အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) - သစ်ခုတ်သမားအဆင့်သို့ ထိုးဖောက်ခြင်း
မီးပုံဘေးတွင် မဟာရှားစခန်းသားများအားလုံးသည် လှဲလျောင်းနေကြသော်လည်းကောင်း၊ တစ်ခုခုကိုမှီ၍ ထိုင်နေကြသော်လည်းကောင်း တခုခု လုပ်နေကြသည်။
အသက်အငယ်ဆုံး ကလေးအချို့မှာ ယခင်က ခရီးရှည်လျှောက်ခဲ့ရသဖြင့် မောပန်းလွန်းကာ အိပ်ပျော်နေပြီ ဖြစ်သည်။
သို့သော် လူအများစုမှာ မအိပ်ကြသေးဘဲ မီးပုံ၏ ဘယ်ဘက်ခြမ်းတွင် သားရေစကတ်တစ်ထည်သာ ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနေသော အရပ်ရှည်ရှည် လူငယ်တစ်ဦးကို ငေးကြည့်နေကြသည်။
သူတို့ငေးကြည့်နေသည်ကို သေချာကြည့်လိုက်လျှင် ထိုလူငယ်ကို မဟုတ်ဘဲ... သူ၏လက်ထဲမှ အသားတုံးကိုသာ ဖြစ်ပေသည်။
ထိုအသားတုံးမှာ မီးကင်ထားသည်မှာ မကြာသေးသဖြင့် ဆီတဖွားဖွားမြည်နေကာ မွှေးရနံ့က တစ်လှိုင်းပြီးတစ်လှိုင်း ပျံ့နှံ့နေသည်။
နိုးနေသူအားလုံးနီးပါးသည် တံတွေးကိုသာ အဆက်မပြတ် မျိုချနေကြသည်။
ထိုလူငယ်မှာ မလွှဲမသေ ရှဟုန်ပင် ဖြစ်သည်။
ရှဟုန် နေရာသစ်သို့ ရောက်လာသည်မှာ မကြာသေးသဖြင့် အခြားသူများအတွက် အချိန်ယူ၍ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်သော်လည်း သူ့အတွက်တော့ မဖြစ်နိုင်ပေ။
မိမိ၏အင်အားကို အမြန်ဆုံးမြှင့်တင်ပြီး သစ်ခုတ်သမားအဆင့်သို့ အမြန်ဆုံး ထိုးဖောက်ရပေမည်။
“တစ်ခါကို ၅ ပေါင်ဆိုရင် ပြဿနာမရှိလောက်ဘူး...”
အေးခဲသားရဲအသားထဲတွင် များပြားလှသော စွမ်းအင်များ ပါဝင်နေပြီး တစ်ကြိမ်တည်း အလွန်အကျွံစားမိပါက ခန္ဓာကိုယ်ပင် ပေါက်ကွဲသွားနိုင်သည်။
ရှဟုန်သည် ယခင်က စားဖူးသဖြင့် ထိုအချက်ကို သိထားပြီးဖြစ်သည်။ သူ့အတွေ့အကြုံအရ တစ်ကြိမ်လျှင် ၅ ပေါင်စားလျှင် ပြဿနာမရှိပေ။
အသားများ အစာအိမ်ထဲသို့ ရောက်သွားသည်နှင့် ပထမဆုံးခံစားရသည်မှာ ဗိုက်ပြည့်သွားသည့် ခံစားချက် ဖြစ်ကာ ထိုခံစားချက် တဖြည်းဖြည်း ပြင်းထန်လာသည်နှင့်အမျှ သူ၏သွေးများ ပွက်ပွက်ဆူလာပြီး ဗိုက်အတွင်းမှ ပြင်းထန်သော အပူရှိန်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ထို့နောက် နဖူး၊ ပခုံး၊ ကျော၊ ခြေလက်များသာမက လက်ဖဝါးနှင့် ခြေဖဝါးများပါမကျန် ချွေးများ အဆက်မပြတ် စီးကျလာသည်။
လက်မောင်းကြွက်သားများ တဖြည်းဖြည်း ဖောင်းကြွလာပြီး နဖူး၊ လက်ဖမိုးနှင့် ခြေထောက်ပေါ်ရှိ သွေးကြောများပါ ထင်ရှားလာလေသည်။
ရှဟုန်၏ အသက်ရှူသံမှာလည်း လေးလံလာပြီး အပူရှိန်ပင် ပါဝင်လာပေသည်။ သူရှူထုတ်လိုက်သော အငွေ့များကို စခန်းသားအားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
ရှဟုန် ရုတ်တရက် လှုပ်ရှားလိုက်သည်။
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ခါးကို လှည့်ကာ လက်သီးတစ်ချက်ကို အရှေ့သို့ ပြင်းပြင်းထန်ထန် ထိုးထုတ်လိုက်သည်။ လက်သီးမှာ အမြောက်ကျည်ဆံကဲ့သို့ ပြင်းထန်လှသည်။
မည်သည့်အရာကိုမျှ မထိသော်လည်း လေထုမှာပင် တုန်ခါသွားပြီး ထိုလက်သီးကိုသာ လူတစ်ဦး ခံလိုက်ရပါက မည်သို့ဖြစ်မည်ကို စဉ်းစားကြည့်နိုင်ပေသည်။
“သေချာကြည့်ထားကြ... ဒါက သာ့ကျူးချန်ချွမ်...”
