အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃) - အသားခွဲဝေခြင်း
အရိုးဆူးနှင်းဝံပုလွေသည် နှင်းမွေးကောင်ကို မစားခဲ့ပေ။ ၎င်းသည် မိမိအနိုင်ရထားသော သားကောင်ကိုပင် ဆွဲယူသွားရန် အားမစိုက်ချင်ခဲ့ပေ။
ရှဟုန်သည် ထိုအကြောင်းရင်းမှာ မီးရှူးငယ်ကြောင့် ဖြစ်ကြောင်း အလျင်အမြန် နားလည်သွားခဲ့လေသည်။
အရိုးဆူးနှင်းဝံပုလွေ၏ အမြင်တွင် မီးရှူးငယ်၏ တန်ဖိုးမှာ နှင်းမွေးကောင်ထက် များစွာ ပိုမိုမြင့်မားနေကြောင်း သိသာပေသည်။
အခြားရေခဲသားရဲများ လာလုယူသွားမည်ကို စိုးရိမ်သောကြောင့် ၎င်းသည် မီးရှူးငယ်ကို ကိုက်ယူကာ အမြန်ဆုံး ထွက်ပြေးသွားခြင်း ဖြစ်သည်။
ရှဟုန်လည်း ထိုအချက်ကို သဘောပေါက်ထားပေသည်။
ထို့ကြောင့် အရိုးဆူးနှင်းဝံပုလွေ အနည်းငယ် ဝေးသွားသည်နှင့် နှင်းကျင်းထဲမှ အမြန်ထလာပြီး ပေါင် ၄၀၀ ကျော် အလေးချိန်ရှိသော နှင်းမွေးကောင်ကို ပခုံးပေါ်တင်ကာ အရှေ့ဘက်တောင်ကြောကို ကျော်သည့်ဘက်သို့ နောက်လှည့်မကြည့်ဘဲ အပြေးနှင်သွားတော့သည်။
အရိုးဆူးနှင်းဝံပုလွေနှင့် နှင်းမွေးကောင်တို့ အချိန်အတော်ကြာ တိုက်ခိုက်ထားခဲ့သဖြင့် အခြားရေခဲသားရဲများ ရောက်လာနိုင်၊ မရောက်လာနိုင် ဘယ်သူမှ မသိနိုင်ပေ။
ထို့အပြင် နှင်းမွေးကောင်သည် သွေးများစွာ ဆုံးရှုံးထားသောကြောင့် ဤနေရာတစ်ဝိုက်တွင် သွေးညှီနံ့က အလွန်ပြင်းထန်နေလေသည်။
အကယ်၍ သူသာ နှေးကွေးနေပါက မမျှော်လင့်ထားသော အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ပေသည်။
ထို့အပြင် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေခဲ့သဖြင့် မိုးလင်းတော့မည် ဖြစ်သည်။
ထို့ကြောင့် သူ စခန်းသို့ အမြန်ဆုံး ပြန်ရပေမည်။
လမ်းတစ်လျှောက် အရှိန်အဟုန်ဖြင့် ပြေးလွှားလာခဲ့ရာ စိတ်လှုပ်ရှားစရာသာ ရှိပြီး မည်သည့်အန္တရာယ်မျှ မကြုံခဲ့ပေ။
မကြာမီ ရှဟုန်သည် စခန်း၏ ဂူဝင်ပေါက်ကို မြင်တွေ့လိုက်ရသည်။
ဂူဝင်ပေါက်အနားသို့ ရောက်လာသောအခါ မဆင်မခြင် ဝင်မသွားဘဲ အရင်ဆုံး သတ်မှတ်ထားသော အချက်ပြစကားကို အော်ပြောလိုက်သည်။
“အရပ်လေးမျက်နှာက လေမုန်တိုင်းတွေဟာ ရက်ဝုဒ်တောင်ကြောရဲ့ မိုးစက်တွေကို မယှဉ်နိုင်ဘူး...”
“နဂါးတံခါးတောင်မှာ မိုးရွာရင် နှင်းလွင်ပြင်ကျား ဆင်းသက်လာတယ်...”
