အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁) - အင်အားကြီးမားပြီး ကောက်ကျစ်သောသားရဲ
နှင်းမွေးကောင်ကို မလိုချင်ဘူးလားဟု မေးလျှင် မလိုချင်တဲ့သူ မရှိသလောက်ပင်။
သို့သော် အခြေအနေကား လူထက် အင်အားကြီးမားပေသည်။ တာရှီစခန်းက နယ်ကျော်ဝင်လာသော်လည်း ယခုအချိန်တွင် ရှဟုန်၌ ထိုကိစ္စကို ဝင်စွက်ဖက်နိုင်မည့် အင်အားလည်း မရှိသလို စွမ်းရည်လည်း မရှိပေ။
ဝင်စွက်ဖက်၍ မရရုံသာမက တာရှီစခန်းသားများနှင့် မည်သည့်ထိတွေ့မှုမျိုးကိုမဆို အတတ်နိုင်ဆု11093451101090ံး ရှောင်ရှားရမည်သာ ဖြစ်သည်။
တကယ်တော့ ရှတင်း မသေဆုံးမီ ပြောခဲ့သည့်အတိုင်း တာရှီစခန်းနှင့် မဟာရှစခန်းတို့၏ ဆက်ဆံရေးမှာ ယခင်ကတည်းက အတော်အသင့် ကောင်းမွန်ခဲ့သည်။
သို့သော် ယခုအချိန်မှာတော့ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။ မဟာရှစခန်းသည် အလွန်အမင်း အားနည်းသွားခဲ့ပြီ ဖြစ်သည်။
အပြင်လူများက လက်ရှိအခြေအနေကို သိသွားသည်နှင့် မိမိ၏ ကံကြမ္မာမှာ မိမိတို့လက်ထဲတွင် ဆက်လက် ရှိတော့မည် မဟုတ်ပေ။
ထိုအချက်ကို နားလည်သွားပြီးနောက် ရှဟုန်၏ မျက်နှာထားသည် ပြန်လည် ငြိမ်သက်သွားကာ လူအုပ်ကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။
ယခုအချိန်တွင် တာရှီစခန်းသားများသည် နှင်းမွေးကောင်၏ ဘေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဟား... ဟား... ဒီကောင်က ပေါင် ၄၀၀၊ ၅၀၀ လောက်တော့ ရှိမယ်ထင်တယ်... ဒီတစ်ခါတော့ အမြတ်ကြီးရပြီ...”
“စခန်းတစ်ခုလုံး ၂ လ၊ ၃ လလောက် စားလို့ရတယ်...”
“ခေါင်းဆောင်က ရိုဂယ်စခန်းမှာ ရေခဲသားရဲအသား ပေါင် ၃၀၀ နဲ့ ဒီလေးကို လဲလာတုန်းက မင်းတို့ထဲက တချို့က ကန့်ကွက်ခဲ့ကြသေးတယ်... အခုတော့ ဒီလေးရဲ့ စွမ်းအားကို မြင်ပြီမဟုတ်လား..."
“တော်ပြီ၊ စကားတွေ ရပ်တော့... အလောင်းကို အမြန်သယ်... ဒီနေရာက မဟာရှစခန်းရဲ့ နယ်မြေ… သူတို့ ရောက်လာရင် အခြေအနေ မကောင်းတော့ဘူး...”
