← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း (၁၅) - သစ်ခုတ်ခြင်းနှင့် အသီးခူးခြင်း၊ သတင်းကောင်း

မဟာဘိုးဘေး လက်သီးရှည်သိုင်းအား အပိုင်း ၄ ပိုင်း ခွဲထားပေသည်။

တိုက်ကွက်ငယ်... တိုက်ကွက်ကြီး... လွတ်လပ်လက်သီး...နှင့် ပူးပေါင်းတိုက်ပွဲ...

ယခင်ဘဝတွင် ရှဟုန် အဓိက လေ့ကျင့်ခဲ့သည်မှာ ဤလက်သီးသိုင်းပင် ဖြစ်သည်။

တိုက်ကွက်ငယ်သည် အကွာအဝေးနီးနီးမှ တိုက်ခိုက်ခြင်းကို အခြေခံထားပြီး ကာကွယ်ရေးကို အဓိကထားပေသည်။

တိုက်ကွက်ကြီးသည် လက်သီး၊ ခြေထောက်နှင့် ခါးအားတို့ကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ကာ အားလုံးကို အချက်တစ်ချက်တည်းတွင် စုစည်း၍ တိုက်ခိုက်သည့် သိုင်းဖြစ်ပေသည်။

လွတ်လပ်လက်သီးတွင် ပုံသေနည်းလမ်း မရှိဘဲ ရန်သူကို အပြင်းအထန် ထိခိုက်စေရန် ရည်ရွယ်ထားသည်။ ခေါင်း၊ လက်ချောင်း၊ လက်ဖဝါး၊ လက်သီး၊ တံတောင်၊ ပခုံး၊ ဒူး၊ ခြေထောက်၊ တင်ပါးနှင့် လက်မောင်းတို့အားလုံးကို လက်နက်အဖြစ် အသုံးပြုနိုင်ပြီး အချိန်အခါကို အတိအကျ ဖမ်းယူ၍ အသက်သေစေနိုင်သည့် အဆုံးအဖြတ်တိုက်ကွက်ကို အလေးထားပေသည်။

ပူးပေါင်းတိုက်ပွဲ သည် တိုက်ပွဲနည်းစနစ်များကို ပေါင်းစပ်ထားပြီး ရန်သူအများအပြားကို တစ်ပြိုင်နက် ရင်ဆိုင်ရာတွင် အထူးသင့်လျော်ပေသည်။

ယခင်ဘဝက မဟာဘိုးဘေး လက်သီးရှည်သိုင်း ကို လက်တွေ့အသုံးဝင်ဆုံး ကိုယ်ခံပညာအဖြစ် ချီးကျူးခံခဲ့ရခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။

၎င်းသည် တိုက်ခိုက်မှု၊ ကာကွယ်မှု၊ အသက်သေစေနိုင်မှု တို့ကိုသာ မဟုတ်ဘဲ သိုင်းလမ်းကြောင်း ၄ မျိုးစလုံးကို လက်နက်နှင့် ပေါင်းစပ် အသုံးချနိုင်သေးပေသည်။

ရှဟုန်သည် ယခင်ဘဝကတည်းက သိုင်းလမ်းကြောင်း ၄ မျိုးလုံးကို ကျွမ်းကျင်ပြီးသား ဖြစ်သဖြင့် ယွမ်ချန်နှင့် ကျန် ၅ ယောက်ကို သင်ပေးရခြင်းမှာ အလွန်လွယ်ကူလှသည်။

အချိန်အတော်ကြာ သင်ကြားပေးပြီးနောက် လေ့လာကြည့်ရာမှ လူ ၆ ယောက်၏ အခြေအနေကိုလည်း ရှဟုန် အကြမ်းဖျင်း နားလည်သွားခဲ့သည်။

ယွမ်ချန်နှင့် ယွီဖုန်းတို့၏ ကိုယ်ခန္ဓာသည် အသန်မာဆုံးဖြစ်ပြီး နှစ်ယောက်စလုံး အရပ် ၂ မီတာကျော် ရှိကြသည်။

ရေရှည် အစာငတ်မွတ်မှုကြောင့် ကိုယ်လုံး မတောင့်တင်းတော့သော်လည်း အာဟာရ လုံလောက်လာသည်နှင့် မကြာမီ ပြန်လည် သန်မာလာနိုင်မည်ဟု ယုံကြည်ရပေသည်။

