← Chapters

အခန်း ၄၀၈

Vol. 28 Ch. 408

အခန်း ၄၀၈

Vol. 28 Ch. 408

အပိုင်း(၄၀၈) အဆင့်ဆင့်ကြံစည်၍ နတ်ဘုရားကို သတ်ပစ်ခြင်း

တာအို၏အဆုံးသတ်အဆင့်ရှိသော ရန်သူများက ဤအခိုက်အတန့်တွင် ထိတ်လန့်တုန်လှုပ်သွားသည်။

သူတို့အနားတွင် လူတစ်ယောက် ရောက်နေသည်ကို လုံးဝသတိမထားမိလိုက်ကြပေ။

ကျင်းကွေ့က နောက်လှည့်၍ မျက်ထောင့်ဖြင့် အကဲခတ်လိုက်ရာ သူ၏အနောက်တွင် နဂါးဝတ်ရုံ ဝတ်ဆင်ထားပြီး တောင်ကြီးတစ်လုံးပမာ ခန့်ညားတည်ငြိမ်သော ပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူက ထိုနေရာတွင် ရပ်နေသော်လည်း မည်သူကမျှ သတိမပြုမိနိုင်ပေ။ သတိပြုမိချိန်တွင်မူ နက်ရှိုင်းလှသော စကြဝဠာကြီးကို ရင်ဆိုင်နေရသကဲ့သို့ အဆုံးအစမရှိအောင် နက်နဲနေသည်။

"နှောင်းခေတ်ရဲ့ တစ်ဦးတည်းသော တာအိုသက်သေပြသူလား။ ငါ နိုးထလာပြီးတော့ လောကကြီးရဲ့ သတင်းအချက်အလက်တွေကို စုပ်ယူလိုက်တဲ့အခါမှာ အများဆုံးကြားရတာက မင်းအကြောင်းပဲ။ ဒီခေတ်ရဲ့ အရှင်သခင်ပေါ့။" ကျင်းကွေ့၏တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာပြီးနောက် ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် ရွှေရောင်လှံတို့သည် ကောင်းကင်သို့ ထိုးတက်မတတ် တိုက်ခိုက်လိုသောအရှိန်အဝါများကို ထုတ်လွှင့်နေသည်။

မုန့်ချင်ကျိုးက လက်မဖြင့်တွန်းလိုက်ရာ ဓားသွားက ဓားအိမ်မှ တစ်လက်မခန့်ထွက်လာပြီး အေးစက်သော အလင်းရောင်များ တောက်ပလာကာ အေးဆေးစွာ ပြောလိုက်သည်။

"ကျင်းကွေ့ ဟုတ်လား။ ကောင်းကင်တာအိုရဲ့ ကျွန်တစ်ယောက်ကများ တစ်ခုတည်းသောတည်ရှိမှုကို လုယူချင်သေးတာလား။ အဲဒါက မင်းတို့ကိုဖန်တီးခဲ့တဲ့ ဖန်ဆင်းရှင်ပဲလေ။"

ကျင်းကွေ့က နှုတ်ခမ်းကိုဖြဲကာ ပြုံးလိုက်သည်။

"ဘာဖြစ်လဲ။ ကောင်းကင်တာအိုက လျှို့ဝှက်ထားတဲ့ တစ်ခုတည်းသောတည်ရှိမှု ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒီလိုအခွင့်အရေးမျိုးက လောကမှာ တစ်ခုပဲရှိတာ။"

"ရှေးခေတ်နဲ့အခုခေတ်ကံကြမ္မာတွေ စုစည်းလာတာက လူတစ်ယောက်တည်းကို အရှင်သခင်ဖြစ်အောင် လုပ်ပေးဖို့ပဲ။ အဲဒီလူက ဘာလို့ ငါ မဖြစ်နိုင်ရမှာလဲ။ နတ်ဘုရားတွေကိုဖန်တီးခဲ့တဲ့ ဖန်ဆင်းရှင် ဖြစ်နေမှတော့ သူ့ရဲ့ အမွေအနှစ်ကို နတ်ဘုရားတွေကပဲ ဆက်ခံသင့်တာပေါ့။"

"ထွက်သွားရမှာက မင်းတို့ပဲ။"

မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "ပြောတာ အဓိပ္ပါယ်ရှိတယ်။"

"ဒီလိုဆိုမှတော့ မင်းကို အရင်သတ်ရမှာပေါ့"

စကားသံ အဆုံးတွင် နားကွဲမတတ် ဓားမြည်သံနှင့်အတူ နဂါးဟောက်သံ၊ ကျားဟိန်းသံများက စကြဝဠာ တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ဓားသွားက ဓားအိမ်မှ သုံးလက်မခန့် ထွက်လာပြီး အချိန်-နေရာလွတ် ဓားအသိများက ဆည်ကျိုးပေါက်သွားသည့် ရေလှိုင်းကြီးအလား အဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။

ကျင်းကွေ့၏မျက်ဆံများ ကျုံ့ဝင်သွား၏။

ထိုလူငယ်က ဤမျှလောက် ရဲတင်းပြီး အရင်ဆုံး စတင်တိုက်ခိုက်ရုံသာမက သူ့ကို ပထမဆုံး ပစ်မှတ်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

「အစွန်းရောက်တာအို」 「စွမ်းအားအကုန်လုံးကို ဖျက်ဆီးခြင်း」

ကျင်းကွေ့က တုံ့ဆိုင်းခြင်းမရှိဘဲ လက်မောင်းကိုမြှောက်ကာ လက်ရုံးကို လေးကြိုးတစ်ချောင်းအလား အဆုံးစွန်အထိသို့ ဆွဲဆန့်လိုက်သည်။ ရွှေရောင်လှံက တောက်ပသော အလင်းတန်းများကို ဖြာထွက်နေပြီး တာအို၏အဆုံးသတ်အဆင့်ရှိသော ပြင်းထန်လှသည့် သတ်ဖြတ်ချင်စိတ်များကို ထည့်သွင်းထားသည်။

