အဆိပ်တာအို - အလောင်းဖျောက်ဆေးမှုန့်
Vol. 4 Ch. 46
ထိုစကားကို ကြားသောအခါ ရွှီချင်း၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
အသက်ရှူသံများ ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး သူ့ဦးနှောက်ထဲ မိုးခြိမ်းသံမြည်ဟည်းသွားသည့်အလား ခံစားလိုက်ရသည်။ ရွက်ဖျင်တဲထဲဝင်ကာ သင်ခန်းစာ နားထောင်ခွင့်ရရေးသည် သူ၏ အိပ်မက်ဖြစ်သည်။ ထိုအချိန်၌ သူသည် စိတ်လှုပ်ရှားနေလျက် အသက်ပြင်းပြင်းရှူကာ ရွက်ဖျင်တဲကို ခါးကိုကုန်း၍ အရိုအသေပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် သမားတော်ကြီးပိုင် ”
ရွှီချင်းက အလွန် လေးနက်စွာ ပြောလိုက်သည်။
ခဏအကြာ သူသည် ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး ထွက်ခွာသွားသည်။
ယနေ့ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ သမားတော်ကြီးပိုင်ကို မမြင်ရပါသော်လည်း ရွက်ဖျင်တဲထဲရှိ လူငယ်လေးနှင့် မိန်းကလေးအား ဆူပူငေါက်ငမ်းနေသံများကို ကြားလိုက်ရသည်။
ထိုအသံများကြောင့် ရွှီချင်းသည် စိတ်ရှုပ်မသွားဘဲ သူ့ရင်ထဲတွင် ဝမ်းသာပျော်ရွှင်စိတ်များသာ နေရာယူလွှမ်းမိုးထားသည်။
အိမ်ပြန်ရောက်သောအခါ ခေါင်းဆောင်လဲ့ကို ထိုကိစ္စအကြောင်း ချက်ချင်း အသိပေးလိုက်သည်။ ခေါင်းဆောင်လဲ့သည်လည်း လွန်စွာ အံ့အားသင့်သွားရသည်။ အထူးသဖြင့် ရွှီချင်း၏ ပျော်ရွှင်နေသော အမူအရာကို မြင်သောအခါတွင် ဖြစ်ပေသည်။ သူက ရွှင်လန်းစွာ ပြုံးနေပြီး ရင်ထဲ၌ မချိတင်ကဲ ခံစားနေရသည်။
ဤရက်ပိုင်းအတွင်း အနှီကလေးက မည်သည့်အတွက် တားမြစ်နယ်မြေထဲ မကြာခဏ သွားနေရသည်ကို သူ မမေးခဲ့ပါသော်လည်း သူ့အသက်ကို ဆွဲဆန့်ပေးနိုင်သည့် ကောင်းကင်ကြမ္မာပန်းပွင့်အား သွားရှာခြင်း ဖြစ်ကြောင်း သူ သိသည်။
ဤသွေးအေးသောလောကကြီးထဲ၌ သူ့အသက်ကို ကယ်တင်ခဲ့သော သစ္စာရှိသည့်ကလေးကို သူ မချစ်ခင်ဘဲ ရှိမည်နည်း။ သို့ပေမည့် ရွှီချင်း ပြန်လာသည့်အခါတိုင်း မောပန်းနွမ်းနယ်နေသော ရွှီချင်းကိုကြည့်၍ သူ့ရင်ထဲ မချိတင်ကဲ ဖြစ်ရပေသည်။
ရွှီချင်း ပျော်နေလျှင် ခေါင်းဆောင်လဲ့သည်လည်း လွန်စွာ ပျော်ရွှင်ဝမ်းမြောက်ရပေသည်။ ထိုနေ့က ခေါင်းဆောင်လဲ့သည် ရွှီချင်းကို ဈေးကြီးသော ညစာဖြင့် ချက်ပြုတ်ကျွေးမွေးခဲ့သည်။ ညစာစားနေစဉ် ရွှီချင်းအား ဆရာသမားများကို လေးစားရိုသေရမည်ဖြစ်ကြောင်း အထူးသဖြင့် သမားတော်ကြီးပိုင်ကို လေးစားရမည်ဖြစ်ကြောင်း စသဖြင့် ဆုံးမစကားပြောလေသည်။ ထိုအရာအားလုံးကို ရွှီချင်းက လေးနက်စွာ မှတ်သားထား၏။
