← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂) - အသက်ရှူရပ်မတတ် ထိတ်လန့်ဖွယ် အခိုက်အတန့်

လှည့်ဖြားမိစ္ဆာလား...

ရှဟုန်နှင့် ရှချွမ်တို့သည် လှည့်ဖြားမိစ္ဆာ ဟူသော အမည်ကို ပထမဆုံးအကြိမ် ကြားဖူးကြခြင်းဖြစ်သော်လည်း၊ ဖခင် ရှတင်း၏ မျက်နှာပေါ်မှ ထိတ်လန့်မှုကို မြင်လိုက်ရသည်နှင့် တပြိုင်နက် လေးလံဖိစီးသည့် ခံစားချက်တစ်ရပ် ရင်ထဲတွင် အကြောင်းမဲ့ ပေါ်ပေါက်လာခဲ့ရသည်။

ရှတင်းလည်း သူတို့၏ သံသယများကို ဖြေရှင်းပေးရန်ပင် အချိန်မရှိတော့သည့်အလား အထိတ်တလန့်ဖြစ်နေပြီး၊ သစ်ခုတ်သမားအဖွဲ့ဝင် ၁၂ ယောက်အား သစ်ပင်ကြီးခြောက်ပင်ကို ဂူအတွင်းသို့ သယ်သွင်းရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

တစ်ခဏမျှပင် မဆိုင်းတွဘဲ စခန်းသားအားလုံးကို ဦးဆောင်ကာ ဂူဝင်ပေါက်ကို လုံးဝပိတ်ဆို့လိုက်တော့သည်။

ရှတင်းသည် ဂူဝင်ပေါက်ကို ပိတ်ဆို့ပြီးနောက် စခန်းအလယ်ရှိ မီးပုံကို စိုက်ကြည့်နေခဲ့ကာ သူ၏မျက်နှာပေါ်တွင် ဝေခွဲမရသည့် အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

သို့သော် မကြာမီမှာပင် သူ ဆုံးဖြတ်ချက်ချလိုက်သည်။

“မီးပုံကို ငြှိမ်းလိုက်... အားလုံး ကိုယ့်မှာရှိသမျှ အဝတ်တွေကို ဝတ်ထားကြ... အချင်းချင်း စုပြီး အနွေးဓာတ်ယူကြ... တကယ်လို့ မခံနိုင်တော့ရင် မီးပြန်မွှေးလို့ရတယ်... ဒါပေမဲ့ ဆယ်မိနစ်ထက် မပိုရဘူး...”

“ဘာ... မီးငြှိမ်းရမယ် ဟုတ်လား…”

“ဒီလိုဆို အေးခဲသေကုန်မှာပေါ့....”

“ခေါင်းဆောင်၊ ဒီလိုတော့ မဖြစ်ဘူး... ကျွန်တော့်သားက ငယ်သေးတယ်... ဒီအအေးကို သူ မခံနိုင်ဘူး...”

……

မီးပုံငြှိမ်းရမည်ဟူသော စကားထွက်လာသည်နှင့် စခန်းတစ်ခုလုံး ဆူညံသွားခဲ့ရာ လူ ၆၀ ရာခိုင်နှုန်းနီးပါးက ကန့်ကွက်သံများ ထွက်ပေါ်လာခဲ့သည်။

ကျန် ၄၀ ရာခိုင်နှုန်းတွင် အခြေအနေကို သိထားပြီးသား သစ်ခုတ်သမားအဖွဲ့ဝင်များမှအပ ကျန်သူများမှာ စိတ်တည်ငြိမ်သူများဖြစ်ပြီး ရှတင်း၏ ရှင်းလင်းချက်ကိုသာ စောင့်ဆိုင်းနေကြလေသည်။

ရှတင်းလည်း လက်ကို မြှောက်လိုက်ပြီး လူတိုင်း ငြိမ်သက်သွားသည်နှင့် အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

“ရက်ဝုဒ်တောင်ကြောက လှည့်ဖြားမိစ္ဆာ ထွက်ပေါ်လာပြီ... သံတောင်စခန်းနဲ့ နတ်နေစခန်းက လူအားလုံး သေကုန်ပြီ...”

“မီးကို ငြှိမ်းထားရင်တော့ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသေးတယ်... အဲဒီအကောင်သာ ငါတို့ကို တွေ့သွားရင်... အားလုံး သေရလိမ့်မယ်...”

