← Chapters

အခန်း ၄၁၁

Vol. 28 Ch. 411

အခန်း ၄၁၁

Vol. 28 Ch. 411

အပိုင်း(၄၁၁) အကျိုးပြုမှုပြည့်စုံခြင်း၊ တစ်ယောက်တည်း တားဆီးခြင်း

စကြဝဋ္ဌာအပြင်ဘက်မှ မျက်လုံးကြီး၏ လွှမ်းမိုးမှုက ဆုတ်ယုတ်သွားပြီး နယ်မြေနှစ်ခုကို လွှမ်းမိုးခြင်း မရှိနိုင်တော့ဘဲ ကောင်းကင်နယ်ပယ် ကျင့်ကြံသူနှစ်ဦးကိုသာ ပစ်မှတ်ထားနိုင်တော့သည်။

ထိုအခိုက်အတန့်တွင်...

စကြဝဠာအပြင်ဘက်ရှိ လုယက်ပွဲကြီးကို နယ်မြေနှစ်ခုလုံးတွင် ပုံဖော်ပြသနေ၏။

အလွန်ဝေဝါးသောမြင်ကွင်းများသာဖြစ်ပြီး အကွာအဝေးမှာလည်း အလွန်ဝေးကွာလှသည်။ ထိုသို့ပင် ဖြစ်သည့်တိုင် ဤဝေဝါးသောမြင်ကွင်းများကို အခင်းအကျင်းပညာရှင် ဆယ်ဂဏန်းကျော်က အခင်းအကျင်းများ ရေးဆွဲကာ အလွှာလိုက်အလွှာလိုက် အရှိန်အဝါများကို လျှော့ချပြီးမှသာ နယ်မြေနှစ်ခုမှ သက်ရှိများ ကြည့်ရှုနိုင်ရန် ထုတ်လွှင့်ပြသနိုင်ခြင်း ဖြစ်သည်။

မဟုတ်လျှင် တာအို၏အဆုံးသတ်အဆင့်ရှိသော တိုက်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းသည် နယ်မြေနှစ်ခုကို ဖျက်ဆီးပစ်လိုက်ခြင်းနှင့် အတူတူပင်။

လူသားမျိုးနွယ်တိုင်း၊ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ အားလုံးက အလုပ်များကို ရပ်တန့်ကာ လောကကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။

လူများမှာ စိုးရိမ်ပူပန်မှုများဖြင့် တိတ်တဆိတ် ဆုတောင်းနေကြသည်။

လူလတ်ပိုင်းနှင့် လူငယ်များမှာ သွေးဆူလာကြပြီး ဧကရာဇ်နှင့်အတူ လိုက်ပါတိုက်ခိုက်ချင်စိတ်များ ပြင်းထန်လာကြသည်။ ဤအခိုက်အတန့်တွင် လူသားမျိုးနွယ်၏ သိုင်းပညာတက်ကြွမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး သိုင်းပညာကိုမြတ်နိုးစိတ်များက မီးလျှံအလား တောက်လောင်နေသည်။

"ရှေးကတည်းက ရေနက်ပိုင်းမှာ ပုန်းအောင်းနေတဲ့မိကျောင်းကြီးတွေက နှောင်းခေတ်မှာ အကုန်လုံး ထွက်ပေါ်လာပြီး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲနေကြတယ်။ နှောင်းခေတ်မှာ ဧကရာဇ်တစ်ယောက်တည်းကပဲ လူသားမျိုးနွယ်ရဲ့ ကောင်းကင်ကြီးကို ထောက်ခံထားရတာ။ ဒါက လူသားဧကရာဇ်ခေတ်ထက် အများကြီး ပိုခက်ခဲတယ်..."

"လူသားဧကရာဇ်မှာတောင် အတူတိုက်ခိုက်မယ့် ရဲဘော်ရဲဘက်တွေ ရှိသေးတယ်။ နောက်လိုက်တွေ အများကြီး ရှိသေးတယ်။ ဒါပေမယ့် ဧကရာဇ်ကတော့ အမြဲတမ်း အထီးကျန်နေပြီး တိုင်းးပြည်တံခါးဝမှာ အမှောင်ထုကို အမြဲတမ်းတားဆီးထားပေးတယ်..."

