အခန်း ၁၀
Vol. 1 Ch. 10
အခန်း (၁၀) - လျှာအရှည်နှင်းမွေးကောင်
ဤရေခဲပင်ကြီးအား အမှတ်တမဲ့ ကြည့်လိုက်လျှင် အနီးအနားရှိ အခြားသစ်ပင်များနှင့် ဘာမှမကွာခြားသလို ထင်ရပေသည်။
ပင်စည်တစ်လျှောက် နှင်းဖြူများ ဖုံးလွှမ်းနေပြီး အုပ်မိုးရွက်ဖျားများလည်း ငွေရောင်ဝတ်စုံ ဆင်မြန်းထားသကဲ့သို့ ဖြစ်နေကာ သစ်ကိုင်းများမှ ရေခဲချောင်းထောင်ပေါင်းများစွာသည် ကန့်လန့်ကာများကဲ့သို့ တွဲလောင်းကျနေသည်။
သို့သော် သေချာစိုက်ကြည့်လိုက်လျှင် အရှည် တစ်မီတာကျော်ရှိသော ရေခဲချောင်း ဒါဇင်များစွာသည် သန်မာထူထဲသော သစ်ကိုင်းတစ်ကိုင်းပေါ်တွင် ထူးထူးဆန်းဆန်း မတ်တပ်ရပ်နေသည်ကို တွေ့ရပေလိမ့်မည်။
ရှဟုန်လည်း ထိုနေရာကို မျက်တောင်မခတ် စိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် အမှန်ကို သတိပြုမိသွားသည်။
ထိုအရာသည် ရေခဲချောင်းမဟုတ်ဘဲ ပင်စည်ပေါ်တွင် အနားယူလျက်ရှိသော ဧရာမအဖြူရောင် သတ္တဝါတစ်ကောင် ဖြစ်နေသည်။
သူ၏ ပါးစပ်ထဲတွင် အရှည် အနည်းဆုံး ၄ မီတာမှ ၅ မီတာခန့်ရှိသော လျှာတစ်ချောင်းသည် တွဲလောင်းကျနေသည်။
ထိုလျှာသည်လည်း အဖြူရောင်ပင်ဖြစ်ပြီး မျက်နှာပြင်တစ်လျှောက် နှင်းခဲအလွှာ ဖုံးလွှမ်းနေသဖြင့် သေချာမကြည့်လျှင် ပုံမှန်ထက် ပိုရှည်သည့် ရေခဲချောင်းတစ်ချောင်းဟုသာ ထင်မိလိမ့်မည်။
ထိုမတ်တပ်ရပ်နေသည့် ရေခဲချောင်းများ သည် တကယ်တော့ ၎င်း၏ ကျောဘက်ရှိ ဆူးချွန်များသာ ဖြစ်သည်။
ညအမှောင်ထဲတွင် သေချာမကြည့်မိပါက ၎င်းကို လုံးဝ သတိထားမိမည် မဟုတ်ပေ။
ကံကောင်းသည်မှာ ရှဟုန်သည် ပထမဆုံးအကြိမ် အပြင်ထွက်လာခြင်းဖြစ်သဖြင့် အထူးသတိကြီးစွာ လှုပ်ရှားနေခဲ့၍သာ ထိုအရာကို သတိထားမိနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသတ္တဝါ၏ ကိုယ်ထည်အရွယ်အစားကို ညအမှောင်ကြောင့် အတိအကျ မမြင်ရသော်လည်း ထိုလျှာရှည်နှင့် ကျောဘက်ရှိ ဆူးချွန်များကို မြင်လိုက်ရုံဖြင့် ရှဟုန်သည် ၎င်း၏ အမျိုးအစားကို ချက်ချင်း သိလိုက်ရသည်။
“လျှာအရှည်နှင်းမွေးကောင်... ကိုယ်အရှည် ၂ မီတာပဲ ရှိသေးတယ်... အရွယ်မရောက်သေးတဲ့ ကောင်ပဲ...”
