← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း (၂၁၂) - ထျန်းကျီးတောင်ကြား၏ သေမင်းတမန်အင်းကွက် (၂)

ရှေ့သို့ အတော်အတန်လျှောက်လှမ်းသွားပြီးနောက် ပေသုံးဆယ်မှ ငါးဆယ်ခန့်အကွာအဝေးသို့ ရောက်ရှိချိန်တွင် အသံအချို့ကို ကြားလိုက်ရ၏။

၎င်းမှာ အသက်ရှူသံဖြစ်ပြီး အလွန်တိုးသော်လည်း အမှန်တကယ် ရှိနေပေ၏။

အာရုံစူးစိုက်ကာ နားစွင့်ကြည့်ရာ ဤအသံမှာ တစ်နေရာတည်းမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ ရှေ့ဘက်ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေကာ ရှေ့နှင့်နောက် စုစုပေါင်းလူခုနစ်ယောက် ရှိနေပေ၏။

ချူချင်းသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အေးစိမ့်သော အပြုံးတစ်ခု ပေါ်လာ၏။

'ငါ့ကို ချုံခိုတိုက်ခိုက်ဖို့ ကြံစည်နေကြတာလား...'

အတွေးများလှုပ်ရှားနေစဉ် သူ၏ခြေလှမ်းများမှာ ပိုမိုတိတ်ဆိတ်သွားပြီး ရှေ့သို့ ခုနစ်လှမ်း၊ ရှစ်လှမ်းခန့်ဆက်သွားလိုက်ရာ ဂူဝ၏ပုံသဏ္ဌာန်ကို မြင်တွေ့လိုက်ရ၏။

အပြင်ဘက်သို့ ကြည့်လိုက်ရာ ကြယ်ရောင်များကို မှိန်ပျပျမြင်တွေ့လိုက်ရ၏။

နောက်တစ်ခဏတွင် ချူချင်းသည် ရုတ်တရက် အားစိုက်လိုက်၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးခိုးပြာတစ်စုကဲ့သို့ ဂူဝမှ တိုက်ရိုက်ပျံထွက်သွားတော့၏။

ဤလှုပ်ရှားမှုမှာ ချုံခိုတိုက်ခိုက်သူများကို အမှန်ပင်သတိပြုမိသွားစေသော်လည်း သူတို့ပုန်းအောင်းရာနေရာမှ ခုန်ထွက်လာချိန်တွင် ချူချင်းမှာ လေထဲသို့ရောက်ရှိနေပြီ ဖြစ်၏။

အောက်သို့ငုံ့ကြည့်လိုက်ရာ အမှန်ပင် လူခုနစ်ယောက်ဖြစ်နေပေ၏။

လူတိုင်းမှာ မီးခိုးရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဂူဝသို့ အေးစက်စွာစိုက်ကြည့်လျက် တိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။

သို့သော် အချို့သူများမှာ သတိရှိလှသဖြင့် လေထဲရှိချူချင်းရှိရာနေရာသို့ ခေါင်းလှည့်ကြည့်လိုက်ကြ၏။

သို့သော် နောက်တစ်ခဏတွင် ချူချင်းသည် လက်ထဲ၌ ဓားကိုဆွဲထုတ်လိုက်ပြီ ဖြစ်၏။

ရွှေငန်းသိုင်းပညာကို လည်ပတ်စေကာ ခန္ဓာကိုယ်မှာ လေထဲမှ ဝဲကရက်ကဲ့သို့လှည့်ပတ်လျက် အောက်သို့ထိုးဆင်းသွားပြီး ဓားနှင့်လူမှာ တစ်သားတည်းဖြစ်သွားတော့၏။

မြေပြင်ပေါ်ရှိ ထိုလူမှာ မျက်နှာအမူအရာပင် မပြောင်းလဲနိုင်သေးမီ ထက်မြက်လှသော ဓားသွားများဝန်းရံထားသည့် မီးခိုးပြာတစ်စုမှာ မိမိ၏ရှေ့မှ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရ၏။

သူသည် ခေါင်းလှည့်ရန် ကြိုးစားလိုက်သော်လည်း လှုပ်ရှားလိုက်သည်နှင့် ဦးခေါင်းမှာ လှည့်မလာတော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