"ငါတို့ခေတ်က ဘာလို့ ဒီလောက်တောင် ဒုက္ခတွေများနေရတာလဲ။ မဟာကျင်းတိုင်းပြည် တည်ထောင်ကတည်းက (၁၀)နှစ်ပဲ ငြိမ်းချမ်းမှု ရခဲ့တာ။ တကယ်ကို မတရားဘူး။"

"ငါသာ အရမ်းမအားနည်းခဲ့ဘူးဆိုရင် ဧကရာဇ်တစ်ယောက်တည်း ရှေ့ထွက်နေစရာ မလိုဘူး။ ငါတို့ လူသားမျိုးနွယ်တွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အားကောင်းလာရမယ်။ တစ်နေ့နေ့ကျရင် ဧကရာဇ် ထွက်လာစရာမလိုဘဲ စစ်သည်သန်းချီနဲ့တင် ဘေးဒုက္ခတွေကို ရှင်းလင်းပစ်နိုင်ရမယ်။။"

...

လူအများအပြားမှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးတင်းတင်းဆုပ်ကာ မျက်ရည်များ ကျနေကြသည်။

ဝေဝါးသောမြင်ကွင်းများကိုသာ မြင်ရသော်လည်း ရန်သူများ မည်မျှ အစွမ်းထက်သည်ကို သိနိုင်သည်။ သူတို့က နှစ်ပေါင်းသောင်းချီ ပုန်းအောင်းနေခဲ့ကြပြီး ခေတ်တစ်ခုစီ၏ အရှင်သခင်များဖြစ်ကာ ခေတ်အဆက်ဆက် အင်အားများကိုစုဆောင်း၍ နှောင်းခေတ်တွင် ပဋိပက္ခများကို ဖန်တီးရန် ကြိုးစားနေသည်။

သူတို့ကိုရင်ဆိုင်နိုင်သူမှာ ဧကရာဇ်တစ်ဦးတည်းသာ ရှိသည်။

နယ်မြေနှစ်ခုရှိ လူသားမျိုးနွယ်များမှာ ဝင်ရောက်ကြည့်ရှုခွင့်ပင် မရှိကြပေ။။

ထိုအချိန်မှာပင်။

မဟာကျင်းမြို့တော်ဘက်မှ လှပသော အနီရောင်ပုံရိပ်တစ်ခု ကောင်းကင်သို့တက်လှမ်းကာ စကြဝဠာ အပြင်ဘက်သို့ ပျံသန်းသွားသည်။

ကောင်းကင်အတိဒုက္ခကို ခေါ်ယူပြီး ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြရန်ပင်။

"ဧကရီ။ ဧကရီက အရေးကြီးတဲ့အချိန်ကျမှ တာအိုသက်သေပြတော့မယ်။။ သူ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြတော့မယ်။" လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ရိုက်သွား၏။

လူသားမျိုးနွယ်၏ အသက်အန္တရာယ်ရှိနေချိန်တွင် ဧကရီက အံ့ဖွယ်နည်းဖြင့် ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြတော့မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

စကြဝဠာအပြင်ဘက်။

မိုင်ပေါင်းသိန်းချီကျယ်ဝန်းသော ကောင်းကင်အတိဒုက္ခ ဖုံးလွှမ်းလာပြီး ရှေးဟောင်း ကောင်းကင်ခုံရုံး၏ ထူးဆန်းသောလက္ခဏာများ ပေါ်လာကာ ကောင်းကင်လှေကားထစ် (၉၉၉)ခုက အောက်သို့ ဆင်းသက်လာသည်။

ဧကရီက မျက်လုံးကို မှိတ်ထားလိုက်သည်။ သူ မည်သည်ကိုမှ မမြင်ရသလို နတ်ဘုရားအာရုံလည်း အသုံးပြု၍ မရတော့ပေ။

သို့သော် သူ နည်းနည်းလေးမျှ မကြောက်လန့်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာ၏။

"ရှင်နဲ့အတူတူ ခံစားကြည့်မယ်။ ရှင့်လိုပဲ မျက်စိကန်းနေတဲ့ အခြေအနေနဲ့... ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြမယ်။"

တုန်းဖန်လျူလီက အသက်ပြင်းပြင်းရှူကာ ကောင်းကင်လှေကားထစ်ပေါ်သို့ တက်လှမ်းသွားသည်။

...

