အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) - ရွှေ့ပြောင်းခြင်း
လူတစ်ရာကျော်၏ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ဂူဝင်ပေါက်ကို မကြာမီပင် အပြီးအပိုင် ပိတ်ဆို့နိုင်ခဲ့သည်။
ဂူအတွင်း၌ မီးရောင်ရှိနေသော်လည်း ဝင်ပေါက်ပိတ်သွားသည်နှင့် တစ်ပြိုင်နက် အတွင်းပိုင်းသည် ပိုမို မှောင်မိုက်သွားခဲ့တော့သည်။
ပိတ်လှောင်ထားသည့် နေရာကပေးသော လုံခြုံမှုခံစားချက်ကြောင့်သာ စခန်းသားများ၏ နာကျင်မှု ဝေဒနာပြည့်နေသော မျက်နှာများလည်း အနည်းငယ် သက်သာသွားခဲ့သည်။
သို့သော် သူတို့၏ အမူအရာများမှာ စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး မျက်နှာတိုင်းတွင် ဝေဝါးမှုများသာ ပြည့်နှက်နေသည်။
“အစ်ကိုကြီး၊ ရှေ့ဆက် ဘာလုပ်ကြမလဲ...”
ရှချွမ်၏ အသံထွက်ပေါ်လာသည်နှင့် လူတိုင်း၏ အကြည့်များသည် ရှဟုန်ထံသို့ ရောက်ရှိသွားသည်။
အစောပိုင်းတွင် ရှတင်းအစစ်ကို ခွဲခြားနိုင်ခဲ့ခြင်း၊ ထို့နောက် အသက်ရှင်ရေးအတွက် အားလုံးကို ဦးဆောင်တိုက်ခိုက်ခဲ့ခြင်း၊ နောက်ဆုံးတွင် အသက်ကယ်ပေးခဲ့သော မီးပုံငယ်လေးကို ဖန်တီးနိုင်ခဲ့ခြင်းတို့ကြောင့် ရှဟုန်သာ မရှိခဲ့လျှင် ယခုစခန်းတွင် အသက်ရှင်ကျန်မည့်သူ မရှိသလောက်ပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ယခုအချိန်တွင် လူတိုင်းက မျှော်လင့်ချက်အားလုံးကို သူ့အပေါ်တွင် ပုံအပ်ထားခြင်းမှာ သဘာဝကျလှပေသည်။
ရှဟုန်လည်း ထိုအားထားမှုကို ကောင်းစွာ ခံစားရသဖြင့် သူ့အပေါ် ကျရောက်လာသော ဖိအားမှာ ချက်ချင်းပင် အဆများစွာ တိုးလာခဲ့ရသည်။
အမှန်တကယ်တော့ သူ့တွင် နောက်ဆုတ်ရန် ရွေးချယ်စရာ မရှိတော့ပေ။
ရှတင်းနှင့် သစ်ခုတ်သမား ဆယ့်သုံးယောက် သေဆုံးသွားပြီဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။
ယခုပင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုအတွင်း လူ ၇၂ ယောက် ထပ်မံ သေဆုံးခဲ့ရသည်။
သူ အခုလေးတင် လူ ရေတွက်ပြီးရာ စခန်းတွင် လူ ၁၅၄ ယောက်သာ ကျန်တော့သည်။