လှည့်ဖြားမိစ္ဆာဟူသော အမည်ကို ကြားရုံမျှဖြင့် စခန်းသားအများစု၏ မျက်နှာပေါ်တွင် ထူးခြားသည့် အမူအရာ တစ်ခုမျှ မပေါ်လာပေ။ ထိုသတ္တဝါအကြောင်းကို လူအများစု မသိကြခြင်း ဖြစ်ကြောင်း သိသာနေသည်။

သို့သော် သံတောင်စခန်းနှင့် နတ်နေစခန်းမှ လူအားလုံး သေဆုံးသွားပြီဟု ကြားလိုက်သည်နှင့် ရှဟုန်အပါအဝင် လူတိုင်း၏ မျက်နှာပေါ်တွင် အလွန်အမင်း တုန်လှုပ်ထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ထိုစခန်းနှစ်ခုစလုံးတွင် လူဦးရေ ၃၀၀ ကျော်စီ ရှိကြပေသည်။

ရက်ဝုဒ်တောင်ကြောတစ်ဝိုက်တွင် စခန်းကိုးခုရှိပြီး ရိုဂယ်စခန်း တစ်ခုတည်းသာ အလတ်စားစခန်းဖြစ်ကာ၊ မဟာရှစခန်း အပါအဝင် ကျန်ရှစ်ခုလုံးမှာ အသေးစားစခန်းများ ဖြစ်ကြသည်။

အသေးစားစခန်းများ အချင်းချင်းပင် အားနည်းချက်၊ အားသာချက် ကွာခြားမှု ရှိသေးရာ သံတောင်စခန်းနှင့် နတ်နေစခန်းတို့၏ အင်အားသည် မဟာရှစခန်းထက် ပိုမိုသန်မာပေသည်။

သံတောင်စခန်း၏ စခန်းသခင် သံသိမ်းငှက်သည်ပင် မြေတူးသမားအဆင့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သို့သော် ယခု ရှတင်းက စခန်းနှစ်ခုမှ လူ ၆၀၀ ကျော်လုံး သေဆုံးသွားပြီဟု ဆိုနေသည်မှာ ထိုလှည့်ဖြားမိစ္ဆာသည် မည်မျှ အင်အားကြီးမားနေရတာလဲ...

“အားလုံး အဝတ်မြန်မြန်ဝတ်ကြ... မီးငြှိမ်းလိုက်... မိုးလင်းဖို့ လေးနာရီပဲ လိုတော့တယ်...”

“သည်းခံလိုက်ကြ... တကယ် မခံနိုင်တော့တဲ့သူ ရှိလာရင် မီးပြန်မွှေးဖို့ ငါ စဉ်းစားပေးမယ်... စိတ်မပူကြနဲ့...”

လူတိုင်း အခိုက်အတန့်မျှ မှင်သက်သွားကြသော်လည်း မကြာမီ ရှတင်း၏ အမိန့်အတိုင်း လှုပ်ရှားလာကြသည်။

ရှဟုန်သည် ဂူအတွင်းရှိ မိသားစုနေရာသို့ အမြန်ပြေးသွားပြီး ဝတ်နိုင်သမျှ အဝတ်အစားများကို ယူလာခဲ့ပေသည်။ အထူဆုံး သားရဲသားရေကုတ်အင်္ကျီကိုတော့ ရှချွမ်ထံ တိုက်ရိုက် ပစ်ပေးလိုက်သည်။

“မင်းဝတ်လိုက်... ငါ့အတွက် အဝတ်အစား လုံလောက်တယ်...”

“ငါက မင်းထက် သန်မာတယ်... ကိုယ်လည်း ပိုခံနိုင်တယ်... စိတ်မပူနဲ့...”