ရွှီချင်းသည် ညစာစားပြီး အခန်းသို့ ပြန်ရောက်သည့်တိုင်အောင် ပျော်ရွှင်နေဆဲပင်။
မနက်ဖန် ရွက်ဖျင်တဲထဲ၌ စာသင်ရမည့်အရေးကြောင့် စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့် သူ အိပ်မပျော်နိုင်အောင် ဖြစ်နေရသည်။
သူသည် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် စိုးရိမ်ပူပန်လာပြီး ရုတ်တရက် ဆင်းရဲသားရပ်ကွက်၌ ပထမဆုံးအကြိမ်အဖြစ် သူနှင့် တခြားကလေးများ ဆရာကို တွေ့သည့်အချိန်အား မှတ်မိလိုက်သည်။
သို့ဖြစ်၍ သူသည် သားရေအိတ်ကို ဖွင့်၍ အနည်းငယ် သစ်လွင်တောက်ပနေသော အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး အထဲကို ဝိညာဉ်ကြေးပြားတစ်ဝက်ထည့်လိုက်သည်။ အဖြူရောင်ဆေးလုံးများစွာကိုလည်း ထည့်လိုက်သည်။
ရွှီချင်း နားလည်ထားသည်မှာ ပညာက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည်ဟူ၍ပင်။ သူ စုဆောင်းထားသော ငွေကြေးများအားလုံး ပေးပစ်ရန် သူ့အတွက် မခက်ခဲပေ။
သို့သော်လည်း ခေါင်းဆောင်လဲ့အတွက် သူစဉ်းစားရပေဦးမည်။ သို့ဖြစ်၍ သူက တစ်ဝက်ချန်ထားလိုက်ခြင်း ဖြစ်သည်။
ပြီးသည်နှင့် သူက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးချလိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ ထို့နောက် သူက မိုးသောက်ယံရောက်သည့်တိုင်အောင် ကျင့်ကြံလိုက်သည်။
ထိုညသည် ရွှီချင်းအတွက် ရှည်လျားသော ညတစ်ည ဖြစ်ခဲ့သည်။
ကောင်းကင်ယံမှ နေမင်းကြီး ထွန်းလင်းတောက်ပလာသောအခါ ရွှီချင်းသည် အဝတ်အစားသစ်များ လဲလှယ်လိုက်ပြီး လက်နှစ်ဖက်ကို ဆေးကြောကာ အခန်းထဲမှ ထွက်လာသည်။
သူ ထွက်သွားမည်ပြုစဉ် မနက်ခင်းအစောကြီး ထလေ့မရှိသော ခေါင်းဆောင်လဲ့က သူ့ကို ဟန့်တားလိုက်သည်။
ခေါင်းဆောင်လဲ့က ရွှီချင်းကို အသေးစိတ်ညွှန်ကြားချက်များ ပေးလိုက်ပြီး ရွှီချင်းသည်လည်း အာရုံစိုက်၍ နားထောင်၍ ခေါင်းညိတ်ပြလိုက်လေသည်။ နောက်ဆုံး၌ ခေါင်းဆောင်လဲ့က ရွှီချင်း၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်စေရန် ဆွဲဆန့်လိုက်ပြီး သားရေလွယ်အိတ်တစ်အိတ် ပေးလိုက်သည်။
“ စာသွားသင်တာ လက်ဗလာနဲ့ သွားလို့မရဘူးလေ ”
“ ကျနော် မယူတော့ဘူး ”
ရွှီချင်းက ချိုသာစွာ ပြောလိုက်သည်။
ခေါင်းဆောင်လဲ့သည် စိတ်ပျက်သွားဟန်ရှိသော်လည်း ရွှီချင်း၏မျက်ဝန်းများထဲရှိ ပြတ်သားသောအကြည့်ကို မြင်လိုက်ရသည်။ သို့ဖြစ်၍ သားရေအိတ်ကို သိမ်းထားလိုက်ပြီး သူ့အခန်းထဲသို့ ပြန်ကာ သေရည်တစ်ပုလင်း ထုတ်ယူလာခဲ့သည်။
“ သမားတော်ကြီးပိုင်အကြောင်း ငါ သိတယ်။ သူက အရက်သောက်ရတာ သဘောကျတယ်။ ဒါကို ယူသွားလိုက် ”
