← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း (၁) - ဆောင်းရာသီ၏ လွှမ်းခြုံမှုအောက်က ကမ္ဘာ

အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး ဆီးနှင်းများက ကောင်းကင်တစ်ခွင် ပြည့်နှက်လျက် ရှိနေသည်။

ညအမှောင်၏ ဖုံးကွယ်မှုအောက်တွင် ဆီးနှင်းဖြူများ ဖုံးလွှမ်းထားသည့် မိုးထိုးမတတ် မြင့်မားသည့် သစ်ပင်ကြီးများသည် လေပြင်းထဲ၌ သံဖြူမျှော်စင်ကြီးများကဲ့သို့ ခန့်ညားစွာ မားမားမတ်မတ် ရပ်တည်နေခဲ့သည်။

ရက်ဝုဒ်တောင်ကြော၏ အရှေ့ဘက်၊ မထင်မရှားလိုဏ်ဂူတစ်ခု၏ အပြင်ဘက်တွင်။

ရှဟုန်သည် ရိုးရာ လုံချွမ် လက်သီးသိုင်း၏ အခြေခံကိုယ်ဟန်ကို ခံယူထားကာ အသက်ရှူမှုကို ချိန်ညှိယူပြီးနောက် သူ၏ မျက်လုံးများ ရုတ်တရက် စူးရှလာကာ လက်သီးတစ်ချက်ကို လျင်မြန်စွာ ထိုးလိုက်တော့သည်။

သူသည် အရပ် ၁၉၀ စင်တီမီတာရှိပြီး ကြွက်သားအဖုအထစ်များ မထင်ရှားသော်လည်း ကိုယ်လုံးကိုယ်ပေါက် မြင့်မားတောင့်တင်းလှပေသည်။

ရှဟုန် လက်သီးသိုင်းတစ်ကျော့ကို အဆုံးသတ်လိုက်ချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ ဆီးနှင်းပွင့်များသည် ချက်ချင်း လွင့်ပျံသွားကြတော့သည်။

ထိုအချိန်တွင် နုနယ်သော မျက်နှာပိုင်ရှင် လူငယ်လေးတစ်ယောက်သည် လိုဏ်ဂူထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။

ရှဟုန်ကို မြင်လိုက်သည်နှင့် ထိုလူငယ်၏ မျက်နှာထက်တွင် အားကျလေးစားမှု အရိပ်အယောင်များ အထင်းသား ပေါ်လာခဲ့သည်။

“အစ်ကိုကြီး၊ အစ်ကိုကြီးက သစ်ခုတ်သမားအဆင့်ကို ရောက်တော့မှာ မဟုတ်လား...”

“သိပ်မလိုတော့ဘူး... နောက်တစ်လလောက်ဆို ရောက်လောက်ပြီ...”

“ဟာ... အစ်ကိုကြီးက တကယ် တော်တာပဲ...”

“အဖေက ပြောဖူးတယ်... အသက် ၁၈ နှစ် မတိုင်ခင် သစ်ခုတ်သမားအဆင့်ကို ရောက်တဲ့ ပါရမီရှင်ဆိုတာ အနီးအနားကစခန်းကိုးခုမှာ ၃ ယောက်ပဲ ပေါ်ဖူးတယ်တဲ့...”

“အစ်ကိုကြီးဆိုရင် ၄ ယောက်မြောက် ဖြစ်တော့မှာပေါ့...”

ရှဟုန်က ခေါင်းမော့လိုက်ရာ သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် သိပ်မလိုက်ဖက်သော နူးညံ့ချောမောသည့် မျက်နှာတစ်ခု ပေါ်လာလေသည်။

ညီဖြစ်သူ ရှချွမ်၏ အားကျနေသော မျက်နှာကို ကြည့်ပြီး ရှဟုန် စိတ်ထဲတွင် ကျေနပ်မိသော်လည်း စိတ်ကို ပြန်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ခေါင်းကို အသာအယာ ယမ်းလိုက်လေသည်။

“သစ်ခုတ်သမားအဆင့်ကို ရောက်တာက ဘာမှ မဟုတ်သေးဘူး...”

