အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) - ရေခဲပင်ကြီး၊ ကြက်သွေးနှင်းပင်၊ ရွှေကြေးခွံနှင်းပင်
မဟာရှစခန်းတွင် နောက်ဆုံးတော့ သစ်ခုတ်သမားအဆင့် တိုက်ခိုက်ရေးစွမ်းအားအသစ်တစ်ဦး ပေါ်ပေါက်လာခဲ့ရာ စခန်းသားများ၏ စိတ်ဓာတ်မှာလည်း ချက်ချင်းပင် အတော်လေး ပြန်လည်တက်ကြွလာတော့သည်။
ရှဟုန်၏ စိတ်ခံစားချက်ကတော့ ပြောစရာပင်မလိုအောင် ပို၍ကောင်းမွန်နေလေသည်။
မူလက ဆယ်ရက်ကျော်ကြာမှသာ အောင်မြင်မည်ဟု ထင်ထားခဲ့သော်လည်း ရှစ်ရက်အတွင်း ဖောက်ထွက်နိုင်ခဲ့သည်မှာ ဤခန္ဓာကိုယ်၏ ပါရမီကို အပြည့်အဝ ဖော်ပြနေခြင်းပင်။
ညကျရောက်လာသည်နှင့် ရှဟုန်လည်း အချိန်မဆိုင်းတော့ပေ။
သူသည် မီးပုံငယ်လေးဆီသို့ လျှောက်သွားကာ လူတိုင်း၏ အံ့ဩနေသော အကြည့်များအောက်တွင် မီးဖိုထဲမှ မီးလောင်ကျွမ်းထားသော သစ်ချောင်းတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ထိုသစ်ချောင်းတစ်ချောင်းလုံးသည် နက်မှောင်မည်းတူးနေပြီး အရှည် မီတာဝက်ခန့်ရှိသည်။ အောက်ပိုင်းမှာ သေးသွယ်ကာ အပေါ်ပိုင်းမှာ တုတ်ပြီး ထိပ်ဖျားတွင် အဖြူရောင်အစွန်းတစ်ခု ရှိနေသည်။
“မီးရှူးငယ် - မီးပုံငယ်လေးအတွင်း သစ်သား ၁၀ ယူနစ် လောင်ကျွမ်းတိုင်း တစ်ချောင်း ထုတ်လုပ်နိုင်ပြီး သယ်ဆောင်သွားနိုင်သည်။ ၎င်း၏ အာနိသင်မှာ မီးပုံငယ်လေးနှင့် ဆင်တူသည်။”
၈ ရက်အတွင်း သစ်သားကို ချွေတာအသုံးပြုခဲ့သော်လည်း စုစုပေါင်း ၁၃ ယူနစ် လောင်ကျွမ်းခဲ့သဖြင့် မီးရှူးငယ်တစ်ချောင်း ထွက်ပေါ်လာခဲ့လေသည်။
ယခု အပြင်ထွက်ရမည်ဖြစ်သဖြင့် ပြင်ဆင်နိုင်သမျှ အပြည့်အစုံ ပြင်ဆင်ထားရမည်မှာ သဘာဝပင်။
မီးပုံငယ်လေးနှင့် ဆင်တူသည်ဆိုသည်မှာ လှည့်စားမိစ္ဆာများကို ခြောက်လှန့်နှိမ်နင်းနိုင်သည့် အာနိသင် ရှိသလို တစ်ဖက်တွင်လည်း ရေခဲသားရဲများကို ဆွဲဆောင်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
မကြာမီ ညအမှောင်က လုံးဝဖုံးလွှမ်းသွားခဲ့သည်။
ရှဟုန်သည် မီးရှူးငယ်ကို ကြိုးဖြင့် ကျောတွင်ချည်နှောင်ကာ လက်ကိုင်ပုဆိန်နှစ်လက်ကို ခါးတွင်တပ်ဆင်လိုက်ပြီးနောက် စခန်းနံရံဘေးမှ သုံးမီတာခန့်ရှည်သော သစ်တုတ်တစ်ချောင်းကို ဆွဲယူလိုက်သည်။
ဂူဝင်ပေါက်ရှိ လက်တစ်ချောင်းစာ အက်ကြောင်းမှတစ်ဆင့် အပြင်ကို လှမ်းကြည့်၍ အမှောင်လုံးဝကျရောက်နေကြောင်း သေချာစစ်ဆေးပြီးနောက် ရှဟုန် ပြန်လှည့်ကြည့်ကာ ရှချွမ်ကို နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။
“ငါ သင်ပေးထားတဲ့ လျှို့ဝှက်ကုတ်ကို မှတ်ထား… မနက်မိုးမလင်းခင် ငါ ပြန်လာမယ်... ငါ ထွက်သွားတာနဲ့ ဝင်ပေါက်ကို ချက်ချင်းပိတ်လိုက်...”