“လေပြင်းလို ထလာပြီး လျှပ်စီးလို တိုက်ခိုက်တာ... ရှေ့လက်က ဦးဆောင်ပြီး နောက်လက်က ဆက်တိုက်လိုက်လာတယ်... လက်နှစ်ဖက် အလှည့်ကျ ထိုးရင်း အရှိန်မပြတ် ဆက်သွားရတယ်...”
“နောင်အခါ အေးခဲသားရဲအသား လုံလောက်လာရင် ကျားမမရွေး စခန်းထဲက လူတိုင်းကို ငါကိုယ်တိုင် သင်ပေးမယ်...”
ရှဟုန်သည် တာ့ကျူးချန်ချွမ်ကို လေ့ကျင့်ပြသရင်း စခန်းသားများကို ရှင်းပြပေးနေပေသည်။
(ဘာသာပြန်သူ-ဝေမိန်း၏ မှတ်ချက် ။ တာ့ကျူးချန်ချွမ် = မဟာဘိုးဘေး လက်သီးရှည်သိုင်း)
ရေခဲသလင်းသီးသည် ဗိုက်ပြည့်ရုံသာ တတ်နိုင်ပေသည်။ လေ့ကျင့်ရန်ဆိုလျှင် အေးခဲသားရဲအသား မရှိမဖြစ် လိုအပ်ပေသည်။
ဗိုက်ပြည့်အောင် စားရုံဖြင့် ခန္ဓာကိုယ်၏ အခြေခံလုပ်ငန်းဆောင်တာများကို ထိန်းထားနိုင်သည်မှာ နားလည်ရလွယ်ပေသည်။
သို့သော် ခန္ဓာကိုယ်ကို သန်မာအောင် တည်ဆောက်ပြီး စွမ်းရည်မြှင့်တင်လိုလျှင် အသားကို စားရပေမည်။
ဒီလောက၏ ကျင့်ကြံနည်းမှာ ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။
အေးခဲသားရဲအသားကို အများအပြား စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုဖြင့် ထိုအသားထဲရှိ စွမ်းအင်ကို အဆက်မပြတ် စုပ်ယူကာ ခန္ဓာကိုယ်အင်အားကို တဖြည်းဖြည်း မြှင့်တင်ရသည်။
စခန်းထဲတွင် တကယ်တော့ လေ့ကျင့်ချင်တဲ့သူ မရှိသည်တော့ မဟုတ်ပေ။
သို့သော် အသက်ရှင်ရပ်တည်ရေးက ပြဿနာဖြစ်နေချိန်တွင် ကျင့်ကြံခြင်းသည် ပို၍ပင် အိပ်မက်ဆန်လွန်းသည်။
ယခုအချိန်တွင်ပင် ရှဟုန်က တာ့ကျူးချန်ချွမ်ကို သင်ပေးနေသော်လည်း သူတို့သည် ငြိမ်ငြိမ်လေး လှဲလျောင်းကာ နားထောင်ရုံသာ တတ်နိုင်ကြသည်။
မထချင်၍ မဟုတ်ဘဲ လှုပ်ရှားမှုနည်းလေလေ စွမ်းအင်ကုန်ဆုံးမှု နည်းလေလေ ဖြစ်သောကြောင့်ပင်။
“ချွမ်... ဒီလက်သီးသိုင်းကို ဟုန်ကို ဦးလေးတင်း သင်ပေးခဲ့တာလား...”
