← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း (၂၁၁) - ထျန်းကျီးတောင်ကြား၏ သေမင်းတမန်အင်းကွက် (၁)

လော့ချန်အိမ်တော်နှင့် ကောင်းကင်မိစ္ဆာဂိုဏ်းတို့အကြား ဤတိုက်ပွဲတွင် အချိန်ကိုက်ရန်မှာ အလွန်အရေးကြီးလှပေ၏။

ချူချင်းသည် ထျန်းကျီးအမိန့်တော်ပြားမှာ ကောင်းကင်မိစ္ဆာဂိုဏ်းမှ ချပြထားသောငါးစာဖြစ်ပြီး ထျန်းကျီးတောင်ကြားမှာ ငါးများကိုဖမ်းယူမည့် ပိုက်ကွန်ဖြစ်သည်ဟု ယခင်ကတည်းက ခန့်မှန်းထားခဲ့လေသည်။

အချိန်အခါကောင်း ရောက်ရှိလာပါက ကောင်းကင်မိစ္ဆာဂိုဏ်းသည် ဤပိုက်ကွန်တည်ရှိရာနေရာကို ထိုငါးများထံ မလွဲမသွေအသိပေးကာ ၎င်းတို့ဘာသာ ပိုက်ကွန်ထဲတိုးဝင်လာအောင် ပြုလုပ်ပေလိမ့်မည်။

သို့သော် ထိုအချိန်အခါကောင်းမှာ မည်သည့်အရာဖြစ်သည်ကိုမူ ထိုစဉ်က ချူချင်းမသိရှိခဲ့ချေ။

သို့သော် ယခုမူ သူသိရှိသွားခဲ့ပြီ ဖြစ်၏။

ကောင်းကင်မိစ္ဆာဂိုဏ်းက ယခုအချိန်အထိ မလှုပ်ရှားသေးခြင်းမှာ အကြောင်းရင်းနှစ်ရပ်ကြောင့် ဖြစ်ပေလိမ့်မည်။

ပထမအချက်မှာ လော့ချန်အိမ်တော်အတွင်း သိုင်းလောကသားများ စုဝေးမှုသည် အတိုင်းအတာတစ်ခုအထိရောက်ရှိရန် လိုအပ်ခြင်းပင် ဖြစ်၏။

မဟုတ်ပါက ကောင်းကင်မိစ္ဆာဝတ်ရုံကို နိုးထစေရန် အောင်မြင်နိုင်မည် မဟုတ်ချေ။

ဤအချက်မှာ ယနေ့သိုင်းပြိုင်ပွဲကြီး စတင်ချိန်ကတည်းကပင် ပြည့်စုံသွားခဲ့ပြီ ဖြစ်လေသည်။

ထိုစဉ်က သူတို့မလှုပ်ရှားခဲ့ခြင်းမှာ ဒုတိယရည်ရွယ်ချက်ဖြစ်သော နျဲ့ကျင့်ထိုင်နှင့်ဆက်သွယ်ရန် လိုအပ်နေသေးသောကြောင့် ဖြစ်၏။

ဆန်းချင်းသည် ယနေ့ညတွင် ဤကိစ္စအတွက်ပေါ်လာခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် ချူချင်း၏လက်ထဲသို့ ကျရောက်သွားခဲ့ရလေသည်။

ယခုအခါ ဆန်းချင်း အချိန်မီပြန်မရောက်လာသဖြင့် ဇန့်ဟန်ရှင်းသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရိပ်မိသွားကာ ဆက်လက်မဆိုင်းငံ့တော့ဘဲ ထျန်းကျီးတောင်ကြားတည်ရှိရာနေရာကို တိုက်ရိုက်ချပြလိုက်ခြင်း ဖြစ်ပေသည်။

ထိုသို့ဖြင့် ငါးစာရနံ့ကြောင့် စွဲလမ်းနေကြသောငါးအုပ်ကြီးကို ပိုက်ကွန်ဆီသို့ ချက်ချင်းဦးတည်သွားစေရန် ပြုလုပ်လိုက်ခြင်းပင် ဖြစ်၏။

ဤအချက်ကိုကြည့်ခြင်းအားဖြင့် နျဲ့ကျင့်ထိုင်၏ပုန်းအောင်းမှုမှာ ထင်ထားသည်ထက်ပင် ပိုမိုနက်ရှိုင်းလှပေ၏။