လှုပ်ရှားမှု နည်းပြီး ကိုယ်ဟန်အနေအထား လိုအပ်ချက် မမြင့်သော တိုက်ကွက်ငယ် သည် သူတို့နှစ်ယောက်နှင့် အသင့်တော်ဆုံး ဖြစ်သည်။

လင်ခိုင်၊ ချူဖန်းနှင့် ရှုနင်တို့မှာ ကိုယ်ခန္ဓာ အချိုးအစား ညီမျှပြီး လက်နှင့်ခြေ အလှမ်းရှည်ကာ ယွမ်ချန်တို့ထက် ပိုမို လျင်မြန်ကြသဖြင့် လက်သီး၊ ခြေထောက်နှင့် ခါးအားကို ပေါင်းစပ်အသုံးပြုသည့် တိုက်ကွက်ကြီး နှင့် ပို၍ ကိုက်ညီသည်။

အရပ်အပုဆုံးနှင့် အလျင်မြန်ဆုံးဖြစ်သည့် လုယန်မှာ အချိန်ကိုက် အခွင့်အရေး ဖမ်းယူနိုင်စွမ်း ထူးချွန်သဖြင့် လွတ်လပ်လက်သီး နှင့် ပို၍ သင့်တော်ပေည်။

သိုင်းကို သင်ယူပြီးနောက် လူ ၆ ယောက်စလုံး အလွန်စိတ်လှုပ်ရှားသွားကြပြီး ဝမ်းထဲရှိ ရေခဲသားရဲအသားမှ စွမ်းအင်ကို အသုံးချကာ ချက်ချင်း လေ့ကျင့်ကြတော့သည်။

လူ ၆ ယောက်ကို သင်ကြားပေးပြီးနောက် ညအမှောင် ကျရောက်လာချိန်တွင် ရှဟုန်သည် ကျောက်ပုဆိန်တစ်လက်ကို ယူကာ ဂူထဲမှ ထပ်မံ ထွက်ခွာသွားသည်။

မူလအစီအစဉ်အရ မနေ့ညက ရေခဲသလင်းသီး သွားခူးရန် ဖြစ်သော်လည်း မမျှော်လင့်ဘဲ တာရှီစခန်း၏ အမဲလိုက်အဖွဲ့နှင့် ကြုံခဲ့ရလေသည်။

နောက်ဆုံးတွင် နှင်းမွေးကောင်ကို ပြန်ယူလာနိုင်ခဲ့သော်လည်း ရေခဲသလင်းသီး တစ်လုံးတစ်လေမှ မခူးနိုင်ခဲ့ပေ။

အမဲလိုက်နိုင်စွမ်း မရှိသေးသည့်ကာလတွင် ရေခဲသားရဲအသားသည် အလွန်ရှားပါးပြီး ရေခဲသလင်းသီးသာ စခန်း၏ အဓိက အစားအစာဖြစ်သဖြင့် ရှဟုန်သည် ရေခဲပင်ကြီး ဆီသို့ သွား၍ အသီးခူးရမည် ဖြစ်သည်။

ထို့အပြင် စခန်းတွင် ထင်းလည်း ကုန်လုနီးပါး ဖြစ်နေသည်။ မူလဂူမှ ပြောင်းလာပြီးနောက် ထင်း ၁၅ ယူနစ်သာ ကျန်ရှိခဲ့သည်။

ထိုပမာဏဖြင့် ၁၀ ရက်ကျော် တောင့်ခံနိုင်ခဲ့ခြင်းသည်ပင် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ မီးပုံငယ်လေးအတွက် တစ်နေ့လျှင် ထင်း ၂ ယူနစ် သုံးစွဲရပေသည်။

စခန်းသားများက ညဘက် မီးမဖိုဘဲ ချွေတာခဲ့ခြင်း မဟုတ်လျှင် ထိုထင်းအနည်းငယ်သည် ယနေ့အထိ မခံနိုင်ပေ။

ပထမအကြိမ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ကြိမ် ရက်ဝုဒ်တောင်ကြော ထဲသို့ ဝင်ရောက်လာရာတွင် ရှဟုန်သည် လမ်းကြောင်းကို ပိုမို ရင်းနှီးနေပြီ ဖြစ်သည်။ ယခင်အကြိမ်က မှတ်မိထားသော လမ်းကြောင်းကို အားကိုးကာ မကြာမီ ရေခဲပင်ကြီး ရှိရာနေရာကို ရှာတွေ့သွားခဲ့သည်။

