အခန်း ၄၁၃
Vol. 28 Ch. 413
အပိုင်း(၄၁၃) သန်းခေါင်ယံအချိန်၊ တစ်ခု
တိုက်ပွဲက နှစ်ရက်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ နယ်မြေပြင်ပရှိ စကြဝဠာကြီးမှာ ပြိုကွဲလုနီးပါးဖြစ်နေပြီး အဆုံးမရှိသောပင်လယ်ပြင်၏ ရေမျက်နှာပြင်မှာလည်း ထောင်နှင့်ချီသော မီတာများအထိ အငွေ့ပျံသွားခဲ့သည်။ တိမ်သောရေပြင်အချို့ဆိုလျှင် လုံးဝခန်းခြောက်သွားကာ နယ်မြေနှစ်ခုစလုံးမှာ ပြင်းထန်စွာ တုန်ခါနေသဖြင့် အဆောက်အအုံပေါင်းများစွာ ပျက်စီးပြိုလဲခဲ့ရသည်။
နယ်မြေနှစ်ခုရှိ သက်ရှိအားလုံး အသံတိတ်သွားကြပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြသည်။
“ဒါဟာ တကယ့်ဧကရာဇ်တို့ရဲ့ စစ်ပွဲပဲ။ ဒီတိုက်ပွဲဟာ သမိုင်းစာမျက်နှာထဲမှာ မှတ်တမ်းတင်ခံရမှာ သေချာတယ်။ နှစ်သန်းနဲ့ချီ ကြာသွားရင်တောင် ဒီအမှောင်ထုရဲ့ ကြီးမားတဲ့သန့်စင်မှုတိုက်ပွဲကို ဘယ်သူမှ မမေ့နိုင်တော့ဘူး။”
“မဟာကျင်းဧကရာဇ်သာမရှိခဲ့ရင် လူသားမျိုးနွယ်ရဲ့သမိုင်းက အဆုံးသတ်သွားခဲ့မှာ။”
“သူ့ရဲ့ ဂုဏ်ကျေးဇူးက ရှီးဟွမ်နဲ့ ယွဲ့ဇူတို့ထက်တောင် သာလွန်တယ်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဧကရာဇ်ရဲ့နာမည်ဟာ ထာဝရကျော်ကြားနေမှာပဲ။”
နံနက်ခင်းအလင်းနယ်ပယ် ပန်းချီဆရာတစ်ဦးက ပန်းချီဆရာများကို စုစည်းပြီး တာအိုနောက်ဆုံးအဆင့် တိုက်ပွဲ၏အရှိန်အဝါများကို ခုခံကာကွယ်ရင်း တောင်ကုန်းတစ်ခုပေါ်မှတစ်ဆင့် အဝေးကို ငေးကြည့်ကာ ဤတိုက်ပွဲမြင်ကွင်းကို ပုံဖော်နေကြသည်။ ထိုသို့ပြုလုပ်နေစဉ်အတွင်း လူအများစုမှာ ခံနိုင်ရည် မရှိတော့ဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိကာ နောက်ဆုတ်သွားကြရသည်။
နောက်ဆုံးတွင် ပန်းချီဆရာက ပန်းချီဆွဲပြီးစီးသွားသည်။ စုတ်တံကိုချလိုက်ပြီးနောက် ပန်းချီကားလွှာကို ဖြန့်ကာ ဆေးရောင်ခြယ်ထားသည်များကို မှုတ်ထုတ်လိုက်သည်။ သူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး နောက်တွင်ရှိနေသော လုပ်ဖော်ကိုင်ဖက်များကို လက်ယှက်၍ ကျေးဇူးတင်စကား ဆိုလိုက်၏။ “ဒီပန်းချီကားက ကျွန်တော်တို့အားလုံးရဲ့ ကြိုးစားအားထုတ်မှုပါ။ အားလုံးအတူတူ လက်မှတ်ထိုးပြီး သက်သေပြုကြရအောင်။”
အချို့က ခေါင်းညိတ်ကြသော်လည်း အချို့ကမူ ငြင်းဆန်ကြသည်။ သူတို့က ပန်းချီကားတွင် နာမည်ကျော်ကြားရန် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ဧကရာဇ်၏ မြင့်မြတ်သောစိတ်ဓာတ်ကို လေးစားသောအားဖြင့် အစွမ်းရှိသလောက် ပံ့ပိုးပေးခြင်းသာ ဖြစ်လေသည်။ ဤကြီးမားသော အမှောင်ထုသန့်စင်မှုတိုက်ပွဲမှာ ကောင်းကင်ထောက်တိုင်နယ်ပယ်နှင့် အထက်ရှိသူများကိုသာ ရည်ရွယ်သည်။ သူတို့က တိုက်ပွဲတွင် မပါဝင်နိုင်သော်လည်း အခြားနည်းလမ်းဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးခြင်း ဖြစ်သည်။
လူအများစုက ပန်းချီကားကို ကြည့်ရှုရင်း ဓားကိုကိုင်ဆောင်ကာ ရှေ့မှအဆုံးမရှိသောအမှောင်ထုနှင့် တာအိုနောက်ဆုံးအဆင့် ရန်သူကြီးနှစ်ဦးကို ခုခံနေသည့်ပုံရိပ်ကို ငေးကြည့်နေကြသည်။
“ဧကရာဇ်မင်းမြတ်... အသက်ရှင်လျက် ပြန်လာပေးပါ။”
...