ဖောင်း။

လှံ၏အရှိန်က ချက်ချင်းပင် အမြင့်ဆုံးအတိုင်းအတာသို့ ရောက်ရှိသွားသည်။

နတ်ဘုရား၏ ကိုယ်ကာယစွမ်းအားက အမြင့်ဆုံးအတိုင်းအတာသို့ ရောက်ရှိသွား၏။

နတ်ဘုရား၏ အာဏာက အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

ထက်မြက်သောဓားသွားက အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

အောက်သို့ အပြည့်အဝ မကျရောက်ခင်မှာပင် လှံရိုး၏တုန်ခါမှုကြောင့် ကောင်းကင်နှင့်မြေကြီးက ပြိုကွဲသွားကာ ကမ္ဘာပျက်မည့်မြင်ကွင်းမျိုး ဖြစ်ပေါ်လာသည်။

ကမ္ဘာပျက်မည့် ထူးဆန်းသောလက္ခဏာများပင် ပေါ်ပေါက်လာ၏။

သက်ရှိများ သွေးပင်လယ်ထဲတွင် နစ်မြုပ်သွားခြင်း၊ လူ့လောကက ငရဲပြည်အဖြစ် ပြောင်းလဲသွားခြင်း၊ သုခဘုံမှနတ်ဘုရားများ အသတ်ခံရခြင်း၊ ကောင်းကင်ဘုံကိုးထပ်မှ နတ်မင်းကြီး လောကသို့ ဆင်းသက်လာကာ၊ မိစ္ဆာဘုရင်၏ခေါင်းဖြတ်ခံရပြီး၊ ခေါင်းပြတ်နေသောနတ်မင်းကြီး၏ လည်ပင်းမှသွေးများက ရေလှိုင်းကြီးအလား ပန်းထွက်လာခြင်း စသည်တို့ ဖြစ်သည်။

လှံအလင်းတန်းက အချိန်-နေရာလွတ် ဓားအသိများကို ဖြတ်တောက်ပြီး ဓားအလင်းတန်းများကို ချေမှုန်းကာ မုန့်ချင်ကျိုး၏မျက်စိရှေ့သို့ တိုက်ရိုက်ရောက်ရှိလာသည်။

"သေစမ်း။" ကျင်းကွေ့က လှံဖြင့်ထိုးချလိုက်သည်။

တစ်ခဏချင်းမှာပင် နဂါးဝတ်ရုံနှင့်ဧကရာဇ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

သွေးများက အသားစများနှင့်ရောနှောကာ လှပသောနှင်းဆီပန်းတစ်ပွင့် ပွင့်လာသကဲ့သို့ ဖြစ်သွားသည်။

"ဟမ်။"

ကျင်းကွေ့က နားမလည်စွာ မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။ "ဒီလိုနဲ့ သေသွားပြီလား။ နှောင်းခေတ်ရဲ့ ပထမဆုံး တာအိုသက်သေပြသူဆိုတာ ဒီလောက်ပဲ စွမ်းတာလား"

ကျန်ရှိနေသော အခြားသူများက အေးဆေးစွာ ရပ်ကြည့်နေပြီး ဘာမှ မပြောကြပေ။

သို့သော်လည်း စိတ်ပျက်နေမှုကို လုံးဝမဖုံးကွယ်နိုင်ကြပေ။

နှောင်းခေတ်ရဲ့ အရှင်သခင်ဆိုတာက ဒီလောက်တောင် အားနည်းပြီး ကျင်းကွေ့ရဲ့လှံတစ်ချက်ကိုတောင် မခံနိုင်ဘူးတဲ့လား။

"စိတ်ဝင်စားစရာပဲ။"

အသွေးသအားများ ပေါက်ကွဲသွားသည့်နေရာတွင် သေဆုံးသွားသောအရာများက ရုတ်တရက် ပျောက်ကွယ်သွားပြီး ဖန်ဆင်းရှင်က ခဲဖျက်ဖြင့် ဖျက်ပစ်လိုက်သကဲ့သို့ ထိုအရာများအားလုံးကို လုံးဝ ဖျောက်ဖျက်ပစ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်။

မုန့်ချင်ကျိုးသည် မတ်မတ်ရပ်နေဆဲဖြစ်ပြီး ထက်မြက်လှသော ဓားအလင်းတန်းများက အရှေ့သို့ ဆက်လက် တိုးဝင်နေဆဲ ဖြစ်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ မင်းကို သတ်လိုက်ပြီလေ..." ကျင်းကွေ့က မျက်မှောင်ကြုတ်ကာ မယုံကြည်နိုင်စွာဖြင့် လှံကို နောက်တစ်ကြိမ်ထပ်ထိုးလိုက်သည်။

အရှိန်က အမြင့်ဆုံးအတိုင်းအတာသို့ ရောက်ရှိနေပြီး အချိန်ကန့်သတ်ချက်ကိုပင် ကျော်လွန်နေသည်။ လှံက အပြည့်အဝမထွက်သေးခင်မှာပင် မုန့်ချင်ကျိုး၏ရင်ဘတ်တွင် သွေးထွက်နေသော အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။

သို့သော်လည်း။

မုန့်ချင်ကျိုးက ဘာမှမဖြစ်သကဲ့သို့ ပုံမှန်အတိုင်း ရှိနေသည်။

...