ထိုအထဲတွင် အရွယ်ရောက်ပြီးသူမှာ ၅၃ ယောက်သာ ရှိပေသည်။
ထိုအသက်ကြီးသူများက ရှတင်းနှင့်အတူ သစ်ခုတ်ရန်၊ အမဲလိုက်ရန် မလိုက်နိုင်ဘဲ စခန်းတွင်သာ ကျန်ခဲ့ရခြင်းအကြောင်းရင်းမှာ သူတို့၏ စွမ်းရည်များ အားနည်းပြီး သာမန်လူတစ်ယောက်၏ ခွန်အားသာ ရှိသောကြောင့်ပင်။
ကျန်ရှိသည့် လူ ၁၀၁ ယောက်အနက် သူကိုယ်တိုင် အပါအဝင် အသက်ရွယ်တူ ၂၅ ယောက်ရှိပြီး ကျန်သူများမှာ ၃ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများသာ ဖြစ်သည်။
မူလကတည်းက သူသည် စခန်းအတွင်း၌ အင်အားအကြီးဆုံးသူ ဖြစ်သည်။
ထို့ပြင် ယခင်စခန်းခေါင်းဆောင် ရှတင်း၏ သားလည်း ဖြစ်သဖြင့် စခန်းသားများကို ဆက်လက် ဦးဆောင်ကာ အသက်ရှင်အောင် လမ်းပြပေးရခြင်းသည် သဘာဝကျသော တာဝန်တစ်ရပ် ဖြစ်လာခဲ့သည်။
ရှဟုန်သည် စိတ်ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး ဂူအနှံ့ကို တစ်ချက်ဝေ့ကြည့်ကာ ပထမဆုံး ဆုံးဖြတ်ချက်ကို ချက်ချင်း ချလိုက်သည်။
“ဒီနေရာမှာ ဆက်မနေလို့ မရတော့ဘူး... အားလုံး ပစ္စည်းတွေ သိမ်းဆည်းထားကြ... ညရောက်တာနဲ့ ငါတို့ ပြောင်းရွှေ့မယ်...”
ရက်ဝုဒ်တောင်ကြောမှ လှည့်ဖြားမိစ္ဆာသည် စခန်း၏ တည်နေရာကို သိရှိပြီးဖြစ်သဖြင့် အချိန်မရွေး ပြန်ရောက်လာနိုင်ပေသည်။
ဤနေရာတွင် ဆက်နေလျှင် သေခြင်းကိုသာ စောင့်နေသလို ဖြစ်နေပေလိမ့်မည်။
“အစ်ကိုကြီး၊ ငါတို့ ဘယ်ဂူနံပါတ်ကို ပြောင်းမှာလဲ...”
“အနောက်ဘက်က နံပါတ် ၄ ဂူကို...”
ဒီကမ္ဘာပေါ်တွင် လူသားများသည် မွေးဖွားချိန်မှ သေဆုံးချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုလျှင်ပင် မမှားပေ။
နေ့အလင်းကို ရှောင်ရသည်...
ရေခဲလှိုင်းကို ရှောင်ရသည်...
ရေခဲသားရဲများကို ရှောင်ရသည်...
လှည့်ဖြားမိစ္ဆာများကိုလည်း ရှောင်ရသည်...
ဤသို့ နှစ်ပေါင်းများစွာ တိမ်းရှောင်နေခဲ့ရသဖြင့် လူသားများတွင် ပုန်းအောင်းရာ နေရာများစွာ ကြိုတင်ပြင်ဆင်ထားသည့် အလေ့အထ ဖြစ်ပေါ်လာခဲ့သည်။