ကျန်ရှိနေသော လူများမှာလည်း ထိုအခါမှသာ သဘောပေါက်သွားကြ၏။

သို့သော် သူတို့တုံ့ပြန်ရန် အချိန်မရမီမှာပင် ချူချင်း၏ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း ခြောက်ကြိမ်ဆက်တိုက်လှုပ်ရှားသွားပြီးနောက် ပြန်လည်ရပ်တန့်သွားခဲ့ပြီ ဖြစ်၏။

ဂျောက်... အသံတစ်ချက်ထွက်ပေါ်လာ၏။

၎င်းမှာ ဓားကို ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်သည့်အသံဖြစ်ပြီး ချူချင်းသည် နောက်သို့လှည့်မကြည့်ဘဲ လမ်းအတိုင်း ရှေ့သို့ တည့်တည့်ဆက်လက်လျှောက်လှမ်းသွား၏။

သူ၏နောက်ကွယ်တွင်မူ ထိုမီးခိုးရောင်ဝတ်လူခြောက်ယောက်မှာ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားကြတော့၏။

မြေပြင်ပေါ်သို့ လဲကျသွားပြီးမှသာ သူတို့၏ဦးခေါင်းများမှာ လည်ပင်းမှပြုတ်ထွက်ကာ လိမ့်ဆင်းသွားကြတော့၏။

ချူချင်း နောက်သို့လှည့်မကြည့်ခြင်းမှာ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေသောကြောင့် မဟုတ်ဘဲ ဤဓားချက်မှာ အစွမ်းကုန် ထုတ်သုံးလိုက်ခြင်းကြောင့် ဖြစ်ပေ၏။

သူအသုံးပြုလိုက်သည်မှာ ဆယ့်ခြောက်ချက် မိစ္ဆာနှိမ်နင်းဓားသိုင်း ဖြစ်သော်လည်း တစ်ပြိုင်နက်တည်းတွင် အမြန်ဓား၏ထက်မြက်မှုကိုလည်း ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်၏။

ဓားကွက်မှာ ရိုးရှင်းပြီး တိုက်ရိုက်ကျကာ မလိုအပ်သော အသေးစိတ်အချက်အလက်များကို စွန့်ပယ်လျက် မိမိ၏အမြန်နှုန်းနှင့် ဓားသိုင်း၏စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ထားခြင်း ဖြစ်ပေ၏။

ဤကဲ့သို့သော ဓားချက်အောက်တွင် သူတို့မသေဆုံးသေးပါက ကောင်းကင်မိစ္ဆာဂိုဏ်းအနေဖြင့် ဤကဲ့သို့ ဖုံးကွယ်နေရန်မလိုတော့ဘဲ သိုင်းလောကတစ်ခုလုံးကို တိုက်ရိုက်နင်းခြေဖျက်ဆီးနိုင်ကာ လောကတွင် မည်သူမျှ သူတို့၏အစွမ်းကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

'သူတို့အားလုံးကို သတ်လိုက်ပြီဆိုတော့ ငါခိုးဝင်လာတာကို ဘယ်သူမှသိတော့မှာ မဟုတ်ဘူး...'

ချူချင်း ရှေ့သို့ အနည်းငယ်ဆက်သွားလိုက်ရာ မျက်လုံးများမှာ အနည်းငယ်ကျဉ်းမြောင်းသွား၏။

ပတ်ဝန်းကျင်တွင် သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြေနေသော်လည်း အစွန်းပိုင်းသို့ ရောက်ရှိချိန်တွင် ကျောက်ဆောင်ချောက်ကမ်းပါးတစ်ခု ဖြစ်နေပြီး မျက်နှာချင်းဆိုင် ပေတစ်ရာခန့်အကွာတွင်မူ အခြားကျောက်ဆောင်ချောက်ကမ်းပါးတစ်ခု ရှိနေပေ၏။

ထိုကျောက်ဆောင်ချောက်ကမ်းပါး နှစ်ခုအကြားရှိနေရာမှာ ထျန်းကျီးတောင်ကြားပင်ဖြစ်၏။

အပေါ်ဘက်နေရာကို သစ်ပင်ရိပ်များဖြင့် ဖုံးကွယ်ထားသော်လည်း အောက်ဘက်တွင်မူ လုံးဝထူးခြားဆန်းပြားသော ကမ္ဘာတစ်ခု ရှိနေပေ၏။

လမ်းအတိုင်း အောက်သို့ဆင်းသွားရာ ကျောက်ဆောင်နံရံများ ဝန်းရံထားသည့်နေရာတွင် ကျယ်ဝန်းသော နေရာလွတ်တစ်ခုကို မြင်တွေ့လိုက်ရ၏။