စကားဖြင့်ပြောရလျှင် ရှည်လျားသော်လည်း တကယ်တမ်း ကြာမြင့်ချိန်မှာ စက္ကန့်ဝက်မျှပင် မရှိပေ။

စိတ်ကူးတစ်ချက်အတွင်းမှာပင် ကျင်းကွေ့က ဒေါသတကြီးဖြင့် တစ်ခဏအတွင်း လှံဖြင့်ခုတ်ပိုင်း၊ ထိုးစိုက်ခြင်း စသည်တို့ကို အကြိမ်ပေါင်း သိန်းချီ၍ ပြုလုပ်လိုက်သည်။

မုန့်ချင်ကျိုး၏ပုံရိပ် လုံးဝပြာဖြစ်သွားသည်အထိပင်။ သူက စိတ်မချသေးဘဲ ထိုအကြွင်းအကျန်များကိုပါ လုံးဝပျောက်ကွယ်သွားသည်အထိ ခုတ်ပိုင်းပစ်လိုက်သည်။

"ဒီတစ်ခါတော့ သေလောက်ပြီ။" ကျင်းကွေ့က စိုးရိမ်တကြီး တိုးတိုးလေး ပြောလိုက်သည်။

နေရာရှိ အရှင်သခင်များအားလုံးက ကောင်းကင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ခွန်အားသက်သက်ဖြင့် ဖိနှိပ်ခြင်း၊ အဆင့်အတန်းဖြင့် ဖိနှိပ်ခြင်းတို့မှာ အလကားစကားများသာ ဖြစ်သွားသည်။

တာအို၊ အာဏာများကိုအသုံးပြုပြီး၊ အားသာချက်ဖြင့် အားနည်းချက်ကို တိုက်ခိုက်ခြင်းကသာ အနိုင်ရရန် အခွင့်အလမ်း ရှိလေသည်။

နှောင်းခေတ်၏ ပထမဆုံး တာအိုသက်သေပြသူ၏ ကြောက်စရာကောင်းသည့်အချက်မှာ ကျင်းကွေ့ အနေဖြင့် သူ၏ တိုက်ခိုက်ရေးနည်းလမ်းများကို လုံးဝနားမလည်နိုင်ခြင်းပင်။

အချိန်-နေရာလွတ် ကျင့်ကြံသူဆိုသည်မှာ ရှေးယခင်ကတည်းက တစ်ယောက်တည်းသာ ရှိခဲ့ပြီး ကိုးကားစရာ အတိတ်သမိုင်း လုံးဝမရှိပေ။ အချိန်-နေရာလွတ်တာအို ကျင့်ကြံသူကို ရင်ဆိုင်ရချိန်တွင် အားလုံးမှာ မသိနားမလည်မှုများဖြင့်သာ ပြည့်နှက်နေပြီး အချိန်-နေရာလွတ်တာအို၏ အမြင့်ဆုံး အတိုင်းအတာက မည်မျှဖြစ်ကြောင်းနှင့် အားသာချက်၊ အားနည်းချက်များကို ဘယ်သူမှ မသိကြပေ။

ရုတ်တရက်။

ဓားမြည်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။

တစ်ခဏလေး သတိလွတ်သွားချိန်မှာပင် ဓားကိုင်ထားသောပုံရိပ်က နောက်တစ်ကြိမ် ထပ်မံ၍ ပေါ်လာသည်။

ထွီး။

ကျင်းကွေ့က ခေါင်းငုံ့ကြည့်လိုက်ရာ ဓားသွားက သူ၏ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားပြီး ရွှေရောင်သွေးများ စီးကျလာသည်ကို မြင်တွေ့လိုက်ရသည်။ မျက်လုံးထဲတွင် နားမလည်နိုင်မှုများ၊ သံသယများ ပြည့်နှက်နေ၏...

"ဘာတွေ ဖြစ်နေတာလဲ။"

"ဒါက ရိုးရိုးရှင်းရှင်း သေပြီးမှပြန်ရှင်လာတာ မဟုတ်ဘူး။ မင်းရဲ့ ဓားအသိက အစကနေအဆုံး လုံးဝ မပြတ်တောက်သွားဘူး။ ဒါက မင်း အချိန်တိုင်း ဓားနဲ့ တိုက်ခိုက်နေတယ်ဆိုတာကို ပြနေတာပဲ။ လုံးဝ အနှောင့်အယှက် မခံရဘူး။ ဒါပေမယ့် ငါ မင်းကို နှစ်ခါတောင် သတ်ခဲ့တာလေ..."

မုန့်ချင်ကျိုးက စကားတစ်ခွန်းဖြင့်သာ ရှင်းပြလိုက်သည်။

"ငါက နေရာတိုင်းမှာ ရှိတယ်"

နေရာတိုင်းမှာ ရှိနေတယ်လား...

အချိန်-နေရာလွတ် ပုံရိပ်ထပ်နေတာလား။ မဟုတ်ဘူး... မဟုတ်ဘူး။

ကျင်းကွေ့၏စိတ်အာရုံများ အလွန်လျင်မြန်စွာ လည်ပတ်နေပြီး တစ်ဖက်လူ၏ နည်းလမ်းကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားနေသည်။ ရုတ်တရက် သူ နားလည်သွားပြီး နှုတ်ခမ်းကို ဖြဲကာ ပြုံးလိုက်သည်။

"ဒီလိုကိုး။"

"အချိန်-နေရာလွတ်တာအိုက အဆုံးသတ်ကို ရောက်သွားရင် အချိန်-နေရာလွတ် လွှမ်းခြုံထားတဲ့ နေရာတိုင်းမှာ မင်းက နေရာတိုင်းမှာ ရှိနေတယ်။ ငါ သတ်လိုက်တာက တခြားအချိန်-နေရာလွတ်က မင်း ဖြစ်နိုင်သလို အနာဂတ်တစ်စက္ကန့်ကမင်း၊ အတိတ်ကမင်းလည်း ဖြစ်နိုင်တယ်။"