မဟာရှ စခန်းလည်း ထိုနည်းတူပင် ဖြစ်သည်။
ရက်ဝုဒ်တောင်ကြောတွင် ဆယ်စုနှစ်များစွာ နေထိုင်လာခဲ့သဖြင့် စခန်းသည် ပုန်းအောင်းရန် ဂူ ၆ ခုကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
ထိုဂူ ၆ ခုသည် တစ်ခုနှင့်တစ်ခု မီတာ ၅၀၀ မှ ၆၀၀ ခန့်သာ ကွာဝေးကာ ရက်ဝုဒ်တောင်ကြော အရှေ့တောင်စောင်းကို စက်ဝိုင်းပုံစံ ဝန်းရံထားပေသည်။
ယခု သူတို့ရှိနေသည့် နေရာမှာ နံပါတ်တစ်ဂူဖြစ်ပြီး နံပါတ် ၄ ဂူမှာ အဝေးဆုံး ဖြစ်သဖြင့် လုံခြုံရေးအတွက် ရှဟုန်က နံပါတ် ၄ ဂူကို ရွေးချယ်ခဲ့ပေသည်။
သဘာဝအတိုင်း ဘယ်သူမျှ ကန့်ကွက်ခြင်း မရှိဘဲ အားလုံးက ရှဟုန်၏ အမိန့်အတိုင်း လှည့်၍ ပစ္စည်းများ သိမ်းဆည်းကာ ညရောက်လျှင် ပြောင်းရွှေ့ရန် ပြင်ဆင်ကြတော့သည်။
ဤအချိန်ကို အသုံးချ၍ ရှဟုန်သည် အစောပိုင်းက သေချာမကြည့်ရသေးသော စခန်းစနစ်ကို စိတ်အာရုံ စိုက်လိုက်သည်။
“စခန်း - မဟာရှ ( အဆင့် ၀ )”
“စခန်းသခင် - ရှဟုန်”
“စခန်းလူဦးရေ - ၁၅၄”
“အရင်းအမြစ် - သစ် - ၁၅၊ ကျောက်မီးသွေး - ၀၊ သံ - ၀၊ ငွေ - ၀၊ ရွှေ - ၀”
“အဆောက်အအုံ - မီးပုံငယ်လေး ( အဆင့် ၁ )၊ နေ့စဉ် အသုံးစရိတ် သစ် - ၂ ( တပ်ဆင်ထားပြီး )”
“မီးပုံငယ်လေး - ၁၀ မီတာအတွင်း အပူချိန်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပြီး အဆင့်နိမ့် မိစ္ဆာများကို ဟန့်တားနိုင်သော်လည်း ရေခဲသားရဲများကို ပြင်းထန်စွာ ဆွဲဆောင်နိုင်သည်။”
“အထူးစွမ်းရည် - သစ် ၁၀ ယူနစ် မီးရှို့တိုင်း မီးရှူးငယ် တစ်ချောင်း ရရှိမည်။ ၎င်း၏ အာနိသင်မှာ မီးပုံငယ်လေးနှင့် တူညီပြီး သယ်ဆောင်နိုင်သည်။”
“မီးပုံငယ်လေး အဆင့်မြှင့်ရန် လိုအပ်သော အရင်းအမြစ် - သစ် -၂၀၀၊ သံ - ၅၀”
ဖွင့်ထားသော မျက်နှာပြင်၏ အောက်ဘက်တွင် မီးခိုးရောင်ဖြင့် ပိတ်ထားသည့် ရွေးချယ်စရာ ရှစ်ခုလည်း ရှိနေသေးသည်။
သစ်သားလေ့ကျင့်ရုပ်... ဝါးစိမ်းခြံစည်းရိုး... အမှတ်အသားကျောက်တိုင်... ဆေးပြုတ်အိုး... မြေဝါ... သွေးကျောက်... သစ်သားစားပွဲအသေး... သံကြမ်းသံကြိုး...
