိသေးတာကို ဘယ်သူက နိုင်မယ် ရှုံးမယ် ဆိုတာကို မသိရသေးပါဘူး။"

"ငါက နှစ်ပေါင်းသောင်းချီ ခါးသီးစွာနဲ့ စောင့်ခဲ့တာ ဒီနေ့ကို ရောက်ဖို့ပဲ။ နောက်တစ်ကြိမ် ပြန်ပြီးတော့ နိုးထလာတာက အသက်ဆက်ရှင်ဖို့ မဟုတ်ဘူး။ သေရဲတဲ့သတ္တိနဲ့ တိုက်ခိုက်ဖို့ပဲ။"

"ကန့်သတ်ချက်ကိုချိုးဖောက်ပြီး လွတ်မြောက်မလား။ ဒါမှမဟုတ် လုံးဝပျက်စီးသွားမလား၊ ဒုတိယ ရွေးချယ်စရာလမ်း မရှိတော့ဘူး"

စကားသံအဆုံးတွင်။

စကြဝဠာအပြင်ဘက်ရှိ ထိုမျက်လုံးကြီးက စကားမပြောတော့ဘဲ တိတ်ဆိတ်စွာဖြင့် မိုးကြိုးမုန်တိုင်းများ ဖန်တီးနေသည်။

ကောင်းကင်နယ်ပယ်အထွတ်အထိပ် တာအို၏အဆုံးသတ်အဆင့်ရှိသော ရန်သူကြီးနှစ်ဦး၊ ခေတ်တစ်ခုကို ဦးဆောင်ခဲ့သော အရှင်သခင်နှစ်ပါးစလုံးက သေရန်ပြင်ဆင်ထားပြီး ဖြစ်သည်။

ရုတ်တရက်။

စကြဝဠာအပြင်ဘက်ရှိ ထိုမျက်လုံးကြီးက အရပ်လေးမျက်နှာကို လှမ်းကြည့်လိုက်ပြီး နေရာအနှံ့ကို ဖောက်ထွင်းမြင်နိုင်စွမ်းဖြင့် အေးစက်စွာ အော်ဟစ်လိုက်သည်။

"ကိစ္စတွေက ဒီအခြေအနေ ရောက်နေပြီကို ဆက်ပြီး န်းကွယ်နေတာ အရှက်မရှိဘူးလို့ မထင်ဘူးလား။"

"အကုန်လုံး ထွက်ခဲ့စမ်း။"

တိုက်ပွဲမစခင်တွင် လမ်းကြောင်းအသီးသီးမှ ရန်သူကြီးအားလုံးကို ဖော်ထုတ်ရပေမည်။ မဟုတ်လျှင် အခြားသူက အကျိုးအမြတ် ခံစားသွားခြင်းကို မည်သူမျှ မမြင်ချင်ပေ။

"ဟားဟားဟား..."

"စိတ်ဝင်စားစရာပဲ။ ခေတ်အဆက်ဆက်က အရှင်သခင်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြပြီ။ ရှေးခေတ်နဲ့အခုခေတ်ရဲ့ကံကြမ္မာတွေက နှောင်းခေတ်မှာ တစ်ခါတည်းနဲ့ အဆုံးသတ်တော့မှာပဲ"

"ဒါက ကောင်းကင်တာအိုရဲ့အကြံအစည် ဖြစ်နိုင်တယ်။ မင်းတို့ မကြောက်ဘူးလား"

ရယ်မောသံကြီးက စကြဝဠာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

အရိပ်တစ်ခုက ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်။ ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူဖြူနှင့် လှံကိုကိုင်ကာ အရပ်လေးမျက်နှာကို မထီမဲ့မြင်ကြည့်နေသော အမျိုးသား တစ်ယောက်ပင်။

"အထွတ်အထိပ်နတ်ဘုရား ကျင်းကွေ့။"

"စစ်မင်၊ ယွီထန်တို့နဲ့ အဆင့်တူတဲ့ နတ်ဘုရားတစ်ပါးပဲ။ ယွီထန်မသေခင်မှာ နတ်ဘုရား(၁၀)ပါးကို ယဇ်ပူဇော်ပြီးတော့ မင်းကို နှိုးလိုက်တာလား။"

နောက်ထပ် ကောင်းကင်နယ်ပယ် အထွတ်အထိပ်တစ်ယောက်။ ခေတ်တစ်ခုကို ဦးဆောင်ခဲ့သော အရှင်သခင်တစ်ပါးပင်။

「အစွန်းရောက်တာအို」ကိုအုပ်ချုပ်သော ကျင်းကွေ့။ သူ၏လက်ထဲတွင် ဘယ်အရာမဆို အမြင့်ဆုံး အတိုင်းအတာအထိ ပေါက်ကွဲထွက်နိုင်၏။