ကြယ်တာရာများအောက်တွင်။
အောင်း၏ခန္ဓာကိုယ်မှာ ပိန်လှီသွားပြီး မျက်ကွင်းများချိုင့်ဝင်ကာ သွေးများမှာလည်း ခန်းခြောက်လုနီးပါး ဖြစ်နေပြီး လမ်းလျှောက်နေသည့်အရိုးစုတစ်ခုအလား ဖြစ်နေသည်။ စကြဝဋ္ဌာအပြင်ဘက်မှ မျက်လုံးမှာလည်း သွေးရောင်လွှမ်းနေပြီး မျက်လုံးမျက်နှာပြင်တွင် ပင့်ကူအိမ်လိုအက်ကြောင်းများ ပေါ်လာကာ အလင်းရောင်များ မှိန်ဖျော့နေသည်။
“အဟွတ်...” မုန့်ချင်ကျိုး သွေးအန်လိုက်သည်။ ဧကရာဇ်အဆင့်ရှိ ပုစဉ်းရင်ကွဲတေးသံဓားသည် လွှသွားကဲ့သို့ ဖြစ်နေပြီး ဓားကိုယ်ထည်မှာလည်း နှစ်ပိုင်းပြတ်သွား၏။ သူ၏ဒဏ်ရာမှာ အလွန်ပြင်းထန်လှပြီး ရင်ဘတ်မှာလည်း ချိုင့်ဝင်သွားကာ လက်သီးချက်ပေါင်းများစွာကြောင့် ခန္ဓာကိုယ် ပြိုကွဲလုနီးပါး ဖြစ်နေသည်။ သူ၏စိတ် ကစဉ့်ကလျား ဖြစ်နေ၏။
“အားကုန်နေပြီ...”
မုန့်ချင်ကျိုးက မောဟိုက်နေသော်လည်း သူ့မျက်လုံးထဲတွင် ပြတ်သားမှုရှိနေဆဲဖြစ်ပြီး ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိချေ။ လွန်ခဲ့သော (၂)ရက်ကတည်းက သူသည် အလွန်အမင်း အားကုန်ခန်းနေခဲ့ရပြီး အစွမ်းကုန် သုံးစွဲနေခဲ့ရသည်။ ဤ(၂)ရက်အတွင်း သူသည် သက်တမ်းနှင့်အနှစ်သာရများကို အဆက်မပြတ် လောင်ကျွမ်းကာ အသုံးပြုနေခဲ့ရသည်။
သို့သော်လည်း စကြဝဋ္ဌာအပြင်ဘက်မှ မျက်လုံးနှင့် အောင်းတို့လည်း ပိုကောင်းသည်ဟု ဆို၍မရပေ။ သူတို့လည်း အသက်စွန့်တိုက်ခိုက်နေရပြီး ယခုအချိန်တွင် စိတ်ဓာတ်ခွန်အားဖြင့်သာ ခုခံနေရခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့တစ်ရက်တုန်းက လျူလီ အတိဒုက္ခကို ကျော်ဖြတ်ပြီးတော့ တာအိုကို အောင်အောင်မြင်မြင်နဲ့ သက်သေပြပြီးပြီ။ ငါ့သတင်းကို ရပြီးတော့ 「ထျန်းတယ်」ကို ရှာဖွေဖို့အတွက် ထွက်သွားခဲ့တယ်။ မကြာခင်မှာ ရလဒ်တစ်ခုတော့ ထွက်လာလိမ့်မယ်လို့ ယုံကြည်တယ်။”
ဤသို့သော အရေးကြီးသည့်အချိန်တွင် သူသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အရှေ့ဖျားမှ လျူလီကိုသာ ယုံကြည်ရတော့မည် ဖြစ်သည်။
သုံးဦးလုံးက တစ်ဦးကိုတစ်ဦး သတိကြီးစွာထားကာ တိတ်တဆိတ် အားဖြည့်နေကြသည်။ ဤနေရာရှိ လူများမှာ ခေတ်ကာလတစ်ခုကို အုပ်စိုးခဲ့ကြသော အရှင်သခင်များ ဖြစ်ကြသည့်အတွက် ဒေါသအလျောက် တိုက်ခိုက်နေကြသော်လည်း အသိစိတ် လွတ်မသွားကြပေ။ ယခုထိ မည်သူမှ 「တစ်ခုတည်းသောတည်ရှိမှု」ကို မထိတွေ့နိုင်သေးသည့်အတွက် ရလဒ်တစ်ခုထွက်လာရန် ခက်ခဲနေသည်။