စကြဝဠာအပြင်ဘက်။

စကြဝဠာကြီးတစ်ခုလုံးကို ပြည့်နှက်နေသော ထိုကြီးမားလှသည့် မျက်လုံးကြီးသည် ထူးဆန်းမှုကို သတိပြုမိသွားသည်။

ကောင်းကင်အတိဒုက္ခ ဖြတ်ကျော်နေသော မဟာကျင်းဧကရီကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မဟာကျင်းဧကရာဇ်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ကူးတစ်ခု ရသွားသည်။

ဓားစာခံအဖြစ် ဖမ်းဆီးပြီး ခြိမ်းခြောက်ချင်ခဲ့သည်။

သို့သော် သေချာပြန်စဉ်းစားကြည့်လိုက်ရာ မဟာကျင်းဧကရာဇ်ကို အရမ်းဖိအားပေးလိုက်လျှင် သူက လုယက်ခွင့်ကို စွန့်လွှတ်ပြီး အောင်းနှင့်ပူးပေါင်းကာ သူ့ကိုသတ်ပစ်ရန် ကြိုးစားလာမည်ကို စိုးရိမ်ရသည်။

မသေချာသောအခြေအနေ နည်းနည်းလေး ရှိလာလျှင်ပင် လက်လွှတ်ရပေမည်။ နှစ်ပေါင်းသောင်းချီ စောင့်ခဲ့ရသော အခွင့်အရေးကို လုံးဝအမှားအယွင်းမခံနိုင်ပေ။

မည်သို့ဆိုစေ မဟာကျင်းဧကရာဇ်က တစ်ခုတည်းသောတည်ရှိမှုကို ရသွားသည့်တိုင် ၎င်းကိုလက်ခံပြီး ကန့်သတ်ချက်ကိုချိုးဖောက်ရန် နည်းလမ်းမရှိပေ။

ထိုအချက်ကို တွေးမိသောအခါ မျက်လုံးကြီးက ကောင်းကင်အတိဒုက္ခ ဖြတ်ကျော်နေသော ဧကရီကို ဆက်ပြီးအာရုံမစိုက်တော့ပေ။

...

...

တစ်ချိန်တည်းမှာပင်။

စကြဝဠာအပြင်ဘက် တစ်နေရာတွင်။

အေးချမ်းပြီး ကြင်နာတတ်သောပုံစံရှိသည့် ရဟန်းငယ်လေးတစ်ပါးက ကြယ်ပင်လယ်ကို ဖြတ်သန်း လမ်းလျှောက်နေ၏။ ခြေလှမ်းများက သိပ်မကျယ်ပေမယ့် တစ်လှမ်းကို မိုင်ပေါင်းသန်းချီ ရောက်သွားသည်။

အသက်သုံးလေးရှိုက် အတွင်းမှာပင် အစွန်အဖျားနယ်မြေကို ရောက်လာ၏။

ကြယ်စုများနှင့် တည်ဆောက်ထားသော ကောင်းကင်နှင့်မြေကြီး အစီအရင်၏ အလယ်ဗဟိုတွင် ခူကျင်းက တင်ပလ္လင်ခွေထိုင်နေသည်။ ခေါင်းငိုက်စိုက်ကျနေပြီး ဝိညာဉ်နှင့် စိတ်ဆန္ဒက နှလုံးသား၏ စုပ်ယူခြင်းကို လုံးဝခံလိုက်ရပြီး ကိုယ်က အသက်ဝင်နေသော်လည်း ခန္ဓာကိုယ်အလွတ် တစ်ခုသာ ကျန်တော့၏။

"ဆရာတော်။"

"အရှင်ဘုရား တပည့်တော်ကို သင်ကြားပေးခဲ့ဖူးတယ်။ စစ်မှန်တဲ့ဗုဒ္ဓ ဖြစ်ချင်ရင် ဗုဒ္ဓတရားတွေကို မေ့ပျောက်ပြီး နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ရမယ်လို့။"

"အခု တပည့်တော်လုပ်ချင်တဲ့ကိစ္စက စစ်မှန်တဲ့ဇန်တရား ဖြစ်မလားဆိုတာတော့ မသိဘူး။"

ရဟန်းငယ်လေးက အပြင်ပန်းတွင် ဘာမှမဖြစ်သလို ပုံမှန်အတိုင်း ရှိနေသော်လည်း သူ့နောက်ရှိ အရိပ်များထဲတွင်တော့ ထူးဆန်းသောမြင်ကွင်းများ အများအပြား ပြည့်နှက်နေသည်။ တစ်ခါတစ်ရံ ပြိုကွဲသွား၏။ တစ်ခါတစ်ရံ ရူးသွပ်သွာသည်။ တစ်ခါတစ်ရံ မိစ္ဆာဝင်ပူးသည်။ တစ်ခါတစ်ရံ သာမန်လူ ဖြစ်သွားသည်...