“ဘယ်သူလာလာ လျှို့ဝှက်ကုတ် မမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို မဖော်ပြနဲ့... နားလည်လား...”
၈ ရက်အကြာက စခန်းတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရမှုကို ကိုယ်တိုင်ကြုံတွေ့ထားသဖြင့် ရှချွမ်သည် ရှဟုန်၏ စကားများ မည်မျှအရေးကြီးသည်ကို ကောင်းစွာသိနေသဖြင့် အခိုင်အမာ ခေါင်းညိတ်လိုက်သည်။
ရှဟုန်လည်း ထပ်မပြောတော့ဘဲ ဂူဝင်ပေါက်ကို ဖောက်ထွက်ကာ အပြင်သို့ တိုက်ရိုက်ထွက်သွားလိုက်လေသည်။
ရှချွမ်သည် ဝင်ပေါက်ကို အလျင်အမြန် ပြန်ပိတ်လိုက်သော်လည်း နောက်ဆုံးကျန်ခဲ့သော အက်ကြောင်းငယ်မှတစ်ဆင့် ရှဟုန်၏ အဝေးသို့ ထွက်ခွာသွားသော နောက်ကျောကို ကြည့်ရင်း မျက်ဝန်းထဲတွင် စိုးရိမ်မှုတစ်စွန်းတစ်စ ပေါ်လာသည်။
…
ရက်ဝုဒ်တောင်ကြောသည် မည်မျှကျယ်ဝန်းသည်ကို ရှဟုန််လည်း မသိသလို ရှတင်းပင် မသိချေ။
မဟာရှစခန်းသည် အဆုံးစွန်အားဖြင့် သေးငယ်သော စခန်းတစ်ခုသာ ဖြစ်သည်။
နှစ်ပေါင်းများစွာ စူးစမ်းလာခဲ့သော်လည်း တွေ့ရှိခဲ့သောအကျယ်အဝန်းမှာ ရက်ဝုဒ်တောင်ကြော အရှေ့ဘက် တောင်စောင်းပတ်ဝန်းကျင်သာ ဖြစ်သည်။
အဓိကအားဖြင့် ဂူ ၆ ခုကို ဗဟိုပြု၍ လှည့်လည်စူးစမ်းကြခြင်းသာ ဖြစ်ပြီး စုစုပေါင်း အကျယ်အဝန်းမှာ ၅ ကီလိုမီတာပတ်လည်ခန့်သာ ရှိပေသည်။
ထို ၅ ကီလိုမီတာအတွင်း အရေးအကြီးဆုံးနေရာမှာ ရက်ဝုဒ်တောင်ကြော အနောက်ဘက် အစွန်အဖျားဖြစ်သည်။
အကြောင်းရင်းတစ်ခုတည်းသာ ရှိပေသည်။ ရက်ဝုဒ်တောင်ကြောအတွင်း၌ သစ်ပင်များ အလွန်များလွန်းသောကြောင့်ပင်။
သစ်ပင်များ များရုံသာမကဘဲ အပြင်ဘက်သို့ပါ အဆက်မပြတ် တိုးချဲ့ပေါက်ရောက်နေသည်။
ယုတ္တိအရဆိုလျှင် ရက်ဝုဒ်တောင်ကြောကို လူသားစခန်းကိုးခုက ဝန်းရံထားပြီး နှစ်ပေါင်းများစွာ သစ်ခုတ်နေကြသဖြင့် တဖြည်းဖြည်း ကျဉ်းလာသင့်သည်။
သို့သော် ရှတင်း၏ လေ့လာချက်အရ ရက်ဝုဒ်တောင်ကြောသည် မကျဉ်းသွားသည့်အပြင် တစ်နှစ်ပြီး တစ်နှစ် အပြင်ဘက်သို့ပင် ဆက်လက်တိုးချဲ့လာနေပေသည်။
သစ်ပင်များက ပိုကြီးလာသလို ပိုလည်း များပြားလာသည်။ သယံဇာတများ အလျင်အမြန် တိုးပွားလာခြင်းသည် လူသားများအတွက် ကောင်းမွန်သောကိစ္စဖြစ်သည်။
သို့သော် ပြဿနာမှာ ထိုသစ်ပင်များသည် လူသားများအတွက်သာ သယံဇာတ မဟုတ်ပေ။ ရေခဲသားရဲများအတွက်လည်း အရေးပါလှသည်။
ရေခဲသားရဲအများစုသည် သစ်ပင်များပေါ်တွင် နေထိုင်ကြပြီး အမဲလိုက်ခြင်းအပြင် သစ်ပင်များပေါ်မှ အသီးများကိုလည်း စားသုံးကြသည်။