ရက်ဝုဒ်တောင်ကြော အစွန်အဖျားရှိ ရေခဲသားရဲများ၏ အမျိုးအစားမှာ များများစားစား မရှိပေ။
ထိုသားရဲတို့အနက် တွေ့ရအများဆုံးမှာ အရိုးဆူးနှင်းဝံပုလွေနှင့် လျှာအရှည်နှင်းမွေးကောင်တို့ ဖြစ်သည်။
သစ်ခုတ်အဖွဲ့ဝင်များထံမှ ကြားသိခဲ့ရသည့်အတိုင်း လျှာအရှည်နှင်းမွေးကောင်သည် တောဝက်နှင့် ဆင်တူသော အဆင့်နိမ့် ရေခဲသားရဲတစ်မျိုး ဖြစ်သည်။
လျှာအရှည်နှင်းမွေးကောင်၏ ကိုယ်ထည်မှာ အလွန်ကြီးမားပြီး အရွယ်မရောက်သေးသည့် အကောင်တကောင်ပင်လျှင် အလေးချိန် ပေါင် ၃၀၀ မှ ၄၀၀ ကြား ရှိတတ်ကာ အရွယ်ရောက်ပြီးသည့် အကောင်များမှာ ပုံမှန်အားဖြင့် ပေါင် ၁,၀၀၀ ကျော် ရှိကြသည်။
နှင်းမွေးကောင်များသည် အားအင်အလွန်ကြီးမားပြီး ကျောနှင့် နဖူးရှိ ဆူးချွန်များဖြင့် တိုက်ခိုက်ခြင်းကို နှစ်သက်ကြသည်။
သို့သော် အန္တရာယ်အရှိဆုံးမှာ မီတာများစွာ ရှည်လျားသည့် ၎င်းတို့၏ လျှာဖြစ်ပြီး ရှည်လည်းရှည်၊ ထက်လည်းထက်ကာ လိုအပ်သလို မာကျောခြင်း၊ ပျော့ပျောင်းခြင်းတို့ကို ပြောင်းလဲနိုင်သည့်အပြင် ကာကွယ်ရန်လည်း အလွန်ခက်ခဲလှသည်။
“မင်း အရွယ်မရောက်သေးတဲ့ နှင်းမွေးကောင်နဲ့ တွေ့ရင်တော့ အင်အားအလွန်ကောင်းတဲ့ လေးသမားတစ်ယောက်နဲ့ သစ်ခုတ်သမားအဆင့် ကျွမ်းကျင်သူ ၁၂ ယောက်လောက် ပူးပေါင်း အမဲလိုက်ရင် နိုင်ဖို့ အခွင့်အရေး ရှိတယ်...”
“တကိုယ်တည်းသာဆို တောထဲမှာ တွေ့မိတာနဲ့ မတိုက်နဲ့... ချက်ချင်းထွက်ပြေး...”
ရှဟုန်သည် ယခင်က ကြားခဲ့ရသည့်စကားများကို ပြန်အမှတ်ရလိုက်ရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်သက်အောင် ထိန်းထားလိုက်သည်။
နှင်းမွေးကောင်၏ အရသာရှိသော အသားကို လိုချင်စိတ် ပြင်းပြနေသော်လည်း လက်တွေ့အခြေအနေကို ရင်ဆိုင်ရမည် ဖြစ်သည်။
ကံကောင်းသည်မှာ ယခုအချိန်သည် ညအချိန်ဖြစ်ပြီး နှင်းမွေးကောင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေသည်။
အကယ်၍ နေ့ခင်းဘက်၌ နိုးနေသည့်ကောင်နှင့်သာ ဆုံခဲ့ရလျှင် သူ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။
“အသံမထွက်နဲ့... သူ့ကို မနှောက်ယှက်နဲ့... ရေခဲသလင်းသီးတချို့ ခူးပြီး ပြန်ထွက်သွားရုံပဲ...”