ရှချွမ် ပြန်ပေးရန် ကြိုးစားသည်ကို တားလိုက်ပြီးနောက် ရှဟုန်သည် ဖခင်ရှတင်းရှိရာသို့ ပြန်ပြေးသွားခဲ့လေသည်။

စခန်းသားများ၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှသည်။ နှစ်မိနစ်ပင် မပြည့်သေးခင် လူတိုင်း အဝတ်အစားအပြည့်အစုံ ဝတ်ဆင်ပြီး ဂူအလယ်တွင် စုဝေးနေကြပြီး ဖြစ်သည်။

ရှတင်းသည် လူတိုင်း ရောက်ရှိလာသည်ကို မြင်ပြီးနောက် မီးပုံဘေးတွင် သားရဲသားရေများကိုင်ကာ အသင့်စောင့်နေသော လူလေးယောက်အား ခေါင်းညိတ်ပြလိုက်လေသည်။

လေးယောက်သား လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး နှစ်မီတာကျော် မြင့်မားနေသော မီးတောက်ကြီးကို ငြှိမ်းသတ်လိုက်ကြတော့သည်။

ဂူဝင်ပေါက်ကိုလည်း ပိတ်ထားပြီးဖြစ်သဖြင့် မီးရောင် ပျောက်ကွယ်သွားသည်နှင့် ဂူတစ်ခုလုံး အမှောင်ထုအတွင်း နစ်မြုပ်သွားခဲ့တော့သည်။

အမှောင်ထုနှင့်အတူ အေးစက်လှသော အငွေ့အသက်သည်လည်း ချက်ချင်းပင် ဖုံးလွှမ်းလာခဲ့ပေသည်။

မီးငြှိမ်းသွားသည့် အခိုက်အတန့်မှာပင် ဂူအတွင်းရှိ အပူချိန်သည် လူခန္ဓာကိုယ်ဖြင့်ပင် သိသာစွာ ခံစားနိုင်လောက်သည့် အရှိန်ဖြင့် ဆက်တိုက် ကျဆင်းလာခဲ့သည်။

စခန်းသား ၂၀၀ ကျော်သည် အစုလိုက်အပြုံလိုက် မစုနေကြပေ။

အသက်အငယ်ဆုံး ကလေးများကို အလယ်ဗဟိုတွင် ထားရှိပြီး အမျိုးသမီးများက ဝိုင်းရံထားကြသည်။ ထို့အပြင်ဘက်တွင် အရွယ်ရောက် အမျိုးသားများ ရပ်နေကြပြီး အပြင်ဆုံးအလွှာတွင်မူ သစ်ခုတ်သမားအဖွဲ့ဝင် ၁၃ ယောက်က ကာရံထားကြသည်။

သက်ကြီးရွယ်အိုများလား...

မရှိပေ...

မဟာရှစခန်းတွင်သာ မဟုတ်ဘဲ အခြားစခန်းများ၌လည်း သက်ကြီးရွယ်အိုဟူ၍ မရှိသလောက်ပင် ဖြစ်သည်။

ဤကဲ့သို့ ကမ္ဘာပျက်ဆန်သည့် အေးခဲသော ပတ်ဝန်းကျင်တွင် သာမန် သက်ကြီးရွယ်အိုများသည် အသက်ရှင်ရန် မဖြစ်နိုင်ပေ။

စခန်းခေါင်းဆောင်၏ သားများဖြစ်ကြသော်လည်း ရှဟုန်နှင့် ရှချွမ်တို့သည် မည်သည့် အထူးအခွင့်အရေးမျှ မရခဲ့ကြဘဲ အပြင်ဘက်အလွှာတွင်သာ နေရာယူခဲ့ကြရသည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ကာ တစ်နာရီခန့် ကြာမြင့်လာချိန်တွင် ဂူအတွင်း အပူချိန်မှာ မီးပုံရှိစဉ်ကထက် ထက်ဝက်ကျော်အထိ ကျဆင်းသွားခဲ့သည်။

အလယ်တွင် ရှိနေသော ကလေးငယ်များသည် အေးလွန်းသဖြင့် သွားချင်းရိုက်နေကြလေသည်။

အမျိုးသမီးများလည်း တစ်ကိုယ်လုံး တုန်ရီလာကြသည်။

အပြင်ဘက်ရှိ အရွယ်ရောက် အမျိုးသားများမှာ အနည်းငယ် ပိုကောင်းသော်လည်း ခန္ဓာကိုယ် တုန်ခါမှုကိုတော့ မတားဆီးနိုင်ကြပေ။

အတည်ငြိမ်ဆုံးမှာ အပြင်ဆုံးအလွှာတွင် ရပ်နေသော သစ်ခုတ်သမားအဖွဲ့ဝင် ၁၃ ယောက်သာ ဖြစ်သည်။

“ခေါင်းဆောင်... မီးပြန်မွှေးလိုက်ရအောင်လား...”

