← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း (၂၁၅) - ကိုယ်တိုင်ကြဲခဲ့သည့်အသီးကို ကိုယ်တိုင်ရိတ်သိမ်းခြင်း (၁)

ဝမ်ဖူစန်းသည် သူ၏ဝတ်ရုံထဲသို့ လက်လှမ်းလိုက်ရာ သူ၏လက်ဖဝါးထဲတွင် အမိန့်တော်ပြားတစ်ခုပေါ်လာ၏။

"ဒါက ထျန်းကျီးအမိန့်တော်ပြားပဲ... မင်းတို့ထဲက တစ်ယောက်ယောက်က ထျန်းကျီးတောင်ကြားကိုသွားချင်ရင် ငါနဲ့အတူလိုက်ခဲ့ကြ..."

"ဘာလဲ..."

ကျိုးကုသည် အံ့အားသင့်သွားရ၏။ အစောပိုင်းကအထိ အမိန့်တော်ပြားကိုရရှိရန် သေလုမတတ်တိုက်ခိုက်ရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဝမ်ဖူစန်းက ဤမျှလွယ်ကူစွာ ထုတ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“မင်း... မင်း စောစောစီးစီးထုတ်ပေးခဲ့ရင် ငါတို့ ဘာလို့တိုက်ခိုက်နေရဦးမလဲ..."

ဝမ်ဖူစန်းသည် သူ့ကို အေးစက်စွာကြည့်ပြီး ကျယ်လောင်စွာ ဆိုလေသည်။

“လူကြီးမင်းတို့... ဒီရဟန်းပြောတာကို မင်းတို့အားလုံး ကြားပြီးကြပြီ... ရိုးရိုးသားသားပြောရရင် ထျန်းကျီးအမိန့်တော်ပြားရဲ့သတင်း ပျံ့နှံ့သွားကတည်းက ငါက ဒီကိစ္စရဲ့အမှန်တရားကို စုံစမ်းဖို့ နည်းလမ်းရှာနေခဲ့တာ…”

“ဒီလူတွေက ငါ့ကို ပစ်မှတ်ထားနေတာလို့ ထင်ခဲ့လို့... လုပ်ကြံခံရဟန်ဆောင်ပြီး ရန်သူကို ဆွဲဆောင်ခဲ့တာ... ဒါပေမဲ့ သူတို့က မင်းတို့ကို ပစ်မှတ်ထားနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ပြီးခဲ့တဲ့ရက်အတွင်း မင်းတို့က ထျန်းကျီးအမိန့်တော်ပြားကို ရယူဖို့ ကြံစည်နေကြပေမဲ့... ငါနဲ့သခင်လေးသုံးကတော့ မင်းတို့ရဲ့အသက်ကို ကယ်တင်ဖို့နဲ့ ကွယ်ရာက ကြံစည်နေသူတွေကို စုံစမ်းဖို့ အလုပ်ရှုပ်နေခဲ့တာ…”

“အခု ထျန်းကျီးတောင်ကြားထဲမှာ ထောင်ချောက်တွေ... အဆိပ်တွေနဲ့ ချုံခိုတိုက်ခိုက်မှုတွေ ရှိနေလို့... သခင်လေးသုံးက ဒါတွေကို ဖျက်ဆီးဖို့ ရှေ့ကနေသွားနှင့်ပြီ... ငါက မင်းတို့ကို ဒီမှာစောင့်နေခဲ့တာက ထျန်းကျီးအမိန့်တော်ပြားကိုသုံးပြီး မင်းတို့ကို ထျန်းကျီးတောင်ကြားဆီ ခေါ်ဆောင်သွားဖို့…”

“သခင်လေးသုံးနဲ့ ပူးပေါင်းပြီး ငါတို့အတူတူ မိစ္ဆာဂူကိုဖျက်ဆီးဖို့ပဲ... ဘယ်သူက ထင်မှာလဲ... မင်းတို့က ဘာမှမမေးဘဲ တိုက်ခိုက်ဖို့ပဲ အော်ဟစ်နေကြလိမ့်မယ်လို့... တကယ်ကို ရယ်စရာကောင်းတာပဲ... အခု ထျန်းကျီးအမိန့်တော်ပြားက ဒီမှာရှိနေပြီဆိုတော့... ဒီကောင်းကင်မိစ္ဆာဂိုဏ်းကိုရင်ဆိုင်ဖို့ ငါနဲ့အတူ လိုက်ရဲကြလား..."