ယခင်က အမိန့်ပေးနေသည့် စူးရှသောအသံမှာ တာရှီစခန်း၏ ခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားနေသည်။
သူ စကားပြောပြီးသည်နှင့် လူအားလုံး ချက်ချင်း တိတ်ဆိတ်သွားကြပြီးနောက် လူတစ်ယောက်သည် ရှေ့သို့ တိုးလာပြီး နှင်းမွေးကောင်၏ မျက်လုံးထဲတွင် စိုက်ဝင်နေသော မြှားကို ဆွဲထုတ်ရန် ပြင်လိုက်သည်။
သို့သော် မြှားကို ကိုင်လိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့လေသည်။
လုံးဝ မလှုပ်မယှက် လဲလျောင်းနေသည့် နှင်းမွေးကောင်သည် ရုတ်တရက် ကိုယ်ကို လှန်ချလိုက်လေည်။
ထိုလှုပ်ရှားမှုမှာ မြန်လွန်းသဖြင့် ထိုလူမှာ သတိ မမှီလိုက်ဘဲ မြှားကိုပင် မလွှတ်နိုင်တော့ပေ။
သူသည် နှင်းမွေးကောင်၏ အရှိန်ကြောင့် လေထဲသို့ တိုက်ရိုက် လွင့်တက်သွားသည်။
သူ မြှားကို လွှတ်ချရန် ကြိုးစားသည့်အချိန်တွင် နှင်းမွေးကောင်က ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာပြီး သူ့ကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။
သူ့ကို လွင့်ထွက်သွားစေခြင်း မဟုတ်ပေ။ လေထဲမှာပင် တစ်ကိုယ်လုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် တိုက်ချေဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။
“ဒီသားရဲက သေချင်ယောင်ဆောင်ထားတာပဲ...”
“အမြန်ဆုတ်...”
“အားလုံး ဆုတ်ကြ။ လေးဘက်လေးတန် ခွဲပြေးကြ၊ မြန်မြန်...”
အားလုံး ကြောက်ရွံ့နေကြသော်လည်း တာရှီစခန်းသားများ၏ တုံ့ပြန်မှုမှာ အလွန်မြန်ဆန်သည်။
အထူးသဖြင့် စူးရှသောအသံပိုင်ရှင် ခေါင်းဆောင်မှာ လူအားလုံးကို လေးဘက်လေးတန် ခွဲထွက်ပြေးရန် ချက်ချင်း ဆုံးဖြတ်လိုက်ကာ လူအုပ်ကြီးလည်း သူ့အမိန့်အတိုင်း ချက်ချင်း လေးဘက်လေးတန်သို့ ပြေးထွက်သွားကြတော့သည်။
သို့သော် သူတို့သည် နှင်းမွေးကောင်နှင့် အလွန်နီးကပ်လွန်းနေလေသည်။
လူတစ်ယောက်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် တိုက်ချေဖျက်ပြီးနောက် နှင်းမွေးကောင်သည် လုံးဝ မရပ်ဘဲ ပထမဆုံး စကားပြောခဲ့သော လူတစ်ယောက်ဆီသို့ အရှိန်ပြင်းစွာ တိုးဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သားရဲသည် ခေါင်းကို စောင်းလိုက်ပြီး ဒုတိယမြောက် စကားပြောခဲ့သူကို သွေးဆာနေသော ပါးစပ်ကြီးဖြင့် ကိုက်ဖြတ်ရန် လှည့်လိုက်သည်။
ရေခဲချောင်းတစ်ချောင်းနှင့် တူသော ရှည်လျားသည့် လျှာတစ်ချောင်းသည် ၎င်း၏ ပါးစပ်ထဲမှ ရုတ်တရက် ထိုးထွက်လာသည်။
“ဖောက်…"
ထိုလျှာသည် လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး အလွန်ထက်မြက်လှကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။
လူကို ဖောက်ထွင်းသွားရုံနှင့် မပြီးသေးပေ။
ထိုလျှာသည် လေထဲမှာပင် ဦးတည်ရာ ပြောင်းလိုက်ပြီး တာရှီစခန်း၏ ခေါင်းဆောင်ဆီသို့ အရှိန်ပြင်းစွာ ထိုးဝင်သွားသည်။
“ခေါင်းဆောင်... သတိထား…"
ခေါင်းဆောင်မှာ အသက်လု ထွက်ပြေးနေသဖြင့် နောက်ဘက်ကို လှည့်ကြည့်ရန် အချိန်မရခဲ့ပေ။
သူနှင့် မလှမ်းမကမ်းရှိ လူ ၂ ယောက်သည် ခေါင်းဆောင် အန္တရာယ်ကျရောက်နေသည်ကို မြင်လိုက်ရသဖြင့် တွေဝေမနေဘဲ သူ့ဆီသို့ ပြေးဝင်ကာ နောက်မှ ကိုယ်နှင့် ကာပေးလိုက်ကြသည်။
တာရှီစခန်းတွင် ဓားကိုင်ထားသည့် တစ်ဦးတည်းသောသူလည်း ထိုလူ ၂ ယောက်ထဲတွင် ပါဝင်နေလေသည်။
သူသည် ဓားကို အချိန်ကိုက် ခုတ်လိုက်ရာ နှင်းမွေးကောင်၏ လျှာကို တိတိကျကျ တားဆီးနိုင်သွားသည်။
“ချွမ်း...”