အမျိုးသမီးတစ်ဦးသည် မိမိကလေး၏ နှုတ်ခမ်းများ အေးလွန်း၍ ပြာနှမ်းလာသည်ကို မြင်လိုက်ရသဖြင့် ရှတင်းအား မနေနိုင်တော့ဘဲ ပြောလိုက်သည်။

သို့သော် သူမ စကားမဆုံးမီမှာပင် ရှတင်းက ဖြတ်ပြောလိုက်သည်။

“ငါ ရက်ဝုဒ်တောင်ကြောက လှည့်ဖြားမိစ္ဆာအကြောင်း ပြောပြမယ်...”

လူတိုင်း အေးလွန်းသဖြင့် ခက်ခဲနေကြသော်လည်း လှည့်ဖြားမိစ္ဆာ ဟူသော အမည်ကို ကြားလိုက်သည်နှင့် အမှောင်ထုအတွင်း ရှတင်းကို မော့ကြည့်လိုက်ကြသည်။

ရှတင်းသည် လူတိုင်း၏ အာရုံကို လွှဲပြောင်းကာ အချိန်အနည်းငယ် ထပ်မံတောင့်ခံနိုင်ရန် ရည်ရွယ်နေကြောင်း အားလုံး နားလည်ကြပေသည်။

သို့သော် သူတို့ကို ကြာမြင့်စွာ စိတ်ရှုပ်ထွေးစေခဲ့သည့် လျှို့ဝှက်ချက်မှာ နောက်ဆုံးတွင် ဖွင့်ဟတော့မည်ဖြစ်သဖြင့် ရှဟုန်သည်လည်း အာရုံစူးစိုက်ကာ နားထောင်လိုက်တော့သည်။

“ရက်ဝုဒ်တောင်ကြောက လှည့်ဖြားမိစ္ဆာကို... ငါ ကိုယ်တိုင်တော့ မမြင်ဖူးဘူး... ဒါပေမဲ့ ရိုဂယ်စခန်းက မိတ်ဆွေဟောင်းတစ်ယောက်ဆီက ကြားဖူးတယ်...”

“တကယ်တော့ ငါတစ်ယောက်တည်း မမြင်ဖူးတာ မဟုတ်ဘူး... ရက်ဝုဒ်တောင်ကြောပတ်လည်က စခန်းကိုးခုထဲမှာ အဲဒီသတ္တဝါကို မြင်ဖူးပြီး အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တဲ့သူ တစ်ယောက်တည်း ရှိတယ်...”

“ဘယ်သူလဲ...”

အသက်ငယ်ပြီး သိလိုစိတ်ပြင်းပြသော ရှချွမ်သည် မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။

ထိုမေးခွန်းသည်လည်း အားလုံး သိချင်နေကြသည့် မေးခွန်းပင် ဖြစ်သည်။

“လော်ဖုန်း... ရိုဂယ်စခန်းက လော်ဖုန်း...”

“ဟင်…”

လော်ဖုန်း၏ အမည်ကို ကြားလိုက်သည်နှင့် လူအုပ်ကြီးတစ်ခုလုံး ဆူညံသွားခဲ့ကာ ရှဟုန်ပင် မျက်လုံးပြူးသွားမိသည်။

လော်ဖုန်းသည် ရိုဂယ်စခန်း၏ စခန်းသခင်ဟောင်းဖြစ်ပြီး ရက်ဝုဒ်တောင်ကြောတစ်ဝိုက်တွင် ပထမဆုံး မြေတူးသမားအဆင့် သို့ ရောက်ရှိခဲ့သူဟု နာမည်ကျော်ကြားပေသည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က ရိုဂယ်စခန်းသည် မဟာရှစခန်းနှင့် များစွာမကွာလှဘဲ လူဦးရေ ၂၀၀ ကျော်သာရှိသော အသေးစားစခန်းတစ်ခု ဖြစ်ခဲ့ပေသည်။

လော်ဖုန်း၏ ဦးဆောင်မှုအောက်တွင်သာ တဖြည်းဖြည်း ကြီးထွားလာကာ အလတ်စားစခန်းတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

လူတိုင်း အံ့ဩသွားရခြင်းမှာ လော်ဖုန်း၏ ကျော်ကြားမှုကြောင့်သာ မဟုတ်ပေ။ ထိုသူသည် ရူးသွပ်သွားခဲ့သည်ဟု သတင်းများလည်း ထွက်ခဲ့ဖူးပေသည်။