ကောင်းကင်မိစ္ဆာဂိုဏ်းကဲ့သို့ ပါးနပ်လှသောအဖွဲ့အစည်းပင်လျှင် နျဲ့ကျင့်ထိုင်နှင့်ဆက်သွယ်ရန် ဤနည်းလမ်းဟောင်းကြီးကိုသာ အသုံးပြုနိုင်ပြီး နျဲ့ကျင့်ထိုင်၏ဌာနချုပ်သို့ တိုက်ရိုက်သွားရောက်ကာ ‘ငါ့ကို နာခံသူကြီးပွားပြီး ငါ့ကို ဆန့်ကျင်သူပျက်စီးစေရမည်’ဟု မပြောနိုင်ခဲ့ချေ။

အတွေးများ စိတ်ထဲတွင် လျှပ်တစ်ပြက်ဖြတ်ပြေးသွားစဉ် ဝမ်ဖူစန်းပြောလိုက်သော စကားသံကို ကြားလိုက်ရလေသည်။

"ဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီပဲ... ဒါပေမဲ့ ဒီအချိန်ကိုက်တာကလည်း မဆိုးဘူးလို့ ပြောရမယ်..."

ချူချင်းက ခေါင်းညိတ်လိုက်၏။

"ဆန်းချင်းရဲ့ပါးစပ်ကနေ ထျန်းကျီးတောင်ကြားထဲက အခြေအနေကို အပေါ်ယံအတည်ပြုနိုင်ပြီ... အဲဒီလူတွေက ထျန်းကျီးအမိန့်တော်ပြားကြောင့် စိတ်ရူးပေါက်နေကြပေမဲ့ သူတို့ကို အရာအားလုံးယုံကြည်အောင် လုပ်ဖို့မလိုပါဘူး... ငါတို့သိထားတဲ့ အကြောင်းအရာတွေကိုပဲ သူတို့ကိုပြောပြလိုက်ရုံပေါ့..."

"ထျန်းကျီးတောင်ကြားကို ရောက်သွားတဲ့အခါ သူတို့ဘာသာသူတို့ သဘာဝကျကျ နားလည်သွားကြလိမ့်မယ်..."

"အိမ်တော်သခင်... ခင်များကဒီမှာပဲနေပြီး သူတို့ကို ထျန်းကျီးတောင်ကြားကို ခေါ်သွားပေးပါ... ဒါမှ သူတို့လိုချင်တာကို ရကြလိမ့်မယ်..."

"ကျုပ်အရင်သွားနှင့်မယ်... ထျန်းကျီးမျှော်စင်ထဲက ဟွမ်ချွမ်ဆေးမှုန့်က နည်းနည်းတော့ဒုက္ခပေးနိုင်တယ်..."

ကောင်းကင်မိစ္ဆာဂိုဏ်းသည် ထျန်းကျီးမျှော်စင်အတွင်း အင်အားအများအပြားဖြန့်ကျက်ထားခြင်း မရှိသော်လည်း အလွန်ပင် အသက်အန္တရာယ်ရှိလှပေ၏။

အထူးသဖြင့် ဤဟွမ်ချွမ်ဆေးမှုန့်မှာ တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားပါက ကြီးမားသောဘေးဒုက္ခကို ကြုံတွေ့ရပေလိမ့်မည်။

ယခုအခါ သူ့တွင် ဖြေဆေးအများအပြား မရှိသကဲ့သို့ ဤမျှများပြားသော လူများအတွက် လုံလောက်နိုင်မည် မဟုတ်ချေ။

ထိုအချိန်တွင် ထျန်းကျီးတောင်ကြားအတွင်း လူအများအပြားရောနှောနေသဖြင့် သူတို့အား ဟွမ်ချွမ်ဆေးမှုန့်အကြောင်း ရှင်းလင်းစွာပြောပြထားလျှင်ပင် လူမိုက်အချို့က မိုက်မဲစွာလှုပ်ရှားကြလိမ့်မည် မဟုတ်ဟု ပြောရန်ခက်ခဲလှပေ၏။

ဝမ်ဖူစန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ချူချင်းတစ်ဦးတည်း ထျန်းကျီးတောင်ကြားသို့ သွားရောက်ခြင်းမှာ အလွန်အန္တရာယ်များလှသည်ဟု ခံစားမိ၏။

သို့သော် ယခုမှာ တွန့်ဆုတ်နေရမည့် အချိန်မဟုတ်သဖြင့် ချက်ချင်းပင် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ... ဒါဆိုရင်လည်း ဒီအတိုင်းပဲ လုပ်ကြတာပေါ့... အိမ်တော်ကိစ္စတွေကို ငါကိုင်တွယ်မယ်... မင်းကတော့ ထျန်းကျီးတောင်ကြားကို ကိုင်တွယ်လိုက်..."