ကွင်း၏ အလယ်တွင် အားမာန်အပြည့်ဖြင့် လေ့ကျင့်နေသော ရှဟုန်ကို ကြည့်ရင်း ယွမ်ချန်က အားကျဟန်ဖြင့် ရှချွမ်ကို လှည့်မေးလိုက်သည်။
ရှချွမ်၏ မျက်နှာတွင် ဂုဏ်ယူမှုအပြည့်ဖြင့် တိုးတိုးပြောလိုက်သည်။
“ဒါကို ငါ့အစ်ကိုကြီးက လွန်ခဲ့တဲ့တစ်လက ကိုယ်တိုင်ဖန်တီးထားတာ... ငါ ပြောပြမယ်... ဒီသိုင်းကို လေ့ကျင့်ရင် အေးခဲသားရဲအသားရဲ့ စွမ်းအင်ကို ပိုမြန်မြန် စုပ်ယူနိုင်တယ်...”
ထိုစကားကြားသည်နှင့် ယွမ်ချန်၏ မျက်လုံးများ ကျယ်ဝန်းသွားလေသည်။ သူလည်း အေးခဲသားရဲအသား စားဖူးသူဖြစ်သောကြောင့် ထိုစကား၏ အဓိပ္ပာယ်ကို နားလည်ပေသည်။
စွမ်းအင်စုပ်ယူနှုန်း မြန်လာခြင်းဆိုသည်မှာ ကျင့်ကြံနှုန်း မြန်လာခြင်းပင်။
“တကယ်လား...”
“တကယ်ပေါ့။ ငါ့အစ်ကိုကြီး သင်ပေးတာ... ငါကိုယ်တိုင်လည်း စမ်းပြီးပြီ...”
“ဒါဆို ကောင်းတာပေါ့... နောင်အခါ အေးခဲသားရဲအသား ရလာရင် ငါလည်း လေ့ကျင့်မယ်...”
“စိတ်မပူနဲ့... အစ်ကိုကြီးပြောတာ မကြားဘူးလား... အသားလုံလောက်ရင် လူတိုင်းကို သင်ပေးမယ်တဲ့...”
……
ရှဟုန်သည် နောက်ရက်များတွင် မိမိခန္ဓာကိုယ် ခံနိုင်သည့် အမြင့်ဆုံးပမာဏအတိုင်း နေ့စဉ် ၅ ပေါင်စီ စားသုံးခဲ့ပြီး အင်အားမှာလည်း တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။
စခန်းမတိုက်ခိုက်ခံရမီကပင် သူ၏အခြေခံအင်အားမှာ ပေါင် ၄၀၀၀ ရှိနေပြီးဖြစ်သည်။ ထို့နောက် ငါးရက်အတွင်း နေ့စဉ် ပေါင် ၁၀၀ နီးပါး တိုးလာခဲ့သည်။
မဟာရှားစခန်းတွင် အင်အားတိုင်းတာရန် အညိုရောင် သစ်တိုင်ဝိုင်းများကို အသုံးပြုကြသည်။
စုစုပေါင်း ဆယ့်နှစ်တိုင်ရှိပြီး ပေါင် ၁၀၀ တိုင် ငါးတိုင်၊ ပေါင် ၅၀၀ တိုင် နှစ်တိုင်နှင့် ပေါင် ၁၀၀၀ တိုင် ငါးတိုင်တို့ ဖြစ်သည်။
စခန်းသားအားလုံးသည် ရှဟုန် အင်အားတိုင်းတာသည်ကို နေ့တိုင်း စောင့်ကြည့်နေကြပေသည်။
ပထမနေ့၏ ပေါင် ၄၁၀၀ မှ… သတ္တမနေ့တွင် ပေါင် ၄၉၀၀ အထိ ရောက်လာသည်။
လူတိုင်း၏ မျှော်လင့်ချက်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး ပိတ်ထားသော ဂူပေါက်ဝကို ကြည့်ရင်း မျက်လုံးများထဲတွင် မျှော်လင့်ခြင်းအလင်းရောင်များ ပေါ်ထွက်လာခဲ့တော့သည်။