“ရိုဂယ်စခန်းမှာ တူးဖော်သမားအဆင့်တွေတောင် ရှိနေသေးတယ်... အဲဒီလူတွေကပဲ တကယ့် အားကောင်းတဲ့သူတွေ...”

တူးဖော်သမားအဆင့် ဟူသော စကားကို ကြားလိုက်သည်နှင့် ရှချွမ်၏ မျက်နှာပေါ်တွင် တောင့်တသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာခဲ့သည်။

“ရိုဂယ်စခန်းမှာ တူးဖော်သမားအဆင့် အားကောင်းသူ ၅ ယောက်တောင် ရှိတယ်... သူတို့က စခန်းအတွက် တစ်နေ့ကို ကျောက်မီးသွေး ပေါင် ထောင်နဲ့ချီ တူးနိုင်တယ်လို့ ကြားဖူးတယ်...”

“ဒါကြောင့် ဆောင်းတွင်းမှာ ထင်းမီး မမွှေးရတော့တဲ့အပြင် ကျောက်မီးသွေးနဲ့ သံလက်နက်အချွန်တွေပါ ထုလုပ်နိုင်လို့ အဆင့်နိမ့် ရေခဲသားရဲတွေကို အလွယ်တကူ အမဲလိုက်နိုင်နေတယ်...”

ရှဟုန်က အသာခေါင်းညိတ်၍ ပြောလိုက်သည်။

“လူ ၅၀၀ ကျော်ရှိတဲ့ အလတ်စားစခန်းပဲလေ...သူတို့မှာ ဒီလောက် အင်အားတောင် မရှိဘူးဆိုရင် ရက်ဝုဒ်တောင်ကြောထဲက ရေခဲသားရဲတွေက သူတို့ကို သက်သောင့်သက်သာ နေခွင့်ပေးမှာ မဟုတ်ဘူးလေ...”

“အဖေ ဒဏ်ရာရထားတာက နှမြောစရာပဲ... မဟုတ်ရင် အဖေလည်း တူးဖော်သမားအဆင့်ကို ဟိုးအရင်ကတည်းက ရောက်နေမှာ...”

“ငါတို့ မဟာရှကသာ ကျောက်မီးသွေး ရှိခဲ့ရင် အခုချိန်လောက်ဆို အလတ်စားစခန်း ဖြစ်နေလောက်ပြီ...”

အလတ်စားစခန်း၏ စံနှုန်းမှာ ယေဘုယျအားဖြင့် လူဦးရေ ၅၀၀ ကျော် ရှိရပေမည်။

တူးဖော်သမားအဆင့် အားကောင်းသူများ ရှိရမည်ဖြစ်ပြီး အဆင့်နိမ့် ရေခဲသားရဲအုပ်ကြီး၏ တိုက်ခိုက်မှုကို ခုခံနိုင်ရမည် ဖြစ်သည်။

လက်ရှိ မဟာရှစခန်းတွင် လူဦးရေ ၂၃၉ ယောက်သာ ရှိပြီး သစ်ခုတ်သမားအဆင့် တိုက်ခိုက်ရေးအင်အား ၁၃ ယောက်သာ ရှိနေသည်။

ဤမျှသော အင်အားဖြင့် ရေခဲသားရဲအုပ်ကြီးကို မဆိုထားနှင့်၊ အနည်းငယ် ပိုအားကောင်းသော အလယ်အလတ်အဆင့် ရေခဲသားရဲတစ်ကောင်ကပင် စခန်းတစ်ခုလုံးကို သားကောင်အဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။

“ရိုဂယ်စခန်းကလည်း တွန့်တိုလွန်းတယ်... ငါတို့ကို ကျောက်မီးသွေး နည်းနည်းလောက်သာ ရောင်းပေးမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ...”

“ကျောက်မီးသွေးက အနွေးဓာတ်ပေးနိုင်ရုံ၊ သံသန့်စင်နိုင်ရုံတင် မကဘူး...

ဧရာမစခန်းကြီးတွေဆီက အဆင့်မြင့် ပစ္စည်းတွေကို လဲလှယ်ဖို့ အသုံးပြုတဲ့ တန်ဖိုးညီမျှတဲ့ ပစ္စည်းတစ်မျိုးလည်း ဖြစ်နေသေးတယ်...”