ရှဟုန်၏ စိတ်ထဲ အနည်းငယ် လှုပ်ရှားသွားသဖြင့် သစ်သားလေ့ကျင့်ရုပ်ကို ရွေးချယ်လိုက်ရာ စာတစ်ကြောင်း ချက်ချင်း ပေါ်လာသည်။
“သစ်သားလေ့ကျင့်ရုပ် ( မတည်ဆောက်ရသေး )
တည်ဆောက်ရန် လိုအပ်သော အရင်းအမြစ် - သစ် ၁၀၀၊ သံ ၂၀”
မျှော်လင့်ထားသည့်အတိုင်း ကျန်သည့် အဆောက်အအုံ ခုနစ်ခုလုံးကိုလည်း အရင်းအမြစ် ရရှိမှသာ ဖွင့်နိုင်ပေမည်။
ထိုအထဲမှ ခြောက်ခုကို သစ်၊ ကျောက်မီးသွေးနှင့် သံတို့ လိုအပ်ပြီး သစ်သားစားပွဲအသေးအတွက် ငွေလိုအပ်ကာ နောက်ဆုံး ကြမ်းတမ်းသော သံကြိုးကိုတော့ ရွှေလိုအပ်ပေသည်။
မီးပုံငယ်လေး၏ အစွမ်းကို ကိုယ်တိုင် မြင်တွေ့ထားပြီးဖြစ်သဖြင့် ရှဟုန်သည် ဤအဆောက်အအုံများကို အလွန် စိတ်ဝင်စားမိလေသည်။
သို့သော် လက်ရှိအခြေအနေမှာ ရွှေ၊ ငွေကို မဆိုထားနှင့်၊ ဒီကမ္ဘာသို့ ရောက်လာသည်မှာ တစ်လရှိသေးသော်လည်း ကျောက်မီးသွေးကိုပင် တစ်ခါမှ မမြင်ဖူးသေးပေ။
မီးပုံငယ်လေးကို အဆင့်နှစ်သို့ မြှင့်ရန်ပင် သစ် - ၂၀၀ နှင့် သံ - ၅၀ လိုအပ်နေပေသည်။
ရှဟုန်၏ စိတ်ထဲ အတွေးတစ်ခု ပေါ်လာသဖြင့် ဂူနံရံဘေးသို့ လျှောက်သွားလိုက်သည်။
မြေပြင်ပေါ်တွင် အရှည် မီတာ ၃၀ ကျော်၊ လုံးပတ် ၃ မီတာကျော်ရှိသော သစ်ပင်ကြီး ၃ ပင် လဲလျောင်းနေလေသည်။
ရှဟုန်သည် သစ်ခုတ်ရန် တစ်ခါမှ မလိုက်ဖူးသော်လည်း လွန်ခဲ့သော တစ်လအတွင်း ဂူဝင်ပေါက်မှ အနီးပတ်ဝန်းကျင်ရှိ တောအုပ်ကို မြင်တွေ့ခဲ့ဖူးပေသည်။
ဒီကမ္ဘာရှိ သစ်ပင်များ၏ ကြီးထွားနှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ကြီးထွားနှုန်းသာမက သစ်သား၏ သိပ်သည်းဆမှာလည်း အလွန်အမင်း မြင့်မားလွန်းပေသည်။
အပူချိန်နိမ့်သည့်အတွက် သစ်ခေါက်တစ်ခုလုံးကို ရေခဲအလွှာများ ဖုံးအုပ်ထားပြီး သစ်ခုတ်ရသည့် အခက်အခဲကို များစွာ တိုးစေခဲ့သည်။
ခွန်အား ပေါင် ၅၀၀၀ မပြည့်လျှင် သစ်ခုတ်နိုင်ဖို့မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် သစ်ခုတ်နိုင်ခြင်းသည် ခွန်အား၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။
ရှတင်းသည် သစ်ခုတ်ထွက်တိုင်း အပါးဆုံး သစ်ပင်များကိုသာ ရွေးခဲ့ရသည်။ ပိုထူသော သစ်ပင်များကို မရွေးချင်၍ မဟုတ်ဘဲ မခုတ်နိုင်သောကြောင့်သာ ဖြစ်သည်။
ရှတင်း ကံကောင်း၍ ခုတ်နိုင်ခဲ့သည့်တိုင် ပြန်သယ်လာနိုင်ဖို့မှာလည်း မဖြစ်နိုင်သလောက်ပင် ဖြစ်လေသည်။
မြေပြင်ပေါ်ရှိ သစ်ပင်ကြီး ၃ ပင်ကို ကြည့်ရင်း ရှဟုန်၏ မျက်လုံးများထဲတွင် အတွေးများ ဖြတ်သန်းသွားသည်။
“ဒီ ၃ ပင်ဆို သစ် ၁၅ ယူနစ်လောက် ရနိုင်မယ်။ အဲဒီလိုဆိုရင် မီးပုံငယ်လေးကို အဆင့် ၂ မြှင့်ဖို့ အနည်းဆုံး ဒီလိုသစ်ပင်ကြီး အပင် ၂၀ နဲ့ သံ ၂၀ ယူနစ် လိုလိမ့်မယ်...”