“လျှာအရှည်နှင်းမွေးကောင်ရဲ့ အထင်ရှားဆုံး အကျင့်က ညရောက်တာနဲ့ အလွန်ထိုင်းမှိုင်းသွားတာပဲ.... မတိုက်ခိုက်သရွေ့တော့ အများအားဖြင့် နိုးလာမှာ မဟုတ်ဘူး...”
သစ်ခုတ်အဖွဲ့သားများက သူ့ကို လိမ်ညာမည်မဟုတ်ကြောင်း သိသော်လည်း ရှဟုန်သည် ကိုယ့်အသက်ကို လောင်းကြေးမထပ်ချင်ပေ။
ထို့ကြောင့် မြေပြင်မှ ကျောက်တုံးတစ်တုံး ကောက်ယူကာ သစ်ပင်တစ်ပင်ပေါ် တက်လိုက်ပြီး မီတာ ၁၀၀ ခန့် အကွာရှိ သစ်ပင်တစ်ပင်ဆီသို့ အားကုန် ပစ်ပေါက်လိုက်သည်။
ကျောက်တုံးသည် သစ်ပင်ကို ထိမှန်သွားပြီး အနည်းငယ်သာ လှုပ်ခတ်သွားကာ ထူးထူးခြားခြား ဆူညံမှု မဖြစ်ပေါ်ခဲ့ပေ။
သို့သော် ထိုလှုပ်ခတ်မှုကြောင့် သစ်ပင်ပေါ်မှ ရေခဲချောင်းများ ဆက်တိုက် ပြုတ်ကျလာသည်။
တိတ်ဆိတ်ငြိမ်သက်နေသော သစ်တောထဲတွင် ရေခဲချောင်းများ မြေပြင်ကို ရိုက်ခတ်သည့်အသံမှာ အလွန်ရှင်းလင်းစွာ ထွက်ပေါ်လာသဖြင့် ရှဟုန်သည် အသက်ပင် မရှူရဲဘဲ နှင်းမွေးကောင်ကို အနီးကပ် စောင့်ကြည့်နေလေသည်။
နှင်းမွေးကောင်သည် ထိုဆူညံသံကို လုံးဝ ဂရုမစိုက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် ဆက်လက်အိပ်ပျော်နေလေသည်။
ထိုမြင်ကွင်းကြောင့်သာ ရှဟုန်၏ ရင်ထဲမှ တင်းကျပ်နေသော စိတ်ဖိစီးမှုများ အတော်လေး ပြေလျော့သွားခဲ့သည်။
“အသီးကို ဖြည်းဖြည်းချင်း ခူးလိုက်ရင် ပြဿနာ ဖြစ်လာစရာ မရှိလောက်ဘူး...”
ရှဟုန် သစ်ပင်ပေါ်မှ ဆင်းတော့မည့်အချိန်တွင်...
“ရွှီး…” မြှားတစ်စင်း လေကို ခွင်းဖြတ်လာသည့် အသံသည် တစ်ဖက်ခြမ်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ညအမှောင်ထဲတွင် ရှဟုန်သည် ထိုမြှားကို မမြင်နိုင်သော်လည်း အသံထွက်ပေါ်လာသည့် ဦးတည်ရာကို ခန့်မှန်းလိုက်ရုံဖြင့် ထိုမြှားသည် သစ်ပင်ပေါ်ရှိ လျှာအရှည်နှင်းမွေးကောင်ကို တိုက်ရိုက် ပစ်မှတ်ထားထားကြောင်း သေချာသလောက် အတည်ပြုနိုင်လိုက်လေသည်။
“ဝေါင်း...”
မြှားပျံသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ရေခဲပင်ကြီးပေါ်မှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ထိုဟိန်းဟောက်သံမှာ မြေကြီးပင် တုန်ခါသွားသလို ပြင်းထန်လွန်းသဖြင့် ရေခဲပင်ကြီးတစ်ပင်လုံး ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားကာ သစ်ကိုင်းများပေါ်မှ ရေခဲစများ လွင့်စင်ကျလာပြီး မြေပြင်ပေါ်ရှိ နှင်းများလည်း ပေါက်ကွဲထွက်သလို လေထဲသို့ လွင့်တက်သွားလေသည်။
ရှဟုန် ပုန်းနေသည့် သစ်ပင်သည်ပင် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
“ရူးနေတာလား...”
“ဒါ တာရှီစခန်းက လူတွေလား...”
ရှဟုန်သည် စိတ်ထဲတွင် အော်ဟစ်လိုက်သော်လည်း ခန္တာကိုယ်တစ်ခုလုံး တောင့်တင်းနေပြီး လှုပ်ပင် မလှုပ်ရဲတော့ပေ။
အစောပိုင်းနှစ်များက ရက်ဝုဒ်တောင်ကြော အနီးတစ်ဝိုက်ရှိ စခန်းများသည် ရိုဂယ်စခန်းကို ဦးဆောင်သူအဖြစ်ထားကာ နယ်မြေများကို ခွဲဝေသတ်မှတ်ခဲ့ကြသည်။
မဟာရှစခန်း၏ ရက်ဝုဒ်တောင်ကြော အနောက်ဘက်တွင် တာရှီစခန်း၏ နယ်မြေ ရှိပေသည်။
ယခုအချိန်တွင် ရှဟုန် စိတ်ဝင်စားနေသည်မှာ တာရှီစခန်းက နယ်ကျော်ဝင်လာခြင်း မဟုတ်ပေ။
သူ သိချင်သည်မှာ တာရှီစခန်းက လျှာအရှည်နှင်းမွေးကောင်ကို ရင်ဆိုင်တိုက်ခိုက်ရဲသည့် သတ္တိကို ဘယ်က ရလာတာလဲဆိုသည့် အချက်သာ ဖြစ်သည်။
တာရှီစခန်း၏ အင်အားကို အတိအကျ မသိသော်လည်း မဟာရှစခန်းနှင့် သိပ်မကွာဘဲ သစ်ခုတ်သမားအဆင့် ကျွမ်းကျင်သူ အနည်းငယ် ပိုရှိသည့် စခန်းငယ်တစ်ခုသာ ဖြစ်မည်ဟု သူ ထင်ထားခဲ့ပေသည်။
“ဒီလောက် အင်အားနဲ့ နှင်းမွေးကောင်ကို အမဲလိုက်နိုင်မလား...”
သို့သော် ရှဟုန်သည် မကြာမီပင် မိမိအတွေး မှားယွင်းခဲ့ကြောင်း သိလိုက်ရသည်။
တာရှီစခန်း၏ စွမ်းရည်မှာ သူထင်ထားသည်ထက် များစွာ သာလွန်နေသည်။
“ရှီတုန်း၊ ငါ ပစ်လိုက်တာ သူ့ဘယ်ဘက်မျက်လုံးကို ထိသွားပြီ... ငါနဲ့အတူ ညာဘက်မျက်လုံးကို ဆက်ပစ်... ကျန်တဲ့သူတွေ အမြန် ကြိုးကွင်းတွေပစ်ပြီး ဖမ်းထား…”
ရေခဲပင်ကြီး၏ အနောက်ဘက်မှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် လူ ၁၇ ယောက် ပေါ်လာပြီး အားလုံးသည် သားရဲသားရေဝတ်စုံများ ဝတ်ဆင်ထားကြကာ ကျောက်ပုဆိန်များ ကိုင်ဆောင်ထားကြသည်။
ရှေ့ဆုံးမှ တစ်ယောက်တည်းသာ အေးစက်တောက်ပနေသော ဓားရှည်တစ်လက် ကိုင်ထားသည်။
“သံလက်နက်... ရိုဂယ်စခန်းကနေ ဝယ်လာတာ ဖြစ်လောက်တယ်...”