“ရိုဂယ်စခန်းမှာတောင် သူတို့ကိုယ်တိုင် မလောက်ငှသေးဘူး... ငါတို့ကို ရောင်းပေးနိုင်မှာ မဟုတ်ဘူး...”

“ပြီးတော့ ငါတို့လို စခန်းငယ်လေးမှာလည်း သူတို့နဲ့ လဲလှယ်နိုင်မယ့် တန်ဖိုးရှိတဲ့ ပစ္စည်းဆိုတာမှ မရှိတာ...”

ပို၍ အရေးကြီးသည်မှာ ရက်ဝုဒ်တောင်ကြောအနီးရှိ အခြားစခန်းများပါ ကျောက်မီးသွေး ရရှိသွားပါက ရိုဂယ်စခန်း၏ လုံခြုံရေးနှင့် လက်နက်အင်အား အားသာချက်မှာ ပျောက်ကွယ်သွားပေမည်။

လုံခြုံရေး အားသာချက်က လူဦးရေကို စုဆောင်းနိုင်စေပြီး လက်နက်အင်အား အားသာချက်က အကြမ်းဖျင်း အင်အားကွာဟချက်ကို အာမခံပေးနိုင်ပေသည်။

ထိုအားသာချက် နှစ်ခုကြောင့်ပင် ရိုဂယ်စခန်းသည် ရက်ဝုဒ်တောင်ကြောဒေသတစ်ဝိုက်၌ အငြင်းပွားဖွယ်မရှိသော ဘုရင်တဆူ ဖြစ်နေခြင်း ဖြစ်သည်။

အခြားစခန်းများကို ကျောက်မီးသွေး ရောင်းပေးခြင်းသည် မိမိတို့၏ အားသာချက်ကို မိမိကိုယ်တိုင် စွန့်လွှတ်လိုက်ခြင်းနှင့် မထူးခြားနားပင်။

အခြားကမ္ဘာမှ ကူးပြောင်းလာသူတစ်ယောက် ဖြစ်သောကြောင့် ရှဟုန်၏ အမြင်သည် ရှချွမ်ထက် ပို၍ အနာဂတ်ကို ပိုမြင်နိုင်ပေသည်။

လွန်ခဲ့သော တစ်လက ရှဟုန်သည် ဒီကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။

ရှဟုန်သည် အစပိုင်းတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သော်လည်း တဖြည်းဖြည်း လက်ခံနိုင်လာသည့်အထိ စိတ်ပိုင်းဆိုင်ရာ လှုပ်ခတ်မှုများစွာကို ဖြတ်သန်းခဲ့ရသည်။

ဒီကမ္ဘာသည် အန္တရာယ်အကျပ်အတည်းများဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခုဖြစ်သည်။

ထိုအန္တရာယ်များမှာ ရေခဲသားရဲ ဟုခေါ်သော ထူးခြားသတ္တဝါများကြောင့်သာ မဟုတ်ဘဲ ရာသီဥတု၏ ကြမ်းတမ်းမှုနှင့် အမည်မသိ ထူးဆန်းဖြစ်စဉ်မျိုးစုံလည်း ရှိနေသေးပေသည်။

ဒီကမ္ဘာတွင် ဆောင်းရာသီတစ်ရာသီတည်းသာ ရှိပြီး နွေ၊ မိုး၊ ဆောင်း ဟူသော ရာသီလေးပါးဟူ၍ မရှိချေ။

ထို့အပြင် ဤနေရာ၏ ဆောင်းရာသီအပူချိန်သည်လည်း အပြာရောင်ကြယ်ပေါ်မှ ဆောင်းရာသီထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းလှပေသည်။

(ဘာသာပြန်သူ-ဝေမိန်း၏ မှတ်ချက် ။ Blue Star - အပြာရောင်ကြယ်ဆိုတာ လက်ရှိ Earth - ကမ္ဘာကြီးကို ပြောတာပါ။)

ရှဟုန်၏ အကြမ်းဖျင်းခန့်မှန်းချက်အရ ညအပူချိန်သည် အနည်းဆုံး - ၇၀ ဒီဂရီအထိ ကျဆင်းနိုင်ပြီး သာမန်လူသားများအတွက် အသက်ရှင်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

ထို့ထက် အဓိပ္ပာယ်မရှိလောက်အောင် ထူးဆန်းသည်မှာ နေ့ဘက်၏ အပူချိန်က ညဘက်ထက် ပိုမိုအေးစက်နေခြင်းပင် ဖြစ်သည်။

အပြာရောင်ကြယ်မှ သာမန်လူသားများကို မဆိုထားနှင့်...

