အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆) — ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှု
“အကိုကြီး၊ ကျွန်တော် အဆင့်တက်သွားပြီ...”
“ခေါင်းဆောင်၊ ကျွန်တော်လည်း သစ်ခုတ်သမားအဆင့်ကို ရောက်သွားပြီ...”
ရှချွမ်နှင့် ယွမ်ချန်တို့သည် တစ်ချိန်တည်းမှာပင် အဆင့်တက်အောင်မြင်သွားခဲ့ကြသည်။
သူတို့နှစ်ဦးစလုံးက အလေးချိန် ၅,၀၀၀ ပေါင်ရှိသော သစ်တိုင်ကို တစ်ယောက်ပြီးတစ်ယောက် လွယ်တင်နိုင်သည်ကို မြင်လိုက်ရသောအခါ ရှဟုန်က သက်ပြင်းရှည်တစ်ချက်ကို လေးလေးနက်နက် ချလိုက်သည်။
သစ်ခုတ်သမားအဆင့်... ၃ ယောက်ရှိသွားခဲ့ပြီ....
အခြားစခန်းများနှင့် နှိုင်းယှဉ်လျှင် အင်အားမှာ အားနည်းနေသေးသော်လည်း၊ အနည်းဆုံးတော့ အစပျိုးနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ထိုကာလအတွင်း ယွီဖုန်းနှင့် လင်ခိုင်တို့ ၅ ယောက်အဖွဲ့၏ တိုးတက်မှုမှာလည်း သိသာထင်ရှားလှသည်။
အစီအစဉ်အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားနိုင်လျှင် ယခင်အခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခြင်းသည် အချိန်သာ လိုအပ်တော့ပေမည်။
နောက်တစ်နေ့ ညနေ….
ညအမှောင်ကျပြီး မကြာမီတွင် ရှချွမ်နှင့် ယွမ်ချန်တို့သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကျောက်ပုဆိန်ကို ခါးတွင်ချိတ်ကာ ရှဟုန်၏နောက်သို့ လိုက်ပါလာကြသည်။
“ငါ ထပ်ပြောမယ်။ ရက်ဝုဒ်တောင်ကြောက အန္တရာယ်များတယ်... အပြင်ရောက်ရင် ငါပြောတာကို နားထောင်ရမယ်... ငါ ခွင့်မပြုဘဲ ဘာမှ မလုပ်ရဘူး...”
“ဒီညရဲ့ အဓိကရည်ရွယ်ချက်က မင်းတို့ကို ငါတို့နယ်မြေနဲ့ ရင်းနှီးအောင်လုပ်ပေးဖို့ပဲ... ပြီးတော့ မင်းတို့တစ်ယောက်စီက သစ်ပင်တစ်ပင်ကို ကိုယ်တိုင်ခုတ်လှဲရမယ်...”