ဂူအတွင်းမှ ရှချွမ်၏ ဝမ်းသာအားရ အသံ ထွက်ပေါ်လာပြီး မကြာမီ ဂူဝင်ပေါက်ကို ပိတ်ထားသော သစ်ကိုင်းများကို အတွင်းမှ ဖယ်ရှားပေးလိုက်သည်။
သူ့ကို ကြိုဆိုနေသူများမှာ ရှချွမ်တစ်ယောက်တည်း မဟုတ်ဘဲ ယွမ်ချန်လည်း ပါဝင်နေသည်။
နှစ်ယောက်စလုံး ရှဟုန်၏ ကျောပေါ်မှ နှင်းမွေးကောင် အလောင်းကြီးကို မြင်လိုက်သည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။
ရှဟုန်က ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“ကံကောင်းလို့ ရခဲ့တာ... အရင်ဆုံး အထဲဝင်ကြစို့... ဂူဝင်ပေါက်ကို ပိတ်ပြီးမှ ပြောကြတာပေါ့...”
ထို့နောက် လူ ၃ ယောက် ဂူထဲသို့ ဝင်သွားကြသည်။ ဂူဝင်ပေါက် အပြီးမပိတ်ရသေးမီမှာပင် အတွင်းမှ အံ့အားသင့်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
“ဒါ... ဒါက ဘာကြီးလဲ...”
“ခေါင်းဆောင်... ခင်ဗျား အမဲလိုက်သွားတာလား...”
“ဟာ…”
“ဒါကို ခေါင်းဆောင်က သတ်လာတာလား...”
“ဒီလောက်ကြီးတဲ့ ရေခဲသားရဲမျိုး တစ်ခါမှ မမြင်ဖူးဘူး... ခေါင်းဆောင်က ဒီလောက်တောင် အားကောင်းတာလား...”
“အရင် သစ်ခုတ်အဖွဲ့ ရှိတုန်းကတောင် ဒီလောက်ကြီးတဲ့ သားကောင်ကို တစ်ခါမှ မယူလာနိုင်ခဲ့ဘူး...”
……
ခဏအတွင်းမှာပင် စခန်းရှိ လူအားလုံးသည် ရှဟုန်ကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားကြလေသည်။
လေးစားမှု၊ ကြည်ညိုမှု၊ အားထားမှုတို့အပြင် အနာဂတ်အတွက် မျှော်လင့်ချက်များလည်း ပိုမို ပြည့်နှက်လာခဲ့သည်။
ခွန်အားရှိသူသည် လေးစားခံရသည်မှာ နေရာတိုင်း၌ မပြောင်းလဲသော သဘာဝတရားပင် ဖြစ်သည်။ အထူးသဖြင့် အသက်ကို အချိန်မရွေး ဆုံးရှုံးနိုင်သော အန္တရာယ်များနှင့် ပြည့်နှက်နေသည့် ဒီကမ္ဘာတွင် ဖြစ်သည်။
စခန်းသားတစ်ဦး ပြောသကဲ့သို့ အရင်က သစ်ခုတ်အဖွဲ့ ရှိနေစဉ်ပင် ဤမျှကြီးမားသော သားကောင်ကို ဘယ်သူမျှ မယူဆောင်လာနိုင်ခဲ့ပေ။ ထို့အပြင် ယခုမှာ ရှဟုန်၏ ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းသာ ဖြစ်သည်။
“ဒါကို ငါ သတ်ခဲ့တာ မဟုတ်ဘူး။ ကံကောင်းသွားတာပါ...”
ရှဟုန်သည် ဖြစ်စဉ်ကို အတိုချုံး ရှင်းပြလိုက်သော်လည်း လူတိုင်း၏ အမူအရာကို ကြည့်လိုက်သောအခါ သူ့စကားကို ဘယ်သူမျှ မယုံကြည်ကြောင်း ထင်ရှားနေသည်။
ခဏမျှ စဉ်းစားပြီးနောက် သူသည် ဆက်မရှင်းပြတော့ရန် ဆုံးဖြတ်လိုက်တော့သည်။
အကြောင်းရင်းမှာ ယခုလို အထူးအခြေအနေမျိုးတွင် စခန်းသားများအား မျှော်လင့်ချက် အနည်းငယ် ပိုမိုပေးထားခြင်းကလည်း မကောင်းသည့်အရာ မဟုတ်သောကြောင့်ပင်။
“နားလည်မှု လွဲနေကြပါစေလေ....”