ထိုနေရာတွင် အဆောက်အဦးများနှင့် မျှော်စင်များ စုံလင်စွာရှိနေပြီး အဆုံးသတ်နေရာတွင်မူ တောင်ကိုမှီ၍ ဆောက်လုပ်ထားသော မြင့်မားသည့် အဆောက်အဦးတစ်ခု ရှိနေပေ၏။

ဤအဆောက်အဦးမှာ အလွန်ကြီးမားလှသဖြင့် အဆောက်အဦးများအကြားတွင် ထင်ရှားစွာပေါ်လွင်နေပေ၏။

ချူချင်း၏အကြည့်များမှာ တည်ငြိမ်သွားပြီး ချက်ချင်းပင် နားလည်သွားခဲ့ပြီ ဖြစ်၏။

'အဲဒါ ထျန်းကျီးမျှော်စင်ပဲ ဖြစ်ရမယ်...'

ရင်ခွင်ထဲမှ ဝမ်ဖူစန်းဆွဲပေးထားသော မြေပုံကိုထုတ်ယူကာ လက်ရှိထျန်းကျီးတောင်ကြားအတွင်းပိုင်းနှင့် တိုက်ဆိုင်စစ်ဆေးကြည့်လိုက်၏။

ဆန်းချင်း ယခင်က ထျန်းကျီးတောင်ကြားအတွင်းရှိ အခြေအနေများကို ပြန်လည်ပြောပြစဉ်က ပြောခဲ့သောစကားများကို ပြန်လည်အမှတ်ရလိုက်၏။

ထျန်းကျီးတောင်ကြားအတွင်းမှာ အဓိပ္ပာယ်မရှိဘဲ ဆောက်လုပ်ထားခြင်း မဟုတ်ချေ။

ထျန်းကျီးရသေ့သည် ချိုင့်ဝှမ်းကိုအသုံးပြုကာ အင်းကွက်တစ်ခုကိုဖန်တီးခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးတိုင်းတွင် ကိုယ်ပိုင်အစွမ်းများ ရှိနေပေသည်။ အလုံးစုံအားဖြင့်ကြည့်ပါက ၎င်းမှာ သတ်ဖြတ်ခြင်းအင်းကွက်ဖြစ်သကဲ့သို့ လမ်းမှားစေသောအင်းကွက်လည်း ဖြစ်ပေ၏။

မြူထူများ ဖုံးလွှမ်းနေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ကိန်းအောင်းနေပေ၏။

ဤအင်းကွက်ကို ထျန်းကျီးတောင်ကြားဟု ခေါ်ဆိုခြင်းပင် ဖြစ်၏။

ချူချင်းသည် အဓိကတံခါးမှ ဝင်ရောက်လာခြင်း မဟုတ်ချေ။ အကယ်၍ ထျန်းကျီးတောင်ကြား၏ အဓိကတံခါးမှဝင်ရောက်လာပါက တံခါးအတွင်း၌ ထျန်းကျီးတောင်ကြား၏ကျောက်စာတိုင်ကို မြင်တွေ့ရရုံသာမက ကျောက်စာတိုင်ပေါ်တွင်လည်း ‘သေမင်းတမန်အင်းကွက် ထျန်းကျီးတောင်ကြား... အသက်ရှင်ခြင်းနှင့် သေခြင်း၏ အခြားတစ်ဖက်ကမ်း…’ဟူသော စာသားနှစ်ကြောင်းရေးထွင်းထားသည်ကို မြင်တွေ့ရပေလိမ့်မည်။

ရှေ့စာကြောင်းမှာ ထျန်းကျီးတောင်ကြားသည် သေမင်းတမန်အင်းကွက်တစ်ခုဖြစ်ကြောင်း ဖော်ပြထားသော်လည်း နောက်စာကြောင်းမှာ မည်သည့်အရာကို ရည်ညွှန်းသည်ကိုမူ ဆန်းချင်းလည်း ရှင်းလင်းစွာမသိရှိချေ။

ကောင်းကင်မိစ္ဆာဂိုဏ်းမှလူများကမူ အသက်ရှင်ခြင်းနှင့် သေခြင်း၏အခြားတစ်ဖက်ကမ်းတံတားမှာ ထိုစဉ်က ထျန်းကျီးရသေ့ခေတ်ရှိ အချို့အင်အားစုများနှင့် ပတ်သက်မှုရှိနိုင်သည်ဟု သံသယဝင်ခဲ့ကြ၏။

