← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း (၂၁၃) - ကောင်းကင်ကြယ်တာရာ ကာကွယ်ရေးကျင့်စဉ် (၁)

ဝမ်ဖူစန်း၏မျက်လုံးများသည် အနည်းငယ်မှေးစင်းနေပြီး ထိုလက်ဝါးချက်ကို တစ်ချက်ပင် လှည့်မကြည့်ပေ။

ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများလည်ပတ်သွားရာ လွင့်ပျံနေသောဝတ်ရုံစမှာ ချက်ချင်းပင် ငြိမ်သက်သွားလေသည်။

သို့သော် ဆန်းကြယ်လှသည်မှာ သူ၏ဆံပင်အနည်းငယ် လွင့်ပျံသွားပြီး မမြင်နိုင်သော အတွင်းအားတစ်ခုသည် အရပ်ရှစ်မျက်နှာသို့ ချက်ချင်းပင် ပျံ့နှံ့သွားချေသည်။

လေထုထဲရှိ ဧရာမလက်ဝါးရိပ်ကြီးသည် ဝမ်ဖူစန်းထံသို့ တစ်လက်မတိုးကပ်လာတိုင်း ၎င်း၏အရှိန်မှာ နှေးကွေးသွား၏။

သူ့ရှေ့တွင် မမြင်နိုင်သော စွမ်းအင်တံတိုင်းကြီးတစ်ခု ရှိနေပြီး ထိုလက်ဝါးချက်၏အရှိန်အဟုန်ကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်ပေသည်။

တိုက်ခိုက်သူ၏ခန္ဓာကိုယ်မှာလည်း အနည်းငယ်တုံ့ဆိုင်းသွားပြီး လေထဲတွင်ပင် ရပ်တန့်သွားတော့မည့်အလား ထင်မှတ်ရလေသည်။

ထိုသူ၏မျက်နှာသည် ချက်ချင်းပင် ပျက်ယွင်းသွား၏။

"ကောင်းကင်ကြယ်တာရာ ကာကွယ်ရေးကျင့်စဉ်..."

ဤကျင့်စဉ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက လော့ချန်အိမ်တော်၏ ဘိုးဘေးဝမ်ထျန်းဟန်က လော့ချန်အိမ်တော်၏ တားမြစ်နယ်မြေအတွင်း တရားကျင့်ကြံရင်း ဆန်းကြယ်စွာ နားလည်သဘောပေါက်ခဲ့သော ပညာရပ်ဖြစ်သည်ဟု ဒဏ္ဍာရီများက ဆိုကြပေသည်။

၎င်းကို အဆုံးစွန်အထိ ကျင့်ကြံပေါက်မြောက်သွားပါက ကျင့်စဉ်ကိုထုတ်ဖော်လိုက်သည်နှင့် အတွင်းအားများသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အတိုင်းအတာတစ်ခုအထိ အစွမ်းထက်သောနယ်ပယ်တစ်ခုကို ဖန်တီးပေးနိုင်၏။

ကောင်းကင်နှင့်မြေကမ္ဘာအကြားတွင် ကမ္ဘာသစ်တစ်ခုကို ထပ်မံဖန်တီးလိုက်သကဲ့သို့ပင်။

ကောင်းကင်ပြင်မှ ကြယ်တာရာများပင် ဤနေရာသို့ ကြွေကျလာပါစေ ဤနယ်ပယ်၏ ဖုံးလွှမ်းခြင်းခံရပြီး ရွှံ့နွံအိုင်ထဲသို့ ကျရောက်သွားသကဲ့သို့ လွတ်မြောက်ရန် ခက်ခဲလှပေလိမ့်မည်။

ထိုသူက ကောင်းကင်ကြယ်တာရာကာကွယ်ရေးကျင့်စဉ်ဟူသော အမည်ကို ရေရွတ်လိုက်သည့် တစ်ခဏတွင် ဝမ်ဖူစန်းသည် သူ၏မျက်လုံးများကို အပြည့်အဝဖွင့်လိုက်ပြီး မော့ကြည့်ကာ အေးစက်စွာဆိုလေသည်။

"ထွက်သွားစမ်း..."