“နားလည်ပါပြီ၊ ခေါင်းဆောင်…”
ရှဟုန်၏ အသံထဲမှ အလေးအနက်ထားမှုကို ခံစားမိသဖြင့် ရှချွမ်က “အကိုကြီး” ဟု မခေါ်တော့ဘဲ ယွမ်ချန်နောက်လိုက်ကာ “ခေါင်းဆောင်” ဟု ပထမဆုံးအကြိမ် ခေါ်ဆိုလိုက်လေသည်။
ရှဟုန်က ခေါင်းညိတ်လိုက်ပြီး နောက်တွင်ကျန်ခဲ့သော ၅ ယောက်ကို လိုအပ်သည်များ မှာကြားကာ လှိုဏ်ဂူထဲမှ ဦးဆောင်ထွက်ခွာသွားသည်။ ယွမ်ချန်နှင့် ရှချွမ်တို့ကလည်း အနီးကပ် လိုက်ပါလာကြသည်။
ယခု ရှချွမ်ပါ အပြင်ထွက်လာသဖြင့် စခန်းကို သဘာဝကျကျပင် ယွီဖုန်းတို့ ၅ ယောက်အဖွဲ့က တာဝန်ယူစောင့်ရှောက်ရတော့သည်။
စခန်းသည် ဖုံးကွယ်ထားသည့်နေရာတွင် ရှိပြီး ထူးခြားသောအခြေအနေများသာ မဖြစ်ပေါ်လျှင် လုံခြုံရေးအတွက် စိုးရိမ်စရာမရှိပေ။
ညအချိန်ဖြစ်သော်လည်း နှင်းပြင်မှ ပြန်လည်ရောင်ပြန်ဟပ်လာသော အလင်းရောင်အောက်တွင် ရှဟုန်သည် ရှချွမ်နှင့် ယွမ်ချန်တို့၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
တကယ်တော့ စိတ်လှုပ်ရှားနေသူမှာ သူတို့နှစ်ယောက်တည်း မဟုတ်ပေ။
ရှဟုန်ကိုယ်တိုင်လည်း ပထမဆုံးအကြိမ် အပြင်ထွက်ခဲ့စဉ်က အလားတူ စိတ်လှုပ်ရှားခဲ့ဖူးသည်။
အကြောင်းရင်းမှာ သူတို့သည် လှိုဏ်ဂူအတွင်းတွင်သာ အမြဲနေထိုင်ရပြီး နေ့ဘက်တွင် လှိုဏ်ဂူဝင်ပေါက်ကို ပိတ်ထားရသောကြောင့်ပင်။
ရှတင်း ရှိနေစဉ်ကတော့ ညဘက်တွင် လေကောင်းလေသန့် ရှူရှိုက်နိုင်ရန် ဝင်ပေါက်ကို ဖွင့်ထားနိုင်သေးသည်။
သို့သော် ရှတင်း မရှိတော့သည့်နောက် လွန်ခဲ့သော တစ်လကျော်ကာလအတွင်း ရှဟုန်မှလွဲ၍ စခန်းထဲရှိ အခြားသူအားလုံးသည် နေ့အလင်းရောင်ကို မြင်တွေ့ရခြင်း မရှိသလောက်ပင် ဖြစ်ခဲ့သည်။
“ဒီကမ္ဘာက လူသားတွေဟာ ကျိန်စာသင့်ထားတာပဲ ဖြစ်ရမယ်...”
ဒီကမ္ဘာသို့ ရောက်ရှိလာပြီး ကမ္ဘာ၏ အခြေအနေကို သိရှိလိုက်ရသည့်အချိန်မှစ၍ ရှဟုန်၏ စိတ်ထဲတွင် ထိုအတွေးသာ အမြဲပေါ်နေခဲ့သည်။
အမြဲတမ်း အအေးဒဏ်အောက်တွင် နေထိုင်ရသည်...
အလင်းရောင်ကို မမြင်ရဘဲ အရိပ်အောက်တွင်သာ ပုန်းကွယ်နေရသည်...
ရေခဲသားရဲများနှင့် အင်အားကွာဟမှုမှာ အလွန်ကြီးမားပြီး အသက်များကို နုတ်ယူနေသည့် လှည့်ဖြားမိစ္ဆာဟူသော လျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုလည်း ရှိနေသေးသည်။
ဤကမ္ဘာရှိ လူသားတို့၏ အခြေအနေမှာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသည်။
ဒီအရာသည် ငရဲအဆင့်ဟု ခေါ်ရုံနှင့် မလုံလောက်တော့ပေ။ တကယ့် ငရဲ ၁၈ ထပ်ပင်လျှင် ဤလောက် ဆိုးရွားမည်မဟုတ်ဟု ထင်ရပေသည်။
ကောင်းမွန်စွာ ရှင်သန်နေသော လူသားများ ရှိ၊ မရှိကို သူ မသိပေ။ သို့သော် အနည်းဆုံး သူ့မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ ငရဲတမျှ ဆိုးရွားသော မြင်ကွင်းသာ ဖြစ်သည်။
“ရိုဂယ်စခန်းကတော့ အခြေအနေကောင်းနေလောက်မလား...”
