← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း (၂၁၇) - ကိုယ်တိုင်ကြဲခဲ့သည့်အသီးကို ကိုယ်တိုင်ရိတ်သိမ်းခြင်း (၃)

ချက်ချင်းပင် ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်တစ်ဦးမှာ လှေကားအတိုင်း အောက်သို့အမြန်ဆင်းသွားလေသည်။

သူသည် ထျန်းကျီးမျှော်စင်၏တံခါးမကြီးရှေ့သို့ ရောက်ရှိသွားချိန်တွင် လက်ညှိုးကို ပါးစပ်ထဲသို့ထည့်ကာ ပြင်းထန်စွာ ဝီစီမှုတ်လိုက်၏။

ဤအသံထဲတွင် အတွင်းအားများ ထည့်သွင်းထားပုံရပြီး အသံလှိုင်းမှာ ထျန်းကျီးတောင်ကြားတစ်ခုလုံးသို့ ချက်ချင်းပင် ပဲ့တင်ထပ်သွားလေသည်။

နောက်တစ်ခဏတွင် တောင်ကြားတစ်ခုလုံးတွင် ပြန့်ကျဲနေသော ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်များမှာ တစ်ဦးပြီးတစ်ဦး ပြန်လည်ရောက်ရှိလာကြပြီး ထျန်းကျီးမျှော်စင်ရှေ့တွင် စုဝေးကြကာ လူစုံသွားပြီးမှသာ မျှော်စင်အတွင်းသို့ တိုးဝင်လာကြလေသည်။

ချူချင်းသည် သူတို့ အဘယ်ကြောင့် အုပ်စုနှစ်စုခွဲသွားမည်ကို မသိရှိသော်လည်း ဤသည်မှာ သူ၏အတွက်မူ အလွန်ကောင်းမွန်လှသော အခွင့်အရေးတစ်ရပ်ပင် ဖြစ်ချေသည်။

သူသည် ချက်ချင်းပင် ခြေဖျားဖြင့် ဖွဖွလေးထောက်ကာ လှေကားပေါ်မှ အောက်သို့ လျှပ်တစ်ပြက်ခုန်ဆင်းလိုက်လေသည်။ သူသည် လက်မောင်းများကိုဆန့်တန်းကာ အောက်သို့ဆင်းသက်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင် ခေါင်းမော့ကြည့်လိုက်မိသော ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်အချို့မှာ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြစဉ်အတွင်း သူသည် ထိုယန္တရားရှေ့သို့ တိုက်ရိုက်ဆင်းသက်သွားခဲ့ပြီ ဖြစ်၏။

သူသည် လက်ကိုဆန့်တန်းကာ ဆွဲချလိုက်ရာ ဂျောက်ခနဲအသံတစ်သံ ထွက်ပေါ်လာလေသည်။

ထိုယန္တရားမှာ ချူချင်း၏လက်ချက်ဖြင့် အောက်သို့ဆွဲချခြင်း ခံလိုက်ရပြီဖြစ်၏။

ဝုန်း ဝုန်း ဝုန်း

ဝုန်း ဝုန်း ဝုန်း

သူ၏ခြေဖဝါးအောက်ရှိ မြေပြင်မှာ ပြင်းထန်စွာတုန်ခါသွားပြီး နားထဲတွင် ကောင်းကင်မိစ္ဆာဂိုဏ်းတပည့်များ၏ မယုံကြည်နိုင်သော အော်ဟစ်သံများ ပဲ့တင်ထပ်လာလေသည်။

"ဘာဖြစ်တာလဲ..."

"မကောင်းတော့ဘူး... ဟွမ်ချွမ်ဆေးမှုန့်တွေကျလာပြီ..."

"မြန်မြန်ပြေးကြ..."