ထိုစကားသံထွက်ပေါ်လာသည်နှင့် ပြင်းထန်လှသော တွန်းကန်အားလှိုင်းတစ်ခုသည် ဝုန်းခနဲတိုးဝင်သွား၏။

တိုက်ခိုက်လိုက်သော ဧရာမလက်ဝါးရိပ်ကြီးမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားရုံသာမက ထိုသူကိုယ်တိုင်လည်း လေထဲတွင် လွင့်စင်သွားရချေသည်။

သူ၏ပါးစပ်မှလည်း သွေးများ အဆက်မပြတ် ပန်းထွက်လာလေသည်။

ဤသည်မှာ ဝမ်ဖူစန်းက ညှာတာခဲ့ခြင်းကြောင့်သာ ဖြစ်၏။ မဟုတ်ပါက ကောင်းကင်ကြယ်တာရာကာကွယ်ရေးကျင့်စဉ်နှင့် ကောင်းကင်ကိုးလွှာကြယ်တာရာလက်ညှိုးသိုင်းတို့ ပေါင်းစပ်လိုက်လျှင် ကောင်းကင်မှ ကြယ်တာရာများကြွေကျလာပါစေ သူ၏လက်ညှိုးတစ်ချက်တည်းဖြင့် ပစ်ချနိုင်ပေသည်။

ယခုမူ အတွင်းအားဖြင့်သာ တားဆီးလိုက်ခြင်းဖြစ်ပြီး အသက်ဘေးကိုမူ မထိခိုက်စေခဲ့ပေ။

ထိုသူပြုတ်ကျလာသည်ကို မြင်သောအခါ ပုံရိပ်အချို့သည် လေထဲသို့ တစ်ပြိုင်နက်တည်း ခုန်တက်လာကြပြီး လူနှစ်ဦးက ဘယ်ညာမှလှမ်းကိုင်ကာ ပခုံးကို ဆွဲထိန်းလိုက်ကြ၏။

ထို့နောက်မှသာ ထိုလူအုပ်စုသည် မြေပြင်ပေါ်သို့ သာသာယာယာ ဆင်းသက်လာကြလေသည်။

ဝမ်ဖူစန်းသည် ထိုလူများ၏ခန္ဓာကိုယ်ပေါ်သို့ တစ်ဦးချင်းစီ ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်၏။

"'အထီးကျန်တောင်ထွတ်' ချန်ဝေ... 'သံချပ်ကာနယ်စား' မော့တုန်းလင်း... 'ဟွာယန်ဓား' ရှောက်ဇီဟန်... 'ဗုဒ္ဓလက်ဝါးတစ်ထောင်' ကျိုးကု... 'ဝတ်ရုံစိမ်း' ဆွန်ရှောင်ရှန်း..."

သူက နာမည်တစ်ခုစီကို ရေရွတ်လိုက်တိုင်း ပျန်းချန်၏နှလုံးသားမှာ တုန်လှုပ်သွားရ၏။

အဘယ်ကြောင့်ဆိုသော် ဤလူများအားလုံးသည် နန်လင်ဒေသတွင် ထိပ်တန်းအဆင့်ရှိသော ပညာရှင်များ ဖြစ်ကြသောကြောင့်ပင်။

အထီးကျန်တောင်ထွတ်ချန်ဝေသည် ခန်းမသုံးဆောင်ထဲမှ တစ်ခုဖြစ်သော မီးတောက်ခန်းမဆောင်မှဖြစ်ပြီး ခန်းမအတွင်း ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လေသည်။

သူ၏အစွမ်းမှာ လော့ချန်ခန်းမဆောင်နှင့် ဆင်တူပြီး အတွင်းအပြင် မျှတစွာ ကျင့်ကြံထားသော ခန္ဓာကိုယ်မာကျောသည့်ကျင့်စဉ်ကြောင့် တိုက်ခိုက်ရာတွင် အလွန်ခံနိုင်ရည်ရှိကာ တစ်ဦးတည်းဖြင့် စစ်သည်ပေါင်းများစွာကို ရင်ဆိုင်နိုင်စွမ်းရှိပေသည်။

သံချပ်ကာနယ်စားမော့တုန်းလင်းမှာမူ ကိုယ်ပိုင်သိုင်းပညာ မြင့်မားရုံသာမက သူ၏ဘေးနားတွင်လည်း နောက်လိုက်နောက်ပါများစွာရှိပြီး ပညာရှင်များက သူ၏လက်အောက်တွင် ခိုလှုံကာ အမိန့်ကိုနာခံကြ၏။