ထိုအတွေးများထဲ နစ်မျောနေစဉ် ရှဟုန်သည် ရက်ဝုဒ်တောင်ကြော၏ အစွန်အဖျားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဒီညရဲ့ တာဝန်က ၂ ခုရှိတယ်... ပထမတစ်ခုက ဒီနေရာရဲ့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လေ့လာဖို့ပဲ...”
“ဘယ်နေရာမှာ ရေခဲသားရဲတွေ ရှိတတ်လဲ... ဘယ်လို ခွဲခြားသတ်မှတ်ရမလဲ... ဒီဒေသမှာ ဘယ်လို သစ်ပင်အမျိုးအစားတွေ ပေါက်ရောက်လဲ... ပြီးတော့ ငါတို့ မဟာရှစခန်းရဲ့ နယ်မြေက ဘယ်လောက်အထိ ကျယ်ဝန်းလဲဆိုတာတွေ အားလုံးကို သိထားရမယ်...”
“ဒုတိယတစ်ခုက မင်းတို့နှစ်ယောက်စလုံး ဒီည သစ်ပင်တစ်ပင်စီကို ခုတ်လှဲပြီး စခန်းကို သယ်ပြန်ရမယ်...”
သူတို့၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုက မပျောက်ကွယ်သေးဘဲ ရှဟုန်လည်း ထိုစိတ်အားထက်သန်မှုကို မချိုးဖျက်လိုပေ။
သူသည် သူတို့ကို နယ်မြေအစွန်တစ်လျှောက် လှည့်ပတ်ခေါ်ဆောင်သွားရင်း တစ်နေရာချင်းစီကို ရှင်းပြပေးခဲ့သည်။
ညပေါင်း ၂၀ ကျော် ဆက်တိုက် သွားလာခဲ့ပြီးနောက် ရှဟုန်သည် မီတာ ၅၀၀ ပတ်လည် ဧရိယာတစ်ခုလုံးကို အလွန်ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။
ရေခဲပင်ကြီး ၃ ပင်၏ တည်နေရာ…
ရေခဲသားရဲများ ပုန်းအောင်းနေသည်ဟု အတည်ပြုထားသော ရွှေကြေးခွံနှင်းပင် ၇ ပင်၏ တည်နေရာ…
ကြက်သွေးနှင်းပင်များ အထူထပ်ဆုံး ပေါက်ရောက်သည့် နေရာနှင့် ကြက်သွေးနှင်းပင်ငယ်များ အများဆုံး စုဝေးနေသည့် နေရာ…
နေရာတစ်ခုချင်းစီကို ရှင်းပြပြီးတိုင်း ရှချွမ်နှင့် ယွမ်ချန်တို့သည် စကားမပြောဘဲ ဂရုတစိုက် နားထောင်ကာ အားလုံးကို မှတ်သားနေကြသည်။
တတိယမြောက် ရေခဲပင်ကြီး ရှိရာနေရာသို့ ရောက်လာချိန်တွင် မမျှော်လင့်ထားသော အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့သည်။
တတိယမြောက် ရေခဲပင်ကြီးအနီးတွင် လူတစ်ယောက် ရှိနေသည်။
ရှချွမ်နှင့် ယွမ်ချန်တို့နှင့် မတူသည်မှာ ရှဟုန်သည် လမ်းတစ်လျှောက် ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုအားလုံးကို အမြဲသတိထား စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တတိယမြောက် ရေခဲပင်ကြီးမှ မီတာ ၁၀၀ ခန့် အကွာအဝေးတွင် ထိုဘက်၌ လှုပ်ရှားမှုတစ်ခုကို သူ သတိပြုမိလိုက်သည်။
“ရှေ့မှာ လူရှိတယ်... ခြေလှမ်းကို ပေါ့ပေါ့ထား... အသံမထွက်စေနဲ့... အရင် သွားကြည့်ရအောင်...”