ရှဟုန်သည် အနီးသို့ ချဉ်းကပ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးပြီး အန္တရာယ်မရှိကြောင်း သေချာမှသာ သစ်ပင်ပေါ် တက်သွားခဲ့သည်။ ထို့နောက် သားရေအိတ်တစ်လုံးကို ထုတ်ကာ အသီးများကို စတင် ခူးယူတော့သည်။

သစ်ပင်ပေါ်ရှိ အသီးများအားလုံးသည် ရင့်မှည့်နေသော ရေခဲသလင်းသီး များဖြစ်ပြီး တစ်လုံးစီမှာ လက်သီးဆုပ်ခန့် အရွယ်ရှိကာ အလေးချိန် ပေါင်ဝက်ခန့် ရှိသည်။

ရှဟုန်သည် မကြာမီ ပေါင် ၁,၀၀၀ ကျော်ခန့် ခူးယူလိုက်နိုင်ပြီး လက်ထဲရှိ သားရေအိတ်မှာလည်း တဖြည်းဖြည်း လေးလာခဲ့သည်။ သားရေအိတ် ပြည့်သွားသည့်အခါမှသာ ရှဟုန်သည် ရပ်တန့်လိုက်တော့သည်။

ရေခဲသလင်းသီးများ ခူးပြီးနောက် နောက်တစ်ဆင့်မှာ သစ်ခုတ်ခြင်းပင်။

သားရေအိတ်ကို သယ်ဆောင်လျက် ရှဟုန်သည် အပြန်လမ်းသို့ ထွက်လာပြီး ရက်ဝုဒ်တောင်ကြော မှ ထွက်လုနီးပါး ရောက်သည့်အခါမှသာ အနီးပတ်ဝန်းကျင်ရှိ သင့်တော်သော သစ်ပင်များကို စတင် ရှာဖွေတော့သည်။

သစ်ခုတ်ခြင်းဟု ပြောရလျှင် လွယ်ကူသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုမျှ မရိုးရှင်းပေ။

ရှဟုန်သည် ရေခဲပင်ကြီး များကို လုံးဝ မခုတ်နိုင်ပေ။

ပထမအချက်မှာ သစ်ပင်ပေါ်တွင် ရေခဲသားရဲ ရှိနေနိုင်သည်။

ဒုတိယအချက်မှာ ထိုသစ်ပင်များသည် စခန်း၏ အစားအစာရင်းမြစ် ဖြစ်နေပြီး မူလကတည်းက အရေအတွက် နည်းပါးနေရာ သူတို့ကို ခုတ်ပစ်ခြင်းသည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းကို ကိုယ်တိုင် ဖြတ်တောက်လိုက်ခြင်းနှင့် မခြားပေ။

ရွှေကြေးခွံနှင်းပင် များကိုလည်း မခုတ်နိုင်ပေ။

အဓိက အကြောင်းရင်းမှာ ထိုသစ်ပင်များသည် အလွန်မာကျောလွန်း၍ ရှဟုန်၏ ကျောက်ပုဆိန်ဖြင့် ခုတ်လှဲနိုင်မည် မဟုတ်သလို ညဘက်တွင် ရေခဲသားရဲများကလည်း ထိုသစ်ပင်များပေါ်တွင် အိပ်စက်လေ့ရှိကြသည်။

ထိုသားရဲများကို နှိုးဆွမိပါက အကျိုးဆက်မှာ ရလဒ်ကောင်း ထွက်လာမည် မဟုတ်ပေ။

ထို့ကြောင့် ရှဟုန် ခုတ်နိုင်သည့်အရာမှာ ကြက်သွေးနှင်းပင်များသာ ကျန်တော့သည်။

ရက်ဝုဒ်တောင်ကြော အပြင်ဘက်ပိုင်းတွင် အမှန်တကယ်ပင် ကြက်သွေးနှင်းပင်များက အများဆုံးဖြစ်ပြီး စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို နေရာယူထားပေသည်။

သို့သော် ပြဿနာမှာ ထိုကြက်သွေးနှင်းပင်များအားလုံးက အလွန်ကြီးမားလွန်းခြင်း ဖြစ်သည်။