ဟွာယန်ဓားရှောက်ဇီဟန်မှာမူ တစ်ကိုယ်တော်လှုပ်ရှားသူဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဆန်းကြယ်သော ဓားသိုင်းအမွေအနှစ်ကို ရရှိခဲ့ပြီး ဓားတစ်စင်းဖြင့် ကျန်းဟူလောကတွင် လှည့်လည်ခဲ့သည်မှာ ဆယ်နှစ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်၏။ တိုက်ပွဲကြီးငယ် ရာကျော်ကို ဖြတ်သန်းခဲ့သော်လည်း ယနေ့တိုင် တစ်ကြိမ်မျှ မရှုံးနိမ့်ဖူးချေ။

ဗုဒ္ဓလက်ဝါးတစ်ထောင်ကျိုးကုမှာမူ အစောပိုင်းက ဝမ်ဖူစန်းခြေမလှုပ်လက်မလှုပ်ဘဲ လွင့်စင်အောင် တွန်းထုတ်လိုက်သောသူ ဖြစ်ပေသည်။

သူကျင့်ကြံထားသည်မှာ ဗုဒ္ဓဘာသာသိုင်းပညာဖြစ်ပြီး ရှောက်ဇီဟန်ကဲ့သို့ပင် ကံကောင်းထောက်မစွာဖြင့် အမွေအနှစ်ကိုရရှိခဲ့ခြင်း ဖြစ်၏။

သို့သော် ကံဆိုးသည်မှာ သူရရှိသော အမွေအနှစ်မှာ မပြည့်စုံဘဲ ခုနစ်ဆယ့်နှစ်လမ်းစဥ် ရွှေရောင်အလင်းလက်ဝါးသိုင်းထဲမှ သုံးကွက်ကိုသာ သင်ယူနိုင်ခဲ့ခြင်းဖြစ်၏။ သို့သော် ရွှေရောင်အလင်းလက်ဝါးသိုင်းမှာ အလွန်အစွမ်းထက်သဖြင့် ထိုသုံးကွက်ကို ကျွမ်းကျင်စွာ ပေါင်းစပ်အသုံးပြုကာ ကျန်းဟူလောကတွင် နေရာတစ်နေရာ ရရှိထားချေသည်။

နောက်ဆုံးတစ်ဦးဖြစ်သော ဝတ်ရုံစိမ်းဆွန်ရှောင်ရှန်းမှာမူ...

သူမ၏ဘဝဖြတ်သန်းမှုမှာ အလွန်ဆန်းကြယ်လှပေသည်။

သူမသည် မူလက ချမ်းသာကြွယ်ဝသော မိသားစုမှဖြစ်ပြီး သူမ၏အလှတရားကြောင့် ကျန်းဟူလောကတွင် ကျော်ကြားကာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ရသည်ကို နှစ်သက်သဖြင့် ဤဘွဲ့အမည်ကိုရရှိခဲ့ခြင်း ဖြစ်၏။

သို့သော် သူမ၏အလှတရားကြောင့် ထိုခေတ်က ကျန်းဟူလောကမှ ဩဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ မျက်စိကျခြင်းကိုခံခဲ့ရပြီး ထိုသူက သူမအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့လေသည်။

ထိုနေရာတွင် တစ်နှစ်တိုင်တိုင်နေထိုင်ခဲ့ရပြီးနောက် ဆွန်ရှောင်ရှန်းသည် အရှက်ရမှုကို မခံမရပ်နိုင်သဖြင့် မိမိ၏ရုပ်ရည်ကို မိမိကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့မှသာ ထိုသူကစွန့်ပစ်ခဲ့ခြင်း ဖြစ်၏။