လော့ချန်အိမ်တော်အတွင်း ဝမ်ဖူစန်းသည် စိတ်အားထက်သန်စွာဖြင့် ပြောဆိုနေ၏။

ထျန်းကျီးတောင်ကြားအတွင်းရှိ ချူချင်းမှာမူ ယခုအချိန်တွင် သူ့ရှေ့ရှိမျှော်စင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက်ရှိနေ၏။

"ဒါက တကယ်ဒုက္ခပေးတာပဲ…”

ထျန်းကျီးရသေ့သည် ထျန်းကျီးတောင်ကြားကို လွန်ခဲ့သောရာစုနှစ်များစွာက တည်ထောင်ခဲ့ခြင်း ဖြစ်ပေသည်။

ရာစုနှစ်ပေါင်းများစွာ၏ အပြောင်းအလဲများအကြား ပတ်ဝန်းကျင်ရှိ မြေပြင်အနေအထားမှာ ပြောင်းလဲသွားခြင်းမရှိဘဲ တောင်ကြားအတွင်းရှိ အဆောက်အအုံများမှာလည်း အံ့ဩစရာကောင်းလောက်အောင်ပင် ပျက်စီးယိုယွင်းခြင်းမရှိဘဲ တည်ရှိနေဆဲဖြစ်၏။

ချူချင်းသည် ဤသို့ဖြစ်ရခြင်းမှာ တောင်ကြားအတွင်းရှိ အဆောက်အအုံများအားလုံးကို ကျောက်တုံးများဖြင့်သာ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။

ထိုကျောက်တုံးများက လေနှင့်မိုးဒဏ်ကို ခံနိုင်ရည်ရှိစေပြီး အချိန်ကာလ၏တိုက်စားမှုများကိုလည်း ကြံ့ကြံ့ခံနိုင်စေခြင်း ဖြစ်ပေသည်။

ဤအကြောင်းကြောင့်ပင် ထျန်းကျီးရသေ့က လွန်ခဲ့သောနှစ်ပေါင်းရာစုနှစ်များစွာကကတည်းက ချမှတ်ထားခဲ့သော အစွမ်းထက်အင်းကွက်ကြီးမှာ ယနေ့တိုင်အောင် အစွမ်းထက်မြက်နေဆဲဖြစ်၏။

ချူချင်းကိုအခက်တွေ့စေသည်မှာ သူသည် မူလက ထျန်းကျီးမျှော်စင်ကို မီးတိုက်ဖျက်ဆီးပစ်ရန် ကြံစည်ထားခြင်းဖြစ်ပြီး ထိုသို့ပြုလုပ်ပါက ဟွမ်ချွမ်ဆေးမှုန့်၏ဘေးအန္တရာယ်ကို ချက်ချင်းဖြေရှင်းနိုင်လိမ့်မည်ဟု တွေးတောထားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ယခုအခါ ထျန်းကျီးမျှော်စင်တစ်ခုလုံးမှာလည်း ကျောက်တုံးများဖြင့်သာ တည်ဆောက်ထားပါက သူသည် မည်သို့လျှင် မီးရှို့ဖျက်ဆီးနိုင်ပါတော့မည်နည်း။

ထို့ပြင် မဏ္ဍပ်များနှင့် အဆောက်အအုံများအကြားတွင်လည်း ယန္တရားထောင်ချောက်များ၏အရိပ်အယောင်များကို နေရာအနှံ့တွေ့မြင်နေရ၏။

ဤယန္တရားများမှာ ဆန်းချင်းပြောပြခဲ့သကဲ့သို့ အလွန်အစွမ်းထက်လှသည်တော့ မဟုတ်ချေ။

၎င်းတို့က လူကို အသက်ဘေးအန္တရာယ်အထိ မဖြစ်စေဘဲ အများစုမှာ ဒဏ်ရာရစေရုံသာ ဖြစ်ပေသည်။

သို့သော် ၎င်းတို့ကို ဖြိုခွဲရန်အတွက်မူ ချူချင်းမတတ်နိုင်ချေ။ သူသည် ယန္တရားအတတ်ပညာကို နားလည်တတ်ကျွမ်းခြင်းမရှိသောကြောင့် ဖြစ်၏။

ဆန်းချင်းမှာ အချိန်အတော်ကြာသည်အထိ ပြန်လည်ရောက်ရှိမလာသဖြင့် သင်္ချိုင်းမင်းသားဇန့်ဟန်ရှင်း၏ သံသယကိုနှိုးဆွပေးခဲ့ပြီးဖြစ်ရာ ယခုအခါ တောင်ကြားအတွင်းရှိ ကာကွယ်ရေးအင်အားစုများမှာ ဆန်းချင်းပြောပြခဲ့သည်နှင့် ကွဲပြားခြားနားနေချေပြီ။