သို့သော် ရှချွမ်နှင့် ယွမ်ချန်တို့၏ မျက်လုံးထဲတွင် ပြင်းပြသော လေးစားအားကျမှုများကို မြင်လိုက်ရသောအခါ သူသည် မနေနိုင်တော့ဘဲ နှစ်ယောက်စလုံး၏ နဖူးကို တစ်ချက်စီ ခပ်ဖွဖွ တောက်လိုက်သည်။
“အတွေးလွန်မနေကြနဲ့... ငါ့မှာ အဲဒီလောက် အစွမ်းမရှိဘူး...”
“ရေခဲသားရဲတွေရဲ့ အင်အားက မင်းတို့ ထင်ထားတာထက် အများကြီး ပိုကြောက်ဖို့ကောင်းတယ်... ဒီနှင်းမွေးကောင်သာ အသက်ရှင်နေသေးရင် စခန်းတစ်ခုလုံး ပေါင်းတိုက်ရင်တောင် ငါတို့အားလုံးက သူ့အတွက် သရေစာပဲ ဖြစ်မှာ...”
အခြားသူများ နားလည်မှုလွဲနေလျှင် ကိစ္စမရှိပေ။ သို့သော် ရှချွမ်နှင့် ယွမ်ချန်တို့ကတော့ မဖြစ်နိုင်ပေ။
စခန်းတွင် အဓိက အင်အားစု မရှိတော့သည့် အခြေအနေ၌ ရှချွမ်နှင့် ယွမ်ချန်တို့သည် ထိပ်တန်း အင်အားများ ဖြစ်သည်။
မကြာမီ သူတို့ ၂ ယောက်သည်လည်း သစ်ခုတ်သမားအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပြီး အနာဂတ်တွင် ရှဟုန်နှင့်အတူ အပြင်ထွက် စူးစမ်းရဖွယ် ရှိသည်။
အကယ်၍ သူတို့သာ အလွန်အမင်း အထင်ကြီးပြီး လက်တွေ့မကျသော အတွေးများ ဆက်ရှိနေမည်ဆိုလျှင် ထိုအရာက သူတို့၏ အသက်ကိုပင် ဆုံးရှုံးစေနိုင်သည်။
ရှဟုန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် သူတို့ ၂ ယောက်သည် နှင်းမွေးကောင်ကို မည်သို့ ရရှိလာသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ကြသည်။
သို့သော် ရှဟုန်ကို ကြည့်နေသည့် သူတို့၏ မျက်လုံးများထဲတွင် ပြင်းပြသော လေးစားအားကျမှုများကတော့ လျော့ပါးမသွားသေးပေ။
ကိုယ်တိုင် မကြုံဖူးကြသော်လည်း ထိုအခြေအနေက မည်မျှ အန္တရာယ်များကြောင်းကို သူတို့ ၂ ယောက်စလုံး စိတ်ကူးယဉ်နိုင်ပေသည်။
ဒီနှင်းမွေးကောင်ကို ပြန်သယ်လာနိုင်ခဲ့ခြင်းကြောင့် ရှဟုန်၏ ပုံရိပ်သည် သူတို့၏ စိတ်ထဲတွင် ပို၍ပင် မြင့်မားလာပြီး သူရဲကောင်းတစ်ဦးသဖွယ် ဖြစ်လာတော့သည်။
“တာရှီစခန်းသားတွေက လွန်လွန်းတယ်... အရင်တုန်းက သူတို့ အမဲလိုက်ဖို့ လူအင်အား မလုံလောက်လို့ ငါတို့စခန်းကို လာအကူအညီတောင်းတိုင်း ဦးလေးတင်းနဲ့ အဖေက သဘောတူပေးရုံတင်မက ကိုယ်တိုင် လူခေါ်ပြီးတောင် သွားကူပေးခဲ့ကြတာ... အခုတော့ သူတို့က နယ်ကျော်ပြီးတောင် အမဲလိုက်ရဲနေပြီ...”