ထို့ကြောင့် ရက်ဝုဒ်တောင်ကြော၏ ချဲ့ထွင်မှုသည် ပတ်ဝန်းကျင်ရှိ လူသားစခန်းများအတွက် အမှန်တကယ်တွင် သေမင်းဖိတ်ခေါ်ခြင်းပင် ဖြစ်သည်။
သစ်ပင်များ အဆက်မပြတ် တိုးချဲ့လာသည်နှင့်အမျှ ရေခဲသားရဲများ၏ လှုပ်ရှားနယ်မြေသည် လူသားစခန်းများနှင့် ပိုမိုနီးကပ်လာပြီး လူသားများအတွက် အန္တရာယ်မှာလည်း ပို၍ကြီးမားလာတော့သည်။
သို့သော် ယခုအချိန်၌ ထိုအရာများသည် ရှဟုန် စဉ်းစားရမည့် ကိစ္စမဟုတ်သေးပေ။
ညအချိန်ဖြစ်သော်လည်း မြေပြင်ပေါ်ရှိ နှင်းများကြောင့် မြင်ကွင်းမှာ မဆိုးလှပေ။ ရှဟုန်သည် သတိမထားမိလိုက်ခင်မှာပင် ရက်ဝုဒ်တောင်ကြော အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။
သူ့ရှေ့တွင် ယခင်ဘဝက မိုးထိုးလုမတတ် ကြီးမားသည်ဟု သတ်မှတ်ရမည့် ရှေးဟောင်းသစ်ပင်များသည် ဒီနေရာတွင်တော့ သာမန်သာ ဖြစ်နေပြီး သေးငယ်သည်ဟုပင် ထင်ရပေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အပြင်ဘက်အစွန်အဖျားရှိ အသေးဆုံးသစ်ပင်များပင် အချင်း ၃-၄ မီတာ၊ အမြင့် မီတာ ၃၀ မှ ၅၀ ထိ ရှိနေသည်။
အတွင်းပိုင်းသို့ ဝင်လေလေ ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်။
အချင်း ၅-၆ မီတာ၊ ၁၀ မီတာကျော်သည့် သစ်ပင်များကိုပင် တွေ့ရပြီး မော့ကြည့်လျှင် ထိပ်ဖျားကို မမြင်နိုင်တော့ဘဲ မည်မျှမြင့်သည်ကိုပင် မသိနိုင်ချေ။
နှင်းဖုံးနေသော ဧရာမသစ်ပင်များပေါ်တွင် ရေခဲချွန်ထောင်ပေါင်းများစွာ တွဲလောင်းကျနေပြီး လွင့်မျောနေသော နှင်းမှုန်များနှင့် ပေါင်းစပ်ကာ လှပလွန်းသည့် ရေခဲနှင်းရှုခင်းကိုပင် ဖန်တီးထားလေသည်။
သို့သော် ယခုအချိန်တွင် ရှဟုန်၌ ထိုအရာကို ခံစားကြည့်ရှုရန် စိတ်မရှိပေ။
ရှဟုန်သည် သစ်ပင်များကို အချိန်အတန်ကြာ ရှာဖွေပြီးနောက် အချင်းသုံးမီတာခန့်ရှိသော သစ်ပင်တစ်ပင်ကို သူရွေးချယ်လိုက်သည်။
ရှဟုန်သည် သတိကြီးစွာဖြင့် ချဉ်းကပ်သွားကာ မျက်နှာပြင်ရှိ နှင်းများကို ဖယ်ရှားလိုက်သည်။
အောက်တွင် ရေခဲသလင်းလွှာတစ်ထပ် ပေါ်လာပြီး ထိုရေခဲသလင်းလွှာအောက်မှ သစ်ခေါက်သည် အနီရောင်တောက်ပမှုကို မှိန်ဖျော့စွာ ထုတ်လွှတ်နေသည်။
ရှဟုန်လည်း ထိုအနီရောင်အလင်းကို မြင်သည်နှင့် ခေါင်းမော့ကာ သစ်ပင်ထိပ်ကို သေချာစွာ စစ်ဆေးကြည့်လိုက်ရာ ဘာမှမရှိကြောင်း သေချာသွားမှသာ သက်ပြင်းချနိုင်ခဲ့သည်။
“ကြက်သွေးနှင်းပင်… ဒီပေါ်မှာ ရေခဲသားရဲ မရှိလောက်ဘူး...”