"ဓားနဲ့တိုက်ခိုက်နေတဲ့ အချိန်အတွင်းမှာ လက်ရှိအချိန်-နေရာလွတ်က မင်းကို ဒဏ်ရာရတော့မယ့် အချိန်မှာ ကြိုတင်ပြီးတော့ ပြောင်းရွှေ့လိုက်တယ်။ တခြားအချိန်-နေရာလွတ်က မင်းကို အစားထိုးပြီး ဒဏ်ရာကို ခံယူခိုင်းတယ်။ တခြားအချိန်-နေရာလွတ်ကမင်းက သေတော့မယ့်အချိန်ကျရင် မင်းက ကြိုတင်ပြီးတော့ ဖြန့်ခွဲပစ်လိုက်တယ်။ အဲဒီလိုမျိုး အကြိမ်ကြိမ်လုပ်ပြီး ဒဏ်ရာတွေကို ခွဲဝေခံယူခိုင်းတာပဲ။"

"ဒါဆိုရင် မင်းက ရာထောင်ချီတဲ့မင်းတွေကို အသုံးပြုပြီးတော့ တစ်ယောက်ကို ဒဏ်ရာ တစ်ကြိမ်စီ ခွဲဝေခံယူခိုင်းတာပဲ။ သေလောက်တဲ့ဒဏ်ရာ မဟုတ်ဘူး။ အများဆုံး ဒဏ်ရာရရုံပဲ။"

"အတိုချုပ်ပြောရရင် ငါက မင်းကို နှစ်ခါသတ်လိုက်တာ မဟုတ်ဘူး။ အချိန်-နေရာလွတ်အများကြီးက မင်းတွေကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် လုပ်လိုက်တာ။"

"စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ။"

မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "မင်း ခန့်မှန်းတာ မှန်တယ်။"

ပြောရင်းဖြင့် ကျင်းကွေ့က ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်နေသော ဓားသွားကို ဆွဲထုတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ကျင်းကွေ့က အစွန်းရောက်တာအိုဟု ခေါ်ဆိုထိုက်ပေသည်။

သွေးသား၊ အရိုးအကြော၊ ခန္ဓာကိုယ်တစ်ခုလုံး အဖက်ဖက်က အမြင့်ဆုံးသော ကန့်သတ်ချက်သို့ ရောက်ရှိနေသည်။

သတ်ပစ်ရန် အလွန် ခက်ခဲလှသည်။

ထိုဒဏ်ရာက သူ့အတွက်တော့ မပြောပလောက်သော ကိစ္စလေးတစ်ခုပင်။

"ငါ့ကို မင်းရဲ့လျှို့ဝှက်ချက်တွေ သိခွင့်ပေးလိုက်တာ။ အဲဒါဆိုရင်တော့ အနိုင်အရှုံးက ဆုံးဖြတ်ပြီးသွားပြီ။" ကျင်းကွေ့က ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်သည်။

「အစွန်းရောက်တာအို」 「အကြွင်းမဲ့ ဟင်းလင်းပြင်ပိုင်နက်」

ကျင်းကွေ့က လက်ငါးချောင်းကို စုစည်းလိုက်ရာ ထူးဆန်းသော လှိုင်းဂယက်များ ထွက်ပေါ်လာ၏

ထို့နောက်။

ပတ်ဝန်းကျင်ရှိ မိုင်ပေါင်းသောင်းချီသော နေရာလွတ်က 「အကြွင်းမဲ့ ပြင်းလင်းပြင်ပိုင်နက်」 အဖြစ် ပြောင်းလဲသွားပြီး ဤဧရိယာအတွင်း မည်သည့်တာအို၊ မည်သည့်အရာဝတ္ထုမဆို၊ အချိန်ပါမကျန် အားလုံး ပျောက်ကွယ်သွားသည်။

အရာအားလုံးကို နှင်ထုတ်ခံလိုက်ရ၏။

အချိန်-နေရာလွတ် လွှမ်းခြုံမှု မရှိပါက သူသည် ယခင်ကကဲ့သို့ ဒဏ်ရာမရဘဲ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

"တစ်ချက်လေးတောင် မထိမိစေနဲ့နော်။ မဟုတ်ရင် တကယ်သေသွားလိမ့်မယ်။" ကျင်းကွေ့က ပြုံးရင်း လှံကိုကိုင်ကာ ရှေ့သို့ ဖြည်းဖြည်းချင်း တိုးလာသည်။

မုန့်ချင်ကျိုး၏မျက်နှာအမူအရာ မပြောင်းလဲဘဲ တည်ငြိမ်စွာပင် ရှိနေသည်။

[အချိန်-နေရာလွတ် တာအိုအလုံးစုံ အစနှင့်အဆုံး]

ဤစွမ်းအားသည် အတွင်းစကြဝဠာ၏ အချိန်-နေရာလွတ်တာအိုမှ မြစ်ဖျားခံပြီး အချိန်တိုအတွင်း မသေနိုင်သောအခြေအနေကို ထိန်းသိမ်းထားနိုင်သည်။

[နောက်ဆုံးနာရီ - အရုဏ်တက်ချိန်]

အဖက်ဖက်မှ အခြေအနေများက တစ်ကိုယ်ရည်စွမ်းအား၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ကျင်းကွေ့က မျက်လုံးမှေးကြည့်ပြီးပြောလိုက်သည်။ "တကယ် စွယ်စုံရတာပဲ။ ကောင်းကင်တာအိုတောင် ကြောက်ရတဲ့တာအိုဆိုတာနဲ့ တကယ်ကို လိုက်ဖက်ပါပေတယ်။"

"ဒါပေမယ့် 「အစွန်းရောက်တာအို」 အရှေ့မှာတော့ ဘယ်လိုလှည့်ကွက်မျိုးကမဆို ကလေးဆန်ပြီး ရယ်စရာကောင်းနေမှာပဲ။"