ဒီကမ္ဘာမှ သာမန်လူများပင် လုံလောက်သော အအေးဒဏ်ကာကွယ်ရေးနည်းလမ်း မရှိပါက နေ့ဘက်တွင် အေးခဲသေဆုံးသွားမည်မှာ အသေအချာပင်။

ကံကောင်းစွာဖြင့် နေ့အချိန်သည် လေးနာရီသာ ကြာမြင့်သဖြင့် လူသားများသည် အများအားဖြင့် ညဘက်တွင်သာ လှုပ်ရှားသွားလာကြပေသည်။

ထို့ကြောင့်ပင် ရှဟုန်သည်လည်း ညအမှောင်ကို အားကိုး၍ ကိုယ်ခံပညာ လေ့ကျင့်နေခြင်း ဖြစ်သည်။

ထို့အပြင် နေ့ဘက်သည် ပို၍အေးစက်သောကြောင့် ရေခဲသားရဲများသည် ပိုမိုတက်ကြွလာပြီး ပိုမိုရက်စက်ကြမ်းကြုတ်လာသည့်အပြင် ၎င်းတို့၏ စွမ်းအားသည်လည်း ညဘက်ထက် အဆင့်များစွာ ပိုမို မြင့်တက်သွားသေးသည်။

ထို့ကြောင့် အမဲလိုက်ခြင်းဖြစ်စေ၊ သယံဇာတရှာဖွေစုဆောင်းခြင်းဖြစ်စေ၊ လူသားများသည် ညဘက်တွင်သာ အပြင်ထွက်ရန် ရွေးချယ်ကြပေသည်။

ဤသို့ အန္တရာယ်အကျပ်အတည်းများဖြင့် ပြည့်နှက်နေပြီး ထာဝရဆောင်းရာသီ လွှမ်းမိုးနေသော ကမ္ဘာသို့ ရောက်ရှိလာရပါက လူအများစုမှာ ကြာမြင့်စွာ မခံနိုင်ဘဲ စိတ်ဓာတ်ကျကာ သေဆုံးသွားလောက်ပြီး ဖြစ်သည်။

သို့သော် ရှဟုန်မှာ အလျင်အမြန် လိုက်လျောညီထွေ ဖြစ်သွားရုံသာမကဘဲ ရင်ထဲတွင်ပင် ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုတစ်ရပ်ပင် ပေါ်ပေါက်လာခဲ့သေးသည်။

အကြောင်းရင်းမှာ ဒီကမ္ဘာသို့ မရောက်မီက သူသည် ALS ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

(ဘာသာပြန်သူ-ဝေမိန်း၏ မှတ်ချက် ။ ALS = Amyotrophic Lateral Sclerosis ဖြစ်ပြီး အာရုံကြောဆိုင်ရာ အလွန်ပြင်းထန်သည့် ရောဂါ ဖြစ်ပါသည်။ မြန်မာအခေါ်ကျ ကြွက်သားကျုံ့ အကြောသေ ရောဂါပါ။)

ရှဟုန်သည် ကိုယ်ခံပညာမျိုးရိုးမှ မွေးဖွားလာပြီး ငယ်စဉ်ကတည်းကပင် မိဘနှစ်ပါးလုံးကိုပါ ဆုံးရှုံးခဲ့ရသေးသည်။

သူသည် ငယ်စဉ်ကတည်းက ကိုယ်ခံပညာနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများကို မပျက်မကွက် လေ့ကျင့်ခဲ့ပြီး သာမန်လူများထက်ပင် ပိုမိုစည်းကမ်းကျသော ဘဝကို ဖြတ်သန်းခဲ့ရသည်။

သို့သော် သူ့အပေါ် ကံကြမ္မာသည် အကြီးမားဆုံးသော လှောင်ပြောင်မှုကို ပြုလုပ်ခဲ့ပြီး ကုသ၍မရနိုင်သော ရောဂါတစ်မျိုးကိုပါ ပေးအပ်ခဲ့သေးပေသည်။