ဓားသွားက နှင်းမွေးကောင်၏ လျှာကို အောင်မြင်စွာ ခုခံထားနိုင်သည်ကို မြင်လိုက်ရသဖြင့် ထိုလူသည် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
သို့သော် ထိုလျှာသည် ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ သူ၏ ညာဘက်သို့ လှည့်ပတ်ဝင်သွားသည်။
လျှာ တချက် လျင်မြန်စွာ ဝိုက်ပတ်လိုက်ရုံဖြင့် ဓား မကိုင်ထားသည့် နောက်လူတစ်ယောက်၏ ခန္ဓာကိုယ်အား ဖောက်ထွင်းသွားခဲ့လေသည်။
“ဒီသားရဲရဲ့ လျှာက ဘယ်လောက်တောင် ရှည်နေတာလဲ...”
ဓားကိုင်ထားသည့် အမျိုးသားက ဒေါသတကြီး ဟိန်းအော်လိုက်သည်။
“ပါးစပ်ပိတ်ထား၊ ငတုံးရဲ့... ဘယ်သူမှ အသံမထွက်နဲ့... ဒီသားရဲက မျက်လုံး ၂ ဖက်စလုံး ကန်းသွားပြီ... ငါတို့ ဖြည်းဖြည်းချင်း ဆုတ်ပြီး တိတ်တိတ်နေသရွေ့ ငါတို့ကို ရှာတွေ့မှာ မဟုတ်ဘူး...”
သို့သော် စူးရှသောအသံပိုင်ရှင်က ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့စကားကို ဖြတ်တောက်လိုက်သည်။
ခေါင်းဆောင်သည် အဓိကအချက်ကို ချက်ချင်း သဘောပေါက်ပြီး တုံ့ပြန်မှုမှာလည်း အလွန်မြန်ဆန်သည်။
သို့သော် ကံမကောင်းသည်မှာ ဓားကိုင်ထားသည့် အမျိုးသားသည် နှင်းမွေးကောင်၏ လျှာနှင့် အလွန်နီးကပ်လွန်းနေသည်။
နှင်းမွေးကောင်၏ လျှာသည် ဒုတိယလူကို မထိုးမီကတည်းက ဓားကိုင်ထားသည့် အမျိုးသား၏ ကိုယ်ပေါ်ကို ရစ်ပတ်ထားပြီး ဖြစ်နေသည်။
ဒုတိယပစ်မှတ်ကို အောင်မြင်သွားသည်နှင့် ထိုလျှာသည် ရုတ်တရက် ပျော့ပျောင်းသွားကာ ဘယ်ဘက်သို့ လျင်မြန်စွာ ကွေ့ဝိုက်သွားပြီး အသက်ဝင်နေသော ကြိုးတစ်ချောင်းကဲ့သို့ ဓားကိုင်ထားသည့် အမျိုးသား၏ လည်ပင်းကို ရစ်ပတ်လိုက်သည်။
ဓားကိုင်ထားသည့် အမျိုးသားသည် တစ်စုံတစ်ရာကို သဘောပေါက်သွားပုံရပြီး သူ့လက်ထဲမှ လေးလံသော ဓားရှည်ကို ခေါင်းဆောင်ဘက်သို့ အားကုန် ပစ်လွှတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် နှင်းမွေးကောင်၏ အသံနိမ့် ဟိန်းဟောက်သံနှင့်အတူ အားစိုက်လိုက်သည်နှင့် ထိုအမျိုးသား၏ ခေါင်းသည် လည်ပင်းမှ တိုက်ရိုက် ပြတ်ထွက်သွားခဲ့သည်။
ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် လူအားလုံး၏ နှလုံးသားထဲတွင် စိမ့်ခနဲ ဖြစ်သွားသည်။
ခေါင်းဆောင်လည်း လေထဲမှ ဓားရှည်ကို ဖမ်းယူလိုက်ပြီး မိမိလက်အောက်ငယ်သား၏ အဖြစ်ဆိုးကို မြင်လိုက်ရသဖြင့် ဒေါသအလွန်ထွက်သွားသော်လည်း စိတ်ခံစားချက်ကို အတင်းဖိနှိပ်ထားကာ အသံတစ်ချက်မျှပင် မထွက်ရဲပေ။
ကျန်လူများလည်း သူကဲ့သို့ပင် တိတ်ဆိတ်စွာ ရပ်နေကြပြီး ဘယ်သူမျှ အသံမထွက်ရဲကြပေ။
ရေခဲပင်ကြီးအောက်တွင် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားသည်။
ထိုအချိန်တွင် သစ်ပင်ပေါ်၌ ပုန်းနေသည့် ရှဟုန်သည်လည်း လုံးဝ မလှုပ်ရဲပေ။ အသက်ရှူသံပင် မထွက်စေရန် အလွန်သတိထားပြီး အနည်းငယ်မျှပင် ပေါ့ဆမနေဝံ့တော့ပေ။
သိထားရမည်မှာ ယခုဖြစ်ပျက်ခဲ့သမျှ အားလုံးသည် မျက်စိတစ်မှိတ်အတွင်း၌သာ ပြီးဆုံးသွားခြင်းပင်။
မူလက ရှဟုန်သည် တာရှီစခန်းသားများ သားကောင်ကို သယ်သွားသည်နှင့် သစ်ပင်ပေါ်မှ ဆင်းရန် ပြင်ထားခဲ့သည်။
သို့သော် အချိန်တိုတိုလေးအတွင်းမှာပင် တာရှီစခန်းမှာ လူ ၃ ယောက် ဆုံးရှုံးသွားလိမ့်မည်ဟု ဘယ်သူက ထင်ထားမိမှာလဲ...
ဤနှင်းမွေးကောင်သည် အသက်ရှင်နိုင်စွမ်း အလွန်ကောင်းရုံသာမက အင်အားသည်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထို့ထက် အရေးကြီးသည်မှာ ၎င်း၏ ကောက်ကျစ်မှုမှာ သားရဲတစ်ကောင်ဟုပင် မထင်ရလောက်အောင် မြင့်မားလွန်းနေသည်။
သူသည် သေချင်ယောင်ဆောင်ပြီး ရန်သူ၏ အာရုံစိုက်မှုကို လျော့စေရုံသာမက ထောင်ချောက်ထဲသို့ပင် ဆွဲခေါ်တတ်သေးသည်။
လေးသမား ၂ ယောက် ပေါ်မလာမီအထိ ၎င်းသည် လုံးဝ မလှုပ်ရှားခဲ့ပေ။
သို့သော် ဤလျှာရှည်နှင်းမွေးကောင်သည် အဆင့်နိမ့် ရေခဲသားရဲတစ်ကောင်သာ ဖြစ်သေးပေသည်။
ဒါဆို အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် ရေခဲသားရဲများဆိုလျှင် မည်မျှအထိ အင်အားကြီးပြီး ကောက်ကျစ်ကြလိမ့်မည်နည်း...