ဤတစ်ကြိမ်၌ ရွှီချင်းက ငြင်းဆန်မနေတော့ပေ။ အရက်ပုလင်းကို ယူပြီးနောက် ခြံဝန်းထဲမှ သူ ထွက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ်သွားပြီးနောက် သူက နောက်လှည့်၍ နေရာမှာပင် ရပ်နေဆဲဖြစ်သော ခေါင်းဆောင်လဲ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူက ချာခနဲလှည့်ကာ သမားတော်ကြီးပိုင်၏ ရွက်ဖျင်တဲကို တန်းတန်းမတ်မတ် သွားလေသည်။
ခေါင်းဆောင်လဲ့သည် ရွှီချင်း၏နောက်ကျောကိုကြည့်၍ ပြုံးလိုက်သည်။
“ ဒီကလေးက ခုနစ်ရွက်မြက်ပင်တွေ ခွဲပေးတုန်းကတောင် ဒီလောက် မပျော်ခဲ့ဘူး ”
ရွှီချင်းသည် ပျော်ရွှင်ခြင်းတစ်ဝက်၊ စိုးရိမ်ပူပန်ကြောင့်ကြစိတ်များတစ်ဝက်ဖြင့် ပြီးခဲ့သောလက ရပ်နေလေ့ရှိသော ရွက်ဖျင်တဲအပြင်ဘက်ကို ရောက်လာသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွက်ဖျင်တဲတံခါးကို ခေါက်လိုက်သည်။
“ ဝင်လာခဲ့ ”
သမားတော်ကြီးပိုင်၏ အသံကို ကြားပြီးနောက် ရွှီချင်းသည် ခေါင်းငုံ့ကာ သူ့အဝတ်အစားများကို ကြည့်လိုက်သည်။ ထို့နောက် တွန့်ကြေနေသော နေရာများအား သပ်သပ်ရပ်ရပ်ဖြစ်စေရန် ဆွဲဆန့်လိုက်ပြီး တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။ ရွက်ဖျင်တဲထဲ၌ အစောင့်အရှောက်များနှင့်အတူ ထိုင်နေသော လူငယ်နှင့်မိန်းကလေး၊ သမားတော်ကြီးပိုင်တို့ကို သူ မြင်လိုက်ရသည်။
ရွှီချင်းသည် သူတို့ကို ကြည့်လိုက်ပြီး သူတို့ကလည်း သူ့ကို ကြည့်နေကြသည်။
သမားတော်ကြီးပိုင်၏ တည်ငြိမ်သောအမူအရာနှင့် နှိုင်းယှဉ်လျှင် လူငယ်လေးနှင့် မိန်းကလေးတို့မှာ အမူအရာအမျိုးမျိုး ရှိနေသည်။ ချန်ဖေးယွမ်ဆိုသည့်လူငယ်လေးတွင် လက်မခံနိုင်သော အမူအရာရှိနေပြီး ထင်းယွီဆိုသည့်မိန်းကလေးမှာမူ သိချင်စိတ်များနေလေသည်။
ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီး သမားတော်ကြီးပိုင်ကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ ထို့နောက် သူ ပြင်ဆင်လာခဲ့သော သားရေအိတ်ရှုံ့နှင့် အရက်ပုလင်းကို ထုတ်လိုက်ပြီး ဆင်းရဲသားရပ်ကွက်တွင် ပြုမူခဲ့သည့်အတိုင်း ထိုပစ္စည်းများကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
ရွှီချင်းသည် ခေါင်းငုံ့ထားသည်ဖြစ်၍ သမားတော်ကြီးပိုင်ကို မမြင်ရပေ။ သို့သော်လည်း သမားတော်ကြီးပိုင်၏ တည်ငြိမ်သော အကြည့်ထဲတွင် နူးညံ့ကြင်နာသောအရိပ်အငွေ့များ ဖြတ်ပြေးသွားသည်။
သမားတော်ကြီးပိုင်က သားရေအိတ်ရှုံ့ကို မယူဘဲ အရက်ပုလင်းကိုသာ ယူ၍ ဓလေ့ထုံးတမ်းတစ်ခုအလား ရွှီချင်းရှေ့မှာ တစ်ငုံသောက်လိုက်သည်။