နှင်းပွင့်လေးတစ်ပွင့်က ကြယ်တစ်လုံးထက် ပိုလေးနိုင်သည်။

နူးညံ့သော ဆံပင်လေးတစ်မျှင်က ဧကရာဇ်အဆင့် လက်နက်ထက် ပိုထက်မြက်နိုင်၏။

၎င်းက 「အစွန်းရောက်တာအို ကျင်းကွေ့」 ပင်။

"နောက်ထပ် ဘယ်သူတွေ ရှိသေးလဲ။ ဆက်ပုန်းနေရင်တော့ အရင်ဆုံး သတ်ပစ်မယ်။" စကြဝဠာ အပြင်ဘက်မှ မျက်လုံးကြီးက ဆက်ပြီး စူးစမ်းနေတယ်။

သူက ရန်သူအားလုံးကို တစ်ပြိုင်နက်တည်း ဖော်ထုတ်ချင်နေ၏။

ရုတ်တရက်။

ကောင်းကင်ပြည်နယ် ကောင်းကင်ယံတွင် လှပသောအရိပ်တစ်ခု ပေါ်လာသည်။ အပြင်မှ အဖြူရောင် ဝတ်ရုံ၊ အတွင်းတွင် ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ယောက်ျားလေးများထက်ပင် ပိုခန့်ညားသော ပုံစံမျိုး ရှိနေသည်။

လီတိုင်ယွမ်။

"ကောင်းကင်နယ်ပယ် အလယ်အလတ်လေးကများ၊ တာအိုရဲ့အဆုံးသတ်ကိုတောင် မရောက်သေးဘဲနဲ့ ဒီအလုအယက်ပွဲမှာ ပါဝင်ရဲတယ်။ နှောင်းခေတ်ကလူသားတွေက ဒီလောက်တောင် ရဲရင့်ကြတာလား။" ကျင်းကွေ့က အေးစက်စွာ ရယ်မောလိုက်သည်။

လီတိုင်ယွမ်က မျက်စောင်းထိုးကြည့်ပြီး စကားအနည်းငယ်သာ ပြောလိုက်သည်။ "ခဏနေ ကျွန်မ ရှင့်ကို အရင်သတ်မယ်။"

ကျင်းကွေ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လီတိုင်ယွမ်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ အတန်ကြာမှ မျက်ဆံများ ကျုံ့ဝင်သွားပြီး ပြောလိုက်သည်။ "ကံကြမ္မာ အာဏာစက်တစ်ဝက်နဲ့ လုံးဝပေါင်းစပ်သွားတာလား။"

"ဒါဆို မသေနိုင်တော့တဲ့အသက်ရှည်ခြင်းကိုရသွားတာ မဟုတ်ဘူးလား။"

ကံကြမ္မာဆိုသည်မှာ ဝေဝါးသော အရာတစ်ခုပင်။

သို့သော်လည်း သေချာသည်မှာ လူတစ်ယောက်က အရာအားလုံးကိုစွန့်လွှတ်ပြီး ကံကြမ္မာနှင့် လုံးဝပေါင်းစပ်မည်ဆိုပါက မိမိ၏အသိစိတ်ကို ကံကြမ္မာထဲ ထည့်သွင်းလိုက်ခြင်းနှင့် အတူတူပင်။

ကံကြမ္မာကို မည်သူက သတ်နိုင်မည်နည်း။

"ဒါက ကျွန်မ ရွေးချယ်ခဲ့တဲ့လမ်းပဲ။ ကောင်းကင်ကြည့်ဆောင်၊ အို ကောင်းကင်ကြည့်ဆောင်... ကျွန်မအတွက် လမ်းခင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကြမ္မာဆက်ခံသူအဖြစ် ရွေးချယ်လိုက်တာက ကျွန်မအတွက် အခွင့်အရေးပေးလိုက်တာ မဟုတ်ဘူးလား။" လီတိုင်ယွမ်၏ နှုတ်ခမ်းထောင့်မှ လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ထိုအချိန်တွင် သူ့ကို မည်သူမှ သတ်၍မရတော့ပေ။ တကယ့်ကို မသေနိုင်သော အခြေအနေပင်။

တစ်ခုတည်းသော အားနည်းချက်က သူ၏ လူ့သဘာဝစိတ်ခံစားချက်များ တဖြည်းဖြည်း ပျောက်ကွယ်နေခြင်းးပင်။ အချိန်တစ်ခုရောက်လျှင် ကံကြမ္မာနှင့် လုံးဝပေါင်းစပ်သွားပေလိမ့်မည်။

အသိစိတ်၊ စိတ်ခံစားချက်နှင့် လူ့သဘာဝများ ပျောက်ဆုံးသွားပါက သက်ရှိများ၏ အခြေခံ လက္ခဏာများလည်း ပျောက်ကွယ်သွားပြီး သေဆုံးသွားသည်နှင့် ဘာမှမကွာတော့ပေ။