သို့သော် ယွမ်ချန်သည် ရှဟုန်၏ စကားထဲမှ အဓိကအချက်ကို ချက်ချင်း ဖမ်းမိလိုက်ပြီးနောက် သူက ချက်ချင်း ထရပ်လိုက်ပြီး တာရှီစခန်းသားများကို ဒေါသတကြီး ပြစ်တင်ဝေဖန်တော့လေသည်။
ဘေးရှိ ရှချွမ်သည်လည်း မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ကာ သူလည်း ထိုကိစ္စအပေါ် မကျေနပ်သည်မှာ ထင်ရှားပေသည်။
အမှန်တကယ်အားဖြင့် ရက်ဝုဒ်တောင်ကြောတွင် အခြားစခန်း၏ နယ်မြေထဲသို့ ဝင်ရောက်ကာ အမဲလိုက်ခြင်း၊ အရင်းအမြစ်များ စုဆောင်းခြင်းသည် အလွန်ဆိုးရွားပြီး ခွင့်မလွှတ်နိုင်သော လုပ်ရပ်တစ်ခုဟု သတ်မှတ်ထားခဲ့သည်။
အကြောင်းရင်းမှာ ရိုးရှင်းပေသည်။ ရက်ဝုဒ်တောင်ကြောတွင် သစ်ပင်များ များပြားသည်…. ရေခဲသားရဲများလည်း များပြားသည်… ထို့အပြင် မသိရသေးသော အဖိုးတန် အရင်းအမြစ်များကလည်း ပို၍ပင် များပြားလေသည်။
တကယ့် ပြဿနာမှာ ပတ်ဝန်းကျင်ရှိ လူသားစခန်းများ၏ အင်အားက အလွန်အားနည်းနေခြင်းသာ ဖြစ်သည်။
အင်အားနည်းသောကြောင့် မည်သည့်စခန်းကမျှ ရက်ဝုဒ်တောင်ကြော အတွင်းပိုင်းသို့ နက်နက်ရှိုင်းရှိုင်း မဝင်ရဲကြပေ။
စခန်းအားလုံးသည် ရက်ဝုဒ်တောင်ကြော၏ အစွန်အဖျားရှိ ဧရိယာကျဉ်းကျဉ်းလေးတွင်သာ လှုပ်ရှားရဲကြလေသည်။
ထို့ကြောင့် အစောပိုင်း နယ်မြေခွဲဝေချိန်တွင် အလယ်အလတ်အဆင့် ရိုဂယ်စခန်းမှလွဲ၍ ကျန်စခန်းများ၏ နယ်မြေများမှာ အလွန်ကျဉ်းမြောင်းနေပြီးသား ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် အခြားစခန်း၏ နယ်မြေထဲသို့ ဝင်ရောက်ကာ အရင်းအမြစ်များ စုဆောင်းခြင်းသည် တစ်ဖက်စခန်း၏ အကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်စေခဲ့သည်။
တာရှီစခန်း၏ ယခုလုပ်ရပ်ကို ကြည့်ရုံဖြင့် ဤသည်မှာ သူတို့၏ ပထမဆုံး နယ်ကျော်ခြင်း မဟုတ်ကြောင်း ထင်ရှားသည်။ ဆိုလိုသည်မှာ ထိုရေခဲပင်ကြီး၏ တည်နေရာကို သူတို့ အလွန်ရင်းနှီးပြီးသား ဖြစ်သည်။
ထိုရေခဲပင်ကြီးမှ ရေခဲသလင်းသီး မည်မျှပင် ခူးယူခဲ့ကြပြီဆိုသည်ကိုပင် ခန့်မှန်းရ ခက်ပေသည်။
“လက်ရှိအခြေအနေမှာ သူတို့ နယ်ကျော်ချင်ရင် ကျော်ပါစေ... ငါတို့မှာ အခု သူတို့ကို ရင်ဆိုင်နိုင်တဲ့ အင်အားလည်း မရှိဘူး... အချိန်လည်း မရှိဘူး... အရင်ဆုံး စခန်းရှင်သန်အောင် လုပ်ရမယ်... ငါတို့ အင်အားတက်လာတဲ့ တစ်နေ့ရောက်ရင် သူတို့ကိုယ်တိုင် နယ်မကျော်ရဲတော့ဘူး...”