ထို့အပြင် အရိပ်ထဲတွင် ကောာင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်က မလှုပ်ရှားသေးဘဲ ရှိနေသေးသည်။ သူက လုယက်ပွဲမှ ထွက်သွားခြင်းဟုတ်မဟုတ် မည်သူမှ မသိနိုင်ပေ။ အကယ်၍ သူသည် တောင်ပေါ်မှ ကျားနှစ်ကောင် တိုက်ခိုက်သည်ကိုကြည့်ပြီး နောက်ဆုံးအချိန်တွင် အခွင့်ကောင်းယူရန် ကြံစည်နေခြင်းဆိုလျှင် အကုန်လုံး အလကားဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သုံးဦးလုံးက နောက်ဆုံးအံစာတုံးကို လက်ထဲတွင် ကိုင်ထားပြီး ဘယ်သူမှ အလွယ်တကူ မထုတ်သုံးရဲကြပေ။
“မင်းတို့ကို တစ်ခုတော့ သတိပေးချင်တယ်။”
“လူသားဧကရာဇ်ပြင်ဆင်ထားတဲ့ 「တစ်ခုတည်းသောတည်ရှိမှု」ကို ချုပ်နှောင်ထားတဲ့ အဆင့်မြင့် အခင်းအကျင်းက (၃)ရက်ပဲ ခံမယ်။ ဒီနေ့က တတိယမြောက်နေ့ပဲ။ တကယ်လို့ ရလဒ်တစ်ခု မထွက်လာဘူးဆိုရင် နောက်ထပ်ဒီလိုအခွင့်အရေးမျိုး ရှိတော့မှာမဟုတ်ဘူး။” စကြဝဋ္ဌာအပြင်ဘက်မှမျက်လုံးက ပြောလိုက်သည်။
အောင်း၏ မျက်နှာကြွက်သားများမှာ ပိန်လှီသွားသဖြင့် ခံစားချက်ကို ဖတ်၍မရပေ။ မုန့်ချင်ကျိုးမှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး တုံ့ပြန်ခြင်းမရှိပေ။
ဤမြင်ကွင်းကို မြင်သောအခါ စကြဝဋ္ဌာအပြင်ဘက်မှ မျက်လုံးသည် စိတ်မရှည်ဖြစ်လာကာ အောင်းကို ကြည့်ပြီး ပြောလိုက်သည်။
“မင်းနဲ့ငါ အရင်ပူးပေါင်းပြီးတော့ ဒီလူကို အရင်ရှင်းထုတ်လိုက်ရအောင်။ ပြီးမှ 「တစ်ခုတည်းသောတည်ရှိမှု」 အတွက် ပြိုင်ကြမယ်။ စိတ်ရင်းနဲ့ပူးပေါင်းရအောင်။ ဘယ်သူမှ ကြားဖြတ်မလုဘူး။ ဘယ်လိုလဲ။”
“ဒီခေတ်ကာလက မင်းနဲ့ငါတို့အတွက် မဟုတ်ဘူးဆိုတာ သိသင့်တယ်။ ဘယ်သူနဲ့ပဲ ပူးပေါင်းပူးပေါင်း နောက်ဆုံးတော့ အပြန်အလှန် အတိုက်အခံ ဖြစ်လာမှာပဲ။”
“မင်းနဲ့ငါကပဲ ဒီခေတ်ကစွန့်ပစ်ထားတဲ့သူတွေပဲ။ ငါတို့က စခန်းတစ်ခုတည်းမှာ ရှိနေတာ။”
အောင်း၏ မီးခိုးရောင်မျက်လုံးများ လှုပ်ရှားသွားပြီးနောက် မုန့်ချင်ကျိုးကို စိုက်ကြည့်လိုက်ကာ အသံအက်အက်ဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ။”
“အရင်ဆုံး သူ့ကို ရှင်းထုတ်ကြမယ်။”
နှစ်ရက်တိုင်တိုင် တိုက်ခိုက်ပြီးနောက်တွင် စကြဝဋ္ဌာအပြင်ဘက်မှ မျက်လုံးနှင့် အောင်းတို့သည် ယခင်ခေတ်မှ အရှင်သခင်တစ်ပါးဖြစ်သော ဤသူမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း နားလည်သွားကြသည်။ ယခုအချိန်တွင် သူ တာအိုအဆုံးသတ်အဆင့်သို့ မရောက်သေးသော်လည်း သူတို့နှင့် အပြိုင်အဆိုင် တိုက်ခိုက်နိုင်နေသည်။ တကယ်လို့ သူသာ ပိုမိုတိုးတက်သွားခဲ့လျှင် သူတို့နှစ်ယောက် ပူးပေါင်းလျှင်ပင် သူ့ကို မယှဉ်နိုင်တော့မည်ကို သိကြသည်။ ဤသူကို မဖြစ်မနေ ရှင်းထုတ်ရပေမည်။