“ အတန်းစမယ် ”
အရက်ပုလင်းကို အောက်သို့ချလိုက်ပြီးနောက် သမားတော်ကြီးပိုင်က ပြောလိုက်သည်။
ပထမအဆင့် မေးမြန်းခြင်းသာ ရှိသေးသည်။ ထင်းယွီနှင့် ချန်ဖေးယွမ်က ရွှီချင်းကို ယှဉ်ပြိုင်နေဟန်တူသည်။ ယမန်နေ့က အိမ်စာကို ကောင်းကောင်းလုပ်လာခဲ့ကြသည်မှာ သိသာလှပြီး သူတို့အဖြေများက လွန်စွာ တိကျမှန်ကန်နေသည်။ သူတို့နှစ်ဦးက ဖြေပြီးနောက် ရွှီချင်းကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
ရွှီချင်းသည် သူတို့ကို မကြည့်ဘဲ သမားတော်ကြီးပိုင်ကိုသာ ကြည့်၍ မေးခွန်းများအားလုံးကို တစ်ခုချင်း ဖြေကြားလေသည်။ ပြီးသည်နှင့် သမားတော်ကြီးပိုင်က ခေါင်းညိတ်ပြကာ ပုံမှန်အတိုင်း သင်ခန်းစာ စလေသည်။
ရွှီချင်းသည် အာရုံစိုက်၍ စာနားထောင်သည်။ ရွက်ဖျင်တဲထဲသို့ ဝင်ရောက် သင်ကြားခွင့်ရသည့် အခွင့်အရေးကို သူ တန်ဖိုးထားပြီး စာသင်နေစဉ် ဟိုကြည့်သည်ကြည့် မလုပ်ချေ။
ချန်ဖေးယွီနှင့် ယွီထင်းသည်လည်း ထိုနည်းတူပင်။ ထိုအခြေအနေကြောင့် သမားတော်ကြီးပိုင် အနည်းငယ် ရယ်ချင်ပက်ကျိဖြစ်သွားရသည်။
ထိုနည်းအားဖြင့် နောက်ထပ်ဆယ်ရက် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ရွှီချင်းသည် ရွက်ဖျင်တဲထဲ၌ စာသင်ရသည်ကို အသားကျလာသည်။သို့သော်လည်း သူသည် အနည်းငယ်မျှပင် အာရုံမပျံ့လွင့်သွားသလို သူ သိရှိလာသည့်ဆေးပညာဗဟုသုတများသည်လည်း များစွာ တိုးပွားလာသည်။
ရက်အနည်းငယ်ကြာသောအခါ ချန်ဖေးယွမ်က သူ့နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားသည်။ ထင်းယွီသည်သာ ရွှီချင်းကို လိုက်ပြိုင်နေဆဲဖြစ်ပြီး လွန်စွာ အလေးအနက်ထား၍ စာကို အာရုံစိုက်နေသည်။
သို့သော်လည်း အတန်းပြီးသွားသည့်အခါ သူတို့နှစ်ဦးက စကားအနည်းငယ် ပြောကြသည်။ အချိန်အများစု၌ ထင်းယွီက စခန်းတွင် နေထိုင်ရသော ဘဝအကြောင်းကိုသာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်လေ့ရှိသည်။ ရွှီချင်းသည် များများစားစား မပြောဘဲ တိုတိုတုတ်တုတ်သာ ဖြေလေ့ရှိသည်။
ချန်ဖေးယွမ်မှာမူ ယခုအချိန်တိုင်အောင် ရွှီချင်းကို မယုံကြည်ဘဲ စကားများစွာ မပြောပေ။
ထို့အတွက် ရွှီချင်းက စိတ်ထဲမထားပေ။ သူသည် ပေါင်သင်းဆက်ဆံရေး ညံ့ဖျင်းသူတစ်ဦးဖြစ်၍ အတန်းပြီးသည်နှင့် တားမြစ်နယ်မြေထဲသို့သာ ထွက်သွားလေ့ရှိသည်။ တားမြစ်နယ်မြေထဲသို့ နေ့တိုင်း သူ သွားရောက်ရသည့်အကြောင်းရင်းမှာ ဆေးပင်များကြောင့်ဖြစ်သည်။