ကံကောင်းထောက်မစွာဖြင့် ချူချင်း၏ကိုယ်ဖော့သိုင်းပညာမှာ အလွန်မြင့်မားလှပြီး ဝင်ထွက်သွားလာရမည့် လမ်းကြောင်းကိုလည်း သိရှိထားသဖြင့် ထိုလူများမှာ တောင်ကြားတစ်ခုလုံးတွင် ပတ်ချာလည်အောင် ရှာဖွေနေကြသော်လည်း သူ၏အရိပ်အယောင်ကိုပင် တွေ့ရှိနိုင်ခြင်းမရှိကြချေ။

သူသည် လမ်းတစ်လျှောက်တွင် ယန္တရားထောင်ချောက်များကို ဂရုတစိုက်ရှောင်ကွင်းကာ ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်များကိုလည်း သတိကြီးစွာဖြင့် ပုန်းကွယ်ရှောင်ရှားရင်း နောက်ဆုံးတွင် ထျန်းကျီးမျှော်စင်ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

"ဒီမျှော်စင်က အဝေးကနေ ကြည့်တုန်းကလည်း အတော်လေး ကြီးမားတယ်လို့ ထင်ခဲ့ရပေမဲ့... အခုလို အနီးကပ်မြင်ရတော့ ပိုပြီးတော့တောင် ခန့်ညားထည်ဝါပါလား..."

"ထျန်းကျီးရသေ့က သူ့ရဲ့ကိုယ်ပိုင်စွမ်းအားတစ်ခုတည်းနဲ့ ဒီလိုအဆောက်အအုံမျိုးကို တည်ဆောက်ခဲ့ပြီး... ရာစုနှစ်ပေါင်းများစွာတိုင်အောင် လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင်လုပ်ခဲ့တာက တကယ်ကို အံ့ဩစရာကောင်းလှပေတယ်..."

ချူချင်းသည် အလျင်စလို ရှေ့သို့တိုးမသွားခဲ့ချေ။ ဤနေရာမှာ ထျန်းကျီးတောင်ကြားတစ်ခုလုံးတွင် အန္တရာယ်အရှိဆုံးသော နေရာဖြစ်နေသောကြောင့် ဖြစ်၏။

သူသည် အဓိကဝင်ပေါက်တံခါးမကြီးကို ရှောင်ကွင်းကာ ပုံရိပ်တစ်ခုအလား လျှပ်တစ်ပြက်လှုပ်ရှားလိုက်ပြီး ထျန်းကျီးမျှော်စင်၏ ဘေးဘက်နံရံအောက်သို့ ရောက်ရှိသွား၏။ ထိုနံရံအတိုင်း ရှေ့သို့ဆက်လက်တိုးဝင်သွားရာ တောင်စောင်းကျောက်နံရံကြီးတစ်ခု ရှိနေချေသည်။

ထျန်းကျီးတောင်ကြားကို ဝန်းရံထားသော တောင်စောင်းကျောက်နံရံကြီးမှာ အလွန်ထူးဆန်းလှ၏။ ၎င်း၏အောက်ခြေမှာ ကျယ်ပြန့်ပြီး အပေါ်ဘက်သို့ရောက်လေ ကျဉ်းမြောင်းသွားလေဖြစ်ကာ ကြီးမားလှသော စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ကွေးညွတ်နေပေသည်။

ထျန်းကျီးမျှော်စင်၏အမိုးထိပ်မှာ တောင်စောင်းကျောက်နံရံ၏ထိပ်ဖျားနှင့် တစ်တန်းတည်းနီးပါး ညီညာနေ၏။

ထိုအချက်ကိုကြည့်ခြင်းဖြင့် ဤမျှော်စင်မှာ မည်မျှအထိမြင့်မားလှကြောင်း သိသာထင်ရှားလှပေသည်။

ချူချင်းသည် ခေါင်းကိုမော့၍ အပေါ်သို့လှမ်းကြည့်လိုက်ပြီးနောက် ခြေထောက်များဖြင့် ရုတ်တရက် အားစိုက်ထုတ်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်မှာ လင်းနို့တစ်ကောင်ကဲ့သို့ လေထဲသို့ပျံတက်သွားပြီး လက်မောင်းများကိုဆန့်တန်းကာ အပေါ်သို့ လျင်မြန်စွာ မြင့်တက်သွား၏။

ဤသို့ ဖွဖွလေးခုန်တက်လိုက်ရုံမျှဖြင့် ဆယ်ကျန်းကျော်မျှ မြင့်တက်သွားပြီး လေဟာနယ်ထဲတွင် ခြေလှမ်းတစ်လှမ်းဖွဖွနင်းကာ ရွှေငန်းသိုင်းပညာဖြင့် လေပေါ်တွင် တွန်းအားယူ၍ နောက်ထပ်ဆယ်ကျန်းကျော်မျှ ထပ်မံခုန်တက်သွားပြန်သည်။