"ထျယ်လင်ယွန်းဆီ ပေးမဲ့စာကိုရော ပို့လိုက်ပြီလား..."

"လူလွှတ်ပြီး ပို့ခိုင်းလိုက်ပြီ... အခုဆိုရင် ထျယ်လင်ယွန်းလက်ထဲ ရောက်နေလောက်ပြီ... ဒါပေမဲ့ အဲဒီလူတွေ ဒီကိုရောက်လာဖို့ကတော့ မိုးလင်းပြီးမှပဲ ဖြစ်နိုင်လိမ့်မယ်..."

ချူချင်းသည် ထျန်းဝူမြို့တော်တွင် ကြုံတွေ့ခဲ့ရသော အခြေအနေကို ပြန်လည်အမှတ်ရလိုက်၏။

"အရာအားလုံးအဆင်ပြေမယ်ဆိုရင် အချိန်မီရောက်လာနိုင်ကောင်းပါရဲ့..."

"သူတို့ကို စစ်ကူတပ်ဖွဲ့အဖြစ် အသုံးပြုရုံတင်မကဘဲ ကျန်းဟူလောကက လူရမ်းကားတွေကိုလည်း သတိထားရလိမ့်မယ်..."

"နားလည်ပြီ..."

ဝမ်ဖူစန်းက ခေါင်းညိတ်လိုက်၏။

"သတိထားပြီး လှုပ်ရှားပါ... အခြေအနေမဟန်ရင် အသက်ကို အရင်လွတ်အောင်ပြေးပြီး ငါရောက်လာတဲ့အထိစောင့်..."

"ခင်များကို စောင့်ရမှာပေါ့... ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ထိပ်တန်းပညာရှင်တွေကို ကိုယ်တိုင်မတွေ့ရရင် သူတို့ ဘယ်လိုလုပ်စိတ်လျှော့ကြမှာလဲ..."

ချူချင်းပြုံးလိုက်ပြီး ဝမ်ဖူစန်းကို လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။

ထို့နောက် ခြေလှမ်းတစ်ချက်လှမ်းလိုက်ရာ ခန္ဓာကိုယ်မှာ မီးခိုးပြာကဲ့သို့ လွင့်ပျံသွားပြီး မျက်စိတစ်မှိတ်အတွင်း ဝမ်ဖူစန်း၏ရှေ့မှ ပျောက်ကွယ်သွားတော့၏။

"တကယ့်ကို မြန်ဆန်တဲ့ ခြေလှမ်းတွေပဲ..."

ဝမ်ဖူစန်းအံ့အားသင့်သွားသော်လည်း လျင်မြန်စွာပင် စိတ်ကိုထိန်းချုပ်ကာ အမိန့်ပေးလိုက်လေသည်။

"ဒုတိယသခင်၊ ရိုအာနဲ့ ခယ်ရန်တို့ကို ရတနာတိုက်ခန်းမမှာ ငါ့ကိုစောင့်နေဖို့ သတင်းပို့လိုက်..."

"သခင်မလေးထျယ်အတွက် နေစရာအသစ်တစ်ခု ပြန်စီစဉ်ပေးလိုက်... လျှို့ဝှက်ထားရမယ်... တခြားသူတွေလုံးဝမသိစေနဲ့..."

"ထိုက်ရိဂိုဏ်းရဲ့တပည့်တွေအားလုံးနဲ့ သခင်လေးသုံးရဲ့သူငယ်ချင်းတွေကို ရတနာတိုက်ခန်းမရှေ့ကို ဖိတ်ခေါ်လိုက်..."

"ကြယ်တာရာအစောင့်တပ်ကို ရတနာတိုက်ခန်းမဆီ လူအင်အားပိုစေလွှတ်ဖို့ အကြောင်းကြားလိုက်..."

အမိန့်များကို တစ်ခုပြီးတစ်ခုချမှတ်ပြီးနောက် ဝမ်ဖူစန်းသည် ရတနာတိုက်ခန်းမဆီသို့ ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်လှမ်းသွား၏။

ယခုအခါ သူလုပ်ကြံခံရသည့်ကိစ္စမှာ အဓိကမဟုတ်တော့ချေ။ အဆုံးသတ်တိုက်ပွဲမှာ နီးကပ်လာပြီဖြစ်သဖြင့် လူအများရှေ့တွင် ပေါ်ထွက်လာရန် အချိန်တန်ပြီဖြစ်၏။