ထိုအချိန်ရောက်လျှင် လီတိုင်ယွမ်က ကံကြမ္မာ၏ဝါးမျိုခြင်းကို ခံရပြီး အကုန်လုံးချေဖျက်ခံလိုက်ရကာ မည်သည့်အကြွင်းအကျန်မှ ကျန်တော့မည် မဟုတ်ပေ

"လူသားတွေက ဒီအဆင့်ထိတောင် ပြောင်းလဲလာပြီလား။" ကျင်းကွေ့က မျက်မှောင်ကြုတ်လိုက်သည်။

နှစ်ပေါင်းသောင်းချီ အိပ်ပျော်နေခဲ့ပြီးနောက် လွန်ခဲ့သောရက်အနည်းငယ်ကမှ ပြန်နိုးထလာသည်ဖြစ်ရာ ဤခေတ်ကာလနှင့် သေချာ မရင်းနှီးသေးပေ။

သို့သော် တစ်ယောက်ယောက်က ပြီပြည့်စုံသော နတ်ဘုရားအနှစ်သာရကို သူ့ဆီ ပြန်ပေးခဲ့၍သာ သူက အထွတ်အထိပ်အခြေအနေကို တိုက်ရိုက်ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။

"နောက်ထပ် ဘယ်သူရှိသေးလဲ။" အောင်းက သည်းခံနိုင်စွမ်း ကုန်သွားပြီး ကောင်းကင်ပြည်နယ်ဘက်ကို လှမ်းကြည့်လိုက်သည်။

ကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်၏ ဟင်းလင်းပြင်မျက်နှာ ပေါ်လာပြီး ပြောလိုက်သည်။

"ကောင်းကင်ကြည့်ဆောင်က ကောင်းကင်တာအိုကို ဖျက်ဆီးဖို့ပဲ ရည်ရွယ်တယ်။ တစ်ခုတည်းသော တည်ရှိမှုဆိုတာက ကောင်းကင်တာအိုရဲ့စိတ်ဆန္ဒပဲ။ မင်းတို့ထဲက ဘယ်သူပဲနိုင်နိုင် ကောင်းကင်ကြည့်ဆောင်က ကျေနပ်ပါတယ်။"

"ဘာလို့လဲဆိုတော့ ကောင်းကင်ကြည့်ဆောင် တည်ရှိရတဲ့ မူလရည်ရွယ်ချက်က လူသားဧကရာဇ် အတွက် လက်စားချေဖို့ပဲ။ အခု ရည်ရွယ်ချက်က အောင်မြင်သွားပြီဆိုတော့ ဆက်ပြီးမလုတော့ဘူး။ အားလုံး စိတ်ချပါ။"

ဆိုလိုသည်မှာ ကောင်းကင်ကြည့်ဆောင်က လုယက်ပွဲမှ ကိုယ့်သဘောနှင့်ကိုယ် နုတ်ထွက်သွားခြင်းပင်။

သူတို့က ကောင်းကင်တာအိုကို ပေါင်းစည်းလာရန် ဖိအားပေးသော်လည်းး နောက်ဆုံးအချိန်ရောက်မှ တုံ့ဆိုင်းခြင်းမရှိဘဲ စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။

ကျင်းကွေ့က အေးဆေးစွာ ပြောလိုက်သည်။

"နုတ်ထွက်တာ ရပါတယ်။ ဒါပေမယ့် လမ်းခုလတ်ကနေ ဝင်လုမယ်ဆိုရင်တော့ ရှေးခေတ်နဲ့ အခုခေတ် ခေတ်အဆက်ဆက်က အရှင်သခင်တွေအားလုံးရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကို ခံရလိမ့်မယ်။"

ကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်က အေးစက်စက် မျက်စောင်းထိုးကြည့်ပြီးနောက် စကားတစ်ခွန်း ချန်ထားကာ ပျောက်ကွယ်သွားသည်။ "ရှုံးနိမ့်ဖူးတဲ့ သူကများ။ အခုထိ အပြောကြီးနေတုန်း။ ရယ်စရာပဲ။"

ကျင်းကွေ့၏မျက်နှာက တောင့်တင်းသွားသည်။

စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးက သတ်ဖြတ်ချင်စိတ် အနည်းငယ်ဖြင့် ပြောလိုက်သည်။ "ထပ်ပြီး အော်ခေါ်နေဖို့ လိုသေးလို့လား။ နှောင်းခေတ်ရဲ့ ပထမဆုံး တာအိုသက်သေပြသူကော ဘယ်မှာလဲ။"

စကားသံအဆုံးမှာတင်။

အနီးအနာမှ ဩဇာတိက္ကမအပြည့်ရှိသော အသံတစ်သံ ထွက်ပေါ်လာ၏။ "ငါ အမြဲတမ်း ရှိနေပါတယ်။"

"မင်းတို့ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားထောင်ရတာ စိတ်မရှည်တော့ဘူး။"

"သတ်ဖြတ်ပွဲကို မြန်မြန် စလိုက်ကြတာပေါ့။”

...

All Chapters