ရှတင်း၏ ပြောစကားအရ ရက်ဝုဒ်တောင်ကြော အရှေ့ဘက်အစွန်အဖျားတွင် ကြက်သွေးနှင်းပင်များ အများဆုံး ရှိတတ်သည်။
ကြက်သွေးနှင်းပင်၏ အကိုင်းများမှာ ပျော့လွယ်ပြီး ရေခဲသားရဲများ၏ ခန္ဓာကိုယ်က ကြီးမားသဖြင့် ထိုသစ်ပင်များပေါ်တွင် နေထိုင်ရန် ရွေးချယ်ခဲသည်။
ကြက်သွေးနှင်းပင်နှင့် မတူဘဲ အဝါရောင်သန်းနေသော ရွှေကြေးခွံနှင်းပင်များမှာ အကိုင်းများ သန်မာထူထဲပြီး ပင်စည်ကြီးမားသောကြောင့် ရေခဲသားရဲများ အလွန်နှစ်သက်သည့် နေရာဖြစ်ကာ ညအချိန်များတွင် မကြာခဏ အနားယူတတ်ကြလေသည်။
တချို့ရေခဲသားရဲများဆိုလျှင် ထိုအပေါ်တွင်ပင် အသိုက်ဆောက်ကာ အမြဲတမ်း နေထိုင်ကြပေသည်။
ရွှေကြေးခွံနှင်းပင်များ၏ အရေအတွက်မှာ နည်းပါးသဖြင့် ထိုပေါ်တွင် အမြဲတမ်း နေထိုင်နိုင်သည့် ရေခဲသားရဲများ အားလုံးလိုလို အင်အားကြီးမားကြသည်။
ရှဟုန်သည် ကြက်သွေးနှင်းပင်ကို လက်ကိုင်ပုဆိန်ဖြင့် အမှတ်အသားပြုလုပ်ကာ လမ်းကြောင်းကို မှတ်သားပြီးနောက် တောင်ကြောအတွင်းဘက်သို့ ဆက်လက်ဝင်ရောက်သွားတော့သည်။
စခန်းတွင် စားစရာနှင့် သစ်သားများ ကုန်လုနီးပါး ဖြစ်နေပြီး ယခုအရေးတကြီး လိုအပ်နေသည်မှာ ရေခဲသလင်းသီးများကို ရှာဖွေရန်နှင့် သူ ပြန်လာချိန်တွင် ဒီသစ်ပင်ကို ခုတ်ယူရမည် ဖြစ်သည်။
“ရေခဲပင်ကြီးက နေရောင်ကို နှစ်သက်ပြီး အလင်းရောင်ကောင်းတဲ့ နေရာတွေမှာ ပိုမြန်မြန်ကြီးထွားတတ်တယ်... အများအားဖြင့် ဟင်းလင်းပြင် နေရာတွေမှာ ပေါက်တတ်တယ်...”
ရေခဲပင်ကြီး၏ လက္ခဏာများကို ပြန်အမှတ်ရရင်း ရှဟုန်သည် ပတ်ဝန်းကျင်ကို လေ့လာကာ အန္တရာယ်မရှိကြောင်း သေချာသွားမှ သစ်ပင်တစ်ပင်ပေါ်သို့ တက်သွားလိုက်သည်။
သစ်ပင်မျက်နှာပြင်မှာ နှင်းနှင့် ရေခဲသလင်းကျောက်များ ဖုံးလွှမ်းနေသဖြင့် အလွန်အေးစက်ရုံသာမက အလွန်ချောနေသည်။
အတော်လေး ကြိုးစားပြီးမှသာ ရှဟုန်သည် သစ်ပင်ထိပ်သို့ ရောက်ရှိနိုင်ခဲ့သည်။ သစ်ပင်ထိပ်သို့ ရောက်သည်နှင့် မြင်ကွင်းမှာ အမှန်ပင် ပိုမိုကျယ်ပြန့်လာသည်။
မကြာမီ အနောက်ဘက် မီတာ ၂၀၀ မှ ၃၀၀ ခန့်အကွာတွင် နေရာလွတ်ကျယ်တစ်ခုကို သူတွေ့လိုက်ရသည်။
“ရက်ဝုဒ်တောင်ကြော အရှေ့ဘက်အစွန်၊ ခြေလှမ်း ၈၀၀ အတွင်းက ငါတို့မဟာရှရဲ့ နယ်မြေပဲ... နောင်အခါ သစ်ခုတ်အဖွဲ့ထဲ ဝင်ရင် ဒီစည်းမျဉ်းကို သေချာမှတ်ထား...”