သို့သော် နောက်ကျသွားခဲ့ပြီဖြစ်၏။

ဤယန္တရားကို သူတို့တပ်ဆင်ထားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး အရာအားလုံးကိုလည်း အကြိမ်ကြိမ်စမ်းသပ်စစ်ဆေးခဲ့ပြီး ဖြစ်ပေသည်။

ဤယန္တရားကျဆင်းသွားသည်နှင့် ဟွမ်ချွမ်ဆေးမှုန့်များမှာ မျက်စိတစ်မှိတ်အတွင်း ပထမထပ်၏ထောင့်တိုင်းသို့ ပြန့်ကျဲကျဆင်းသွားမည် ဖြစ်၏။

အစောပိုင်းကတင် မျှော်စင်အတွင်းသို့ ဝင်ရောက်လာကြပြီး အုပ်စုနှစ်စုခွဲရန်ပင် အချိန်မရလိုက်သေးသော ကောင်းကင်မိစ္ဆာဂိုဏ်း၏ တပည့်များအားလုံးနီးပါးမှာ ထောင်ချောက်အတွင်း ပိတ်မိသွားကြလေသည်။

ထိုအကြောင်းကြောင့်ပင် ထိုအော်ဟစ်သံများမှာ ခဏချင်းအတွင်းမှာပင် ပြန်လည်ငြိမ်သက်သွားခဲ့ရခြင်း ဖြစ်ပေသည်။

သူတို့မှာ တစ်ကိုယ်လုံးလှုပ်ရှားနိုင်စွမ်းမရှိတော့သဖြင့် စကားပင် မပြောနိုင်တော့‌ချေ။

'ကိုယ်တိုင်ကြဲခဲ့တဲ့အသီးကို ကိုယ်တိုင်ရိတ်သိမ်းတာပဲ... ဒီထက်ကောင်းတာ မရှိတော့ဘူး...'

ချူချင်းသည် စိတ်ထဲမှရယ်မောလိုက်မိ၏။ တစ်ခုထဲသော အားနည်းချက်မှာ ဤအခွင့်အရေးကို အသုံးချ၍ ဝိညာဉ်ဖမ်းအစောင့်ရှီယဲကို မရှာနိုင်ခဲ့ခြင်းသာ ဖြစ်ပေသည်။

ဤလူ၏ ယူမင်ဝမ်ရှန်းကျင့်စဉ်မှာ အလွန်ကိုင်တွယ်ရခက်ခဲလှသော ပြဿနာတစ်ခု ဖြစ်၏။ ချူချင်းသည် တစ်စုံတစ်ဦး၏ အကြည့်တစ်ချက်တည်းဖြင့် အသက်ဆုံးရှုံးရမည့် အဖြစ်မျိုးကို လုံးဝမလိုလားချေ။

သို့သော် ဟွမ်ချွမ်ဆေးမှုန့်ကို ဤသို့အသုံးပြုလိုက်ပြီဖြစ်ရာ ထျန်းကျီးတောင်ကြားသို့ ရောက်ရှိလာကြမည့် သိုင်းလောကသားများမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပါက ထိုဆေးမှုန့်များရှိရာသို့ တိုးဝင်ကာ မိမိကိုယ်ကို အဆိပ်သင့်အောင် ပြုလုပ်ကြလိမ့်မည်မဟုတ်ကြောင်း သူသိရှိထားပေသည်။

ဤသို့တွေးတောလိုက်ပြီးနောက် သူ၏ခြေလှမ်းများကို ပြောင်းလဲလိုက်ပြီး ချက်ချင်းပင် လွတ်မြောက်ရန် ကြံစည်လိုက်လေသည်။

လူသတ်သမားတစ်ဦးအနေဖြင့် သူသည် ရန်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည်ကို နှစ်သက်လှသည်တော့ မဟုတ်ချေ။

ယခုအခါ ဟွမ်ချွမ်ဆေးမှုန့်၏ပြဿနာမှာ ပြေလည်သွားခဲ့ပြီဖြစ်ရာ ဝမ်ဖူစန်းနှင့်အခြားသူများ တောင်ကြားအတွင်းသို့ ဝင်ရောက်လာသည်နှင့် ကောင်းကင်မိစ္ဆာဂိုဏ်းမှာ ထိုသိုင်းလောကသားများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိတော့မည်မဟုတ်ချေ။