ရှဟုန်က အရင်ဆုံး ကိုယ်ကိုနှိမ့်ချလိုက်ပြီး ရှချွမ်နှင့် ယွမ်ချန်တို့ကလည်း သူ့နောက်မှ လိုက်ကာ နှင်းပြင်ပေါ်တွင် အသံမထွက်အောင် တိတ်တဆိတ် ရွေ့လျား၍ သစ်ပင်တစ်ပင်၏ နောက်သို့ ကပ်သွားကြသည်။
ထို့နောက် တတိယမြောက် ရေခဲပင်ကြီးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
နှင်းရောင်ပြန်အလင်းကြောင့် မြင်ကွင်းမှာ မဆိုးလှသော်လည်း ညအချိန်ဖြစ်နေဆဲဖြစ်သဖြင့် ရေခဲပင်ကြီးနှင့် မီတာ ၃၀ ခန့် အကွာသို့ ရောက်မှသာ ရှဟုန်သည် ထိုဘက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တော့သည်။
ရှဟုန် မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ မျက်ခုံးများ တွန့်ကွေးသွားပြီး မျက်နှာအမူအရာလည်း လေးနက်သွားတော့သည်။
ထိုအကွာအဝေးမှ မျက်နှာများကို မခွဲခြားနိုင်သော်လည်း လူ ၄ ယောက်ရှိနေပြီး သူတို့အနက် တစ်ယောက်က ဓားရှည်တစ်လက် ကိုင်ထားသည်ကိုတော့ မြင်နိုင်သည်။
သူတို့သည် တာရှီစခန်းမှ လူများ ဖြစ်ပေသည်။ ဤသည်မှာ တာရှီစခန်းမှ လူများက သူ၏နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လာသည်ကို ရှဟုန် မြင်တွေ့ရသည့် ၅ ကြိမ်မြောက် ဖြစ်သည်။
အမှန်တကယ်ပင် လျှာအရှည်နှင်းမွေးကောင် အဖြစ်အပျက်ပြီးနောက် ရက်ပေါင်း ၂၀ ကျော်အတွင်း တာရှီစခန်းမှ လူများကို သူ၏နယ်မြေထဲတွင် နောက်ထပ် ၃ ကြိမ် ထပ်မံတွေ့ရှိခဲ့သည်။
ထိုကာလအတွင်း ရှဟုန်သည် ရေခဲပင်ကြီး ၃ ပင်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ပထမတစ်ပင်မှာ အနောက်ဘက်တွင်ရှိပြီး တာရှီစခန်းနှင့် အနီးဆုံးဖြစ်သည်။
ဒုတိယတစ်ပင်မှာ သူ အမြဲတမ်း ရက်ဝုဒ်တောင်ကြောထဲ ဝင်လေ့ရှိသည့် နေရာမှ မြောက်ဘက်သို့ မီတာ ၁၀၀ ကျော် အကွာတွင် ရှိသည်။
တတိယတစ်ပင်မှာ ယခုနေရာဖြစ်ပြီး သူ၏နယ်မြေ အရှေ့ဘက်ပိုင်းတွင် တည်ရှိသည်။
မဟာရှစခန်း၏ နယ်မြေတစ်ခုလုံးသည် အကျယ် မီတာ ၅၀၀ သာရှိပြီး ရှဟုန်ကလည်း အလယ်ပိုင်းမှသာ အမြဲဝင်လေ့ရှိသည်။
ယခင် ၄ ကြိမ်တွင် တာရှီစခန်းမှ လူများကို အနောက်ဘက်၌သာ တွေ့ခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်တော့ အရှေ့ဘက်အထိ ရောက်ရှိလာခဲ့သည်။
ဤအချက်က တာရှီစခန်းမှ လူများသည် ရဲတင်းစွာ ကျူးကျော်ဝင်ရောက်လာရုံသာမက ကျူးကျော်သည့် အတိုင်းအတာမှာလည်း ပို၍ လွန်ကဲလာကြောင်း ဖော်ပြနေပေသည်။
“တာရှီစခန်းက ၄ ယောက်၊ မင်းတို့ နယ်နိမိတ်ကို ကျော်လာပြီ...”