ရှဟုန် ဘယ်နေရာကို ကြည့်ကြည့် ပင်စည်အချင်း ၄ မီတာ၊ ၅ မီတာ၊ ၆ မီတာ၊ ၇ မီတာ ရှိသည့် သစ်ပင်ကြီးများကိုသာ မြင်ရပြီး အမြင့် ၅၀ မီတာ၊ ၆၀ မီတာရှိသည့် သစ်ပင်များလည်း နေရာအနှံ့ တွေ့ရပေသည်။

ရှဟုန်သည် အတွင်းပိုင်းသို့ ပိုဝင်သွားသည့်အခါ ပင်စည်အချင်း ၁၀ မီတာကျော်သည့် သစ်ပင်များကိုပင် မြင်ခဲ့ရပြီး အချို့မှာ ထိုထက်ပင် ပို၍ ကြီးမားနေသည်။

ကောင်းကင်ကို ထိုးဖောက်လုမတတ် မြင့်မားလှသော ထိုသစ်ပင်ကြီးများကို ကြည့်ရင်း ရှဟုန်မှာ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားတော့သည်။

စခန်းစနစ် အဆင့်မြင့်လာသည်နှင့်အမျှ လိုအပ်သည့် အရင်းအမြစ်များမှာလည်း ပိုများလာမည်ကို ကြိုတင် ခန့်မှန်းနိုင်သဖြင့် မကုန်မခန်း ရှိနေသည့် ထိုသစ်ပင်များသည် မင်္ဂလာသတင်းကောင်းဟုပင် ဆိုနိုင်ပေသည်။

သို့သော် ပြဿနာမှာ ယခုအချိန်တွင် ထိုသစ်ပင်များကို တစ်ပင်မှ သယ်မသွားနိုင်ခြင်း ဖြစ်သည်။

ရှဟုန်သည် အထူဆုံး တစ်ပင်ကို ရွေးခုတ်ချင်သော်လည်း ခုတ်လှဲနိုင်သည် မနိုင်သည်ကို အသာထား၊ ခုတ်လှဲနိုင်ခဲ့လျှင်ပင် ပြန်သယ်နိုင်မည် မဟုတ်ပေ။

၁ နာရီကျော် ရှာဖွေပြီးနောက် သစ်ပင်ကြီးများကို မြင်ရလွန်းသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်လုနီးပါး အချိန်တွင် ရှဟုန်သည် နောက်ဆုံး၌ သင့်တော်သော ကြက်သွေးနှင်းပင် တစ်ပင်ကို တွေ့ရှိသွားသည်။

“ပင်စည်အချင်း ၃ မီတာကျော်၊ အမြင့် ၂၀ မီတာကျော်... အရင်ဂူမှာ လောင်ကျွမ်းခဲ့တဲ့ သစ်ပင်တွေနဲ့ အရွယ်အစားချင်း မကွာဘူး... ဒီတစ်ပင်ကိုတော့ ပြန်သယ်သွားနိုင်လောက်တယ်...”

ရှဟုန်သည် ရေခဲသလင်းသီး အပြည့်ထည့်ထားသော သားရေအိတ်ကို ချထားလိုက်ပြီး ခါးတွင် ချိတ်ထားသော ကျောက်ပုဆိန်ကို ထုတ်ယူကာ သစ်ပင်အခေါက်ပေါ်မှ ရေခဲလွှာကို အရင် ခြစ်ချလိုက်တော့သည်။

ထို့နောက် လက်နှစ်ဖက်ပေါ်သို့ တံတွေးထွေးကာ သစ်ခုတ်ခြင်းကို အားသွန်ခွန်စိုက် စတင်တော့သည်။

ရှရက်... ရှရက်...

ရှရက်... ရှရက်...

၃ နာရီကြာပြီးနောက်....

ဘုန်း…

သစ်ပင်ကြီးသည် မြေပေါ်သို့ လဲကျသွားပြီး နှင်းမှုန်များ လွင့်စင်သွားခဲ့သည်။

တစ်ကိုယ်လုံး ချွေးရွှဲနစ်ကာ ခါးနာ၊ လူပင်ပန်းနေသည့် ရှဟုန်သည် အသက်ရှူမဝသည့် အနေအထားဖြင့် ရှေ့သို့ လျှောက်သွားကာ လဲကျနေသော ကြက်သွေးနှင်းပင်ကို ကြည့်လိုက်သည်။

သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာ ပေါ်လာသည်။

ယခုအချိန်မှသာ ရှတင်းနှင့် သစ်ခုတ်အဖွဲ့ ၁၃ ယောက်တို့သည် ညစဉ် အပြင်ထွက်တိုင်း သစ်ပင် ၅ ပင်၊ ၆ ပင်သာ သယ်ပြန်နိုင်ရသည့် အကြောင်းရင်းကို သူ နားလည်သွားခဲ့ရသည်။

သစ်ခုတ်သမားအဆင့်သို့ ရောက်ခါစဖြစ်သော ရှဟုန်သည် သစ်ပင်တစ်ပင်ကို ခုတ်လှဲရန် ၃ နာရီတိတိ ကြာမြင့်ခဲ့သည်။ ထို့အပြင် မောပန်းလွန်း၍ အားကုန်လုနီးပါး ဖြစ်သွားခဲ့ရသည်။

သူ၏ ခန္ဓာကိုယ်သည် အချိန်တိုအတွင်း ယခုလို ပြင်းထန်သည့် အလုပ်မျိုးကို နောက်တစ်ကြိမ် ထပ်လုပ်နိုင်တော့မည် မဟုတ်ကြောင်း ရှဟုန် ရှင်းရှင်းလင်းလင်း ခံစားမိလေသည်။

ဆိုလိုသည်မှာ သစ်ခုတ်သမားအဆင့် တစ်ယောက်သည် ညတစ်ညလျှင် သစ်ပင်တစ်ပင်သာ အများဆုံး ခုတ်နိုင်မည် ဖြစ်သည်။

ထိုသည်မှာလည်း လုံခြုံရေးကို ထည့်သွင်းစဉ်းစားထားသည့် အခြေအနေအောက်တွင်သာ ဖြစ်သည်။

ထို့အပြင် ကြက်သွေးနှင်းပင်သည် အပြင်ဘက်ဒေသတွင် ခုတ်ရအလွယ်ဆုံး သစ်ပင် ဖြစ်နေသေးသည်။

ယနေ့ည မထွက်ခင်က ရှဟုန်သည် မီးပုံငယ်လေး ကို အဆင့်မြှင့်ရန် လိုအပ်သည့် ထင်း ၂၀၀ ယူနစ်ကို တစ်ခါတည်း စုဆောင်းပြီး သံ ၅၀ ယူနစ်ကို နောက်မှ စုမည်ဟု စဉ်းစားထားခဲ့ပေသည်။

သို့သော် သစ်ပင်ကို အမှန်တကယ် ခုတ်ပြီးနောက်မှသာ ထင်း ၂၀၀ ယူနစ် ရရှိရန် မည်မျှ ခက်ခဲသည်ကို သိလိုက်ရတော့သည်။

သစ်ပင်ကြီး လဲကျသည့် အချိန်တွင် စခန်းစနစ်၏ အရင်းအမြစ်စာရင်းလည်း ပြောင်းလဲသွားခဲ့သည်။

( အရင်းအမြစ် - ထင်း ၅၊ ကျောက်မီးသွေး ၀၊ သံ ၀၊ ငွေ ၀၊ ရွှေ ၀ )

တစ်ညလုံး ကြိုးစားအားထုတ်ပြီး အားကုန်လုနီးပါး ဖြစ်ခဲ့သော်လည်း ထင်း ၅ ယူနစ်သာ ရရှိခဲ့သည်။

“ထိရောက်မှု မြင့်ချင်ရင် လူအင်အား တိုးရုံပဲ ရှိတယ်... ရှချွမ်နဲ့ ယွမ်ချန်တို့ သစ်ခုတ်သမားအဆင့်ကို ရောက်လာတာနဲ့ အရှိန်တက်လာမှာပါ...”

“ဖြည်းဖြည်းချင်းပဲ... အလောတကြီး မလိုဘူး...”