ဤတစ်ကြိမ်တွင် ချူချင်းသည် အရှိန်ကို အစွမ်းကုန်မြှင့်တင်လိုက်ပြီး ကိုယ်ဖော့သိုင်းကို တစ်လမ်းလုံးအသုံးပြုလိုက်ရာ ခန္ဓာကိုယ်မှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသဖြင့် အဝေးမှကြည့်ပါက တောင်တန်းများအကြား လွင့်မျောနေသော မီးခိုးပြာတစ်စုကဲ့သို့ ထင်မှတ်ရပေ၏။

နောက်ဘက်တောင် တားမြစ်နယ်မြေရှိတပည့်များသည် မီးခိုးပြာတစ်စဖြတ်ပြေးသွားသည်ကိုသာ မသဲမကွဲမြင်လိုက်ရပြီး သေချာကြည့်လိုက်သောအခါ အရိပ်အယောင်မျှပင် မကျန်တော့ချေ။

သူတို့သည် စိတ်ကူးယဉ်နေသည်ဟုပင် ထင်မှတ်သွားကြ၏။

မကြာမီအချိန်အတွင်းမှာပင် ချူချင်းသည် ဝမ်ဖျင်ချဲ့စောင့်ကြပ်နေသော ကျောက်ဆောင်စွန်းရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

သူသည် ဝမ်ဖျင်ချဲ့ကို နှုတ်ဆက်ခြင်းမပြုဘဲ ခန္ဓာကိုယ်ကိုလှုပ်ရှားကာ ဝမ်ဖျင်ချဲ့၏ဘေးမှ လျင်မြန်စွာ ဖြတ်ကျော်သွား၏။

ဝမ်ဖျင်ချဲ့သည် ရုတ်တရက် လှည့်ကြည့်လိုက်သော်လည်း ဘေးတွင် မည်သူမျှမရှိချေ။ ထို့နောက် မော့ကြည့်လိုက်ရာ ချူချင်းသည် လေထဲခုန်ပျံကာ လေဟာနယ်ကို ဆက်တိုက်နင်းခြေလျက် မီးခိုးပြာတစ်စုကဲ့သို့ လျင်မြန်စွာရွေ့လျားနေသည်ကို မြင်လိုက်ရ၏။

သူသည် အံ့အားသင့်ကာ စကားပင်မပြောနိုင်တော့ဘဲ စိတ်ထဲမှ ရေရွတ်မိ၏။

‘ညီလေးလေးကတော့ တကယ့်နတ်ဘုရား ဖြစ်တော့မဲ့အတိုင်းပဲ...'

ချူချင်းသည် ဝမ်ဖျင်ချဲ့၏အတွေးများကို မသိရှိဘဲ ရွှေငန်းသိုင်းပညာကိုအသုံးပြုကာ လေထဲတွင် လျှောက်လှမ်းလျက် ဤအမြင့်ပိုင်းနေရာမှ ပြန်လည်ကြည့်ရှုရာ ထျန်းရှင်းတောင်ကို မြင်တွေ့လိုက်ရ၏။

သို့သော် ဤမြေပြင်အနေအထားနှင့် မြေမျက်နှာသွင်ပြင်မှာ ထျန်းကျီးရသေ့၏ ပြုပြင်မွမ်းမံမှုနှင့် အင်းကွက်စီစဉ်မှုများ ရှိခဲ့ပုံရပေ၏။

ထို့ကြောင့် ထျန်းရှင်းတောင်ထိပ်ပေါ်တွင်ရပ်လျက် ထျန်းကျီးတောင်ကြားတည်ရှိရာနေရာသို့ တည့်တည့်ငုံ့ကြည့်လျှင်ပင် ထျန်းကျီးတောင်ကြား၏တည်နေရာကို လုံးဝမြင်တွေ့နိုင်မည် မဟုတ်ချေ။

ဤအစီအမံမှာ အလွန်ပင် ဆန်းကြယ်လှသည်ဟု ဝန်ခံရပေလိမ့်မည်။

"ရာသီဥတုလေးခုက ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပြီး ပြောင်းလဲမှုတွေက ချိုင့်ဝှမ်းလွတ်ကို ဖမ်းယူတယ်..."ဆိုသော သူတောင်းစားအိုကြီး၏စကားက တကယ့်ကို နာမည်နှင့်လိုက်ဖက်လှပေ၏။

ချူချင်းသည် မြေပြင်ပေါ်သို့ သက်ဆင်းပြီးနောက် ယခင်ခြေရာများကို ခြေရာခံကာ တစ်ခဏချင်းအတွင်းမှာပင် ထိုရေတံခွန်ငယ်လေးကို ရှာဖွေတွေ့ရှိသွားခဲ့၏။