ဤတစ်ကြိမ်တွင်တော့ ရှဟုန်က လျစ်လျူမရှုတော့ပေ။ သူသည် မတ်တပ်ရပ်လိုက်ကာ ရေခဲပင်ကြီးဆီသို့ လျှောက်သွားရင်း ကျယ်လောင်စွာ အပြစ်တင်လိုက်သည်။
ရှဟုန်၏ စကားကို ကြားလိုက်ရသဖြင့် ယွမ်ချန်နှင့် ရှချွမ်တို့လည်း ထိုလူ ၄ ယောက်မှာ တာရှီစခန်းမှ ဖြစ်ကြောင်း သိလိုက်ရပြီး ဒေါသတကြီး မတ်တပ်ရပ်ကာ ရှဟုန်၏ နောက်မှ လိုက်သွားကြသည်။
ခိုးသူတို့၏ စိတ်ထဲတွင် အမြဲအပြစ်ရှိတတ်သည်။
မူလက ရေခဲသလင်းသီးများကို ခူးယူနေသော တာရှီစခန်းမှ လူ ၄ ယောက်တို့သည် ရှဟုန်၏ အပြစ်တင်သံကို ကြားလိုက်ရသည်နှင့် အလန့်တကြား သစ်ပင်ပေါ်မှ ခုန်ဆင်းကာ တင်းမာသောအမူအရာဖြင့် နောက်လှည့်၍ ရှဟုန်ကို စိုက်ကြည့်လာကြသည်။
သူတို့ထံသို့ လျှောက်သွားနေစဉ် ရှဟုန်သည်လည်း ပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းကြည့်ရှုနေသည်။
တာရှီစခန်းတွင် လေးသမား ၂ ယောက်ရှိသည်။ သူတို့ အနီးအနားတွင် ရှိ၊ မရှိကို သူ မသိပေ။
“မင်းတို့ ၃ ယောက်က ဘယ်သူတွေလဲဆိုတာ မေးလို့ရမလား...”
လူ ၄ ယောက်အနက် တစ်ယောက်က ရှေ့သို့ ထွက်လာကာ ရှဟုန်တို့၏ အထောက်အထားကို မေးမြန်းလိုက်လေသည်။ အသံအရ ကြားရသည်မှာ လူလတ်ပိုင်းတစ်ယောက် ဖြစ်ပုံရပေသည်။
ရှဟုန်က ထပ်မံချဉ်းကပ်သွားပြီးမှ လူ ၄ ယောက်လုံးသည် လူလတ်ပိုင်းများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရှေ့ထွက်လာသောသူ၏ လက်ထဲတွင် သူတို့အဖွဲ့၌ တစ်လက်တည်းသော ဓားရှည်ကို ကိုင်ထားလေသည်။
ထိုဓားရှည်၏ ယခင်ပိုင်ရှင်မှာ လျှာအရှည်နှင်းမွေးကောင်၏ ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။
“မဟာရှစခန်း... ရှဟုန်...”
“မင်းက အဘိုးကြီးရှတင်းရဲ့ သားပေါ့...”
ရှဟုန်က သူတို့ကို မှတ်မိသကဲ့သို့ သူတို့ကလည်း ရှဟုန်ကို ချက်ချင်း မှတ်မိသွားကြသည်။
ဓားရှည်ကိုင်ထားသောသူက ရှဟုန်၏ ရုပ်သွင်ကို တစ်ချက်တည်းဖြင့် မှတ်မိလိုက်သည်။
“ငယ်လိုက်တာ...”
“ညဘက်တောင် အပြင်ထွက်နိုင်ပြီဆိုတော့ သစ်ခုတ်သမားအဆင့်ကို ရောက်နေပြီပေါ့...”
“ရှတင်းအဘိုးကြီးက သားကောင်းတစ်ယောက် မွေးထားတာပဲ...”