သူ၏ 「အစွန်းရောက်တာအို အာဏာ」တွင် အသုံးဝင်မှုနှစ်ခုသာ ရှိသည်။

တစ်ခုက စွမ်းအားအကုန်လုံးကို ဖျက်ဆီးခြင်း ဖြစ်ပြီး။

နောက်တစ်ခုက မည်သည့်အရာမဆို သူ့လက်ထဲ ရောက်လာလျှင် အမြင့်ဆုံးကန့်သတ်ချက်သို့ ရောက်ရှိနိုင်ခြင်းပင်။

ထိုနှစ်ခုတည်းနှင့်တင် သူက ခေတ်တစ်ခု၏ အရှင်သခင် ဖြစ်လာနိုင်ပြီး အရှုံးမရှိသောနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

သို့သော် နောက်တစ်ခဏတွင်တော့ ကျင်းကွေ့ အံ့အားသင့်သွား၏။

「အရုဏ်တက်ချိန်」၏ အထောက်အပံ့ရှိသော မုန့်ချင်ကျိုး၏အခြေအနေက သူနှင့် သိပ်မကွာခြားပေ။

ယခုအချိန်တွင် မုန့်ချင်ကျိုးက အချိန်တိုလေးအတွင်း မသေနိုင်သောအခြေအနေတွင် ရှိနေပြီး၊ အဖက်ဖက်မှ စွမ်းအားများက အမြင့်ဆုံးကန့်သတ်ချက်ကို ရောက်နေသည်။

အချိန်-နေရာလွတ် တာအိုက အချိန်ကာလအသီးသီးမှ အကောင်းဆုံးအခြေအနေ ရှိနေသောသူ့ကို အကုန်လုံး မိတ္တူကူးပြီး လက်ရှိအချိန်-နေရာလွတ်တွင် ရှိနေသောသူ့ဆီကို ပေါင်းထည့်လိုက်ခြင်းပင်။

ကျင်းကွေ့၏အမြင်တွင်တော့ ၎င်းက အတုခိုးထားသော 「အစွန်းရောက်တာအို」 တစ်ခုနှင့် တူနေ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ကျင်းကွေ့က အလန့်တကြား အော်ဟစ်လိုက်သည်။

နတ်ဘုရားတွေရဲ့အာဏာနဲ့မှ လုပ်နိုင်တဲ့အရာကို သာမန်လူသားတစ်ယောက်က ဘာလို့ ဒီလောက် အလွယ်တကူ လုပ်နိုင်ရတာလဲ။

"သေစမ်း။"

မုန့်ချင်ကျိုးက ဓားတစ်လက်ကို ပစ်ပေါက်လိုက်ပြီး ကျင်းကွေ့၏ခေါင်းထဲသို့ စိုက်ဝင်သွားစေသည်။ ထို့နောက် ရှေ့ကိုတိုးဝင်သွားပြီး မိုးကြိုးလိုမြန်ဆန်သောလက်သီးဖြင့် ကျင်းကွေ့၏မျက်နှာကို ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။

ခွက်ခနဲ အသံနှင့်အတူ ကျင်းကွေ့၏မျက်နှာက ချက်ချင်းချိုင့်ဝင်သွားပြီး သွေးများ ပန်းထွက်လာ၏။

"ငါ့ရဲ့တိုက်ခိုက်မှုတွေက လှံအပေါ်မှာမူတည်နေတယ်ဆိုတာကို သိသွားလို့ လက်နက်နဲ့တိုက်ခိုက်တာကို စွန့်လွှတ်ပြီး အနီးကပ်လက်သီးနဲ့တိုက်ဖို့ ရွေးချယ်လိုက်တာပဲ။"

"နှစ်ယောက်စလုံးက အမြင့်ဆုံးအခြေအနေမှာ ရှိနေကြတယ်။ သူက အချိန်-နေရာလွတ် တာအို ကျင့်ကြံသူဖြစ်လို့ ဓားကိုကိုင်ထားမှ တာအိုကိုသုံးနိုင်တာ မဟုတ်ဘူး။"

"ငါကတော့ မတူဘူး။ 「အစွန်းရောက်တာအို」က အရာဝတ္ထုတစ်ခုကို အမြင့်ဆုံးအတိုင်းအတာ ရောက်အောင် လုပ်ပေးတာ။ ဆံပင်တစ်မျှင်ကို အမြင့်ဆုံးအတိုင်းအတာရောက်အောင် လုပ်တာနဲ့ အစွန်းရောက် ဧကရာဇ်အဆင့်လက်နက်ကို အမြင့်ဆုံးအတိုင်းအတာရောက်အောင် လုပ်တာက လုံးဝမတူညီတဲ့ အရာနှစ်ခုပဲ။"

"ဒီအတိုင်း ဆက်သွားရင် ငါ ရှုံးဖို့ပိုများတယ်။"

"သူက..."

"နတ်ဘုရားကို သတ်ချင်နေတာပဲ။"

ကျင်းကွေ့က အကြောင်းအကျိုးများကို ချက်ချင်း နားလည်သွားပြီး နောက်ဆုတ်ရန် ပြင်လိုက်သည်။ လက်သီးချက်ရာပေါင်းများစွာကို အတင်းခံလိုက်ရ၏။ သူ၏ခန္ဓာကိုယ်က အစွန်းရောက်ဧကရာဇ်အဆင့် လက်နက်ထက် ပိုပြီးမာကျောသည်။ လက်သီးနှင့် သူ့ခန္ဓာကိုယ်ကိုထိုးနေခြင်းက သံပန်းထုနေခြင်းနှင့် တူသည်။

သတ္တုချင်းထိခိုက်သောအသံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး တုန်ခါသွားကာ နေရာလွတ်ကလည်း အပိုင်းပိုင်း အက်ကွဲသွား၏။