ဤသို့သောအားသာချက်များကို ရရှိထားသည့် အခြေအနေမျိုးတွင် ချူချင်းအနေဖြင့် အဘယ်ကြောင့် ထိုလူများနှင့် စောစီးစွာ တိုက်ခိုက်နေပါတော့မည်နည်း။

လူအုပ်ကြီးအတွင်း ရောနှောနေထိုင်ကာ အခွင့်ကောင်းကိုစောင့်ဆိုင်း၍ သူတို့ကို အလစ်ချုံခိုတိုက်ခိုက်ခြင်းကသာ အကောင်းဆုံးနည်းဗျူဟာ ဖြစ်ပေသည်။

သို့သော် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှား၍ လွတ်မြောက်ရန် မပြင်ဆင်နိုင်မီမှာပင် ထိုဓားရုပ်သေးခန္ဓာကိုယ်သုံးခုမှာ ဝုန်းခနဲအသံနှင့်အတူ ချက်ချင်းပင် ထရပ်လိုက်ကြလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လက်မောင်းခြောက်ဖက်လုံးမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး အရပ်မျက်နှာအားလုံးရှိ လေထုကို ပိတ်ဆို့ချုပ်နှောင်လိုက်၏။ သူတို့၏လက်သီးချက်များနှင့် လက်ဝါးရိုက်ချက်များအောက်တွင် မည်သည့်နေရာသို့မျှ လွတ်မြောက်နိုင်စွမ်းရှိမနေချေ။

သူတို့၏လက်သီးနှင့် လက်ဝါးများပေါ်တွင် ဖုံးလွှမ်းနေသည့် ဆန်းကြယ်လှသော အတွင်းအားလှိုင်းများမှာ ယခင်က ချူချင်းသည် တုန်ရှင်းကျီ၏ခန္ဓာကိုယ်မှ ခံစားခဲ့ရသော အငွေ့အသက်များနှင့် တစ်ထပ်တည်းတူညီနေပေသည်။

'သူတို့လည်း တစ်ချိန်က ကျိုရွှမ်နတ်သိုင်းကျင့်စဉ်ကို ကျင့်ကြံခဲ့ဖူးတာ ဖြစ်ရမယ်... ဒါက အဲဒီသိုင်းပညာကို ကျင့်ကြံခြင်းရဲ့ အဆုံးသတ်ကံကြမ္မာလား...'

ဤအတွေးမှာ သူ၏စိတ်ထဲတွင် လျှပ်တစ်ပြက်ဖြတ်သန်းသွားပြီးနောက် မင်ယွိကျမ်းစာ၏အတွင်းအားလှိုင်းများမှာ ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာလေသည်။

ပြိုင်ဘက်များမှာ လက်သီးနှင့်ခြေထောက်များကို အသုံးပြု၍ လှောင်အိမ်တစ်ခုကိုဖန်တီးကာ ချူချင်းကို လုံးဝပိတ်လှောင်ထားရန် ကြံစည်နေကြခြင်း ဖြစ်၏။

ထို့ပြင် သူတို့၏တိုက်ကွက်များမှာ ယခင်က တုန်ရှင်းကျီ၏တိုက်ကွက်များနှင့် လုံးဝကွဲပြားခြားနားလှပြီး လှုပ်ရှားမှုများအတွင်း မည်သည့်အားနည်းချက်မျှ ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိချေ။

ဤသို့ဖြစ်နေပါက သူသည် ထိုလှောင်အိမ်ကို အတင်းအဓမ္မရိုက်ခွဲဖျက်ဆီးပစ်ကာ မိမိ၏ပြင်းထန်လှသော အတွင်းအားကိုအသုံးပြု၍ အနိုင်ယူရန်သာ ရှိပေတော့သည်။

သူ၏အတွင်းအားများကို လည်ပတ်စေလိုက်သည်နှင့် ချူချင်း၏လက်သီးနှစ်ဖက်လုံးပေါ်တွင် ချက်ချင်းပင် နှင်းခဲများဖုံးလွှမ်းသွားပြီး လက်သီးများကိုလှုပ်ရှားလိုက်ရာ မျက်စိတစ်မှိတ်အတွင်း အရပ်မျက်နှာအားလုံးတွင် လက်သီးရိပ်များစွာ ပေါ်ထွက်လာလေသည်။