“တခြားသူရဲ့ နယ်မြေထဲ အလျင်စလို ဝင်မိလို့ အသတ်ခံရရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး...”
ရှတင်း ပြောခဲ့ဖူးသော စကားကို ပြန်အမှတ်ရရင်း ရှဟုန်သည် သစ်ပင်ပေါ်မှ ခုန်ဆင်းကာ အနောက်ဘက်ရှိ နေရာလွတ်ဆီသို့ ဦးတည်သွားလိုက်သည်။
ခြေလှမ်း ၈၀၀ ဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် လိဂ် တစ်ခုစာခန့်သာ ရှိသည်။ ထိုနေရာလွတ်သည် မဟာရှ၏ နယ်မြေဖြစ်သဖြင့် ဖြတ်သန်းသွားလာရာတွင် ပြဿနာမရှိနိုင်ပေ။
(ဘာသာပြန်သူ-ဝေမိန်း၏ မှတ်ချက် ။ A League ( ၁ လိဂ်) ဆိုတာ ရှေးဟောင်း အကွာအဝေးအတိုင်း တခုဖြစ်ပါတယ်။ အင်္ဂလိပ် league = ၄.၈ ကီလိုမီတာ (၃ မိုင်)၊ ပြင်သစ် league = ၄–၄.၅ ကီလိုမီတာ၊ စပိန် league = ၅.၅ ကီလိုမီတာ ခန့်။ ဒီနိုဗယ်မှာတော့ ခြေလှမ်း ၈၀၀ ကို လိဂ် ၁ခုစာ အကွာအဝေး လို့ တွက်ချက်ရမှာ ဖြစ်ပါတယ်။)
ယုတ္တိအရဆိုလျှင် လူသားများ၏ အဓိကအစားအစာကို ထုတ်ပေးသည့် ရေခဲပင်ကြီးသည် အလွန်အရေးကြီးသည့် သယံဇာတဖြစ်သောကြောင့် စခန်းက ၎င်း၏ တည်နေရာကို မှတ်သားထားသင့်ပြီး အကြိမ်တိုင်း လိုက်ရှာနေစရာ မလိုပေ။
တကယ်တမ်းတွင်တော့ မှတ်သားထားကြသော်လည်း ရှတင်းနှင့် သစ်ခုတ်အဖွဲ့ ရုတ်တရက် သေဆုံးသွားမည်ဟု ဘယ်သူမျှ မထင်ထားခဲ့ပေ။
မူလက စခန်းတွင် အပြင်ထွက်နိုင်သူ ၁၃ ဦးရှိပြီး အများစုမှာ ရေခဲပင်ကြီး၏ တည်နေရာကို သိကြပေသည်။ သို့သော် ရှဟုန်ကို မပြောပြရသေးခင်မှာပင် ၁၃ ဦးစလုံး သေဆုံးသွားခဲ့ကြသည်။
ကံကောင်းစွာဖြင့် ထိုသစ်ပင်မှာ အလှမ်းမဝေးသဖြင့် ရှဟုန်သည် အခက်အခဲမရှိ ရှာတွေ့နိုင်ခဲ့လေသည်။
စားစရာကို အလွန်လိုအပ်နေသော်လည်း ရှဟုန်သည် သတိမလျော့ဘဲ ငြိမ်သက်စွာ ချဉ်းကပ်သွားခဲ့သည်။
သူ ဖြတ်သန်းလာသည့် သစ်ပင်တိုင်း၏ အပေါ်ဆုံးသစ်ကိုင်းများကို ဂရုတစိုက် မျက်စိဝေ့ကြည့်ကာ အသေးစိတ် ရှာဖွေနေခဲ့လေသည်။
ယခုအချိန်သည် ညအချိန်ဖြစ်ပြီး ရေခဲသားရဲများ အနားယူလေ့ရှိသည့် အချိန်ဖြစ်သော်လည်း၊ သူတို့ နိုးမလာနိုင်ဟုတော့ မဆိုလိုပေ။