သို့သော် ဤအရာများမှာ လက်ဆင့်ကမ်း သမိုင်းမှတ်တမ်းများ မရှိခဲ့သကဲ့သို့ အချိန်ကာလမှာလည်း အလွန်ကြာမြင့်သွားခဲ့ပြီဖြစ်သဖြင့် မည်သူက သက်သေပြနိုင်ပါအံ့နည်း။

ချူချင်းသည် မြေပုံကို တစ်ခဏမျှ သေချာကြည့်ရှုလိုက်၏။

'သေမင်းတမန်အင်းကွက်ရဲ့ လျှို့ဝှက်ချက်တွေကို အရင်ကတည်းက ဖော်ထုတ်ပြီးပြီ... ဝင်ထွက်နည်းတွေနဲ့ ကာကွယ်ရေးတည်နေရာတွေအားလုံးကိုလည်း ကောင်းကောင်းသိထားပြီးပြီ...'

'အခုတော့ ဆန်းချင်းပြောခဲ့တဲ့ စကားတွေထဲက ဘယ်လောက်မှန်တယ်၊ ဘယ်လောက်မှားတယ်ဆိုတာပဲ စောင့်ကြည့်ရတော့မယ်...'

ထိုမြေပုံကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် ချူချင်းသည် ခန္ဓာကိုယ်ကိုလှုပ်ရှားကာ မီးခိုးပြာတစ်စုကဲ့သို့ ထျန်းကျီးတောင်ကြားအတွင်းသို့ ခုန်ဆင်းသွားတော့၏။

တစ်ချိန်တည်းမှာပင် ရတနာတိုက်ခန်းမရှေ့တွင် ဖြစ်၏။

လော့ချန်အိမ်တော်မှ လူအင်အားအမြောက်အမြား စုဝေးရောက်ရှိနေကြပြီ ဖြစ်လေ၏။

ရတနာတိုက်ခန်းမ၏ နေရာအသီးသီးတွင် ရပ်နေကြသော ကြယ်တာရာအစောင့်တပ်ဖွဲ့ဝင်များနှင့် လော့ချန်အိမ်တော်တပည့်များအပြင် ဝမ်ရို၊ ပျန်းချန်၊ မော့တူရှင်း၊ ဟွာကျင်နျန်း၊ ဝမ်ခိုင်ယွမ်၊ ဝမ်ခယ်ရန်နှင့် အခြားသူများအားလုံးလည်း ရောက်ရှိနေကြပေ၏။

ဝမ်ဖူစန်းသည် လက်များကို ကျောနောက်ထားလျက် ရှေ့ဆုံးမှရပ်ကာ အဝေးသို့မော့ကြည့်နေပြီး ဆူညံသံများမှာ ရေလှိုင်းများကဲ့သို့စုစည်းကာ တဖြည်းဖြည်းကျယ်လောင်လာသည်ကို ကြားနေရပေ၏။

မီးရှူးတိုင်များ၏အလင်းရောင်များမှာ အောက်ဘက်သုံးထပ်မှ တဖြည်းဖြည်း အပေါ်သို့တက်လာပြီး မှောင်မိုက်သော ညဉ့်ဦးယံတွင် မီးနဂါးတစ်ကောင် ကွေ့ကောက်တက်လာသကဲ့သို့ ထင်မှတ်ရပေ၏။

ရှိနေကြသောလူများအနက် အချို့မှာ မျက်နှာပျက်နေကြပြီး အချို့မှာမူ ဇဝေဇဝါဖြစ်နေကြဆဲပင်။

ပျန်းချန်က ဝမ်ရို၏အင်္ကျီလက်ကို ညင်သာစွာဆွဲလိုက်၏။

ဝမ်ရိုက သူ့ကို တိတ်ဆိတ်စွာကြည့်လိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ..."

ပျန်းချန်က တိုးတိုးလေးမေးလိုက်လေသည်။

"ဘာလို့ ဒီလောက်အထိတင်းမာနေရတာလဲ... ပြီးတော့ မင်းအဖေက ဒဏ်ရာရထားတာ မဟုတ်ဘူးလား... ကြည့်ရတာတော့ ဒဏ်ရာရထားတဲ့ပုံလည်း မပေါက်ဘူး..."