ထိုစကားပြောပြီးသည်နှင့် အောင်းက အရင်စတင်တိုက်ခိုက်လိုက်သည်။ အရိုးများသာ ကျန်တော့သော လက်သီးဖြင့် ဟင်းလင်းပြင်ကိုဖောက်ခွဲကာ မုန့်ချင်ကျိုးဆီသို့ ပြင်းထန်သောအငြိုးအတေးဖြင့် ထိုးလိုက်သည်။
[အချိန်-နေရာလွတ် သမုဒ္ဒရာစီးကြောင်း]
တစ်ခဏအတွင်း။
မုန့်ချင်ကျိုးသည် အကွာအဝေးကိုရွှေ့လိုက်ပြီး ကျန်ခဲ့သောအရိပ်ကို အောင်းက ဖျက်ဆီးလိုက်သည်။ ထိုနေရာတွင် ဓားအရှိန်အဝထောင်နှင့်ချီ၍ နေရာလွတ်အက်ကြောင်းများထဲမှ ထွက်ပေါ်လာကာ အောင်းကို အံ့အားသင့်စေရန် ပြင်ဆင်လိုက်သည်။
စကြဝဋ္ဌာအပြင်ဘက်မှ မျက်လုံးက မုန့်ချင်ကျိုးကို ကြည့်လိုက်သည်။
[မျက်လုံးပညာရပ် -ကြေးမုံမီးတောက်]
နောက်တစ်ခဏတွင် မုန့်ချင်ကျိုး၏ပတ်လည်တွင် အသွင်အပြင်၊ အရည်အချင်း တူညီသော 「မုန့်ချင်ကျိုး」 ရာပေါင်းများစွာ ပေါ်လာလေသည်။ ပုံတူကိုယ်ပွားများက မုန့်ချင်ကျိုးကို ဝိုင်းရံထား၏။ သူတို့တွင် ပြည့်စုံသော အချိန်-နေရာလွတ်အသိပညာ မရှိသော်လည်း တစ်ဝက်မှာ 「နေရာလွတ်」ကို ပိုင်ဆိုင်ပြီး ကျန်တစ်ဝက်မှာ 「အချိန်」ကို ပိုင်ဆိုင်ထားသည်။
“အရင်က မင်း ဒီနည်းလမ်းကိုသုံးတာ မတွေ့ဖူးဘူး။ ငါ့ကို ဝိုင်းတိုက်ဖို့ ကြိုတင်ကြံစည်ထားတာပဲ ဖြစ်ရမယ်။” မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီးမှ ရယ်မောလိုက်သည်။
စကြဝဋ္ဌာအပြင်ဘက်မှ မျက်လုံးက စကားမပြောဘဲ တိတ်ဆိတ်နေ၏။
[မျက်လုံးပညာရပ် - ငြိမ်သက်ခြင်း]
မုန့်ချင်ကျိုး တစ်စက္ကန့်ခန့် တောင့်ခဲသွားသည်။ ထိုတစ်စက္ကန့်မှာ အလွန်ရှည်လျားပြီး တစ်နှစ်ခန့် ကြာသွားသကဲ့သို့ ခံစားလိုက်ရသည်။ ပုံတူကိုယ်ပွားရာပေါင်းများစွာက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ပြီး 「နေရာလွတ်」ဖြင့် ချုပ်နှောင်ကာ 「အချိန်」ဖြင့် ပိတ်လှောင်လိုက်သည်။
တစ်ချိန်တည်းမှာပင် အောင်းက ဓားအရှိန်အဝါများကို ဖောက်ထွက်လိုက်ပြီး မီးခိုးရောင်မျက်လုံးများမှာ သွေးရောင်အဖြစ် ပြောင်းလဲသွားကာ အသံအက်အက်ဖြင့် အော်ဟစ်လိုက်သည်။
“အစစ်အမှန်ကိုယ်ထည် ပေါ်ထွက်လာစမ်း”
ဝေါင်း။
ဧရာမနဂါးကြီး ပေါ်လာပြီး နဂါးလက်သည်းထဲတွင် ကမ္ဘာတစ်ခုကို ဆုပ်ကိုင်ထားကာ မုန့်ချင်ကျိုး၏ ခေါင်းပေါ်သို့ ပစ်ချလိုက်ပြီး ကမ္ဘာထဲသို့ သွတ်သွင်းလိုက်သည်။ ထို့နောက်တွင် နဂါးလက်သည်းကို ဆုပ်လိုက်ပြီး ထိုကမ္ဘာကြီးကို တစ်စစီ ကြိတ်ချေလိုက်တော့သည်။