ကျင်းကွေ့က ပိုပြီးကြောက်လန့်လာကာ နောက်ကို အဆက်မပြတ်ဆုတ်ခွာရင်း အကွာအဝေးကိုချဲ့ရန် ကြိုးစားနေသည်။

ရုတ်တရက်။

သူ့မျက်နှာက ဖြူရော်သွားပြီး ရုတ်တရက် ရပ်တန့်လိုက်၏

"မဟုတ်သေးဘူး။"

"နောက်ထပ်ဆုတ်လို့မရတော့ဘူး။ ထပ်ဆုတ်ရင် 「အကြွင်းမဲ့ဟင်းလးင်းပြင်ပိုင်နက်」 အထဲကနေ ထွက်သွားလိမ့်မယ်။ အချိန်-နေရာလွတ် ဓားသူတော်စင်က အဲဒီမသေနိုင်တဲ့အခြေအနေကို ပြန်ရောက်သွားလိမ့်မယ်။"

ဒါက...

ရှေ့မှာ ကျားရှိတယ်။ နောက်မှာ နဂါးရှိတယ် လိုမျိုးပဲ။

တိုက်တိုက်၊ ဆုတ်ဆုတ်၊ ရှုံးနိုင်ခြေက နိုင်နိုင်ခြေထက် ပိုများနေတယ်။

အချိန်-နေရာလွတ် ဓားသူတော်စင်ဟာ အစကတည်းက တွက်ချက်ထားပြီးသားပဲ။ ဒါကြောင့် အစကတည်းက ပြင်းထန်တဲ့အင်အားနဲ့ ဖိအားပေးပြီးတော့ ငါ့ကိုတုံ့ပြန်ဖို့ ဖိအားပေးခဲ့တယ်။ ငါ့ကိုယ်ငါ လှောင်အိမ်ထဲ ပိတ်လှောင်မိအောင် လုပ်ခဲ့တာပဲ။ ပြီးတော့မှ ကိုယ့်ကြိုးနဲ့ ကိုယ်တုပ်မိအောင် လုပ်ခဲ့တာ။

"အပြည့်အဝအားကောင်းနေတဲ့ အထွတ်အထိပ်နတ်ဘုရားကို ငါ မသတ်ဖူးသေးဘူး။ ယွီထန်ကို သတ်တုန်းက သူက အပြည့်အဝ မဟုတ်သေးဘူး။ မင်းရဲ့သွေးနဲ့ ငါ့ရဲ့တာအိုနှလုံးသားကို ဖြည့်ဆည်းလိုက်မယ်။"

မုန့်ချင်ကျိုးက ဧကရာဇ်ဩဇာအာဏာအပြည့်ပါရှိသော လက်သီးဖြင့် ခေတ်တစ်ခေတ်ကို ဖိနှိပ်နိုင်သော ရက်စက်မှုများနှင့်အတူ ကျင်းကွေ့ကို ထိုးချလိုက်သည်။

ကျင်းကွေ့လည်း ဒေါသထွက်လာပြီး ရွှေရောင်လှံကို ပစ်ချလိုက်ကာ နဖူးတွင်စိုက်နေသော ပုစဉ်းရင်ကွဲတေးသံဓားကို ဆွဲထုတ်ပြီး မုန့်ချင်ကျိုးနှင့် လက်သီးဖြင့် အနီးကပ်တိုက်ခိုက်တော့သည်။

"နတ်ဘုရားကို စော်ကားလို့မရဘူး။"

"လူသားမျိုးနွယ်တွေ သေကြစမ်း။" ကျင်းကွေ့က အော်ဟစ်လိုက်သည်။

ခြေထောက်ကို အမြောက်လိုလွှဲကန်လိုက်ပြီး မုန့်ချင်ကျိုး၏နားထင်ကို ထိမှန်ကာ ခေါင်းကို ချက်ချင်း အမှုန့်ဖြစ်သွားစေသည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ချင်ကျိုးက မူလအတိုင်း ပြန်ဖြစ်သွားပြီး လက်သီးကတော့ လုံးဝမရပ်တန့်သွားပေ။

"ထွက်သွားစမ်း။"

ကျင်းကွေ့၏ စိတ်ခံစားချက်များ အစွန်းရောက်လာပြီး တဖြည်းဖြည်း ဒေါသထွက်လာကာ လက်သီးကို ဓားလိုအသုံးပြုပြီး မုန့်ချင်ကျိုးနှင့် မျက်နှာချင်းဆိုင် ထိုးကြိတ်တော့သည်။

တာအို၏အဆုံးသတ်အဆင့်ရှိသော တန်ခိုးရှင်နှစ်ယောက် သူသေကိုယ်သေ တိုက်ခိုက်နေတာကြောင့် မဟာတာအိုသုံးထောင်လုံး မှေးမှိန်သွား၏။

သာမန်ကောင်းကင်ထောက်တိုင်နယ်ပယ်များဆိုလျှင် မျက်လုံးနဲ့ပင် ကြည့်၍မရပေ။ ကြည့်မိလျှင် ဝိညာဉ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပြီး အသက်ပါ သေဆုံးနိုင်သည်။

ရုတ်တရက်။

ကျင်းကွေ့၏ တံတောင်ဆစ်က သံချေးတက်နေသလို ဖြစ်သွားပြီး တစ်ချက် နှေးကွေးသွားသည်။ ထိုသို့သေးငယ်သော နှေးကွေးမှုလေးကြောင့်ပင် သူက ချက်ချင်းအရေးနိမ့်သွားပြီး မူလက တန်းတူဖြစ်နေသော အခြေအနေမှ ချက်ချင်းဖိနှိပ်ခံရသောအခြေအနေကို ရောက်သွား၏

"ဘာဖြစ်တာလဲ။"

"ငါ့ခန္ဓာကိုယ်က အိုမင်းလာသလိုပဲ..."