သူသည် ဇွတ်ဝင်မသွားဘဲ အာရုံစိုက်ကာ နားစွင့်လိုက်ရာ အတွင်း၌ အသံမကြားရသဖြင့် လူမရှိပုံရပေ၏။

သို့သော် တုန်ရှင်းကျီ၏သင်ခန်းစာက ရှေ့တွင်ရှိနေသကဲ့သို့ ဆန်းချင်းကလည်း ရုပ်သေးများအကြောင်း သတိပေးထားသဖြင့် အသက်ရှူသံမရှိလျှင်ပင် အန္တရာယ်မရှိဟု မဆိုလိုနိုင်ကြောင်း ချူချင်း ကောင်းစွာနားလည်ထားပေ၏။

ထို့ကြောင့် သူသည် ထိုကျောက်ကြိုကျောက်ကြားမှ နှေးကွေးစွာ ဝင်မသွားတော့ဘဲ ခန္ဓာကိုယ်ကိုလှည့်ပတ်ကာ မီးခိုးပြာတစ်စုကဲ့သို့ ကျောက်ကြားမှ လျှောခနဲဖြတ်သန်းသွားလိုက်ရာ ခန္ဓာကိုယ်ပြန်လည်ငြိမ်သက်သွားချိန်တွင် ရေတံခွန်ဂူအတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ဂူအတွင်း၌ ဟာလာဟင်းလင်းဖြစ်နေပြီး မျှော်လင့်ထားသကဲ့သို့ ချုံခိုတိုက်ခိုက်မှုများ မရှိချေ။

ချူချင်းသည်လည်း ဂရုမစိုက်ဘဲ ယခင်မှတ်ဉာဏ်များအတိုင်း တံခါးရှေ့သို့ရောက်ရှိလာကာ စက်ယန္တရားကို တွန်းရွှေ့လျက် သော့ပေါက်ကို ဖော်ထုတ်လိုက်၏။

ရင်ခွင်ထဲတွင် စမ်းသပ်ရှာဖွေလိုက်ပြီးနောက် ထိုသော့ကိုထုတ်ယူလိုက်၏။

သော့ပေါက်ကိုစစ်ဆေးကြည့်ရာ ရှည်လျားသော ပုံသဏ္ဌာန်ရှိသည်ကို တွေ့လိုက်ရ၏။

ချူချင်းသည် တစ်ခဏမျှစဉ်းစားလိုက်ပြီး သော့ကို အနည်းငယ်ခေါက်ချိုးကာ သော့ပေါက်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ ကွက်တိကိုက်ညီနေသည်ကို တွေ့လိုက်ရ၏။

သူသည် သော့ကိုထည့်သွင်းကာ ညင်သာစွာလှည့်လိုက်ရာ ဂျောက်ခနဲအသံနှင့်အတူ သော့ထိပ်ရှိစက်ယန္တရား စတင်လည်ပတ်သွားပြီး မည်သည့်အတားအဆီးမျှမရှိဘဲ စက်ဝိုင်းဝက်ခန့် လှည့်သွား၏။

ထို့နောက် သာယာသော အသံတစ်ချက် ထွက်ပေါ်လာ၏။

နောက်တစ်ခဏတွင် ကျောက်နံရံအတွင်းမှ စက်ယန္တရားဂီယာများ လည်ပတ်သံထွက်ပေါ်လာ၏။

ထိုစဉ် သော့မှာ ဖြုတ်ခနဲပြုတ်ထွက်လာပြီး ရှေ့ရှိကျောက်နံရံမှာ ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားကာ နက်ရှိုင်းမှောင်မိုက်သော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာတော့၏။

ချူချင်းသည် မင်ယွိကျမ်းစာကို လည်ပတ်စေလိုက်ရာ တစ်ခဏချင်းအတွင်း အမြင်နှင့်အကြားအာရုံများ ထက်မြက်သွားပြီး ရင်ခွင်ထဲမှဟွမ်ချွမ်ဆေးမှုန့်၏ ဖြေဆေးကိုထုတ်ယူကာ လျှာအောက်တွင် တစ်လုံးငုံထားပြီးမှ လမ်းကြောင်းအတွင်းသို့ ခြေလှမ်းလိုက်၏။

ဤလမ်းကြောင်းမှာ အလွန်တိတ်ဆိတ်လှသဖြင့် အပ်ကျသံကိုပင် ကြားနိုင်ပေ၏။

ချူချင်းသည် ခြေလှမ်းများကို ပိုမိုပေါ့ပါးစေလိုက်ရာ လျှောက်လှမ်းရာတွင် အသံထွက်ပေါ်ခြင်း မရှိချေ။

All Chapters