၎င်းမှာ ကောင်းကင်နှင်းခဲလက်သီးသိုင်း၏ အဆုံးစွန်တိုက်ကွက်ဖြစ်သော နှင်းခဲလွှမ်းမိုးခြင်းပင် ဖြစ်၏။

ဤတိုက်ကွက်တွင် ပုံစံလေးမျိုးရှိပေသည်။ ၎င်းတို့မှာ အော်လီကူဖုန်း၊ ရွှယ်လင်ရွှင်မေ၊ လင်ယွန်းယာတိန်နှင့် ရွှမ်ဟော်တောက်ယင်တို့ဖြစ်ကြ၏။

လက်သီး၏အရှိန်အဝါများ ဖုံးလွှမ်းသွားသည်နှင့် ငါးကျန်းပတ်လည်အတွင်းရှိ လေထုတစ်ခုလုံးမှာ အေးစိမ့်သော အငွေ့အသက်များဖြင့် ပြည့်နှက်သွားလေသည်။

ချူချင်းသည် မင်ယွိကျမ်းစာ၏ နဝမမြောက်အဆင့်အတွင်းအားဖြင့် ထုတ်ဖော်လိုက်ခြင်းဖြစ်ရာ ၎င်း၏အစွမ်းထက်မြက်မှုမှာ အလွန်တရာ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်သီးချက်များမှာ ပတ်ဝန်းကျင်ရှိ ဓားရုပ်သေးခန္ဓာကိုယ်သုံးခုနှင့် ပြင်းထန်စွာ ထိမှန်သွားလေသည်။ ၎င်းတို့မှာ သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများမှာ တည်ရှိနေဆဲဖြစ်ပြီး ဓားရုပ်သေးတစ်ခုချင်းစီ၏ အတွင်းအားမှာလည်း သာမန်လူများထက် အဆပေါင်းများစွာ သာလွန်မြင့်မားလှပေသည်။

ယခုအခါ သူတို့၏လက်သီးနှင့် ခြေထောက်များမှာ ချူချင်း၏လက်သီးချက်များနှင့် ထိတွေ့သွားချိန်တွင် လက်ဖဝါးများမှတစ်ဆင့် နှင်းခဲများမှာ ခန္ဓာကိုယ်ပေါ်သို့ တဖြည်းဖြည်းပျံ့နှံ့သွားခြင်းသာ ဖြစ်၏။

သို့သော် သူတို့မှာ တိုက်ကွက်များကို ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ဆက်တိုးဝင်ရန် ကြိုးပမ်းနေကြဆဲ ဖြစ်ပေသည်။

သို့သော် ချူချင်း၏တိုက်ကွက်မှာ အလွန်ပြင်းထန်လှပြီး လက်သီးချက်များမှာလည်း ထူထပ်လှသဖြင့် အဆုံးမရှိသကဲ့သို့ ထင်မှတ်ရပေသည်။

သူတို့ ရှေ့သို့ အနည်းငယ်တိုးဝင်လာတိုင်း အေးခဲသွားသော အစိတ်အပိုင်းများမှာ ချက်ချင်းပင် ကြေမွပျက်စီးသွားရ၏။ လက်သီးများမှစတင်ကာ ခန္ဓာကိုယ်တစ်ခုလုံးမှာ တဖြည်းဖြည်းကြေမွပျက်စီးသွားပြီး လက်မောင်းများအထိ ပျက်စီးသွားကြရာ နောက်ဆုံးတွင် မင်ယွိကျမ်းစာ နဝမမြောက်အဆင့်၏ ပြိုင်ဘက်ကင်းစွမ်းအားကို လုံးဝခုခံနိုင်စွမ်း မရှိတော့ချေ။

ဓားရုပ်သေးခန္ဓာကိုယ်သုံးခုလုံးမှာ နောက်သို့ လွင့်ပျံသွားကြလေသည်။

သူတို့၏ခန္ဓာကိုယ်များမှာ လေပေါ်တွင် ရှိနေစဉ်အတွင်းမှာပင် နှင်းခဲအငွေ့အသက်များမှာ တစ်ကိုယ်လုံးသို့ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်၏။

