အခန်း ၂၁၈
Vol. 22 Ch. 218
အခန်း (၂၁၈) - သင်္ချိုင်းမင်းသား (၁)
ချူချင်းသည် မူလက ထိုရုပ်သေးအလောင်းသုံးလောင်း မပျက်စီးမည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုကဲ့သို့ အပိုင်းပိုင်းပြတ်တောက်ကာ သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရသည်။ ရုပ်သေးကြိုးဆွဲသိုင်းတွင် မည်မျှပင် ဆန်းကြယ်သောအစွမ်းများ ရှိနေပါစေဦးတော့ သူတို့ကို ပြန်လည်ပြင်ဆင်ရန် မလွယ်ကူတော့ပေ။
ထိုစဉ် အလွန်အန္တရာယ်ကြီးမားလှသော အာရုံခံစားမှုတစ်ခုက သူ့နှလုံးသားထဲ၌ ရုတ်တရက်ပေါ်ပေါက်လာချေသည်။
ဤခံစားချက်မှာ မည်သည့်ရှေးပြေးနိမိတ်မျှမရှိဘဲ လျှပ်တစ်ပြက်အတွင်း သေမင်းတံခါးဝသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပေသည်။
'ယူမင်ဝမ်ရှန်းကျင့်စဉ်လား...'
ချူချင်း၏စိတ်အာရုံက လျှပ်တစ်ပြက်လှုပ်ရှားသွားပြီး ခန္ဓာကိုယ်ကိုလှည့်ကာ ပြတင်းပေါက်ပြင်ပသို့ ခုန်ထွက်သွားလေသည်။ ထိုအချိန်၌ပင် အေးစိမ့်လှသော အကြည့်တစ်ချက်က ချူချင်းရပ်နေခဲ့သော နေရာဆီသို့ ကျရောက်လာချေသည်။
လှေကားဝတွင် အမျိုးသားတစ်ဦးရပ်နေပြီး လက်ထဲ၌ ပတ်တီးစတစ်ခုကို ဆုပ်ကိုင်ထားချေသည်။ ထိုသူကား ဝိညာဉ်ဖမ်းအစောင့်ရှီယဲပင် ဖြစ်ပေသည်။
သေမင်းတမန်ကဲ့သို့ အေးစက်ဆန်းကြယ်လှသော အကြည့်များက သူ၏မျက်ဝန်းတစ်စုံမှ ထွက်ပေါ်နေ၏။
သူ၏မျက်လုံးအိမ်ထဲ၌ အနည်းငယ် သွေးရောင်သန်းနေပြီး သွေးညှီနံ့များစုစည်းနေသကဲ့သို့ ရှိသော်လည်း ပြင်ပသို့စီးကျလာခြင်းမရှိပေ။
နောက်တစ်ခဏ၌ သူသည် မျက်လုံးများကိုမှိတ်လိုက်ပြီး အောက်ထပ်သို့ လျင်မြန်စွာ ဆင်းသွားလေသည်။
သူ၏ခန္ဓာကိုယ်က မျှော်စင်ပထမထပ်သို့ ရောက်ရှိသွားချိန်တွင် မျက်လုံးပေါ်ရှိ ပတ်တီးစကို ပြန်လည်စည်းနှောင်ပြီးသွားချေပြီ။
ထိုအချိန်၌ ပထမထပ်တွင် ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်များစွာ မြေပြင်ပေါ်၌ လဲလျောင်းနေကြချေသည်။
မြေပြင်ပေါ်တွင် အဖြူရောင်ဆေးမှုန့်များ ဖုံးလွှမ်းနေပြီး ၎င်းမှာ ဟွမ်ချွမ်ဆေးမှုန့်ပင် ဖြစ်သည်။
ရှီယဲတစ်ယောက် ဘေးအန္တရာယ်မှကင်းဝေးခဲ့ရခြင်းမှာ ထိုစဉ်က သူသည် လှေကားပေါ်၌ရှိနေခဲ့ပြီး ဟွမ်ချွမ်ဆေးမှုန့်များ ပျံ့လွင့်လာချိန်တွင် မိမိ၏အတွင်းအားလေလှိုင်းဖြင့် မှုတ်ထုတ်ကာ ကာကွယ်နိုင်ခဲ့သောကြောင့် ဖြစ်ပေသည်။
ထို့နောက်မှ အပေါ်ထပ်သို့ အပြေးအလွှားတက်လာခဲ့သော်လည်း... မည်သို့ပင်ဖြစ်စေ ခြေလှမ်းတစ်လှမ်း နောက်ကျသွားခဲ့ချေပြီ။
ချူချင်းကို မတားဆီးနိုင်ခဲ့ပေ။
ရှီယဲသည် ပထမထပ်ရှိအခြေအနေများကို အာရုံစိုက်နားစွင့်လိုက်ရာ နဖူးပေါ်ရှိ သွေးကြောများပင် ထောင်တက်လာချေသည်။
"လမ်းဖွင့်ကြစမ်း..."