ထိုအချိန်တွင်မှ ရှဟုန်လည်း ရက်ဝုဒ်တောင်ကြောအနီးတွင် ရိုဂယ်စခန်းတစ်ခုတည်း၌သာ စစ်မှန်သော အမဲလိုက်အဖွဲ့ ရှိရသည့် အကြောင်းရင်းကို နားလည်သွားခဲ့ရသည်။
မဟာရှစခန်းနှင့် အခြားစခန်းများမှာမူ သစ်ခုတ်အဖွဲ့များကိုသာ ဖွဲ့စည်းနိုင်ကြသေးသည်။
“ရွှီး…”
ထိုအကြောင်းကို တွေးတောနေစဉ်မှာပင် နှင်းဖုံးနေသော ညထဲ၌ မြှားတစ်စင်း လေကို ခွင်းဖြတ်လာသည့် အသံ ထွက်ပေါ်လာခဲ့ရာ ရှဟုန်လည်း ခေါင်းမော့ကြည့်လိုက်သည်။
မြှားသည် မီတာ ၅၀ ခန့် အကွာရှိ သစ်ပင်ကြီးတစ်ပင်ကို ထိမှန်သွားပြီး ပြင်းထန်သော အရှိန်ကြောင့် သစ်ပင်ပေါ်မှ ရေခဲစများ ပြုတ်ကျလာကာ မြေပြင်ကို ရိုက်ခတ်သည့် အသံမှာ ယခင်ထက် ပိုမိုကျယ်လောင်သွားသည်။
ထိုအသံကြောင့် နှင်းမွေးကောင်သည် နေရာတွင် အကြိမ်အနည်းငယ် ခုန်ပေါက်ပြီးနောက် အသံထွက်ပေါ်လာရာဆီသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။
ရှဟုန်လည်း ချက်ချင်း သဘောပေါက်သွားပြီး တာရှီစခန်းသားများဘက်သို့ ငုံ့ကြည့်လိုက်သည်။
သူ ထင်ထားသည့်အတိုင်း အဝေးတွင် ပုန်းနေသည့် လေးသမား နောက်တစ်ယောက်က မြှားပစ်လိုက်ခြင်း ဖြစ်သည်။
နှင်းမွေးကောင် ထွက်သွားသည်နှင့် တာရှီစခန်းသားများသည် အနောက်ဘက်သို့ အသက်လုပြေးကြတော့သည်။ မြေပြင်ပေါ်ရှိ အလောင်းများကိုပင် ဂရုမစိုက်တော့ဘဲ အလွန်အမင်း ထိတ်လန့်နေကြောင်း ထင်ရှားပေသည်။
သစ်ပင်အောက်တွင် ဘယ်သူမျှ မတွေ့တော့သဖြင့် နှင်းမွေးကောင်သည် မကြာမီ ပြန်လှည့်လာပြီး ရေခဲပင်ကြီးအောက်သို့ ပြန်ရောက်လာခဲ့သည်။
သားရဲ၏ နှာခေါင်းပေါက်များမှ အသက်ရှူသံများ ပြင်းထန်စွာ ထွက်ပေါ်နေပြီး ခြေလက်များဖြင့်လည်း မြေပြင်ကို အခါအားလျော်စွာ ဆောင့်နင်းနေကာ ဒေါသမှာ လုံးဝ မပြေသေးကြောင်း သိသာပေသည်။
ထိုအချိန်တွင် နှင်းမွေးကောင်က သစ်ပင်အောက်တွင် ငြိမ်သက်စွာ လဲလျောင်းနေသော်လည်း ရှဟုန်သည် လုံးဝ မလှုပ်ရဲပေ။ အခြေအနေကို စမ်းကြည့်ရန်ပင် သူ မဝံ့ရဲခဲ့။
ရှဟုန် ထင်ထားသည့်အတိုင်း နာရီဝက်ခန့် ကြာပြီးနောက် နှင်းမွေးကောင်သည် ရုတ်တရက် ခေါင်းမော့လိုက်သည်။