ဤအထိ စဉ်းစားပြီးနောက် ရှဟုန်သည် ခေါင်းခါကာ ထိုအတွေးကို ချက်ချင်း ရပ်လိုက်သည်။
သစ်ပင်အပင် ၂၀ ကို မဆိုထားနှင့်... ရှတင်းနှင့် သစ်ခုတ်သမားများ ပြောခဲ့သည့်အတိုင်း ခွန်အား ပေါင် ၅၀၀၀ မပြည့်လျှင် သစ်ပင်တစ်ပင် ခုတ်ဖို့ပင် မလွယ်ကူပေ။
သံကိုတော့ မဆိုထားနှင့်။ ရက်ဝုဒ်တောင်ကြောတစ်ဝိုက်ရှိ စခန်းများအနက် ရိုဂယ်စခန်းတွင်သာ ရှိနိုင်ပေသည်။
‘လက်ရှိအချိန်မှာ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ... လေ့ကျင့်မှုကိုလည်း ပိုပြီး အရှိန်မြှင့်ရမယ်... မူလက တစ်လအတွင်း ပေါင် ၅၀၀၀ ပြည့်အောင် ဖြည်းဖြည်းချင်း လုပ်ဖို့ စဉ်းစားထားပေမယ့် အခုတော့ အမြန်ဆုံး ရောက်အောင် လုပ်ရမယ်...’
ရှဟုန်က တိုးတိုးလေး ရေရွတ်လိုက်ပြီး စိတ်ထဲတွင် အရေးတကြီး ခံစားချက်ကို ပိုမို ပြင်းထန်စွာ ခံစားလိုက်ရတော့သည်။
သစ် ၁၅ ယူနစ်သည် မီးပုံငယ်လေးကို ခုနစ်ရက်ခွဲသာ ထောက်ပံ့နိုင်သည်။ ညဘက်တွင် အဆင်ပြေနိုင်သော်လည်း နေ့ဘက်တွင် အနွေးဓာတ်အတွက် မီးမရှိလျှင် စခန်းသားများ အေးခဲသေဆုံးသွားနိုင်ပေသည်။
……
ယခင်ကလည်း နေ့အချိန်ကို ဖြတ်သန်းခဲ့ဖူးသော်လည်း ယနေ့၏ လေးနာရီကြာ နေ့အချိန်မှာ စခန်းသားများအတွက် အတော်ကို ခက်ခဲလှသည်။
တစ်ဖက်တွင်... သူတို့သည် ကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ရပြီး မိသားစုဝင်များစွာကို ဆုံးရှုံးထားရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေသည်။
အခြားတစ်ဖက်တွင်... ညရောက်လျှင် ပြောင်းရွှေ့ရမည်ဖြစ်သည့်အတွက် အနာဂတ်အပေါ် မသေချာမှုများက စိတ်ပူပန်မှုကို ပို၍ တိုးစေသည်။
သို့သော် တဖြည်းဖြည်းနှင့် နောက်ဆုံးတွင် နေ့အချိန်လည်း ကုန်ဆုံးသွားခဲ့သည်။
ရှဟုန်သည် ဂူဝင်ပေါက်ကို အနည်းငယ် ဖွင့်၍ အပြင်ဘက်ကို ကြည့်လိုက်ရာ ညအချိန်ရောက်နေပြီ ဖြစ်သည်။
ပတ်ဝန်းကျင်သည် မှောင်မိုက်နေသော်လည်း ရေခဲသလင်းကျောက်များနှင့် နှင်းပွင့်များကြောင့် မြေပြင်တစ်ခုလုံး ငွေရောင်တောက်ပနေပြီး မြင်ကွင်းမှာ မဆိုးလှပေ။