ဆွန်ရှောင်ရှန်းသည် ဒဏ်ရာရနေသော ခန္ဓာကိုယ်ကိုဆွဲကာ အိမ်သို့ ခက်ခက်ခဲခဲ ပြန်လာခဲ့သော်လည်း သူမကို စောင့်ကြိုနေသည်မှာ မိသားစုဝင်များ၏ ကြင်နာမှုနှင့်ဂရုစိုက်မှု မဟုတ်ဘဲ အရှက်တကွဲဖြစ်ခဲ့ရသဖြင့် လူအများ၏ကဲ့ရဲ့ရှုတ်ချမှုကိုသာ ခံခဲ့ရ၏။ သူမ၏ရုပ်ရည် ပျက်စီးသွားသဖြင့် မိဘများ၏စွန့်ပစ်ခြင်းကို ခံရပြီး အိမ်တော်မှပင် နှင်ထုတ်ခြင်းခံခဲ့ရလေသည်။

ထိုအချိန်မှစ၍ သူမသည် ကျန်းဟူလောကမှ ပျောက်ကွယ်သွားခဲ့ပြီး လွန်ခဲ့သောငါးနှစ်ခန့်မှ ပြန်လည်ပေါ်ထွက်လာခဲ့၏။

သူမသည် မည်သည့်နေရာမှန်းမသိသော နေရာမှ အလွန်မြင့်မားသော သိုင်းပညာရပ်များကို သင်ယူခဲ့ပြီး ကျန်းဟူလောကသို့ ပြန်လည်ရောက်ရှိလာသော ပထမဆုံးနေ့တွင်ပင် ထိုဩဇာကြီးမားသောပုဂ္ဂိုလ်၏ မိသားစုတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ခဲ့ချေသည်။

ထို့နောက် သူမသည် မိမိ၏အိမ်သို့ ပြန်လာကာ မိဘများနှင့်ဆွေမျိုးများကို အိမ်တော်မှ မောင်းထုတ်ပစ်ခဲ့ပြီး လမ်းဘေးတွင် တောင်းစားခိုင်းကာ မည်သူ့ကိုမျှ ကူညီခွင့်မပြုခဲ့ပေ။

သို့သော် သူမသည် သူတို့ကို သေဆုံးခွင့်မပေးဘဲ မိမိ၏နာကြည်းမှုများကိုသာ ပုံချလိုခြင်း ဖြစ်၏။

ဤလုပ်ရပ်သည် ကျန်းဟူလောကရှိ လူအများ၏မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့၏။ ကြင်နာမှု၊ ဖြောင့်မတ်မှုနှင့် မိဘအပေါ် သစ္စာစောင့်သိမှုတို့သည် မည်သည့်ခေတ်တွင်မဆို ကျင့်ဝတ်ကောင်းများ ဖြစ်ကြပေသည်။

ဆွန်ရှောင်ရှန်း၏မိဘများတွင် အပြစ်ရှိနေပါစေ ဤကဲ့သို့ ရက်စက်စွာဆက်ဆံခြင်းကိုမူ မခံသင့်ပေ။

သို့သော် ကံဆိုးစွာဖြင့် ဤအချက်ကိုအကြောင်းပြကာ လာရောက်တိုက်ခိုက်သူများအားလုံးသည် ဆွန်ရှောင်ရှန်း၏လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရ၏။ သူမသည် လူကိုမသတ်ဘဲ သူတို့၏ သိုင်းပညာများကိုသာ ဖျက်ဆီးပစ်ပြီး သူမ၏မိဘများကဲ့သို့ လမ်းဘေးတွင် တောင်းစားခိုင်းခဲ့လေသည်။

အချိန်ကြာလာသည်နှင့်အမျှ မည်သူမျှ သူမကို ဝင်ရောက်မစွက်ဖက်ရဲတော့ပေ။

ဝတ်ရုံစိမ်းဟူသော အမည်သည် ကျန်းဟူလောကတွင် ထပ်မံကျော်ကြားလာခဲ့သော်လည်း ယခင်တစ်ခေါက်က အလှတရားကြောင့် ကျော်ကြားခဲ့ခြင်းဖြစ်ပြီး ယခုတစ်ခေါက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော နာမည်ဆိုးဖြင့်ကျော်ကြားလာခြင်း ဖြစ်ပေသည်။

ဤလူများထဲမှ တစ်ဦးတစ်ယောက်မျှ လွယ်ကူစွာ ကိုင်တွယ်နိုင်သူများ မဟုတ်ကြချေ။

ယခုမူ သူတို့ထဲမှ ငါးဦးသည် တစ်ပြိုင်နက်တည်းပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။