ချူချင်းသည် လက်သီးတစ်ချက်ပြီးတစ်ချက်ဖြင့် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားအောင် တိုက်ခိုက်တော့မည့်ဆဲဆဲတွင် ဘေးနားရှိ ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်များမှာ နောက်ဆုံးတွင် သတိဝင်လာကြလေသည်။

ပုံရိပ်နှစ်ခုမှာ လျှပ်တစ်ပြက်လှုပ်ရှားလိုက်ပြီး ချူချင်း၏ဘေးဘယ်ညာတွင် တိုက်ရိုက်ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။

ထိုလူနှစ်ဦးမှာ တစ်ပြိုင်နက်တည်း လက်ဝါးဖြင့် ရိုက်နှက်လိုက်ကြလေသည်။

သူတို့၏လက်ဖဝါးအလယ်မှာ သွေးကဲ့သို့နီနေပြီး အလွန်ညှော်နံလှသော အနံ့ဆိုးများ ထွက်ပေါ်နေပေသည်။

သွေးပျော်နတ်လက်ဝါးသိုင်း ဖြစ်ချေသည်။

ချူချင်း၏မျက်နှာမှာ အေးစက်သွား၏။ သူသည် ဤသွေးပျော်နတ်လက်ဝါးသိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် မလိုလားသဖြင့် မင်ယွိကျမ်းစာ၏အတွင်းအားကို လည်ပတ်စေကာ ခန္ဓာကိုယ်ကို လိမ်ကျော့လှုပ်ရှားလိုက်ရာ ကောင်းကင်မိစ္ဆာဂိုဏ်းတပည့်နှစ်ဦး၏ လက်ဝါးချက်များအကြားရှိ ဟာကွက်မှတစ်ဆင့် အသာအယာရှောင်ကွင်းသွားနိုင်ခဲ့လေသည်။

သူသည် မိမိ၏အတွင်းအားကို အသုံးပြု၍ လမ်းကြောင်းလွှဲပြောင်းပေးလိုက်ရာ ဘယ်ဘက်ရှိလူ၏ လက်ဝါးချက်မှာ ညာဘက်ရှိလူ၏ ရင်ဘတ်နှင့်ဝမ်းဗိုက်ပေါ်သို့ ထိမှန်သွားပြီး ညာဘက်ရှိလူမှာလည်း တုံ့ပြန်သည့်အနေဖြင့် ဘယ်ဘက်ရှိလူ၏ ပခုံးပေါ်သို့ လက်ဝါးဖြင့် ရိုက်နှက်မိသွားလေသည်။

ထိုလူနှစ်ဦးမှာ တစ်ပြိုင်နက်တည်း နာကျင်စွာအော်ဟစ်လိုက်ကြပြီး မျက်စိရှေ့မှာပင် ချက်ချင်းပိန်လှီခြောက်ကပ်သွားကြ၏။

ထို့နောက် သူတို့မှာ တစ်ဖက်လူ၏ ပြင်းထန်လှသော လက်ဝါးအားလှိုင်းကြောင့် နောက်သို့လွင့်ပျံသွားကြလေသည်။

သူတို့၏ခန္ဓာကိုယ်အတွင်းမှ သွေးများမှာ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် သွေးရောင်နှင်းခဲများအဖြစ် ချက်ချင်းအေးခဲသွားခဲ့ပြီ ဖြစ်၏။

ဤသို့ တစ်ခဏမျှနှောင့်နှေးသွားခြင်းကြောင့် ထိုဓားရုပ်သေးခန္ဓာကိုယ်သုံးခုမှာ မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ကြေမွပျက်စီးသွားသောအသံများ ထွက်ပေါ်လာလေသည်။

ထိုဓားရုပ်သေးခန္ဓာကိုယ်သုံးခုလုံးမှာ နေရာတင်ပင် အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားခဲ့ရချေပြီ။

All Chapters