"နတ်ဘုရားတွေက ဘယ်လိုလုပ် အိုမင်းနိုင်မှာလဲ။"

ကျင်းကွေ့က အံ့အားသင့်ရင်း ဒေါသထွက်သွားပြီး ချက်ချင်း အနေအထားကို ပြောင်းလဲလိုက်သည်။ တိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်းကိုပြောင်းလဲလိုက်ပြီး စိတ်အာရုံတစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ကာ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။

မကြာခင်မှာပင်။

သူ အံ့အားသင့်သွား၏။

အချိန်-နေရာလွတ်မြစ် အသေးစားလေးများက ခန္ဓာကိုယ်ရှိ ဒဏ်ရာများမှတစ်ဆင့် ဝင်ရောက်လာပြီး ထိုမြစ်ကြောင်းလေများက အသက်ရှိနေသလိုပင်။ 「နတ်ဘုရားအနှစ်သာရ」 ရှိသောနေရာကို လိုက်ရှာနေ၏။ 「နတ်ဘုရားအနှစ်သာရ」 နေရာကို သေချာသိသွားသည်နှင့် ၎င်းကို ပတ်ရစ်လိုက်သည်။ ပိုးကြိုးလေးများလို တစ်ခုနှင့်တစ်ခုယှက်နွယ်ပြီး ပိုက်ကွန်တစ်ခု ဖန်တီးကာ 「နတ်ဘုရားအနှစ်သာရ」ကို ထုပ်ပိုးလိုက်၏။

ထိုအခိုက်အတန့်တွင်။

ကျင်းကွေ့က ရုတ်တရက် သတိရသွားသည်။ နိုးလာပြီး လောကကြီးမှ သတင်းအချက်အလက်များကို စုပ်ယူနေစဉ် သက်ရှိများ၏မှတ်ဉာဏ်ထဲတွင် အချိန်-နေရာလွတ် ဓားသူတော်စင်က နတ်ဘုရားများကို မြေမြှုပ်သင်္ဂြိုဟ်နိုင်စွမ်း ရှိကြောင်းကို သိခဲ့ရသည်။ မင်းက အချိန်-နေရာလွတ်တာအိုမှတစ်ဆင့် ဖြစ်နိုင်သည်။

သူက အမှန်တရားအားလုံးကို ထပ်ပြီး ခန့်မှန်းမိသွားသည်။

ဆယ်ပုံကိုးပုံက အချိန်-နေရာလွတ်တာအို၏ အတွင်းစကြဝဠာကြောင့်ပင်။ ထို့ကြောင့် ကျင်းကွေ့က အချိန်-နေရာလွတ် ဓာသူတော်စင်ကို မြင်ကတည်းက သူ၏အတွင်းစကြဝဠာထဲကို လှည့်စားပြီးမဝင်မိအောင် တိတ်တဆိတ် ဆုံးဖြတ်ထားခဲ့သည်။ မဟုတ်လျှင် သေချာပေါက်သေရမည်ကို သိ၍ပင်

သို့သော် မည်သူ ထင်ထားမည်နည်း။ ဤလူသားက နောက်တစ်ဆင့် ထပ်တိုးပြီး ဒုတိယမျိုးဆက် 「နတ်ဘုရားများကိုမြေမြှုပ်သင်္ဂြိုဟ်ခြင်း」 နည်းလမ်းအသစ်ကို တီထွင်လိုက်၏။

လှည့်စားပြီး ဖမ်းမရလျှင် နတ်ဘုရားများ၏ ခန္ဓာကိုယ်ထဲ အချိန်-နေရာလွတ် 「အသေးစားဗားရှင်း」 ကမ္ဘာတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။

"သိသွားပြီလား။"

"ဒါပေမယ့် နည်းနည်းတော့ နောက်ကျသွားပြီ။"

မုန့်ချင်ကျိုး၏နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးသွားသော်လည်း မျက်နှာက အေးစက်နေဆဲပင်။ ပြိုင်စံရှားလက်သီးများက အဆက်မပြတ် ထိုးကြိတ်နေပြီး ကျင်းကွေ့၏ စိတ်အာရုံလွတ်သွားသော အချိန်လေးကို အခွင့်ကောင်းယူကာ ပုစဉ်းရင်ကွဲတေးသံဓားကို ပြန်ခေါ်ပြီး ကျင်းကွေ့၏ခေါင်းထဲကို အားပြင်းပြင်းနှင့် ထိုးစိုက်လိုက်၏။

"မဟုတ်ဘူး..." ကျင်းကွေ့က အခြေအနေမကောင်းမှန်းသိပြီး ပြန်လည်ခုခံရန် ပြင်လိုက်သည်။

သို့သော် မုန့်ချင်ကျိုးက သူ၏ခြေထောက်နှစ်ဖက်ကို ကန်ချိုးလိုက်ပြီး လက်ဝါးစောင်းနှင့် နှစ်ချက် ခုတ်ချကာ လက်နှစ်ဖက်ကိုပါ ဖြတ်တောက်ပစ်လိုက်၏။

နတ်ဘုရားအနှစ်သာရကို ဖမ်းဆီးထားပြီး ခြေလက်များက အသုံးမဝင်တော့ပေ။ ခေါင်းကလည်း သံမှိုရိုက်ခံထားရသည်။

အပြည့်အဝအားကောင်းနေသော အထွတ်အထိပ်နတ်ဘုရားတစ်ပါးက စက္ကန့် ဆယ်ဂဏန်းလေးအတွင်း မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားခဲ့၏။

ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည်။

လီတိုင်ယွမ်၊ အောင်းနဲ့ စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးပင် အနည်းငယ် အာရုံစိုက်သွားပြီး လေးနက်သွားကြသည်။