ဝမ်ရိုသည် လက်ရှိအခြေအနေကို အနည်းငယ်သိရှိသော်လည်း အသေးစိတ်ကိုမူ ကောင်းစွာမသိရှိချေ။

ဝမ်ဖူစန်းဒဏ်ရာရရှိသည့် ကိစ္စကိုမူ သူမ သိရှိသော်လည်း ရှင်းပြရန် အလွန်ရှုပ်ထွေးလှပေ၏။

ထို့ကြောင့် သူမသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ့ကို အဖြေမပေးရန် ဆုံးဖြတ်လိုက်လေသည်။

ဟွာကျင်နျန်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။

"ဘာလို့ သခင်လေးသုံးကို မတွေ့ရတာလဲ... ဒီအခြေအနေက တစ်ခုခုမှားနေသလိုပဲ... သခင်လေးသုံး ဒီမှာမရှိရင် ငါ့စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ်..."

"ဟွန်း... ငါရှိနေသရွေ့ ဘာမှ စိုးရိမ်စရာမလိုဘူး..."

မော့တူရှင်းက တည်ငြိမ်စွာပြောလိုက်ရာ သူ၏လေသံမှာ အရင်ကကဲ့သို့ပင် အေးအေးလူလူရှိနေပြီး လောကတွင် မည်သူ့ကိုမျှ ဂရုမစိုက်သည့်ပုံစံမျိုး ဖြစ်ပေ၏။

ဟွာကျင်နျန်းသည် ထိုစကားကိုကြားရသောအခါ ချက်ချင်းပင် စိတ်အေးသွားတော့၏။

"အစ်ကိုမော့က တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ကြီးပဲ..."

မော့တူရှင်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်ပြီး ရင်ခွင်ထဲတွင် ဓားကိုပိုက်လျက် လူအုပ်အလယ်တွင် ရှိနေသော်လည်း ရှင်းမပြနိုင်သော အထီးကျန်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေပေ၏။

'ဒီလောကမှာ ငါ့ကို နားလည်မဲ့သူမရှိဘူးပဲ... လူအုပ်ကြီး ဘယ်လောက်များများ ထူးခြားမလာ...'

ဤအငွေ့အသက်မှာ အလွန်ပင် မောက်မာလွန်းသဖြင့် ဝမ်ဖူစန်းပင်လျှင် နောက်သို့လှည့်ကြည့်ရန် ရင်ထဲတွင် အနည်းငယ်တုန်လှုပ်သွားခဲ့ရ၏။

လူတိုင်းက ဤလူမှာ နားမလည်နိုင်လောက်အောင် နက်နဲလှသည်ဟု ခံစားလိုက်ရပေ၏။

"ဝမ်ဖူစန်း... ထျန်းကျီးအမိန့်တော်ပြားကို အပ်စမ်း..."

စူးရှသောအော်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခုမှာ လေထဲတွင်ပျံသန်းလာကာ မျက်စိတစ်မှိတ်အတွင်း လူအုပ်ကြီး၏ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ထိုလူသည် လေထဲတွင်ရှိနေစဉ်ကပင် လက်ဝါးတစ်ချက်ဖြင့် တိုက်ခိုက်လိုက်ပြီ ဖြစ်၏။

လက်ဝါးချက်မှာ ပြင်းထန်ပြီး အားကောင်းလှသဖြင့် လေပြင်းများတိုက်ခတ်လာကာ ရှိနေကြသောလူများ၏ အဝတ်အစားများကို လွင့်ပျံသွားစေတော့၏။

သေချာကြည့်ရှုလိုက်ရာ ထိုလူ၏လက်ဖဝါးပေါ်တွင် ရွှေမှုန့်များသုတ်လိမ်းထားသကဲ့သို့ ရွှေရောင်များတောက်ပနေသည်ကို မြင်တွေ့လိုက်ရ၏။

သူ၏လက်ဝါးရိုက်ချက်နှင့်အတူ ကြီးမားလှသော ရွှေရောင်လက်ဝါးရိပ်ကြီးတစ်ခုမှာ ဝမ်ဖူစန်းဆီသို့ ဝုန်းခနဲကျရောက်လာတော့၏။

သူ၏ပါးစပ်မှ ထျန်းကျီးအမိန့်တော်ပြားကိုအပ်ရန် အော်ဟစ်နေသော်လည်း အမှန်တကယ် လုပ်ဆောင်နေသည်မှာ လူသတ်ကာ ရတနာလုယူမည့်ကိစ္စပင် ဖြစ်ချေတော့၏။

All Chapters