ရှဟုန်သည် သူတို့၏ ဒေါသကို နားလည်သည်။ သို့သော် လက်ရှိ စခန်း၏ ဆိုးရွားသော အခြေအနေအရ ထိုကိစ္စများကို ဖြေရှင်းရန် အင်အားလည်း မရှိ၊ အရည်အချင်းလည်း မရှိသေးပေ။
နယ်မြေကို ကာကွယ်ရမည်မှာ ဟုတ်ပေသည်။ သို့သော် ထိုအရာအားလုံး၏ ရှေ့တွင် အရေးအကြီးဆုံးမှာ အသက်ရှင်နေရန် ဖြစ်သည်။
“မင်းတို့ ၂ ယောက် ငါ့ကို အမှန်အတိုင်း ပြောကြ... ရေခဲသားရဲအသားကို လုံလုံလောက်လောက် ရရင် သစ်ခုတ်သမားအဆင့်ကို တက်ဖို့ ဘယ်လောက်ကြာမလဲ...”
ရှဟုန်၏ မေးခွန်းကို ကြားလိုက်သည်နှင့် သူတို့ ၂ ယောက်စလုံး မြေပြင်ပေါ်ရှိ နှင်းမွေးကောင်ကို တစ်ပြိုင်နက် ကြည့်လိုက်ကြပြီး အသက်ရှူသံများပင် လေးလံလာသည်။
“အကိုကြီး၊ ရေခဲသားရဲအသားသာ လုံလောက်ရင် ကျွန်တော် တစ်လလောက်ပဲ လိုတော့မယ်...”
အမှန်အားဖြင့် ရှချွမ်၏ အခြေအနေကို ရှဟုန်က သိပြီးသား ဖြစ်သည်။
ယခင်က မဟာဘိုးဘေး လက်သီးရှည်သိုင်း သင်ပေးခဲ့ချိန်ကပင် ရှချွမ်၏ ခွန်အားမှာ ပေါင် ၂,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ရေခဲသားရဲအသား မလုံလောက်သောကြောင့်သာ တိုးတက်နှုန်း နှေးကွေးနေခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်တွင် ယွမ်ချန်လည်း ပါးစပ်ဖွင့်၍ ပြောလာသည်။
“ကျွန်တော့်ခွန်အားက ပေါင် ၃,၀၀၀ ရှိနေပြီ... တစ်လတောင် မလိုလောက်ဘူး... ခေါင်းဆောင်သာ မဟာဘိုးဘေး လက်သီးရှည်သိုင်းကို သင်ပေးမယ်ဆိုရင် ရက် ၂၀ အတွင်း သစ်ခုတ်သမားအဆင့်ကို တက်နိုင်မယ်လို့ ယုံကြည်တယ်...”
ရှဟုန်၏ မျက်လုံးများ တောက်ပသွားလေသည်။ ယွမ်ချန်၏ အခြေခံအင်အားမှာ သူထင်ထားသည်ထက်ပင် ပိုကောင်းနေသည်။
“မင်းတစ်ယောက်တည်း မဟုတ်ဘူး။ စခန်းက လူအားလုံးကို ငါ သင်ပေးမယ်...”