[အစစ်အမှန်နဂါးအတတ် - ကမ္ဘာမြေပျက်သုဉ်းခြင်း]
ကမ္ဘာတစ်ခုလုံး၏ စွမ်းအင်အားလုံက ဗဟိုမှတ်ဆီသို့ ပြိုကျကျုံ့ဝင်သွားပြီး မုန့်ချင်ကျိုးမှာမူ ကမ္ဘာ၏အလယ်ဗဟိုတွင် ရှိနေကာ စွမ်းအင်အားလုံး၏ ဖိသိပ်ညှစ်ချေမှုကို ခံလိုက်ရ၏။
နောက်ဆုံးတွင် ကမ္ဘာမြေပျက်သုဉ်းခြင်း၏ ထူးဆန်းသောဗဟိုချက်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပေါက်ကွဲသွားတော့သည်။
ဝုန်း။
ထွီး...
မုန့်ချင်ကျိုးက စုတ်ပြဲနေသောစာခြောက်ရုပ်ကဲ့သို့ အဝေးသို့ လွင့်စင်သွားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးအိုင်များ ပြည့်နှက်နေပြီးနောက် ပြင်းထန်သောဒဏ်ရာကြောင့် သေလုမျောပါးဖြစ်နေကာ အသက်ရှူသံမှာလည်း ပင့်ကူမျှင်လေးကဲ့သို့ တိုးညှင်းလွန်နေ၏။
[အစစ်အမှန်နဂါးအတတ် - ရေနက်ထဲမှထွက်ပေါ်လာသောနဂါး]
လက်သီး၏အရှိန်အဝါက ကမ္ဘာလောကကို တုန်လှုပ်စေသည်။
မုန့်ချင်ကျိုး လွင့်စင်သွားစဉ်အတွင်း အောင်းသည် အလျင်အမြန် ချဉ်းကပ်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လက်သီးချက်ပေါင်းထောင်နှင့်ချီ၍ ထိုးချလိုက်သည်။
လက်သီးချက်တစ်ချက် ကျရောက်တိုင်း သွေးမြူများ ပွင့်အာထွက်လာ၏။
"အမြန်လုပ်။ မြန်မြန်လုပ်။ သူ နောက်ဆုံးတိုက်ကွက် မထုတ်နိုင်ခင် အခုချက်ချင်း သတ်လိုက်တော့။" စကြဝဋ္ဌာအပြင်ဘက်မှ မျက်လုံးက သတိပေးလိုက်သည်။
သူတို့က ရဲဘော်ရဲဘက်များ မဟုတ်ကြသော်လည်း ပူးပေါင်းလုပ်ဆောင်ရာတွင် အလွန်တရာ လိုက်ဖက်ညီလွန်းလှပြီး တုံ့ပြန်ရန် အချိန်အနည်းငယ်မျှပင် မရလိုက်ပေ။
တစ်စက္ကန့်ပင် မပြည့်သေးခင် သူတို့နှစ်ဦးက အဆင့်မြင့်ဆုံး မဟာနတ်ဘုရားစွမ်းရည် လေးမျိုးကို ဆက်တိုက်ဆိုသလို ထုတ်သုံးလိုက်ကြသည်။
ထိုအချိန်မှာပင်။
အရိပ်တစ်ခုက ကူညီရန် အလွန်လျင်မြန်စွာ ရောက်ရှိလာပြီး ကောင်းကင်ယံတွင် သက်တန့်တစ်ခု ဖြတ်သန်းသွားသကဲ့သို့ လျင်မြန်လှသည်။
အလွန်ပင် လှပကျော့ရှင်းသော ပုံရိပ်လေးဖြစ်ပြီး အနီရောင်ဝတ်စုံတွင် သွေးများစွန်းထင်းနေကာ အနီရောင်ဆံပင်ရှည်များလည်း ဖရိုဖရဲကျဆင်းနေ၏။ လက်ထဲ၌ ဖောက်ထွင်းမြင်ရသော နတ်ဘုရားအနှစ်သာရ တစ်ခုကို ကိုင်ဆောင်ထားလျက် အကျယ်ကြီး အော်ပြောလိုက်သည်။
"ငါးပိကောင်။"
"「ထျန်းတယ်」ရဲ့ နတ်ဘုရားအနှစ်သာရ။"
တုန်းဖန်လျူလီသည် မုန့်ချင်ကျိုး၏ သေလုမျောပါးဖြစ်နေသောပုံစံကို မြင်လိုက်ရာ မျက်ရည်များကို ဆက်၍မထိန်းနိုင်တော့ဘဲ ကျဆင်းပြီး သူ၏အော်ဟစ်သံတွင် ရှိုက်သံများ ပါဝင်နေသည်။