အပေါ်ထပ်ရှိ ကောင်းကင်မိစ္ဆာဂိုဏ်းတပည့်များက လှေကားအတိုင်း ချက်ချင်းဆင်းလာကြပြီး ပုံရိပ်နှစ်ခုက လျှပ်တစ်ပြက်ပျံသန်းဝင်ရောက်လာကာ ဟွမ်ချွမ်ဆေးမှုန့်များအကြား လဲလျောင်းနေသော ကောင်းကင်မိစ္ဆာဂိုဏ်းတပည့်တစ်ဦး၏ ကိုယ်ပေါ်သို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ထိုတပည့်သည် စူးရှစွာအော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အရည်ပျော်ကျလာကာ သွေးနီရောင်များက မြေပြင်ပေါ်ရှိ ဟွမ်ချွမ်ဆေးမှုန့်များကို စိုရွှဲသွားစေချေသည်။
ဟွမ်ချွမ်ဆေးမှုန့်၏အာနိသင်မှာ ပြင်းထန်လှသော်လည်း ဖြိုခွဲ၍မရနိုင်သည်တော့ မဟုတ်ပေ။
ရေဖြင့်ဆေးကြောခြင်း သို့မဟုတ် မီးဖြင့်ရှို့ဖျက်ခြင်းတို့ကို ၎င်းက ခံနိုင်ရည်မရှိချေ။
ရှီယဲက လမ်းဖွင့်ရန်အမိန့်ပေးခြင်းမှာ ထိုသူတို့၏သွေးများဖြင့် မြေပြင်ပေါ်ရှိဆေးမှုန့်များကို ဆေးကြောပစ်ရန် ဖြစ်ပေသည်။
ယခုအချိန်၌ သူသည် အချိန်ဆွဲနေ၍မရတော့ဘဲ အမြန်ဆုံးနှုန်းဖြင့် မြေအောက်သွေးကန်အနီးသို့ သွားရောက်ကာ ဖြစ်ပျက်ခဲ့သမျှကို သင်္ချိုင်းမင်းသားထံ အစီရင်ခံရမည် ဖြစ်ပေသည်။
တိုက်ခိုက်မည်လော သို့မဟုတ် ဆုတ်ခွာမည်လောဟူသည်ကို ပြတ်သားစွာ ဆုံးဖြတ်ရပေလိမ့်မည်။
သို့သော် ထိုသို့မသွားမီ သူက အမိန့်တစ်ခုကို ထပ်မံထုတ်ပြန်လိုက်သေး၏။
"မင်းတို့အားလုံး မျှော်စင်အရှေ့မှာ ချုံခိုတိုက်ခိုက်ကြ... သူတို့ရောက်လာတာနဲ့ အငိုက်မိအောင် တိုက်ခိုက်လိုက်..."
"အလောင်းတွေထဲကို သွေးပျော်နတ်လက်ဝါးစွမ်းအားတွေ ထည့်သွင်းပြီး မျှော်စင်ထဲကို ပစ်ထည့်လိုက်ကြ..."
"ဟုတ်ကဲ့..."
ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်များသည် အမိန့်ကိုနာခံကြပြီး သူတို့ကို သေခိုင်းလျှင်ပင် နောက်တွန့်ခြင်းမရှိဘဲ သေရဲကြပေသည်။
မြေပြင်ပေါ်ရှိ ကောင်းကင်မိစ္ဆာဂိုဏ်းတပည့်များမှာ သွေးပျော်နတ်လက်ဝါးသိုင်းအောက်တွင် တစ်ဦးပြီးတစ်ဦး သေဆုံးသွားကြပြီး သွေးနီရောင်များဖြင့် မြေပြင်ကိုဆေးကြောကာ သွေးလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာချေသည်။
ထိုသွေးလမ်းကြောင်းမှာ ခန်းမဆောင်အတွင်းပိုင်းရှိ ပြခန်းစင်မြင့်တစ်ခုဆီသို့ တိုက်ရိုက်ဦးတည်နေ၏။
ရှီယဲသည် တပည့်နှစ်ဦးကိုခေါ်ဆောင်ကာ ထိုပြခန်းစင်မြင့်အနီးသို့ ရောက်ရှိလာပြီး စင်ပေါ်ရှိ ပန်းပုတစ်ခုကို ညင်သာစွာ ဖိနှိပ်လိုက်လေသည်။
ပြခန်းစင်မှာ ဘေးဘက်သို့ ချက်ချင်းရွေ့လျားသွားပြီး လျှို့ဝှက်လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာချေသည်။
သူသည် အဓိကတံခါးမကြီးဆီသို့ ပြန်လည်လှည့်ကြည့်လိုက်ရာ မျက်လုံးပေါ်တွင် ပတ်တီးစများစည်းနှောင်ထားသော်လည်း အရာအားလုံးကို ထွင်းဖောက်မြင်နေရသကဲ့သို့ ရှိပေသည်။
ထို့နောက် လျှို့ဝှက်လမ်းကြောင်းအတွင်းသို့ ခြေလှမ်းလှမ်းဝင်သွားလေသည်။
ဤလျှို့ဝှက်လမ်းကြောင်းမှာ အောက်ဘက်သို့ ကွေ့ကောက်ဆင်းသွားပြီးနောက် မကြာမီအချိန်၌ ကျောက်ဂူတစ်ခု ပေါ်လာချေသည်။
မီးခိုးရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် သင်္ချိုင်းဟူသော စာလုံးပါရှိသည့် မျက်နှာဖုံးကို တပ်ဆင်ထားသော လူတစ်ဦးသည် ခေါင်းတလားများအကြား၌ ထိုင်နေပြီး ကျောက်ဂူမျက်နှာကြက်ဆီသို့ မော့ကြည့်နေချေသည်။
ထိုနေရာတွင် ကန်တော့ပုံစံချွန်ထက်သော အပေါက်တစ်ခုရှိနေပြီး သွေးစက်များက တစက်စက်စီးကျနေ၏။
ထိုသွေးစက်များမှာ ခြောက်သွေ့နေသော ကန်တစ်ခုအတွင်းသို့ ကျရောက်နေချေသည်။
ကန်၏အလယ်တွင် ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသော အနက်ရောင်ဝတ်ရုံတစ်ထည် ရှိနေ၏။
ထိုဝတ်ရုံမှာ သွေးများဖြင့် တဖြည်းဖြည်းစိုရွှဲနေသော်လည်း တစ်စုံတစ်ရာ ထူးခြားဆန်းပြားမှုကို မမြင်တွေ့ရပေ။
"ဘယ်လို အပြောင်းအလဲတွေ ဖြစ်သွားတာလဲ..."
သင်္ချိုင်းမင်းသား၏အသံမှာ ခန့်မှန်းရခက်နေပြီး ဂူဗိမာန်အတွင်းမှ ထွက်ပေါ်လာသကဲ့သို့ ရှိချေသည်။
ဤအသံကိုကြားရုံမျှဖြင့်ပင် လူကို ရင်ဘတ်ထဲ၌ မသက်မသာခံစားရစေ၏။
ရှီယဲသည် ဒူးတစ်ဖက်ထောက်ကာ ဝပ်စင်းလိုက်လေသည်။
"မင်းသား... ဓားရူးသခင်လေးသုံးက ထျန်းကျီးတောင်ကြားထဲကို ကျူးကျော်ဝင်ရောက်လာပါတယ်..."