ရှဟုန်သည် ထိုဓားရှည်ကို မျက်လုံးအပြည့် အားကျစွာ ငေးကြည့်နေမိသည်။
အလွန်အမင်း အေးခဲသော ပတ်ဝန်းကျင်အောက်တွင် ကျောက်နှင့် သံတို့၏ သဘောသဘာဝမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
မဟာရှစခန်းတွင် တစ်ချိန်က သံတစ်ဝက်လက်နက်တစ်ခု ရှိခဲ့ဖူးသည်။ ထိုလက်နက်မှာ ရှတင်း၏ ပုဆိန် ဖြစ်သည်။
သံတစ်ဝက်လက်နက်ဟု ခေါ်ရခြင်းမှာ ပုဆိန်ဓားသွားတစ်ပိုင်းသာ သံဖြင့် ပြုလုပ်ထားပြီး ကျန်အပိုင်းများမှာ ကျောက်နှင့် သစ်သားလက်ကိုင်ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် သံတစ်ဝက်လက်နက် ဖြစ်ရုံမျှဖြင့်ပင် ၎င်း၏ ထက်မြက်မှုမှာ ကျောက်ပုဆိန်ထက် အဆပေါင်းများစွာ သာလွန်နေပေသည်။
ရှဟုန်လည်း ကျောက်ပုဆိန်နှင့် ထိုသံပုဆိန်ကို တစ်ကြိမ် နှိုင်းယှဉ်ရိုက်နှက်ဖူးရာ ကျောက်ပုဆိန်သာ ပဲ့သွားပြီး သံပုဆိန်မှာ မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ပေ။
ပုဆိန်၏ ဓားသွားတစ်ပိုင်းသာ သံဖြစ်သည်ကိုတောင် ထိုမျှ အားကောင်းနေသဖြင့် သံသားအပြည့်ဖြင့် ပြုလုပ်ထားသည့် ထိုဓားရှည်၏ စွမ်းအားကို တွေးကြည့်ရန်ပင် မလိုတော့ပေ။
ရှဟုန် အားကျနေစဉ်မှာပင် ရေခဲပင်ကြီးအောက်ရှိ တာရှီစခန်းသားများသည် နှင်းမွေးကောင်နှင့် တိုက်ပွဲ စတင်နေကြပြီ ဖြစ်လေသည်။
နှင်းမွေးကောင်၏ ဘယ်ဘက်မျက်လုံးတွင် အမှန်ပင် မြှားတစ်စင်း စိုက်ဝင်နေသည်။
နှင်းမွေးကောင်သည် မြှားဒဏ်ရာကြောင့် နာကျင်သွားကာ သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီးနောက် ၎င်း၏ ဟိန်းဟောက်သံများ ရပ်သွားသော်လည်း အသက်ရှူသံမှာ အလွန်လေးလံနေသည်။
ကျန်ရှိနေသည့် ညာဘက်မျက်လုံးတစ်ဖက်မှာ သွေးနီရဲနေပြီး တာရှီစခန်းသားများကို တင်းတင်းကြပ်ကြပ် စိုက်ကြည့်နေခဲ့သည်။
နှင်းမွေးကောင်လည်း နောက်ခြေဖြင့် နှင်းပြင်ကို ၂ ချက် ဆွဲခြစ်လိုက်ပြီးနောက် ရုတ်တရက် ရှေ့သို့ ပြင်းပြင်းထန်ထန် ခုန်ဝင်လာသည်။
ကြိုးမှ လွတ်ထွက်သွားသည့် မြှားဖြူတစ်စင်းထက်ပင် ပိုမြန်ပြီး တောင်တစ်လုံး ပြိုကျလာသကဲ့သို့ ပြင်းထန်လှပေသည်။ ထိုမျှကြီးမားသော ကိုယ်ထည်ဖြင့် ဤမျှ မြန်ဆန်လိမ့်မည်ဟု ဘယ်သူမှ ထင်မည် မဟုတ်ပေ။
ကြီးမားသော ကိုယ်ထည်နှင့် ကြောက်မက်ဖွယ် အရှိန်တို့ ပေါင်းစပ်သွားရာ လမ်းတစ်လျှောက်ရှိ အေးစက်သော လေထုကိုပင် ဖောက်ခွဲပစ်သလို ဖြစ်နေပြီး ထိုတိုးဝင်မှု၏ အရှိန်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“ရှောင်ကြ... ကြိုးကွင်းတွေ အမြန်ချ...”