သူ၏တာအိုလမ်းစဉ် ပျက်စီးနေပြီး အတွင်းစကြဝဠာက အဆက်မပြတ်ပြိုကျနေကာ အခြေအနေက အလွန်ကမောက်ကမ ဖြစ်နေ၏။

တစ်လှမ်းလျှောက်တိုင်း အသက်စွမ်းအင်အကုန်လုံး ကုန်ဆုံးသွားမလို ဖြစ်နေသည်။

"ဒကာကြီးက... နောက်ဆုံးတစ်ယောက်ပဲ။"

ရဟန်းငယ်လေးက ခူကျင်း၏ခေါင်းပေါ်ကို လက်တင်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဝိညာဉ်နဲ့ စိတ်ဆန္ဒက နှလုံးသားရဲ့ဆွဲခေါ်တာကို ခံလိုက်ရပြီး ခန္ဓာကိုယ်အလွတ်တစ်ခုပဲ ကျန်တော့တာဆိုတော့ သာမန်နည်းလမ်းတွေနဲ့ နိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

ဒါပေမဲ့...

မကြာခင်မှာပင် သူက နည်းလမ်းတစ်ခုကို စဉ်းစားမိသွားသည်။

သူက ချက်ချင်း အကောင်အထည်မဖော်သေးဘဲ စက္ကူတစ်ရွက်ကို ထုတ်ယူကာ စာတိုလေးတစ်စောင် ရေးပြီး ခူကျင်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

"တောရိုင်းမြေမှာ ဘေးဒုက္ခ ရောက်နေပြီ။ ဒကာကြီးမှာ မပြီးသေးတဲ့တာဝန်တွေ ရှိသေးတယ်။"

"ကောင်းကင်တာအိုရဲ့ဖိနှိပ်မှုအားလုံးကို ဒီဘုန်းကြီးကပဲ အကုန်လုံး တာဝန်ယူလိုက်ပါ့မယ်။"

ပြောပြီးနောက်။

ရဟန်းငယ်လေးက ပါးစပ်မှ ဗုဒ္ဓတရားစာများကိုရွတ်ဆိုကာ စကားလုံးလေးလုံးကို ပြောလိုက်သည်။ "ဇန်တာအို အမြင့်ဆုံးအဆင့် ကိုယ်စားလဲလှယ်ခြင်း။"

နောက်တစ်ခဏတွင် ဟွေ့နန်းနှင့် ခူကျင်းတို့၏ နေရာများ ပြောင်းလဲသွားသည်။ ဟွေ့နန်းက ကောင်းကင်နှင့်မြေကြီး အစီအရင်၏အလယ်ဗဟိုတွင် တင်ပလ္လင်ခွေထိုင်ကာ ခေါင်းငိုက်စိုက်ကျနေပြီး စိတ်ဆန္ဒနှင့်ဝိညာဉ် လုံးဝပျောက်ကွယ်သွားကာ ခန္ဓာကိုယ်အလွတ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

ခူကျင်းက ဟွေ့နန်း၏အရှေ့တွင်ရပ်လျက် မျက်လုံးများ တွေဝေလျက် ဖွင့်လာသည်။

"ငါ ဒါက..."

ခဏတာတွေဝေပြီးနောက် ခူကျင်းက သတိပြန်ဝင်လာပြီး တင်ပလ္လင်ခွေထိုင်နေသော ဟွေ့နန်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

သူ့ကိုယ်ပေါ်တွင် ကောင်းကင်တာအိုဖိနှိပ်မှု ဆယ်ဂဏန်းကျော် ရစ်ပတ်နေသည်ကို မြင်လိုက်ရသဖြင့် မျက်ဆံများ ကျုံ့ဝင်သွား၏။

"ဒါက..."