သူကိုယ်တိုင် ဒဏ်ရာအပြင်းအထန်ရထားသည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။
「ထျန်းတယ်」၏အစွမ်းမှာ တွေးထင်ထားသည်ထက် များစွာသာလွန်နေခဲ့သည်။ ကောင်းကင်နယ်ပယ် အစောပိုင်းမဟုတ်ဘဲ ကောင်းကင်နယ်ပယ်နှောက်ပိုင်း ဖြစ်နေခဲ့သည်။
တောရိုင်းမြေ၏ အမြင့်ဆုံးတိုက်ခိုက်ရေးအင်အားစုတစ်ခုလုံးကို တပြိုင်နက်တည်း သုတ်သင်လုနီးပါး ဖြစ်ခဲ့သည်။ အကယ်၍ အရေးကြီးသောအချိန်တွင် ချုံးမိန်သည် ရှေးဟောင်းနတ်ဘုရားမြို့တော်ကို ယူဆောင်၍ အလျင်စလိုရောက်လာကာ မြို့တော်နှင့်ပေါင်းစပ်ပြီး ချက်ချင်းပင် ကောင်းကင်နယ်ပယ်နှောင်းပိုင်းသို့ တက်လှမ်းသွားခြင်း မရှိခဲ့ပါက သူ့ကိုသတ်ဖြတ်နိုင်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။
ထို့သို့ဖြစ်သည့်တိုင် တိုက်ပွဲအပြီးတွင် ချုံးမိန်သည် ထိုနေရာမှာပင် တန်း၍သတိလစ်သွားခဲ့သည်။ တုန်းဖန်လျူလီမှာ နောက်ဆုံးထွက်သက်ကို အားတင်းထားရင်း 「ထျန်းတယ်」၏ နတ်ဘုရားအနှစ်သာရကို လာပို့ပေးခြင်းဖြစ်သည်။
သို့သော် ရောက်ရှိလာသည့် ထိုအချိန်လေးတွင်။
သူသည် အလွန်အမင်း ပြင်းထန်စွာ ဒဏ်ရာရထားပြီး အခြေခံအုတ်မြစ်ကိုပါထိခိုက်ကာ အချိန်မရွေး လုံးဝပျောက်ကွယ်သွားနိုင်သည့် မုန့်ချင်ကျိုးကို မြင်လိုက်ရသောအခါ မျက်ဝန်းများ နီရဲသွားသည်။ သူ၏ သွယ်လျသော ခန္ဓာကိုယ်လေးမှာ တသိမ့်သိမ့်တုန်ယင်နေပြီး ဧကရီတစ်ပါး၏အရှိန်အဝါ လုံးဝမရှိတော့ဘဲ သာမန်မိန်းကလေးတစ်ဦးကဲ့သို့ ထိခိုက်လွယ်သူ ဖြစ်သွားခဲ့သည်။
....
....
"ဒုက္ခပဲ။"
"သူ့ကို မြန်မြန်တား။"
စကြတဋ္ဌာအပြင်ဘက်မှ မျက်လုံးက အခြေအနေမကောင်းမှန်း ချက်ချင်းသိလိုက်ပြီး သူငယ်အိမ်များ ကျုံ့ဝင်သွားကာ အသံကုန် အော်ဟစ်လိုက်သည်။
"တောက်။" အောင်းက ချက်ချင်းပင် ဒေါသထွက်သွားသည်။ နောက်ထပ် လက်သီးတစ်ချက်တည်းဖြင့် မဟာကျင်းဧကရာဇ်ကို အပြီးတိုင်ဇာတ်သိမ်းပေးနိုင်တော့မည့်အချိန်တွင် ဟိုမရောက်ဒီမရောက် အခြေအနေသို့ ရောက်သွားခဲ့သည်။
သို့သော် မကြာခင်မှာပင် အောင်းသည် ဆုံးဖြတ်ချက်ချလိုက်ပြီး ခေါင်းလှည့်ကာ တုန်းဖန်လျူလီကို စိုက်ကြည့်လိုက်သည်။
ဒီမိန်းမကို အရင်သတ်မယ်။ မဟာကျင်းဧကရာဇ်က 「ထျန်းတယ်」ရဲ့ နတ်ဘုရာအနှစ်သာရနဲ့ မထိတွေ့နိုင်သရွေ့ ဇာတ်သိမ်းကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး။
တာအိုအဆုံးသတ်အဆင့် တန်ခိုးရှင်ကြီး နှစ်ဦးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သဘောတူညီချက် ရရှိသွားကြသည်။
[အစစ်အမှန်နဂါးအတတ် - ပျက်သုဉ်းခြင်းနဂါးလှံ]
...