ကျန် ၃ ယောက်ကလည်း ရှတင်းကို သိထားပုံ ပေါ်ပေသည်။
သူတို့အားလုံးက ချီးကျူးလို၍ ပြောသည်ဖြစ်စေ... ရှဟုန်၏ ငယ်ရွယ်မှုကို အမှန်တကယ် အံ့ဩနေသည်ဖြစ်စေ... တစ်ယောက်တစ်ပေါက် ပြောဆိုလာကြသည်။
“စကားလမ်းကြောင်း လွှဲမနေနဲ့... မင်းတို့ နယ်ကျော်ပြီး ရေခဲသလင်းသီး လာခူးနေတာ မဟုတ်လား...”
“ဟေ့... မင်း…”
သစ်ပင်ပေါ်မှ နောက်ဆုံး ခုန်ဆင်းလာသောသူမှာ ရှဟုန်က နယ်နိမိတ်ကိစ္စကို အလျော့မပေးသည်ကို မြင်ပြီး သိသိသာသာ ဒေါသထွက်သွားကာ သူသည် ရှဟုန်ထံသို့ ၂ လှမ်းပင် တိုးလာခဲ့သည်။
သို့သော် ထိုသူ ဆက်မပြောနိုင်မီ ဓားရှည်ကိုင်ထားသောသူက လက်တစ်ဖက်မြှောက်၍ တားဆီးလိုက်သည်။
“တူလေး၊ ငါ့နာမည် ဝမ်မင်... မင်းအဖေ ရှတင်းနဲ့ သိကျွမ်းခဲ့ဖူးတယ်... မင်းဆန္ဒရှိရင် ငါ့ကို ဦးလေးမင်လို့ ခေါ်နိုင်တယ်...”
“မကြာသေးခင်က ငါတို့စခန်းမှာ ပြဿနာတချို့ ကြုံနေရတယ်... ရေခဲသလင်းသီး မလုံလောက်တာက အရမ်းကြီးသွားလို့ မတတ်သာဘဲ ဒီည လူတွေကို ခေါ်ပြီး မဟာရှစခန်းကနေ စားစရာ နည်းနည်း ငှားယူဖို့ ရောက်လာတာပါ...”
“အမြန်ဆုံး ပြန်ဆပ်ပေးပါ့မယ်... ဘယ်လို သဘောရလဲ...”
ဝမ်မင်၏ စကားကို ကြားလိုက်ရသည်နှင့် ရှဟုန်၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားသည်။
ဒီလူတွေက သူ့ကို ကလေးတစ်ယောက်လို သဘောထားပြီး လှည့်စားဖို့ ကြိုးစားနေတာပဲ....
ရှဟုန်သည် ဝမ်မင်ကိုသာ စိုက်ကြည့်နေပြီး အချိန်အတော်ကြာ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သို့သော် သူ့နောက်တွင် ရပ်နေသော ရှချွမ်ကတော့ ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။
“ခိုးတာက ခိုးတာပဲ၊ ငှားတယ်လို့ မပြောနဲ့... အကိုကြီး၊ ဒီလူတွေနဲ့ စကားဖြုန်းမနေနဲ့တော့... ရိုဂယ်စခန်းက နယ်မြေခွဲဝေပေးတုန်းက တခြားစခန်းရဲ့ နယ်မြေကို ကျူးကျော်ဝင်ရောက်တာဟာ လူသတ်မှုနဲ့ အတူတူလို့ ပြောထားပြီးသား...”
“ကျွန်တော် အခုချက်ချင်း ပြန်ပြီး အဖေ့ကို အကူအညီခေါ်လာဖို့ သတင်းပို့လိုက်မယ်...”
ရှချွမ်၏ စကားကို ကြားလိုက်ရသည်နှင့် ဝမ်မင်တို့ ၄ ယောက်၏ မျက်နှာများ ချက်ချင်း ညိုမှောင်သွားကြလေသည်။