ရှဟုန်သည် မိမိကိုယ်ကို နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်ပြီး ခဏနားပြီးမှ ထလိုက်သည်။

ထို့နောက် ရေခဲသလင်းသီး အိတ်ကို သစ်ပင်တွင် ချည်ကာ သစ်ပင်ကြီးကို ပခုံးပေါ် ထမ်း၍ စခန်းသို့ ပြန်လာခဲ့သည်။

နှင်းမွေးကောင် ကို သယ်ပြန်လာခဲ့ပြီးနောက် ယခုတစ်ခေါက် သစ်ပင်ကြီးတစ်ပင်နှင့် ရေခဲသလင်းသီး ပေါင် ၁,၀၀၀ ကျော်ကို ထပ်မံ သယ်ပြန်လာသည်ကို မြင်သောအခါ စခန်းသားများကတော့ ယခင်လို မအံ့ဩကြတော့ပေ။

အနည်းဆုံးတော့ ထင်းနှင့် အစားအစာ ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းနိုင်သွားသဖြင့် လူတိုင်း၏ စိတ်ထဲတွင် သက်သောင့်သက်သာ ဖြစ်လာကြသည်။

ရှဟုန်သည် စခန်း၏ အင်အားကို မမြှင့်တင်နိုင်သရွေ့ သိသာထင်ရှားသော အပြောင်းအလဲများ ရှိလာမည် မဟုတ်ကြောင်း ကောင်းစွာ နားလည်ထားသည်။

ထို့ကြောင့် နောက်ရက်များတွင် ကျန်ရှိနေသော ရေခဲသားရဲအသား ကို အသုံးပြု၍ လေ့ကျင့်ခြင်းအပြင် ညတိုင်း အပြင်ထွက်လေ့ ရှိလာတော့သည်။

သို့သော် အပြင်ထွက်တိုင်း အမြတ်ရသည်တော့ မဟုတ်ပေ။

သူ သိထားသော ရေခဲပင်ကြီး မှာ ၃ ကြိမ်တိုင်တိုင် အသီးခူးပြီးနောက် အသီးအားလုံး ကုန်သွားခဲ့သည်။

နောက်တစ်ကြိမ် ဘယ်အချိန်မှသာ အသီးပြန်သီးမည်ကို မသိရသဖြင့် ရှဟုန်သည် ရှာဖွေရေးနယ်ပယ်ကို တဖြည်းဖြည်း ချဲ့ထွင်လာခဲ့လေသည်။

ကံကောင်းစွာဖြင့် နောက်ပိုင်းကာလတွင် ရေခဲသလင်းသီး များ အပြည့်သီးနေသော သစ်ပင် ၂ ပင်ကို ထပ်မံ ရှာတွေ့ခဲ့သည်။

ထိုသစ်ပင် ၂ ပင်မှ အသီးများကို ခူးရန် စုစုပေါင်း ၆ ကြိမ် သွားခဲ့ရပြီး နောက်ဆုံးတွင် စခန်းရှိ ရေခဲသလင်းသီး သိုလှောင်ပမာဏသည် ပေါင် ၇,၀၀၀ ကျော်အထိ တိုးလာခဲ့သည်။

အစားအစာ ပိုများလာသည်နှင့်အမျှ လူတိုင်း ဝမ်းဝအောင် စားနိုင်လာကြပြီး မျက်နှာပေါ်တွင်လည်း တဖြည်းဖြည်း အပြုံးများ ပေါ်လာခဲ့ကြသည်။

ယခင်ကဲ့သို့ စိတ်ဓာတ်ကျနေသည့် အခြေအနေမျိုး မရှိတော့ပေ။

ရေခဲသလင်းသီး များအပြင် ရှဟုန်သည် ညတိုင်း သစ်ပင်တစ်ပင်ကို ခုတ်လှဲကာ စခန်းသို့ သယ်ပြန်လာခဲ့သည်။

ရက် ၂၀ ကြာပြီးနောက် ထင်းအရင်းအမြစ်မှာ ၅ ယူနစ်မှ ၈၇ ယူနစ်အထိ တိုးလာခဲ့သည်။

ရွှေ၊ ငွေ၊ ကျောက်မီးသွေးနှင့် သံတို့မှာ ၀ အဖြစ်သာ ရှိနေသေးသော်လည်း ထင်းရရှိရန်တော့ အခက်အခဲ မရှိတော့သဖြင့် ရှဟုန်သည် အတော်လေး ကျေနပ်နေလေသည်။

ထိုသို့ တည်ငြိမ်သော နေ့ရက်များကို ဖြတ်သန်းရင်း ၂၄ ရက်မြောက်နေ့တွင် သစ်ပင်တစ်ပင်ကို ဆွဲသယ်ကာ စခန်းသို့ ပြန်ရောက်လာသည့်အချိန်....

ဂူထဲသို့ ဝင်လိုက်သည်နှင့် ရှဟုန်သည် သတင်းကောင်းတစ်ခုကို ကြားလိုက်ရတော့သည်။

All Chapters