ခူကျင်းသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားသည်။

သူ၏လက်ဝါး အလိုအလျောက်ပွင့်သွားပြီး စက္ကူတစ်ရွက် လွင့်ကျလာ၏။

နောက်ဆုံးတွင် ခူကျင်း သတိပြုမိသွားပြီး ကောက်ယူဖတ်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာ တဖြည်းဖြည်း လေးနက်သွားပြီး ရဟန်းငယ်လေးကို နက်ရှိုင်းစွာဖြင့် တစ်ချက်ကြည့်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။

[ဒကာကြီးခူကျင်း ဖတ်ရန် -

အဆုံးသတ်ရောက်လာပြီ။ ဧကရာဇ်က တာအိုအဆုံးသတ်အဆင့် ရန်သူတွေနဲ့ တိုက်ခိုက်နေတဲ့အတွက် တခြားကိစ္စတွေကို အာရုံမစိုက်နိုင်ဘူး။ ဧကရီက ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြဖို့ တံခါးပိတ် ကျင့်ကြံနေပြီးတော့ အပြင်မထွက်နိုင်ဘူး။

တောရိုင်းမြေကမ်းရိုးတန်းမှာ နတ်ဘုရားအကြွင်းအကျန်တွေရဲ့ နောက်ဆုံးအုပ်စုက ဝင်ရောက် တိုက်ခိုက်နေပြီ။ လူတစ်ယောက်တည်းအင်အားနဲ့ ရင်ဆိုင်ဖို့ ခက်ခဲတယ်။

ဒါကြောင့် ဒီဘုန်းကြီးက ဒကာကြီးတို့ကို ပြန်နှိုးပြီးတော့ ကောင်းကင်တာအိုရဲ့ ဖိနှိပ်မှုအားလုံးကို တာဝန်ယူလိုက်တာပါ။ နတ်ဘုရားတွေကို တားဆီဖို့တာဝန်ကိုတော့ ဒကာကြီးတို့ဆီ အပ်နှင်းလိုက်ပါတယ်]

...

ခူကျင်းက ဤစကားများကြောင့် အလွန်အမင်း တုန်လှုပ်သွား၏။

ရဟန်းငယ်လေး တစ်ယောက်တည်းက လူတိုင်းရဲ့ ကောင်းကင်တာအိုဖိနှိပ်မှုတွေကို အားလုံး တာဝန်ယူလိုက်တယ်...

ဒါက ကောင်းကင်တာအိုတစ်ခုလုံးရဲ့ဖိနှိပ်မှုကို သူ တစ်ယောက်တည်း ရင်ဆိုင်ရတာနဲ့ အတူတူပဲ။ ကောင်းကင်တာအိုက အားလုံးကိုပစ်မှတ်ထားတဲ့ အကြီးစားရှင်းလင်းရေးကို ရဟန်းငယ်လေး တစ်ယောက်တည်း တာဝန်ယူလိုက်တာပဲ။

"တာဝန်ကျေပွန်အောင် သေချာပေါက် လုပ်ဆောင်ပါ့မယ်။"

ခူကျင်းက လေးနက်စွာ ပြောလိုက်ပြီး နောက်တစ်ကြိမ် နက်ရှိုင်းစွာဦးညွှတ်ကာ ပြတ်ပြတ်သားသား ထွက်ခွာသွားခဲ့သည်။

တောရိုင်းမြေ ဒုက္ခရောက်နေပြီ။ သူက ရဟန်းငယ်လေး၏စေတနာကို အလဟဿ မဖြစ်စေနိုင်ပေ။

...

...

မကြာခင်မှာပင်။

ခူကျင်းသည် တောရိုင်းမြေကမ်းရိုးတန်းသို့ ရောက်ရှိလာသော်လည်း။ အပြင်ဘက်တွင် ကျန်ရှိနေသည့် မဟာကျင်းတိုင်းပြည်၏ အခြားသော ကောင်းကင်ထောက်တိုင်နယ်ပယ်များလည်း ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

စုချင်ချိုး၊ လီကွမ်ယန်၊ ဝမ်ရှန်ကျား၊ လျန်ကျွီ၊ ချင်းဖုန်းဟော် အစရှိသူများ အားလုံး ပါဝင်သည်။

"နတ်ဘုရားအကြွင်းအကျန်တွေ ဘယ်မှာလဲ။"

"ငါ..."