အရေးအကြီးဆုံးမှာ ညရောက်သည်နှင့် အပူချိန်က ပြန်လည် မြင့်တက်လာသည်။
ရှဟုန်သည် နောက်လှည့်ကာ အထုပ်အပိုးများ ကိုယ်စီ လွယ်ထားသော စခန်းသားများကို ကြည့်လိုက်သည်။
လူ ၁၄၅ ယောက်ကို သူသည် အဖွဲ့သုံးဖွဲ့ ခွဲထား၏။
ပထမအဖွဲ့ လူ ၄၀ မှာ အရွယ်ရောက်ပြီးသော ကျား၊ မများ ဖြစ်သည်။
ဒုတိယအဖွဲ့မှာ ကလေး၇၆ ယောက်နှင့် အရွယ်ရောက် အမျိုးသမီး ၁၃ ယောက် ဖြစ်သည်။
တတိယအဖွဲ့တွင်တော့ သူ၊ ရှချွမ်နှင့် လူငယ် ၂၃ ယောက် ပါဝင်သည်။
“အရွယ်ရောက်ပြီးသူတွေ ရှေ့က သွားမယ်... လူ၁၂ ယောက် ခွဲပြီး ဒီသစ်ပင်သုံးပင်ကို သယ်ကြ...”
“ကလေးတွေအားလုံး အလယ်မှာနေမယ်... မင်းတို့ အမျိုးသမီး ၁၃ ယောက်က သူတို့ကို စောင့်ရှောက်ကြ...”
“ရှချွမ်၊ မင်းတို့ ၂၃ ယောက်နဲ့အတူ ငါ နောက်ဆုံးက လိုက်မယ်... အတန်းမပျက်စေနဲ့... တစ်ခုခုဖြစ်ရင် အရိုးချွန်ကို အရင်မှုတ်ကြ... ပြဿနာ မဖိတ်ခေါ်မိအောင် အော်မခေါ်နဲ့... နားလည်လား...”
“နားလည်ပါတယ်...”
လူတိုင်း၏ တညီတညွတ်တည်း အဖြေကို ကြားပြီးနောက် ရှဟုန်သည် လက်ဝှေ့ယမ်းကာ ထွက်ခွာရန် အချက်ပေးလိုက်သည်။
လူတစ်ရာကျော်သည် ဂူထဲမှ တဖြည်းဖြည်း ထွက်လာခဲ့ကြလေသည်။
နောက်ဆုံးအဖွဲ့ ထွက်သွားပြီးနောက် ရှဟုန်သည် မီးပုံငယ်လေးကို လှည့်ကြည့်လိုက်ပြီး အတွေးတစ်ချက်ဖြင့် မီးပုံငယ်လေးကို ငြိမ်းသတ်လိုက်ရာ စခန်းစနစ်အတွင်း ၎င်း၏ အခြေအနေမှာ မတပ်ဆင်ရသေး ဟု ပြန်လည် ပြောင်းလဲသွားသည်။
မီးပုံကို သိမ်းဆည်းပြီးနောက် ရှဟုန်သည် အဖွဲ့၏ နောက်ဆုံးသို့ အမြန်ပြေးသွားခဲ့သည်။
လူအုပ်ကြီးသည်လည်း အနောက်ဘက်သို့ စတင်ထွက်ခွာသွားကြလေသည်။
သူတို့ ဝတ်ဆင်ထားသော ဖြူဖွေးသည့် သားရဲသားရေအင်္ကျီများသည် နှင်းထုနှင့် ရောနှောသွားကာ ဒီအေးစက်ရက်စက်သော ရေခဲကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားသကဲ့သို့ ထင်မှတ်ရပေသည်။