ထိုသို့ ပြောပြီးနောက် ရှဟုန်သည် နှင်းမွေးကောင်အသားကို ပြန်ကြည့်ကာ စိတ်ထဲတွင် တွက်ချက်စပြုလိုက်သည်။
ရှချွမ်နှင့် ယွမ်ချန်တို့၏ လက်ရှိခွန်အားအရ တစ်နေ့လျှင် စားနိုင်သည့် ရေခဲသားရဲအသား အများဆုံးပမာဏမှာ ၃ ပေါင်ခန့်သာ ဖြစ်သင့်သည်။
သူတို့ ၂ ယောက်စလုံး သစ်ခုတ်သမားအဆင့်ကို တက်ရန် တစ်လလိုသည်ဟု တွက်လျှင် စုစုပေါင်း ၁၈၀ ပေါင်သာ ကုန်မည်။ ဆိုလိုသည်မှာ အနည်းဆုံး ပေါင် ၂၀၀ ကျော် ပိုလျှံနေဦးမည် ဖြစ်သည်။
မကြာမီ ရှဟုန်၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာခဲ့လေသည်။ သူသည် ယွမ်ချန်နှင့် ရှချွမ်တို့ကို မိမိတို့နှင့် အသက်အရွယ်တူသော စခန်းသား ၂၂ ယောက်ကို ခေါ်လာရန် စေခိုင်းလိုက်သည်။
လက်ရှိ စခန်းတွင် စုစုပေါင်း လူဦးရေ ၁၅၄ ယောက် ရှိသည်။
သူတို့အနက် လူလတ်ပိုင်း ၅၃ ယောက်နှင့် အသက် ၁၂ နှစ်အောက် ၇၆ ယောက်ကို ဖယ်လိုက်လျှင် ရှဟုန်တို့နှင့် အသက်အရွယ်တူသူ စုစုပေါင်း ၂၄ ယောက်သာ ကျန်တော့သည်။
“အားလုံးပဲ၊ အပိုစကား မပြောတော့ဘူး... ဒီနှင်းမွေးကောင်ကို ငါ သတ်ခဲ့တာ မဟုတ်ဘူး... ကောင်းကင်က ငါတို့စခန်းရဲ့ ကံကြမ္မာ မဆုံးသေးဘူးလို့ ထင်ပြီး အခွင့်အရေးတစ်ခု ပေးလိုက်တာလို့ပဲ သဘောထားလိုက်... ဒါကြောင့် ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး စခန်းရဲ့ အင်အားကို အမြန်ဆုံး မြှင့်တင်ရမယ်...”
“သားကောင်ကို ငါတစ်ယောက်တည်း ပြန်သယ်လာခဲ့တာဖြစ်လို့ ပေါင် ၁၀၀ ကို ငါ ယူမယ်...”
“သစ်ခုတ်သမားအဆင့်ကို တက်တော့မယ့် ယွမ်ချန်နဲ့ ရှချွမ်ကတော့ တစ်ယောက်ကို ပေါင် ၉၀ စီ ရမယ်...”
“စခန်းမှာ အရင်ကျန်နေတဲ့ ရေခဲသားရဲအသားကိုပါ ပေါင်းတွက်လိုက်တော့ ပေါင် ၁၇၀ ကျော် ကျန်သေးတယ်...”
“မင်းတို့ ၂၂ ယောက်ကို မနက်ဖြန် တစ်ယောက် ၁ ပေါင်စီ ပေးမယ်... ပြီးရင် အခြေခံခွန်အားကို စမ်းသပ်မယ်... အဆင့် ၁ ကနေ ၅ အထိ ရတဲ့သူတွေကို တစ်ယောက် ပေါင် ၃၀ စီ ထပ်ပေးမယ်...”
ထိုစကားကို ကြားလိုက်သည်နှင့် လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ အမူအရာများ ပေါ်လာသည်။
ရှဟုန်က တစ်ယောက်တည်း ပြန်သယ်လာခဲ့သော ဤမျှတန်ဖိုးကြီးသည့် သားကောင်ကိုပင် သူတို့နှင့် မျှဝေပေးမည်ဟု ဘယ်သူမျှ မထင်ထားခဲ့ကြပေ။
“အပြင်လောကက အန္တရာယ်များလွန်းတယ်... ငါ့ တစ်ယောက်တည်းကို အားကိုးနေလို့ ဒီလောက်များတဲ့ စခန်းသားတွေကို အသက်ရှင်အောင် မကာကွယ်နိုင်ဘူး...”
“ရှချွမ်၊ ယွမ်ချန်... မင်းတို့ ၂ ယောက် အမြန်ဆုံး သစ်ခုတ်သမားအဆင့်ကို တက်ရမယ်...”
“ကျန်တဲ့သူတွေလည်း အတူတူပဲ... နောက်တစ်ခါ ရေခဲသားရဲအသား ရလာရင် ဘယ်သူက အမြန်ဆုံး အဆင့်တက်နိုင်မလဲဆိုတာကို အရင်ဦးစားပေးမယ်...”
ရှဟုန်၏ လေးနက်သော စကားများကို ကြားလိုက်သောအခါ လူတိုင်းသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
ရှချွမ်နှင့် ယွမ်ချန်တို့ကတော့ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်လုံးများထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။