ထိုစူးရှသော အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ရှဟုန်၏ အကြည့်သည် အနောက်ဘက်ရှိ သစ်ပင်တစ်ပင်ဆီသို့ ရောက်သွားသည်။
အမိန့်ပေးနေသူမှာ လေးသမားတစ်ယောက် ဖြစ်ရပေမည်။ ရှီတုန်းဟု ခေါ်သော နောက်တစ်ယောက်လည်း လေးသမားဖြစ်ပြီး အခြားတစ်ဖက်တွင် ပုန်းနေသည်ဟု ရှဟုန် ခန့်မှန်းလိုက်တော့သည်။
ထိုသူသည် အမိန့်ပေးရင်း နောက်လေးသမားတစ်ယောက်နှင့်အတူ မြှားများကို အဆက်မပြတ် ပစ်လွှတ်နေသည်။
မြှားများသည် နှင်းမွေးကောင်၏ အသက်သေစေနိုင်သည့် နေရာများကို မထိသော်လည်း ၎င်း၏ တိုးဝင်လာသည့် အရှိန်ကို အောင်မြင်စွာ လျှော့ချပေးနိုင်ခဲ့သည်။
နှင်းမွေးကောင်၏ လှုပ်ရှားမှုကို တားဆီးထားနိုင်ချိန်တွင် ရေခဲပင်ကြီးအောက်ရှိ လူ ၁၄ ယောက်သည် လေးဘက်လေးတန်သို့ ခွဲထွက်ကာ နှင်းမွေးကောင်ကို ရှောင်ရင်း မြေပြင်ပေါ်တွင် ကြိုးကွင်း ၁၀ ကျော်ကို လျင်မြန်စွာ ချထားလိုက်ကြသည်။
ဓားရှည်ကိုင်ထားသော ခေါင်းဆောင်သည်ပင် ရှောင်တိမ်းနေစဉ်အတွင်း ကြိုးကွင်းတစ်ခုကို နှင်းမွေးကောင်၏ လည်ပင်းပေါ်သို့ တိတိကျကျ ပစ်တင်လိုက်နိုင်သေးပေသည်။
နှင်းမွေးကောင်သည် ရှေ့တိုးလာသည့် အရှိန်ကို မထိန်းနိုင်တော့ဘဲ ကြိုးကွင်းများ ပြန့်ကျဲနေသော မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့တော့သည်။
၎င်း၏ ခြေလက်များနှင့် ခေါင်းတို့သည် အချိန်တိုအတွင်း ကြိုးကွင်းများဖြင့် တင်းကျပ်စွာ ချုပ်နှောင်ခံလိုက်ရသည်။
“အားလုံး… အားပြင်းပြင်း ဆွဲ….”
သစ်ပင်နောက်မှ စူးရှသော အသံက အမိန့်ပေးလိုက်သည်နှင့် လေးဘက်လေးတန်သို့ ပြန့်ကျဲနေသော လူ ၁၄ ယောက်သည် ချက်ချင်း ပြန်လည်စုဝေးကာ အုပ်စု ၅ စု ခွဲပြီး မြေပြင်ပေါ်ရှိ ကြိုးများကို အားကုန် ဆွဲယူရင်း ဦးတည်ရာ ၅ ခုသို့ အပြေးဆွဲသွားကြသည်။
“ဝေါင်း..."