မျက်လုံး ၂ ဖက်စလုံး ကန်းနေသော်လည်း နားရွက်လှုပ်ရှားမှုနှင့် ကိုယ်လှည့်သည့် လှုပ်ရှားမှုများကို ကြည့်လိုက်ရုံဖြင့် ပတ်ဝန်းကျင်ကို အကြားအာရုံဖြင့် အကဲခတ်နေကြောင်း သိသာပေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ရှဟုန်သည် စောစောက မလှုပ်ရှားခဲ့မိသည့်အတွက် အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
နှင်းမွေးကောင်သည် ခဏမျှ ဆက်နေပြီးနောက် ရေခဲပင်ကြီးပေါ်သို့ ပြန်တက်သွားတော့သည်။
သားရဲ၏ တက်သည့်အရှိန်မှာ နှေးကွေးပြီး အနည်းငယ်ပင် မသွက်လက်တော့သော်လည်း သန်မာသော သစ်ကိုင်းတစ်ကိုင်းကို ရှာတွေ့ပြီးနောက် ထိုပေါ်တွင် လှဲချလိုက်ကာ သစ်ပင်ပေါ်ရှိ ရေခဲသလင်းများနှင့် တဖြည်းဖြည်း ရောနှောသွားသည်။
သို့သော် ရှဟုန်သည် နောက်ထပ် ၁ နာရီကြာသည်အထိပင် မလှုပ်ရှားသေးပေ။
ရှဟုန် ကြောက်လို့တော့ မဟုတ်ပေ။
နှင်းမွေးကောင်သည် အိပ်ပျော်သွားသည်မှာ ဖြစ်နိုင်ချေ များလေသည်။ ယခု သူ ထွက်သွားလျှင်လည်း ပြဿနာကြီးကြီးမားမား ရှိမည် မဟုတ်ပေ။
သို့သော် ဒီအတိုင်း လက်လွှတ်လိုက်ရမည်ကို ရှဟုန် စိတ်မပါပေ။
နှင်းမွေးကောင် နောက်ဆုံး သစ်ပင်ပေါ် ပြန်တက်သည့် လှုပ်ရှားမှုကို ကြည့်ရုံဖြင့်ပင် သိနိုင်သည်။
ယခု နှင်းမွေးကောင်သည် အပြင်းအထန် တိုက်ခိုက်ပြီးနောက် ဒဏ်ရာ အခြေအနေမှာ အလွန်ဆိုးရွားနေပြီ ဖြစ်ပြီး မျက်လုံး ၂ ဖက်စလုံးလည်း ကန်းသွားခဲ့ပြီး ဖြစ်သည်။
ဒါက ရေခဲသားရဲအသား ပေါင် ၄၀၀၊ ၅၀၀ စာပင် ဖြစ်သည်မို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရလျှင် ရှဟုန် မလွဲမသွေ အလွန်နှမြောနေလိမ့်ပေမည်။
သို့သော် စောစောက နှင်းမွေးကောင်၏ အင်အားနှင့် ကောက်ကျစ်မှုကို ကြည့်ပြီးနောက် ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့မှာ လွယ်ကူမည့် ကိစ္စတော့ မဟုတ်ပေ။
မြေပြင်ပေါ်တွင် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော တာရှီစခန်းသား ၃ ယောက်၏ အလောင်းများကပင် ထိုအချက်ကို ရှင်းရှင်းလင်းလင်း သက်သေပြနေသည်။
ရှဟုန်သည် အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသဖြင့် မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။