တစ်ချက်တည်းဖြင့် အမြင့်နှစ်ဆယ်ကျန်းကျော်အထိ ခုန်တက်နိုင်ခြင်းမှာ မျောလွင့်မြူခိုးကိုယ်ဖော့သိုင်းကို မရရှိမီကဆိုလျှင် ချူချင်းအနေဖြင့် လုံးဝပြုလုပ်နိုင်စွမ်းရှိမည့် အရာမဟုတ်ချေ။

အမြင့်ကျန်းနှစ်ဆယ်ဟူသော ကိန်းဂဏန်းမှာ နားထောင်ရသည်မှာ သာမန်မျှသာဟုထင်ရသော်လည်း တစ်ကျန်းလျှင် သုံးမီတာကျော်ရှိပြီး ဆယ်ကျန်းလျှင် မီတာသုံးဆယ်ကျော်ရှိကြောင်း သိရှိထားရပေမည်။ သူသည် လေပေါ်တွင်အရှိန်ယူ၍ ခုန်တက်လိုက်ခြင်းဖြင့် အနည်းဆုံး မီတာခြောက်ဆယ်ကျော်အမြင့်အထိ ရောက်ရှိသွားခြင်းဖြစ်၏။

အဆောက်အအုံတစ်ခု၏ တစ်ထပ်လျှင် သုံးမီတာခန့်ဖြင့် တွက်ချက်ကြည့်မည်ဆိုပါက ဤခုန်ပျံမှုမှာ အထပ်ပေါင်း နှစ်ဆယ့်နှစ်ထပ်ရှိသော အဆောက်အအုံထိပ်သို့ တိုက်ရိုက်ခုန်တက်သွားခြင်းနှင့် ညီမျှပေသည်။ ဤသည်မှာ အလွန်အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော စွမ်းဆောင်ရည်ပင် ဖြစ်၏။

သို့သော် ယခုအချိန်တွင် ထျန်းကျီးမျှော်စင်၏ထိပ်ဖျားသို့ ရောက်ရှိရန်အတွက်မူ အနည်းငယ်လိုအပ်နေသေးသည်။

သူသည် နံရံပေါ်တွင် ခြေဖျားဖြင့် ဖွဖွလေးတစ်ချက်ထောက်၍ အရှိန်ယူလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် အပေါ်သို့ ထပ်မံမြင့်တက်သွားပြီး နောက်ဆုံးတွင် ထျန်းကျီးမျှော်စင်၏အမိုးပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်နိုင်ခဲ့လေသည်။

ဤနေရာတွင်ရပ်တန့်၍ အပေါ်စီးမှ ငုံ့ကြည့်လိုက်ပါက ထျန်းကျီးတောင်ကြားတစ်ခုလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ပေသည်။

မျှော်စင်အောက်ရှိ အဆောက်အအုံများမှာ အလွန်သေးငယ်လှသည်ဟု ထင်မှတ်ရသော်လည်း ၎င်းတို့၏တည်ဆောက်ပုံ၊ အပြင်အဆင်များနှင့် ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်များ လှုပ်ရှားသွားလာနေကြသော အရိပ်အယောင်များကိုမူ သူ၏မျက်စိအောက်တွင် အကုန်အစင်မြင်တွေ့နေရ၏။

သို့သော် ပိုမိုဝေးကွာသောနေရာများကို လှမ်းကြည့်ရာတွင်မူ မြေပြင်အနေအထားကြောင့် အဓိကဝင်ပေါက်တံခါးမကြီး၏ အပြင်ဘက်မြင်ကွင်းများကိုမူ သူမြင်တွေ့နိုင်ခြင်းမရှိချေ။

'ဝမ်ဖူစန်းဘက်က အခြေအနေဘယ်လိုရှိလဲ မသိဘူး... အချိန်က အရမ်းအရေးကြီးနေပြီ... ငါ ထျန်းကျီးမျှော်စင်ထဲကို အမြန်ဆုံးဝင်ရောက်မှ ဖြစ်မယ်...'

သို့သော် သူ၏ခြေဖဝါးအောက်ရှိ ကျောက်တုံးများဖြင့် ခင်းကျင်းထားသော အမိုးပေါ်တွင်မူ အက်ကြောင်း သို့မဟုတ် ကွက်လပ်တစ်ခုမျှ ရှိမနေချေ။

သူသည် ထိုကျောက်တုံးများကို ရိုက်ခွဲဖျက်ဆီးပစ်နိုင်စွမ်းရှိသော်လည်း ထိုသို့ပြုလုပ်ပါက မျှော်စင်အတွင်းရှိ ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်များကို သတိပြုမိသွားစေရန် ဆော်ဩသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

All Chapters