ရှဟုန်သည်လည်း ဘဝ၏ နောက်ဆုံးနေ့ရက်များတွင် ကိုယ်ခံပညာ လေ့ကျင့်ခြင်းကိုပါ စွန့်လွှတ်ခဲ့ရသည်။

သူ၏ လက်နှစ်ဖက် လှုပ်ရှားနိုင်သေးသရွေ့ မိုဘိုင်းဂိမ်းများထဲတွင်သာ နှစ်မြှုပ်နေခဲ့ပြီး အိပ်ရာထဲမှပင် မထနိုင်တော့သည့်အချိန်အထိ ထိုသို့ပင် နေထိုင်ခဲ့ရလေသည်။

မိမိ လုံးဝမလှုပ်ရှားနိုင်တော့မည့် အချိန် ရောက်ရှိလာပြီဟု သေချာသွားသောအခါ နေသာသောနေ့တစ်နေ့ကို ရွေးချယ်ကာ မိမိဘဝကို ကိုယ်တိုင် အဆုံးသတ်ခဲ့၏။

သို့သော် နောက်ဆုံးတွင် သူသည် ဒီကမ္ဘာသို့ ရောက်ရှိလာပြီး လက်ရှိ ရှဟုန် ဖြစ်လာခဲ့သည်။

ဒီကမ္ဘာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် ဒုတိယဘဝတစ်ခုကို ပြန်လည်ရရှိခဲ့ပြီးဖြစ်ရာ ထိုအချက် တစ်ချက်တည်းနှင့်ပင် အလွန်ကျေးဇူးတင်နေခဲ့မိလေသည်။

ထို့အပြင် ကံကြမ္မာက သူ့အား ဤမျှ နုပျိုသန်မာသော ခန္ဓာကိုယ်တစ်ခုကိုလည်း ပေးအပ်ထားသေးသည်။

အရပ် ၁၉၁ စင်တီမီတာ၊ ကိုယ်အလေးချိန် ကီလို ၉၀ ကျော်၊ ခါးသေးရင်ကျယ်၊ လက်တံရှည်၊ အသက်မှာလည်း ဆယ့်ခြောက်နှစ်ကျော်ရုံသာ ရှိသေးသည်။

အရင်ဘဝက အင်တာနက်ပေါ်တွင် ဆွေးနွေးခဲ့ကြသည့် အဆိုအရ ဤသို့သော ခန္ဓာကိုယ်သည် ကိုယ်ခံပညာ ကျင့်ကြံရန် အပြည့်စုံဆုံးပင် ဖြစ်သည်။

ဒီကမ္ဘာသို့ စတင်ရောက်ရှိစဉ်က ဤခန္ဓာကိုယ်သည် နုပျိုသန်မာသော်လည်း ပေါက်ကွဲထုတ်နိုင်သည့် အားမှာ ချိန်နှစ်ထောင်ခန့်သာ ရှိသေးပေသည်။

သို့သော် ဒဏ္ဍာရီဆန်ဆန် နာမည်ကျော် အပြာရောင်ကြယ် လက်ဝှေ့ချန်ပီယံ တိုင်ဆန်၏ ထိုးအားမှာ ၈၀၀ ကီလိုဂရမ်ခန့်သာ ရှိပြီး ပေါင်ဖြင့်တွက်လျှင် ၁၆၆၀ ခန့်သာ ရှိသည်ဟု ဆိုနိုင်ပေသည်။

(ဘာသာပြန်သူ-ဝေမိန်း၏ မှတ်ချက် ။ 1 kg = 2.205 lb )

အစပိုင်းတွင် ရှဟုန်က မိမိကိုယ်ကို အလွန်သန်မာနေပြီဟု ထင်ခဲ့ရာ စခန်းထဲမှ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးသည် ကီလိုဂရမ် ၅၀၀ မှ ၆၀၀ အထိ အလေးချိန်ရှိသော သစ်ပင်တစ်ပင်ကို လွယ်လွယ်ကူကူ မတင်လိုက်သည်ကို မြင်တွေ့ပြီးနောက်မှသာ သူ သဘောပေါက်သွားခဲ့ရသည်။