ယခင်က ရှတင်းနှင့် သစ်ခုတ်အဖွဲ့ ရှိစဉ်တွင် ညအချိန်၌ ဂူဝကို ဖွင့်၍ လေဝင်လေထွက် လုပ်နိုင်သေးသည်။
ယခုတော့ တစ်ချိန်လုံး ပိတ်ထားရသဖြင့် အသက်ရှူပင် ကြပ်လာသလို ခံစားရသည်။
အရေးအကြီးဆုံးမှာ ရေခဲသလင်းသီးများလည်း ကုန်ခါနီးပြီး အလွန်အမင်း ချွေတာ၍ စားသော်လည်း ပေါင် ၇၀၀ သာ ကျန်ရှိတော့ပေသည်။
လူ ၁၄၅ ယောက် စားလိုက်သည်မှာ ၇ ရက်အတွင်း ပေါင် ၅၀၀ ကျော် ကုန်သွားခဲ့သည်။ ကျန်သည့်ပမာဏမှာ သုံးရက်ပင် မခံတော့ပေ။
ယခု လူတိုင်း၏ မျှော်လင့်ချက်အားလုံးမှာ ရှဟုန်အပေါ်တွင်သာ မူတည်နေတော့သည်။
ထို့ကြောင့် ၈ ရက်မြောက်နေ့ ညနေခင်းတွင် ရှဟုန်သည် သစ်တိုင်များရှေ့သို့ လျှောက်လာသောအခါ စခန်းသားအားလုံး၏ အကြည့်များမှာ သူ့ထံသို့သာ စုပြုံရောက်ရှိလာသည်။
စခန်း၏ လက်ရှိအခြေအနေကို ကောင်းစွာသိထားသဖြင့် ရှဟုန်သည် လူတိုင်း၏ စိတ်ခံစားချက်ကို နားလည်ပေသည်။
သူ ဘာမှမပြောဘဲ ပေါင် ၁၀၀၀ သစ်တိုင်ငါးတိုင်ကို တစ်ခုချင်း ထပ်တင်လိုက်သည်။
ထို့နောက် တဖြည်းဖြည်း ဒူးကွေးချကာ အောက်ဆုံးသစ်တိုင်ကို လက်နှစ်ဖက်ဖြင့် ဖက်ကိုင်လိုက်သည်။
အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် အားကုန် ထုတ်လိုက်လေသည်။
ပေါင် ၅၀၀၀ ဆိုသော အလေးချိန်မှာ သာမန်လူတစ်ယောက်အတွက် စိတ်ကူးပင် မယဉ်နိုင်သော အလေးချိန် ဖြစ်သည်။
သို့သော် ဒီလောကရှိ လူသားများအတွက်တော့ ပေါင် ၅၀၀၀ မှာ အခြေခံသတ်မှတ်ချက်မျှသာ ဖြစ်သည်။
ပေါင် ၅၀၀၀ ကို မနိုင်သည်နှင့် ထုတ်နိုင်သော အင်အားမှာ ပေါင် ၅၀၀၀ သာ ရှိသည်ဟု မဆိုလိုပေ။
ဥပမာ ရှတင်း... သူ၏ အခြေခံအင်အားမှာ ပေါင် ၇၀၀၀ ကျော် ရှိသည်။
သို့သော် ရှဟုန် မြင်ဖူးသည့်အတိုင်း ရှတင်း ပုဆိန်ခုတ်ချတိုင်း ထွက်လာသော အင်အားမှာ ပေါင် ၁၀၀၀၀ ကျော် ရှိမည်မှာ သေချာပေသည်။
လူတယောက် ထုတ်လွှတ်သော အင်အားသည် နည်းစနစ်၊ ခန္ဓာကိုယ်နှင့် အခြေအနေတို့အပေါ် မူတည်သော်လည်း အခြေခံအင်အားကိုတော့ လိမ်ညာလို့ မရပေ။
“အဘယ်ကြောင့် သစ်ခုတ်ရန် ပေါင် ၅၀၀၀ ကျော် အခြေခံအင်အား လိုအပ်သနည်” ဟု ရှဟုန် ယခင်က ရှတင်းကို မေးခဲ့ဖူးပေသည်။
ရှတင်းကား မဖြေခဲ့ဘဲ ရှဟုန်ကို ကျောက်ပုဆိန်တစ်လက်သာ ပစ်ပေးပြီး သစ်ပင်တစ်ပင် ခုတ်ကြည့်ရန် ပြောခဲ့သည်။