ပျန်းချန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ ဤသည်မှာ ထျန်းကျီးအမိန့်တော်ပြားကြောင့်ဖြစ်ရသည့် ဘေးဒုက္ခများပင်။

ဝမ်ဖူစန်းသည် သူတို့၏နာမည်များကို တစ်ဦးချင်းစီခေါ်ဆိုပြီးနောက် သူ၏အသံမှာ ပိုမိုအေးစက်လာ၏။

“ပေါ်လာတာနဲ့ တိုက်ခိုက်ကြတယ်ဆိုတော့ မင်းတို့တွေ... သေချင်နေကြတာလား..."

ထိုစကားထွက်ပေါ်လာသည်နှင့် ပထမဆုံးစကားပြောလာသူမှာ ဆွန်ရှောင်ရှန်းဖြစ်ပေသည်။

သူမသည် ယခုတိုင် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း မျက်နှာကိုမူ အစိမ်းရောင်ပုဝါဖြင့် ဖုံးအုပ်ထား၏။ ပုဝါ၏အနားသတ်များတွင် ဓားဒဏ်ရာအမာရွတ်များကို မှိန်ဖျော့ဖျော့ မြင်တွေ့နေရဆဲပင်။

သူမက တည်ငြိမ်စွာ ဆိုလေသည်။

"ကျွန်မကို ထည့်မတွက်ပါနဲ့... ကျွန်မက ပွဲကြည့်ဖို့သက်သက် လာခဲ့တာပါ..."

ကျိုးကုက လှောင်ပြောင်လိုက်၏။

"အရင်ကတည်းက ငါတို့တွေ ဝမ်ဖူစန်းကို သတ်ပြီး ထျန်းကျီးအမိန့်တော်ပြားကို လုယူမယ်လို့ သဘောတူထားကြတာပဲ... အခု မင်းက ဘာသဘောလဲ... သူ့ရဲ့ ကောင်းကင်ကြယ်တာရာကာကွယ်ရေးကျင့်စဉ်ကို ကြောက်သွားတာလား..."

ဆွန်ရှောင်ရှန်းသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ရယ်မောကာဆို၏။

"ဒါက တကယ်ကို အဓိပ္ပာယ်မရှိတာပဲ... ခုနက စကားတွေကို ရှင်တို့ဘာသာ ပြောခဲ့ကြတာလေ... ကျွန်မသဘောတူခဲ့တာမှ မဟုတ်တာ... ကျွန်မက ပွဲကြည့်ဖို့သက်သက် လာခဲ့တာ..."

"ဟုတ်တယ်... အရင်ဆုံးပွဲကြည့်နေပြီး ဘယ်သူက အသာစီးရလဲဆိုတာ ကြည့်ပြီးမှ အဲဒီလူဘက်က ရပ်တည်မလို့မလား..."

ရှောက်ဇီဟန်က ပြုံးလျက် ဆို၏။

"မိန်းကလေးဆွန်ရဲ့ အတွက်အချက်က တကယ်ကို ပါးနပ်လွန်းတယ်... ဒါပေမဲ့ ဘယ်ဘက်ကမှ အကျိုးမရှိဖြစ်သွားမှာကို မစိုးရိမ်ဘူးလား..."

“ရှင် အခု ကျွန်မကို ရန်စနေတာဆိုတော့... ကျွန်မက ဝမ်ဖူစန်းဘက်က ချက်ချင်းရပ်တည်ပြီး ရှင့်ကို ရိုက်နှက်ပစ်မှာ မကြောက်ဘူးလား..."

ဆွန်ရှောင်ရှန်းက လှောင်ပြောင်လိုက်၏။

"ကိုယ့်ဘာသာ ပြဿနာရှာမနေနဲ့... မဟုတ်ရင် မင်းကို ဒုက္ခရောက်အောင် လုပ်ပစ်မယ်..."

ရှောက်ဇီဟန်၏မျက်နှာသည် ပျက်ယွင်းသွားပြီး တစ်ခုခုထပ်ပြောရန် ပြင်လိုက်သော်လည်း ချန်ဝေက ရှေ့သို့တစ်လှမ်းတိုးကာ ဝမ်ဖူစန်းကို ကြည့်လိုက်၏။

All Chapters