ခူကျင်းက စကားပြောရန် ပြင်လိုက်စဉ် လူတိုင်းက တစ်နေရာတည်းကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားပြီး အကြည့်များနောက်သို့ လိုက်ကြည့်လိုက်ရာ ရုတ်တရက် မျက်ဆံများ ကျုံ့ဝင်သွားသည်။

အဆုံးအစမရှိသော ပင်လယ်ရေပြင်ထဲတွင်။

နတ်ဘုရား (၇၀)၊ (၈၀)ခန့် သေဆုံးနေပြီး ထိုအထဲတွင် ကောင်းကင်ထောက်တိုင်နယ်ပယ် နတ်ဘုရား (၁၀)ပါးပင် ပါဝင်သည်။

သူတို့အားလုံး သေဆုံးသွားကြပြီဖြစ်ကာ နတ်ဘုရားအနှစ်သာရများက ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားကြသည်။

ပင်လယ်ရေပြင်ပေါ်တွင်။

လူတစ်ယောက်က မတ်မတ်ရပ်နေပြီး လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားကာ အင်္ကျီစများက ပင်လယ်လေကြောင့် တဖျပ်ဖျပ်လွင့်ဝဲနေပြီး တပ်တစ်တပ်ကို တစ်ယောက်တည်းတားဆီးထားသည့် စစ်သူကြီး တစ်ဦးအလား ဖြစ်နေ၏။

သွေးများစီးကျနေပြီး ခြေအောက်ရှိရေပြင်ကို နီရဲသွားစေသော်လည်း သူက မယိမ်းမယိုင် ရပ်တည်နေပြီး အသက်စွမ်းအင်များမူ ခန်းခြောက်သွားပြီဖြစ်သည်။

သူ၏အရှေ့တွင် ကျန်ရှိနေသော နတ်ဘုရား (၂၀)ကျော်မှာ ကြောက်လန့်တကြားဖြင့် နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေကြသည်။ သူတို့ အလွန်ပြင်းထန်စွာ ဒဏ်ရာရထားကြပြီး အရှေ့မှလူ သေဆုံးသွားပြီ ဖြစ်သော်လည်း နက်ရှိုင်းလှသောကြောက်ရွံ့မှုများက စိတ်နှလုံးထဲအထိ စိမ့်ဝင်နေပြီဖြစ်သည်။

လူတစ်ယောက်တည်းက လမ်းပိတ်ကာ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံခြင်းအဆင့်ဖြင့် အသက်ကို လောင်ကျွမ်းစေပြီး နတ်ဘုရားရာချီကို သတ်ဖြတ်ခဲ့ခြင်းပင်။

သူ့နာမည်က ချူရှီရန်။

ဘိုးဘေးတုန်းမင်၏ မျိုးဆက်၊ ချူမိသားစု၏အကြီးအကဲ။

"ချူရှီရန်။" ခူကျင်းက ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် မျက်လုံးထောင့်များ တဖြည်းဖြည်း ပြူးကျယ်လာကာ အော်ဟစ်လိုက်တော့သည်။

"လခွမ်းတဲ့မှ။"

"သေချင်တဲ့ အတုအယောင်နတ်ဘုရားတွေ အားလုံးသေကြစမ်း။"

ထိုအချိန်မှာပင်။

အထွတ်အထိပ် နတ်ဘုရားတစ်ပါး ဆင်းသက်လာပြီးနောက် ကောင်းကင်နယ်ပယ် အရှိန်အဝါများကို ထုတ်လွှင့်ကာ တန်းစီရပ်နေသော ကောင်းကင်ထောက်တိုင်နယ်ပယ်များကို အေးစက်စွာဖြင့် ကြည့်ရှုရင်း ပြောလိုက်သည်။ "ငါ့နာမည်က ထျန်းတယ်..."

စကားမဆုံးသေးခင်မှာပင် လူသားမျိုးနွယ် ကောင်းကင်ထောက်တိုင်နယ်ပယ် အုပ်စုကြီးက သွေးဆာနေသော ဝံပုလွေများ သားကောင်ကိုတွေ့လိုက်ရသလို တစ်ပြိုင်နက်တည်း ဝင်တိုက်ကြတော့သည်။

ခူကျင်းက မျက်လုံးနီရဲရဲဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "သတ်။"

စုချင်ချိုးပင် တည်ငြိမ်မှုပျောက်ဆုံးသွားပြီး မျက်လုံးများနီရဲကာ အရူးအမူး အော်ဟစ်လိုက်တော့သည်။ "သတ်။"

...

…

All Chapters