ထိုသစ်ပင်များမှာ သစ်ခုတ်အဖွဲ့က ရက်ဝုဒ်တောင်ကြော အပြင်ဘက်မှ ခုတ်ယူလာခဲ့သော သစ်ပင်များ ဖြစ်သည်။
ထိုအချိန်က ရှဟုန်၏ အခြေခံအင်အားမှာ ပေါင် ၂၀၀၀ ကျော်သာ ရှိသေးသည်ဖြစ်ရာ တစ်ချက်ခုတ်လိုက်ရုံဖြင့် လက်မနှင့် လက်ညှိုးကြား အသားကွဲသွားပြီး တံတောင်ဆစ်အဆစ်ပင် ကျိုးသွားခဲ့ပေသည်။
သိထားရမည်မှာ... ထိုသစ်ပင်များသည် အပြင်တွင် ခုတ်ယူလာပြီး ဂူထဲတွင် ရက်အတော်ကြာ ထားထားသဖြင့် အပြင်ဘက် ရေခဲလွှာများပင် အရည်ပျော်သွားပြီးသား ဖြစ်ကြောင်းပင်။
သို့သော် ပေါင် ၂၀၀၀ အခြေခံအင်အားဖြင့်ပင် အပေါ်ယံအခေါက်ကို မထိခိုက်နိုင်ခဲ့ပေ။ ထိုအချိန်မှစ၍ ရှဟုန် နားလည်သွားခဲ့လေသည်။
ဤအလွန်အမင်း အေးခဲသောပတ်ဝန်းကျင်တွင် ရှင်သန်နိုင်သော လူသားဖြစ်စေ၊ သစ်ပင်ဖြစ်စေ သာမန်အသိဖြင့် တိုင်းတာ၍ မရနိုင်ပေ။
ထို့အပြင် ရက်ဝုဒ်တောင်ကြောဘေးမှ မိုးထိမြင့်မားသော သစ်တောကြီးများကိုသာ ကြည့်လိုက်လျှင် လူသားများထက်ပင် ထိုသစ်ပင်များက ဒီလောကနှင့် ပိုမိုလိုက်လျောညီထွေ ဖြစ်နေကြောင်း သိသာသည်။
“ပေါင် ၅၀၀၀ က အစပဲရှိသေးတယ်....”
ရှဟုန်က အသံတိုးတိုးဖြင့် အော်ဟစ်လိုက်ပြီး မျက်လုံးများမှာ ဆုံးဖြတ်ချက်အပြည့်ဖြင့် တောက်ပလာသည်။
သူသည် တစ်ကိုယ်လုံးရှိ ကြွက်သားများကို အစွမ်းကုန် တင်းကျပ်ကာ အပေါ်သို့ အားကုန်မလိုက်သည်။
သွေးများပင် ဆူပွက်နေသလို ခံစားရသည်။
စခန်းသားအားလုံး၏ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များအောက်တွင် ပေါင် ၁၀၀၀ သစ်တိုင် ၅ တိုင်သည် မြေပြင်မှ တဖြည်းဖြည်း ကြွတက်လာပြီး နောက်ဆုံးတွင် ရှဟုန်၏ ဦးခေါင်းအထက်သို့ မြှောက်တင်နိုင်ခဲ့တော့သည်။
“အစ်ကိုကြီး... အောင်မြင်သွားပြီ...”
“ခေါင်းဆောင် အားကောင်းလိုက်တာ...”
“ပေါင် ၅၀၀၀... ဟားဟား... ခေါင်းဆောင်က တကယ်ကြမ်းတယ်...”
“ဟုန်... မင်း သစ်ခုတ်သမားအဆင့်ကို ရောက်သွားပြီ...”
ဘုန်း…
ရှဟုန်သည် သစ်တိုင်များကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။
ထို့နောက် လူအုပ်ကို လှည့်ကြည့်လိုက်ပြီး အချိန်အတော်ကြာ မတွေ့ရသေးသော စိတ်အေးလက်အေး အပြုံးတစ်ပွင့်ကို နောက်ဆုံးတွင် ဖော်ထုတ်လိုက်တော့သည်။
“ညမှောင်တာနဲ့... ငါ ရေခဲသလင်းသီး သွားရှာမယ်...”