လွန်ခဲ့သော ၁၅ နှစ်က ရိုဂယ်စခန်းမှ သတင်းတစ်ခု ပျံ့နှံ့လာခဲ့လေသည်။

လော်ဖုန်းသည် ကျင့်ကြံနေစဉ် စိတ်ဖောက်ပြန်သွားပြီး မိမိသားအရင်းကိုပင် ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်ဟူသော သတင်းကြောင့် အားလုံး တုန်လှုပ်ခဲ့ကြရသည်။

ထိုရူးသွပ်မှုသည် လှည့်ဖြားမိစ္ဆာနှင့် ဆက်စပ်နေခဲ့သလော...

“မင်းတို့ ခန့်မှန်းတာ မမှားဘူး... လော်ဖုန်း ရူးသွားတာဟာ တကယ်ပဲ လှည့်ဖြားမိစ္ဆာကြောင့်ပဲ...”

“သူက အမဲလိုက်အဖွဲ့ကို ဦးဆောင်ရင်း အဲဒီသတ္တဝါနဲ့ တွေ့ခဲ့တယ်.. အဖွဲ့မှ လူ ၂၀ ပါသွားပေမဲ့ အသက်ရှင်ပြီး ပြန်လာနိုင်ခဲ့တာ သူတစ်ယောက်တည်းပဲ...”

“ဒါပေမဲ့ ရိုဂယ်စခန်းကို ပြန်ရောက်ပြီး ညတစ်ညမှာတော့ ဘာအကြောင်းကြောင့်မှန်း မသိဘဲ ရုတ်တရက် ရူးသွားပြီး သူ့သားငယ်ကို သတ်ပစ်ခဲ့တယ်...”

“သူ သတိပြန်ဝင်လာချိန်မှာတော့ စိတ်က လုံးဝ ဖောက်ပြန်နေပြီ... မရူးသွားခင်မှာတော့ ရက်ဝုဒ်တောင်ကြောအတွင်း နက်နက်ရှိုင်းရှိုင်း မဝင်ကြဖို့ ရိုဂယ်စခန်းရဲ့ အမဲလိုက်အဖွဲ့ကို မှာခဲ့သေးတယ်...”

“သူ လှည့်ဖြားမိစ္ဆာအကြောင်း သိထားသမျှကိုလည်း ပြောပြခဲ့တယ်... ဒါကြောင့် ရိုဂယ်စခန်းက လူတချို့သာ အဲဒီသတ္တဝါအကြောင်း သိကြတာဖြစ်ပြီး ငါလည်း သူတို့ဆီက ကြားခဲ့တာ...”

“အဲဒီ လှည့်ဖြားမိစ္ဆာက ဘယ်လိုပုံစံရှိလဲ...” ထပ်မံ၍ ရှချွမ်က မေးလိုက်ပြန်သည်။

ရှတင်းသည် ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလိုက်လေသည်။

“သူ့မှာ သတ်မှတ်ထားတဲ့ ရုပ်သွင် မရှိဘူး... လှည့်ဖြားမိစ္ဆာက ဘယ်သူ့ရုပ်သွင်ကိုမဆို ပြောင်းလဲနိုင်တယ်လို့ ပြောကြတယ်...”

ဘယ်သူ့ရုပ်သွင်ကိုမဆို ပြောင်းလဲနိုင်သည် ဟုတ်လား…

ဒါက နတ်ဘုရာကျင့်စဥ် မဟုတ်ဘူးလား...

ရုပ်ပေါင်း ၇၂ မျိုး ပြောင်းလဲနိုင်တဲ့ နတ်ကျင့်စဥ်လိုပေါ့...

ဒီကမ္ဘာသည် သဘာဝလွန်ကမ္ဘာဖြစ်ကြောင်း သိထားသော်လည်း ထိုစကားကို ကြားလိုက်ရချိန်တွင် ရှဟုန်၏ စိတ်ထဲ၌ပင် တုန်လှုပ်သွားမိသည်။

“တကယ်ကို ခွဲခြားလို့ မရဘူးလား...” ရှဟုန်ပင် မနေနိုင်တော့ဘဲ မေးလိုက်လေသည်။

ရှတင်းသည် ထိုမေးခွန်းကြောင့် အနည်းငယ် အံ့ဩသွားပုံရပြီး ခဏအကြာမှ ပြန်ဖြေလိုက်သည်။

“ဘယ်နည်းလမ်းနဲ့မှ ခွဲခြားလို့ မရဘူး...”