ဒီလူငယ်က နည်းနည်း ကြောက်စရာကောင်းလာပြီ။

လီတိုင်ယွမ်က ခန့်ညားထည်ဝါသော ပြိုင်စံရှာပုံရိပ်ကြီးကို ငေးကြည့်နေပြီး အံ့အားသင့်စွာဖြင့် တိတ်တဆိတ် တွေးလိုက်မိသည်။

"ခေတ်အဆက်ဆက်က အရှင်သခင်တွေ ထွက်ပေါ်လာချိန်မှာ သူက ဘေးကနေ စောင့်ကြည့်နေခဲ့တယ်။ အချိန်တိုလေးအတွင်းမှာပဲ ပထမဆုံးသတ်မယ့်ပစ်မှတ်ကိုရွေးချယ်ပြီး အစီအစဉ်အားလုံးကို ချမှတ်လိုက်တာပဲ။"

"အစကတည်းက သူက အချိန်-နေရာလွတ်တာအိုရဲ့ စွမ်းအားကို တမင်သက်သက် ထုတ်သုံးပြီးတော့ ကျင်းကွေ့ကို တုံ့ပြန်အောင် ဖိအားပေးခဲ့တယ်။ ကျင်းကွေ့ရဲ့ အာဏာက 「အစွန်းရောက်တာအို」ဆိုတာကို သူ သိသလို၊ ကျင်းကွေ့၏ နောက်တစ်ဆင့်လုပ်ရပ်ကိုလည်း သူ ခန့်မှန်းမိခဲ့တယ်။"

"「အကြွင်းမဲ့ဟင်းလင်းပြင်ပိုင်နက်」က အချိန်-နေရာလွတ်တာအိုရဲ့ အသုံးချမှုကို ကန့်သတ်ထားပေမယ့် ကျင်းကွေ့ကိုလည်း လှောင်ပိတ်လိုက်တယ်။ လှံကို ကောင်းကောင်းသုံးတတ်တဲ့သူကို နေရာကျဉ်းကျဉ်းလေးထဲမှာ အသုံးပြုဖို့ခက်ခဲအောင်လုပ်ပြီးတော့ အနီးကပ်လက်သီးနဲ့ တိုက်ခိုက်ခွင့်ရအောင် လုပ်လိုက်တာပဲ။"

"ဒီအချိန်မှာ ကျင်းကွေ့ကို လျှို့ဝှက်ချက်တွေ တမင်သက်သက် မြင်ခွင့်ပေးပြီး ရှေ့တိုးမရနောက်ဆုတ်မရ အခြေအနေကို ရောက်နေမှန်းသိအောင် လုပ်လိုက်တယ်။ အဲဒီကနေ စိတ်အာရုံ တစ်ခဏလေးလွတ်သွားချိန်မှာ ကျင်းကွေ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကြိုတင်မြှုပ်နှံထားတဲ့ အချိန်-နေရာလွတ်မြစ်လေးတွေကို ချက်ချင်း အသက်သွင်းပြီး 「နတ်ဘုရားအနှစ်သာရ」၏ကို အမြန်ဆုံး ဖမ်းယူလိုက်တာပဲ။"

"တစ်ခုပြီးတစ်ခု ချိတ်ဆက်ပြီးတော့ သားကောင်ကို သေတွင်းထဲ အဆင့်ဆင့် တွန်းပို့လိုက်တာ။"

"ဒါက... လူရော ဟုတ်သေးရဲ့လား။"

လီတိုင်ယွမ်က အလိုလို ကြောက်ရွံ့လာသည်။

မုန့်ချင်ကျိုး၏ လက်ထဲတွင် သူက အကြိမ်ကြိမ် သေလုနီးပါး ဖြစ်ခဲ့ဖူးသော်လည်း တစ်ခါမှ စိတ်ဓာတ်မကျခဲ့သလို ကြောက်လည်းမကြောက်ခဲ့ဖူးပေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူက တကယ်ကို ကြောက်သွားလေပြီ။

ဒီလိုလူမျိုးကို ငါ ယှဉ်ပြိုင်နိုင်ပါ့မလား...

အထွတ်အထိပ် နတ်ဘုရားတစ်ပါးကို ရှင်လျက်နဲ့ အဖက်ဖက်ကနေ အပြတ်အသတ် နှိမ်နင်းလိုက်တာ။ စိတ်ဓာတ်၊ ဉာဏ်ပညာ၊ စွမ်းအားအကုန်လုံးကနေ အပြတ်အသတ် နှိမ်နင်းလိုက်တာပဲ။ နောက်ဆုံးတော့ သေတွင်းထဲကို တွန်းပို့လိုက်တာ။

...

...

မုန့်ချင်ကျိုးက ကျင်းကွေ့၏လည်ပင်းကို ညှစ်ထားပြီး လက်ငါးချောင်းကိုဖြန့်ကာ ကျင်းကွေ့၏ ရင်ဘတ်ကို ဖောက်ခွဲလိုက်သည်။ ထို့နောက် အသားများကို အရှင်လတ်လတ်ခွဲထုတ်ပြီး ရွှေရောင် နတ်ဘုရားအနှစ်သာရ တစ်ခုကို ထုတ်ယူလိုက်သည်။

"နတ်ဘုရားခေတ်က ဒီနေရာမှာပဲ အဆုံးသတ်သွားပြီ။" မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်ပြီး ကျင်းကွေ့၏ ကြောက်လန့်တကြားတောင်းပန်နေသော အကြည့်များ ကြားထဲမှာပင် ထိုနတ်ဘုရားအနှစ်သာရကို အတွင်းစကြဝဠာထဲ ဝါးမျိုလိုက်၏။

...

All Chapters