[မျက်လုံးပညာရပ် - ဘေးဒုက္ခသုံးပါး]
...
တာအိုအဆုံးသတ်အဆင့် အရှင်သခင် နှစ်ပါးသည် တစ်ပြိုင်နက်တည်း အစွမ်းကုန်ထုတ်သုံးလိုက်ကြရာ မုန့်ချင်ကျိုးပင်လျှင် ခုခံရန်ခက်ခဲလှသည်ဖြစ်ရာ ကောင်းကင်နယ်ပယ်သို့ ယခုမှသာ ဝင်ရောက်လာသော တုန်းဖန်လျူလီဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့။
ဤကဲ့သို့သော ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် တုန်းဖန်လျူလီအဖို့ ရှောင်ပုန်းစရာနေရာပင် မရှိတော့ပေ။
သို့သော် သူက ရပ်တန့်ရန် မရွေးချယ်ခဲ့ဘဲ မုန့်ချင်ကျိုးဆီသို့သာ တွေဝေမှုမရှိဘဲ ပြေးဝင်သွားခဲ့သည်။ ရှေ့တွင် သေချာပေါက် သေဆုံးနိုင်သည့် အန္တရာယ်ရှိနေသော်လည်း... ရှေ့တွင် သူ အလွန်မြတ််နိုးရသောသူ ရှိနေလေသည်။
အကယ်၍ မိမိ၏အသက်နှင့် မုန့်ချင်ကျိုး၏အသက်ကို လဲလှယ်နိုင်မည်ဆိုလျှင် တန်ပေသည်။
"ချင်ကျိုး၊ ကျွန်မကို ဂရုမစိုက်နဲ့။ နတ်ဘုရားအနှစ်သာရကို ဖမ်းလိုက်။" တုန်းဖန်လျူလီက အော်ဟစ်လိုက်သည်။
သို့ရာတွင်။
သေလုမျောပါးအခြေအနေတွင် ရှိနေသော မုန့်ချင်ကျိုးက ရုတ်တရက် နှုတ်ခမ်းထောင့်ကွေးတက်ကာ အသက်ကင်းမဲ့နေသောမျက်လုံးများကို အနည်းငယ် ဖွင့်လိုက်ပြီး အောင်း၏ကျောပြင်နှင့် စကြဝဋ္ဌာအပြင်မှ မျက်လုံးကို စိုက်ကြည့်လိုက်သည်။
ငါ့ကို ဂရုမစိုက်ကြတော့ဘူးလား...
မင်းတို့တွေ ငါ့မှာ နောက်ဆုံးတိုက်ကွက် ကျန်နေသေးတယ်ဆိုတာ မေ့နေကြပြီလား။
...
ဂျက်။
...
နာရီလက်တံ လှုပ်ရှားသွားသော အသံလေးက နားထဲသို့ ထင်ထင်ရှားရှားပင် ဝင်ရောက်လာသည်။ အသံမကျယ်သော်လည်း 「အောင်း」၏ ရင်ထဲတွင် အေးစက်သွားစေပြီး စကြဝဋ္ဌာအပြင်မှ မျက်လုံးကလည်း ထိတ်လန့်တကြားဖြင့် အကြည့်ကိုလွှဲပြောင်းရန် ကြိုးစားလိုက်သည်။
သို့သော် နောက်ကျသွားလေပြီ။
ကြီးမားခမ်းနားလှသော နောက်ဆုံးနာရီကြီး ပုံဖော်စုစည်းလာကာ 「အောင်း」၏ အနောက်တွင် ပေါ်လာ၏။
တစ်ကိုယ်လုံး ဒဏ်ရာအပြည့်ဖြစ်နေသော မုန့်ချင်ကျိုးက မျက်လုံးတစ်ဝက်ပိတ်လျက်ဖြင့် လေထဲတွင် ခပ်စောင်းစောင်းလေး လွင့်မျောနေလေသည်။ သူက လက်ချောင်းနှစ်ချောင်းကိုစုကာ မျက်ခုံးနှစ်ခုကြားတွင် ထောင်ထားပြီး ပါးစပ်ကို ခက်ခက်ခဲခဲဟလျက် စကားလုံးအချို့ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
"သန်းခေါင်ယံ..."