နှင်းမွေးကောင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း ကြိုးများ၏ ဆွဲအားကြောင့် ကိုယ်ဟန်ပျက်သွားပြီး ယိုင်ထိုးကာ မြေပြင်ပေါ်သို့ ဒုန်း ခနဲ လဲကျသွားသည်။
တစ်ချိန်တည်းမှာပင် သစ်ပင်နောက်မှ မြှား ၂ စင်းသည် ကြယ်ကြွေများကဲ့သို့ အရှိန်ပြင်းစွာ ပျံထွက်လာခဲ့သည်။
ထိုမြှား ၂စင်း တို့သည် နှင်းမွေးကောင်၏ သွေးနီရဲနေသော ညာဘက်မျက်လုံးထဲသို့ တည့်တည့် စိုက်ဝင်သွားတော့သည်။
“ဖောက်…"
မြှား ၂ စင်းစလုံး ပစ်မှတ်ကို တိတိကျကျ ထိမှန်သွားလေသည်။
နှင်းမွေးကောင်သည် ပို၍ နာကျင်ကာ ပို၍ ဒေါသထွက်နေသည့် ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်သည်။
“ရပြီ..."
“ဟားဟားဟား... ခေါင်းဆောင်ကြီး တကယ်တော်တယ်..."
“ဒီသားရဲက နာကျင်လွန်းလို့တောင် သေတော့မှာ..."
...
တာရှီစခန်းသားများ၏ ရယ်မောသံများသည် နှင်းမွေးကောင်၏ ဒေါသနှင့် နာကျင်မှုအပြည့်ရှိသော ဟိန်းဟောက်သံများနှင့် လုံးဝ ဆန့်ကျင်နေလေသည်။
သို့သော် ဝမ်းသာနေကြသော်လည်း နှင်းမွေးကောင် ဆက်လက် ရုန်းကန်နေသေးသဖြင့် တာရှီစခန်းသားများမှာ အနားမကပ်ရဲကြသေးပေ။
အဝေးတွင် ပုန်းနေသည့် လေးသမား ၂ ယောက်ကလည်း ၎င်းကို အဆုံးသတ်ရန် မြှားများကို မရပ်မနား ဆက်လက် ပစ်လွှတ်နေကြသည်။
အချိန် တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ နှင်းမွေးကောင်၏ ရုန်းကန်မှုများမှာ တဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးတွင် လုံးဝ ငြိမ်သက်သွားတော့သည်။
ထိုအချိန်မှသာ တာရှီစခန်းသားများ အားလုံး သက်ပြင်းချနိုင်သွားပုံရပေသည်။
ဓားရှည်ကိုင်ထားသော ခေါင်းဆောင်သည် အဝေးမှ ကျောက်တုံးအနည်းငယ် ပစ်ပေါက်ကာ နှင်းမွေးကောင် အမှန်တကယ် သေဆုံးသွားကြောင်း အတည်ပြုပြီးမှ သစ်တောနောက်ဘက်သို့ လှမ်းပြောလိုက်သည်။
“ခေါင်းဆောင်၊ သေသွားပါပြီ..."
ထိုအခါ အနောက်ဘက် သစ်ပင်နောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသား ၂ ယောက် ထွက်လာပြီး လူအားလုံးကို ဦးဆောင်ကာ နှင်းမွေးကောင်၏ အလောင်းဆီသို့ လျှောက်သွားကြလေသည်။
ထိုလူများက မိမိတို့၏ သားကောင်ကို စတင်သိမ်းဆည်းတော့မည့် မြင်ကွင်းကို သစ်ပင်ပေါ်တွင် ဆက်လက်ပုန်းအောင်းနေသည့် ရှဟုန်က ကြည့်နေရင်း သူ၏မျက်ခုံးကို အနည်းငယ် တွန့်လိုက်လေသည်။