ဆေးပင်များကို သူ မသိခင်က တားမြစ်နယ်မြေထဲရှိ ပန်းပွင့်များနှင့် သစ်ပင်များအားလုံး သူ့အတွက် မထူးခြားခဲ့ပေ။ သို့စေကာမူ ယခုအခါတွင် မတူညီတော့ပေ။
ရွှီချင်းသည် သူ သိသော ဆေးပင်တချို့ကို မကြာခဏ ရှာတွေ့လာရသည်။ ထိုသို့ဆေးပင်များကို သူ ရှာတွေ့လိုက်သည့်အချိန်တိုင်း ဆေးပင်များနှင့်ပတ်သက်သော သူ၏ဗဟုသုတက အတော်လေး နက်ရှိုင်းသွားခဲ့သည်။
သို့ပေမည့် တားမြစ်နယ်မြေထဲရှိ ဆေးပင်အများစုက ယင်အဆိပ်ပင်များသာဖြစ်ကြောင်း ရွှီချင်း တဖြည်းဖြည်း သိလာရသည်။ ယန်ဆေးပင်များစွာ မရှိချေ။
ယင်းအတွက်ကြောင့် ဆေးပင်များနှင့် ပတ်သက်သည့် သူ၏လေ့လာချက်များက အဆိပ်မှပင် စတင်ခဲ့ပေသည်။
သူက လျှိုမြောင်လေးထဲတွင် ရိုးရှင်းသောအိမ်လေးတစ်အိမ်ကိုလည်း ဆောက်လိုက်ပြီး အဆိပ်ပင်များအား လေ့လာရန်အတွက် စမ်းသပ်ခန်းအဖြစ် အသုံးချလိုက်သည်။
ယင်းအပြင် သူ့ခန္ဓာကိုယ်က အဆိပ်ကို ခံနိုင်ရည်ရှိသောကြောင့် အဆိပ်ကို လေ့လာစမ်းသပ်ရာတွင် အလွန်ရဲတင်းသည်။ သူသည် အမျိုးမျိုး ပေါင်းစပ်ရောနှောပြီး နောက်ဆုံးတွင် အမည်မသိ အဆိပ်ဆေးတစ်မျိုးကို ဖော်စပ်နိုင်ခဲ့သည်။
ထိုအဆိပ်ကို အဆိပ်ပင်ရှစ်မျိုးနှင့် မြွေအဆိပ်ကို ရောစပ်၍ ဖော်စပ်ထားခြင်း ဖြစ်သည်။
ထိုအဆိပ်၌ အားကောင်းသော တိုက်စားနိုင်စွမ်းရှိသည်။ ယခင်က ထိုအဆိပ်ကို ရွှီချင်း စမ်းသပ်ကြည့်ခဲ့ဖူးသည်။ ထိုအဆိပ်ရည်တစ်စက်က သန္ဓေပြောင်းသားရဲအသေကောင်ကို အသက်ရှူကြိမ်ငါးကြိမ်အတွင်း သွေးများအဖြစ် ပြောင်းလဲစေနိုင်သည်။
သို့သော်လည်း ထိုအဆိပ်က အလောင်းများကိုသာ မြန်ဆန်စွာ ပြောင်းလဲစေနိုင်သည်။ သက်ရှိသတ္တဝါများအတွက်မူ သွေးများအဖြစ် ပြောင်းလဲသွားစေရန် အချိန်အတော်ယူရသည်။
သို့စေကာမူ သူ၏ဘဝတစ်လျှောက် ပထမဆုံး ဖော်စပ်ခဲ့ဖူးသော အဆိပ်ဖြစ်၍ သူ အလွန် သဘောကျကျေနပ်နေတော့သည်။
ထိုအဆိပ်ဆေးရည်များကို သူက အမှုန့်အဖြစ် အခြောက်ခံလိုက်ပြီးနောက် အလောင်းဖျောက်ဆေးမှုန့်အဖြစ် နာမည်ပေးလိုက်သည်။
တောအုပ်ထဲ၌ ယန်ဆေးပင်အနည်းအကျဉ်းသာ ရှိပါသော်လည်း ယင်ယန်အစွန်းရောက်ပညာရပ်အကူအညီဖြင့် ဆေးရည်တစ်ဝက်တစ်ပျက်ကို သူ ဖော်စပ်နိုင်ခဲ့သည်။
ထိုဆေးရည်အနည်းငယ်ကို ခုနစ်ရွက်မြက်ပင်နှင် ရောစပ်လိုက်ပါက ဓာတ်နှောများကို ဖိနှိပ်ထားနိုင်သော အစွမ်းရှိသည်။ တစ်ခါက သမားတော်ကြီးပိုင်ကို ဆေးညွှန်းကို ပေါင်းစပ်ဖော်စပ်ခဲ့လျှင် ခေါင်းဆောင်လဲ့၏ ဒဏ်ရာကို ကုနိုင်၊ မကုနိုင် သူ မေးမြန်းခဲ့သည်။
ကောင်းကင်ကြမ္မာပန်းပွင့်မှလွဲ၍ တခြားမည်သည့်အရာမှ အသုံးမဝင်ကြောင်း သမားတော်ကြီးပိုင်က ပြန်ဖြေခဲ့သည်။ သူ၏ဆေးက တဖြည်းဖြည်း အာနိသင်လျော့သွားမည် ဖြစ်သည်။