ဒီကမ္ဘာတွင် တိုင်ဆန် အဆင့်ရှိသော လူသား၏ ခွန်အားသည် သာမန်အဆင့်မျှသာ ဖြစ်နေခြင်းပင်။

ထိုသို့ဖြစ်သည်မှာလည်း မဆန်းပေ။ လူသားသည် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၏ ပုံဖော်ခြင်းကို ခံရသော သက်ရှိသာ ဖြစ်ပေသည်။

ဤမျှ ပြင်းထန်သော အအေးဒဏ်ရှိသည့် ပတ်ဝန်းကျင်တွင် လူသားများသာ မပြောင်းလဲ မတိုးတက်ခဲ့ပါက အသက်ရှင်နိုင်မည် မဟုတ်ပေ။

မိမိ၏ အားနည်းမှုကို သိရှိပြီးနောက် ရှဟုန်သည် သဘာဝကျကျပင် လုံးဝ ပေါ့ဆမနေဝံ့တော့ပေ။

အရင်ဘဝက သင်ယူထားသော ကိုယ်ခံပညာဗဟုသုတများသည် ဤနေရာတွင် အသုံးဝင်လာခဲ့သည်။

လက်တွေ့အသုံးချနိုင်မှုကို ဦးစားပေး၍ သူသည် မဟာဘိုးဘေး လက်သီးရှည်သိုင်း တစ်စုံကို ရွေးချယ်လေ့ကျင့်ခဲ့သည်။

တစ်လတာအတွင်း ရေခဲသားရဲ အသား၏ အကူအညီဖြင့် သူ၏ ခွန်အားသည် ပေါင် ၄၀၀၀ ထိ တိုးတက်လာခဲ့ပေသည်။

ဖခင် ရှတင်း၏ အဆိုအရ သူသည် သစ်ခုတ်သမားအဆင့်၏ သတ်မှတ်ချက်ဖြစ်သော ပေါင် ၅၀၀၀ စံနှုန်းကို မကြာမီ ရောက်ရှိတော့မည် ဖြစ်သည်။

“သစ်ခုတ်သမားအဆင့် ခွန်အားကို ရောက်တာနဲ့ သစ်ခုတ်သမားအဖွဲ့ထဲ ဝင်နိုင်ပြီ... အနည်းဆုံးတော့ စခန်းအပြင်က ကမ္ဘာကို မြင်ခွင့်ရလိမ့်မယ်...”

အရင်ဘဝတွင်သာဆိုလျှင် ပေါင် ၅၀၀၀ အထိ အားရှိခြင်းသည် လူစွမ်းကောင်းအဆင့်ဟု သတ်မှတ်ခံရမည်ဖြစ်သော်လည်း ဒီကမ္ဘာတွင်မူ သစ်ခုတ်ရန် သင့်တော်ရုံမျှသာ ဖြစ်သည်။

မှန်ပါသည်... သစ်ခုတ်သမားအဆင့်ဆိုသည်မှာ အမည်အတိုင်းပင်...

ထိုအဆင့်သို့ ရောက်လျှင် သွားနိုင်သည့်နေရာမှာ သစ်ခုတ်ရန်ပင် ဖြစ်သည်။

ထိုအချိန်တွင် ရှချွမ်က ရက်ဝုဒ်တောင်ကြော တောအုပ်ဘက်သို့ လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

“အစ်ကိုကြီး၊ အဖေ ပြန်လာပြီ...”

ရှဟုန် မော့ကြည့်လိုက်ရာ တောနက်အတွင်းမှ လူ ၁၂ ယောက်တဖွဲ့သည် လျင်မြန်စွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူတို့သည် နှစ်ယောက်တစ်တွဲ၊ စုစုပေါင်း ခြောက်ဖွဲ့ခွဲထားပြီး အဖွဲ့တိုင်းသည် အမြင့်မီတာ ၂၀ ခန့်ရှိသော သစ်ပင်ကြီးတစ်ပင်ကို ရှေ့တစ်ယောက်၊ နောက်တစ်ယောက် ထမ်းလာခဲ့ကြသည်။