ယခုအချိန်အထိ ရှဟုန်သည် ရေခဲသားရဲတစ်ကောင်ကိုပင် မျက်မြင်မတွေ့ဖူးသေးဘဲ၊ ရှတင်းနှင့် သစ်ခုတ်အဖွဲ့သားများ ပြောဆိုနေကြသည့် စကားများမှတစ်ဆင့်သာ အနည်းငယ် သိရှိထားခဲ့သည်။
အသက်ရှင်နေသည့် ရေခဲသားရဲကို မတွေ့ဖူးသော်လည်း၊ ရှတင်း ရှိနေစဉ်က ရရှိခဲ့သည့် ရေခဲသားရဲအသား၏ ပမာဏနှင့် ရရှိသည့် အကြိမ်ရေကိုသာ ကြည့်လျှင်ပင် သူတို့၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသည်ကို ခန့်မှန်းနိုင်ခဲ့ပေသည်။
သစ်ခုတ်သမားအဆင့် လူ ၁၃ ဦးက အရွယ်မရောက်သေးသော အရိုးဆူးနှင်းဝံပုလွေ တစ်ကောင်ကို သတ်ဖြတ်နိုင်ရန် တစ်လတိတိ အချိန်ယူခဲ့ရသည်။
ထိုအချက်တစ်ခုတည်းကပင် အရာအားလုံးကို ဖော်ပြရန် လုံလောက်နေပြီဖြစ်သည်။
ရှဟုန်အနေဖြင့် အထူးသတိထားရပေမည်။ သူ၏ လက်ရှိစွမ်းအားဖြင့် ရေခဲသားရဲတစ်ကောင်နှင့်သာ ထိပ်တိုက်တွေ့မိပါက အသက်ဆုံးရှုံးရမည်မှာ သေချာသလောက်ပင်။
ကံကောင်းစွာဖြင့် ခရီးတစ်လျှောက်လုံး မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ပေ။
တစ်နာရီကျော်ကြာပြီးနောက် ရှဟုန်သည် နောက်ဆုံးတွင် ထိုဟင်းလင်းပြင်သို့ ရောက်ရှိလာခဲ့သည်။
ဦးတည်ရာသို့ ရောက်ရောက်ချင်း ရှေ့သို့ မော့ကြည့်လိုက်သည့်အခါ ရှဟုန်၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ အပြုံးတစ်ပွင့် ချက်ချင်း ပေါ်လာခဲ့သည်။
ဟင်းလင်းပြင်အလယ်တွင် အမြင့် မီတာ ၄၀ ခန့်ရှိပြီး ငွေရောင်အလွှာဖြင့် ဖုံးလွှမ်းထားသော ဧရာမရေခဲပင်ကြီးတစ်ပင်သည် တိတ်ဆိတ်စွာ ရပ်တည်နေကာ၊ အပေါ်ယံသစ်ကိုင်းများတွင် ရေခဲသလင်းသီးများ အစုလိုက်အပြုံလိုက် တွဲလောင်းကျနေခဲ့သည်။
“ဒီတစ်ခါတော့ ကံတရားက ငါ့ဘက်မှာပဲ... ဒါတွေချည်းပဲဆိုရင် ပေါင် ၁,၀၀၀ ကျော်လောက် ရှိမယ်ထင်တယ်...”
ရှဟုန်လည်း ဝမ်းသာအားရစိတ်ကြောင့် အသိစိတ်လွတ်သွားကာ သစ်ပင်ပေါ်သို့ တန်းတက်၍ ရေခဲသလင်းသီးများကို ဆွတ်ခူးရန် မလုပ်ခဲ့ပေ။
ထိုအစား အနီးအနားရှိ ကြက်သွေးနှင်းပင်တစ်ပင်ကို ရွေးချယ်၍ ထိပ်ဖျားအထိ တက်သွားခဲ့သည်။
ထို့နောက် ရေခဲပင်၏ သစ်ကိုင်းထိပ်ဖျားတစ်ဝိုက်ကို အသေးစိတ် စူးစမ်းကြည့်ရှုခဲ့သည်။
ရှဟုန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် လေးနက်သွားခဲ့ရသည်။