ခေါင်းဆောင်လဲ့က နေ့တိုင်း ဆေးကို ပုံမှန်သောက်ပါသော်လည်း သူ၏ခန္ဓာကိုယ်က အားနည်းလာသည်ကို ရိုးရှင်းစွာ မြင်နိုင်သည်။ ထိုအခြင်းအရာကို မြင်သောအခါ ရွှီချင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ထိုနေ့က သူတို့နှစ်ယောက် ထမင်းစားနေစဉ် ခေါင်းဆောင်လဲ့သည် တစ်စုံတစ်ခု ပြောချင်နေပါသော်လည်း ချီတုံချတုံဖြစ်နေသည်။ နောက်ဆုံး၌ ရတနာမုဆိုးစခန်းတွင် နေထိုင်ရသည်မှာ သူ့အတွက် မသင့်တော်ကြောင်း ရွှီချင်းကို ပြောပြလိုက်သည်။ သူက နောင်တချိန်၌ အနီးအနားမြို့တစ်မြို့တွင် နေထိုင်ခွင့်ဝယ်ရန် ပြင်ဆင်ထားသည်။
“ ကလေး၊ မင်းရဲ့လမ်းကြောင်းက ဒီစခန်းလေးတစ်ခုမှာ ရပ်မသွားဘူးဆိုတာ ငါ သေချာသိတယ်။ မင်းရဲ့အနာဂတ်က ပိုတောင် တောက်ပလာဦးမှာ။ ဒီတော့ ငါ မင်းကို ငါနဲ့အတူ လိုက်နေပါလို့ မပြောချင်ဘူး ”
ထိုစကားကိုကြားသည့်အခါ ထမင်းစားနေသော ရွှီချင်းသည် ရပ်သွား၏။ ခဏအကြာ သူက ခေါင်းငုံ့သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထို့နောက် သူက လေသံဖျော့ဖျော့ဖြင့် မေးမြန်းလိုက်သည်။
“ အဘိုးက ပြန်လာမှာလား ”
“ ပြန်လာမှာပေါ့။ ငါ ခဏခဏ ပြန်လာခဲ့မယ် ”
ခေါင်းဆောင်လဲ့က ပြုံး၍ လက်ကိုမြှောက်ကာ ရွှီချင်း၏ခေါင်းကို ထိလိုက်သည်။ ယင်းသည် သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူက ရင်ထဲတွင် သက်ပြင်းချလိုက်၏။ သူ့အတွက်နှင့် ရွှီချင်းက အသက်နှင့်ရင်း၍ တောအုပ်ထဲသွားသည်ကို သူ မလိုလားပေ။
ရွှီချင်းက ခေါင်းကိုရှောင်တိမ်းချင်ပါသော်လည်း ခေါင်းဆောင်လဲ့ကို လှမ်းကြည့်လိုက်ပြီး မရှောင်တော့ပေ။ သို့ဖြစ်၍ ခေါင်းဆောင်လဲ့၏ လက်က ရွှီချင်း၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူက ရယ်မောကာ ပြောသည်။
“ ပြီးတော့ မင်းလည်း ငါ့ဆီကို အချိန်မရွေးလာလို့ရပါတယ်ကွ ”
ထိုစကားကို ရွှီချင်းကြားသောအခါ လေးပင်စွာ ခေါင်းညိတ်ပြလိုက်သည်။
ထိုနေ့ညက ရွှီချင်းသည် ကျင့်ကြံနေစဉ်အတောအတွင်း မျက်လုံးများကို မကြာခဏ ဖွင့်ကာ ခေါင်းဆောင်လဲ့၏အခန်းကို လှမ်းကြည့်လေသည်။
ရက်အနည်းငယ်ကြာပြီးနောက် ရွှီချင်းသည် ထိုခံစားချက်များကို ရင်ထဲတွင် သိုဝှက်သိမ်းဆည်းထားလိုက်သည်။ နေ့တိုင်းနေ့တိုင်း သူသည် သမားတော်ကြီးပိုင်၏ ရွက်ဖျင်တဲကို သွားသည့်အပြင် တားမြစ်နယ်မြေတောအုပ်ထဲသို့ သွား၍လည်း ကောင်းကင်ကြမ္မာပန်းပွင့်ကို အားစိုက်ရှာဖွေလေသည်။
သို့သော်လည်း သမားတော်ကြီးပိုင် ပြောသကဲ့သို့ ထိုပန်းပွင့်သည် ကံကောင်းမှသာ ရှာတွေ့နိုင်ပေသည်။