သစ်ပင်ခြောက်ပင်နှင့် လူအဖွဲ့ ခြောက်ဖွဲ့လုံး တောအုပ်အပြင်သို့ ထွက်လာကြပြီး နောက်ဆုံးမှ လိုက်လာသော အရပ်အမောင်းကြီးမားသည့် ရုပ်သွင်ကို မြင်လိုက်ရချိန်တွင် ရှဟုန်နှင့် ရှချွမ်တို့ နှစ်ဦးစလုံးမှသာ စိတ်သက်သာရာရသည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့ပေသည်။

ဖခင် ရှတင်း ပြောခဲ့ဖူးသလို အပြင်ထွက်သည့် အကြိမ်တိုင်းသည် အသက်ကို လောင်းကြေးတင်ထားသည့် လောင်းကစားတစ်ပွဲနှင့် မထူးခြားနားပေ။

လူတစ်ယောက်မျှ မဆုံးရှုံးဘဲ ဘေးကင်းစွာ ပြန်လာနိုင်ခြင်းသည် အမှန်တကယ် ဂုဏ်ပြုထိုက်သည့် ကိစ္စသာ ဖြစ်ပေသည်။

သို့သော် ရှဟုန်နှင့် ရှချွမ်တို့သည် လူ ၁၃ ယောက်ပါ သစ်ခုတ်သမားအဖွဲ့ နီးကပ်လာသည်နှင့်အမျှ သူတို့၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ခြင်း အရိပ်အယောင် မရှိရုံသာမက လေးနက်မှုနှင့် မငြိမ်မသက်ဖြစ်မှုများသာ ပြည့်နှက်နေသည်ကို သတိပြုမိလိုက်ကြသည်။

နှစ်ဦးသား အလျင်အမြန် ကြိုဆိုသွားကြပြီး ရှဟုန်က တိုက်ရိုက်မေးလိုက်သည်။

“အဖေ၊ ဘာဖြစ်လာတာလဲ...”

“မိုးလင်းဖို့ အချိန် ဘယ်လောက်လိုသေးလဲ...”

ရှတင်း၏ အသံထဲတွင်ပင် အတင်းဖုံးကွယ်ထားသော ငြိမ်သက်ဟန်ကို ကြားနိုင်ပြီး၊ သူသည် အလွန်အမင်း ထိတ်လန့်နေကြောင်း သိသာထင်ရှားလှပေသည်။

ရှဟုန်သည် ခေါင်းမော့ကာ လပြည့်၏ တည်နေရာကို တစ်ချက်ကြည့်ပြီးနောက် အဖြေပေးလိုက်သည်။

“တစ်နာရီရဲ့ လေးပုံတစ်ပုံလောက်ပဲ လိုတော့မယ်...”

“မြန်မြန် စခန်းထဲဝင်ပြီး မီးပုံတွေအားလုံး ငြှိမ်းခိုင်းလိုက်... မီးလုံးဝမထွန်းရဘူး...”

ထိုစကားကို ကြားလိုက်သည်နှင့် ရှဟုန်၏ မျက်လုံးသူငယ်အိမ်များ ချက်ချင်း ကျယ်ပြန့်သွားပြီး မျက်နှာအနှံ့ အံ့ဩမှုများ ပြည့်နှက်သွားခဲ့သည်။

“အဖေ၊ နေ့ဘက်မှာ မီးပုံတွေကို ငြှိမ်းလိုက်ရင် စခန်းထဲက လူတွေ အေးခဲ သေကုန်လိမ့်မယ်...”

နေ့ဘက်သည် ညဘက်ထက် ပိုမိုအေးစက်ကာ မီးပုံမရှိဘဲ ဂူထဲတွင်သာ ပုန်းနေလျှင်ပင် သေဆုံးရန်မှာ သေချာနေပေသည်။

ရှတင်းသည် စခန်းခေါင်းဆောင်ဖြစ်ပြီး ထိုအချက်များကို ဘယ်သူ့ထက်မဆို ပိုမိုနားလည်သူ ဖြစ်သော်လည်း....

အဘယ်ကြောင့် ထိုသို့သော အမိန့်ကို ရုတ်တရက် ပေးလိုက်ရတာလဲ...

“ရက်ဝုဒ်တောင်ကြော က လှည့်ဖြားမိစ္ဆာ ပေါ်လာပြီ...”

All Chapters