"နောက်ဆုံးအချိန်။"
အောင်းသည် စစ်မှန်သော နဂါးကိုယ်ထည်ကို ဖော်ထုတ်လိုက်ပြီးနောက်တွင် ထိတ်လန့်တကြားဖြင့် အလျင်အမြန် လှည့်ကြည့်လိုက်သည်။
ကောင်းကင်နှင့်မြေကြီးကိုဖျက်ဆီနိုင်သည့် အရှိန်အဝါရှိသော အလွန်ကြောက်မက်ဖွယ်ကောင်းသည့် တာအိုလှိုင်းလုံးတစ်ခုသည် တိတ်တဆိတ် ပျံ့နှံ့လာသည်ကို သူ ခံစားလိုက်ရသည်။
"ဒုက္ခပဲ။" စကြဝဋ္ဌာ အပြင်ဘက်မှ မျက်လုံးသည် နောက်ဆုံးတွင် အကြည့်ကိုလှည့်လာနိုင်ခဲ့ပြီး မုန့်ချင်ကျိုးကိုပစ်မှတ်ထားကာ သူ၏နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးရန် ပြင်လိုက်သည်။
သို့ရာတွင်။
ထိုအချိန်မှာပင်။
ကောင်းကင်နှင့်မြေကြီးက မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူရောင်အလင်းတန်းကြီး လွှမ်းမိုးသွားပြီး အမြင်အာရုံထဲတွင် လုံးဝဖြူဖွေးနေခြင်းမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိတော့။
လှုပ်ရှားမှုကြီး မရှိသလို ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော လှိုင်းလုံးများလည်း မရှိိတော့ပေ။
အရာအားလုံးက အလွန်နူးညံ့သိမ်မွေ့နေပြီး ရေကန်ထဲသို့ ခဲလုံးငယ်လေးတစ်လုံး ပစ်ချလိုက်သည့်အခါ ထွက်ပေါ်လာသော လှိုင်းဂယက်လေးများကဲ့သို့ပင်။
အောင်းက မျက်လုံးပြူးကာ အဖြူရောင်လွှမ်းနေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ စကြဝဋ္ဌာ အပြင်ဘက်မှမျက်လုံး၏ [မျက်လုံးပညာရပ် - ကောင်းကင်ပြိုကျခြင်း] အာနိသင်သည် စောစောကတည်းက ကုန်ခန်းသွားခဲ့ ပြီဖြစ်သည်။ သူက အလွန်အမင်းဖြူဖွေးနေခြင်းနှင့်အတူ ထူးဆန်းအံ့ဩဖွယ်ကောင်းသော တာအိုအနှစ်သာရကိုသာ မြင်တွေ့နိုင်သည်။
"အန္တိမအဆင့် အချိန်-နေရာလွတ်တာအိုရဲ့ နောက်ဆုံးရလဒ်လား။"
"အချိန်-နေရာလွတ် အားလုံးကို သေးငယ်တဲ့အမှတ်လေးတစ်ခုထဲမှာ ဖိသိပ်လိုက်ပြီးတော့ 「အန္တိမ」 ကို ကျော်လွန်တဲ့ ဖျက်ဆီးမှုမျိုး ပေါက်ကွဲထွက်လာတာပေါ့။"
「အန္တိမ」 ကို ကျော်လွန်တယ်...
ဒါက ကန့်သတ်ချက်ကို ချိုးဖောက်လိုက်တာမဟုတ်ဘူးလား။
အောင်းက ရုတ်တရက် ရယ်မောလိုက်သည်။ ပင်ပန်းနွမ်းနယ်နေသော ရယ်မောခြင်းပင်။
သူ့တွင် နောက်ဆုံးတိုက်ကွက်များ ကျန်ရှိနေသေးသော်လည်း ဤအဆင့်ရှိ မဟာနတ်ဘုရားစွမ်းရည်ကို ရင်ဆိုင်ရချိန်တွင် နောက်ဆုံးတိုက်ကွက်များမှာ လုံးဝခုခံနိုင်စွမ်း မရှိတော့ပေ။
「သန်းခေါင်ယံအချိန်」သည် 「တစ်ခု」 အဆင့်သို့ ရေးရေးလေး ရောက်ရှိသွားခဲ့သည်။
အသေအချာပင် ရေးရေးလေး ရောက်ရှိသွားခြင်း ဖြစ်သည်။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်မှ 「တစ်ခု」 အဆင့်ကို မျက်မြင်ကိုယ်တွေ့ မကြုံဖူးသောကြောင့်ပင်။
...