“ဒါဆို တခြားလူအဖြစ် ပြောင်းထားပြီးရင်... သူ ဘာလုပ်မှာလဲ...”

နောက်ထပ် အရေးကြီးသော မေးခွန်းတစ်ခု ထွက်ပေါ်လာသဖြင့် ရှဟုန်သည် ပို၍ အာရုံစိုက်ကာ နားထောင်နေခဲ့သည်။

ရှတင်း၏ အသံမှာ ရုတ်တရက် လေးနက်သွားကာ

“မင်း အယုံကြည်ရဆုံး လူတစ်ယောက်အဖြစ် ပြောင်းလဲပြီး မင်းရဲ့ ယုံကြည်မှုကို အပြည့်အဝ ရယူလိမ့်မယ်... မင်း သူ့ကို လုံးဝ ယုံကြည်သွားတဲ့ အချိန်မှာ... မင်းဟာ လူတိုင်တစ်တိုင် ဖြစ်သွားလိမ့်မယ်...”

“လူတိုင် ဟုတ်လား…"

“လူတိုင်ဆိုတာ... မလှုပ်မယှက် ရပ်နေရတဲ့ လူပဲ...”

“ပြီးတော့ရော...”

“ဓားငယ်တစ်ချောင်းနဲ့ မင်းရဲ့ အသားတွေကို တစ်စစီ လှီးဖြတ်သွားလိမ့်မယ်... မင်း ဘယ်လောက်ပဲ နာကျင်နေပါစေ... အသားတစ်စတစ်စ မကျန်အောင် လှီးဖြတ်ပြီးတဲ့အထိ မင်း မသေနိုင်ဘူး...”

ရှူး…

လူတိုင်း အေးစက်သော လေတစ်ချက်ကို အတူတကွ ရှိုက်သွင်းလိုက်ကြသည်။

ထိုဝေဒနာသည် မည်မျှအထိ ခံရခက်မည်ကို စဉ်းစားကြည့်ရုံနှင့် ကျောချမ်းစရာ ကောင်းလှပေသည်။

သေချင်လျက်နှင့်ပင် မသေနိုင်ပေ...

လှည့်ဖြားမိစ္ဆာသည် ထိုမျှအထိ ရက်စက်ဖောက်ပြန်နိုင်လေသလော...

ရှတင်း၏ စကားများကြောင့် လူတိုင်း ကြောက်ရွံ့သွားကြပြီး ဂူတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့လေသည်။

သို့သော် ထိုအချိန်တွင် ဂူအပြင်ဘက်မှ ကြည်လင်ရှင်းလင်းသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဘာလို့ ဂူကို ဒီလောက်စောစော ပိတ်ထားတာလဲ... ဖွင့်လိုက်တော့... ငါတို့ ပြန်လာပြီ...”

ထိုအသံကို ကြားလိုက်သည်နှင့် ဂူအတွင်း စုဝေးနေသော လူအားလုံး၏ ခန္ဓာကိုယ်များ တစ်ပြိုင်နက် တောင့်တင်းသွားကြရာ ရှဟုန်လည်း အပါအဝင် ဖြစ်သည်။

“တံခါး မြန်မြန်ဖွင့်လေ... မကြားဘူးလား...” နောက်ထပ် အသံတစ်သံ ထပ်ထွက်လာသည်။

အမှောင်ထု ဖုံးလွှမ်းနေသော ဂူအတွင်း လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြလေသည်။

သူတို့အားလုံးသည် ဂူဝင်ပေါက်ကို အရင် လှည့်ကြည့်လိုက်ကြသည်။

ထို့နောက် တစ်ပြိုင်နက် ရှတင်းကို ပြန်လှည့်ကြည့်လိုက်ကြပြန်သည်။

သူတို့၏ မျက်နှာပေါ်မှ အံ့ဩမှုသည် ချက်ချင်း အဆုံးစွန်သော ထိတ်လန့်ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

အကြောင်းရင်းမှာ...

ဂူအပြင်ဘက်မှ ထွက်ပေါ်လာသော ထိုအသံသည်လည်း...

ရှတင်း၏ အသံ ဖြစ်နေသောကြောင့်ပင်..........

All Chapters