"ဆန်းချင်းကတော့ အဲဒီလူ့လက်ထဲကို ကျရောက်သွားပုံရပြီး တောင်ကြားထဲက အစီအမံတွေလည်း ပျက်စီးသွားပါပြီ... ကျွန်တော်တို့ နောက်ထပ် ဘယ်လိုဆက်လှုပ်ရှားရမလဲ..."
သင်္ချိုင်းမင်းသားဇန့်ဟန်ရှင်းက အေးစက်စွာဖြင့် မေးမြန်းလိုက်၏။
"ဓားရူးသခင်လေးသုံး... သူက ဘယ်ကနေရောက်လာတာလဲ... စုံစမ်းလို့ရပြီလား..."
"သူက ထျန်းဝူမြို့ကနေ လာတာပါ..."
ရှီယဲက ဆက်လက်တင်ပြလေသည်။
"သူက ထျန်းဝူမြို့ ချူမိသားစုရဲ့အပ်နှံချက်အရ ဝမ်ရိုကို လော့ချန်အိမ်တော်ဆီ လိုက်ပို့ပေးခဲ့တာ ဖြစ်ပုံရပါတယ်..."
"ဒါပေမဲ့ ဒီလူက အရင်က သိုင်းလောကထဲမှာ တစ်ခါမှပေါ်ထွက်ခဲ့ဖူးခြင်း မရှိပါဘူး... ဘယ်လောက်ပဲ နက်နက်ရှိုင်းရှိုင်းစုံစမ်းပါစေ သူက ချူမိသားစုနဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာကို ရှာမတွေ့နိုင်ပါဘူး..."
"သူ့ရဲ့သိုင်းပညာက ကိုယ်ပိုင်လမ်းစဉ်တစ်ခုဖြစ်ပြီး ဓားသိုင်း၊ လက်ဝါးသိုင်းနဲ့ လက်သီးသိုင်းတွေက ပြိုင်ဘက်ကင်းအဆင့်မှာ ရှိပါတယ်..."
"အတွင်းအားက အေးစိမ့်တဲ့လမ်းစဉ်ကို ကျင့်ကြံထားပေမဲ့ ကျွန်တော်တို့သိထားတာနဲ့ လုံးဝကွဲပြားနေပါတယ်..."
သင်္ချိုင်းမင်းသားသည် ခေါင်းငုံ့ကာ မိမိ၏လက်ချောင်းများကို ကြည့်ရှုကစားနေရင်း ပြောလိုက်၏။
"ငါမှတ်မိသလောက်တော့ အရင်က ထျန်းဝူမြို့မှာလည်း ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်ခဲ့ဖူးတယ်..."
"ညဧကရာဇ်..."
ရှီယဲက တည်ငြိမ်စွာဖြင့် တင်ပြလေသည်။
"သူ့ရဲ့ဘွဲ့နာမည်က မသေးလှဘူး... ဘုရင်သုံးပါးနဲ့ ဧကရာဇ်ငါးပါးရဲ့ ရာထူးနေရာတွေကို မျှော်မှန်းထားပုံရပါတယ်..."
"ဒါပေမဲ့ သူက လူသတ်သမားသက်သက်ပါပဲ..."
"ဒီလူက ဓားသိုင်းပညာနဲ့ လူအများကို အံ့အားသင့်စေခဲ့ပါတယ်..."
"ဒါပေမဲ့ ရှင်တောက်အန်းဂိုဏ်းမှာတော့ လူရာပေါင်းများစွာရဲ့ ရှေ့မှောက်မှာ ပျံလွှားဓားမြှောင်ပစ်ကွက်ကို ထုတ်ဖော်ပြသခဲ့ပါတယ်..."
"ဖေးဝူကျိရဲ့ ဖျက်ဆီးခြင်းယင်မိုးကြိုးမဟာကျင့်စဉ်က ပဉ္စမအဆင့်အထိ ရောက်နေပေမဲ့ သူ့ရဲ့ပျံလွှားဓားမြှောင်အောက်မှာ ဘာစွမ်းအားမှ ထုတ်ဖော်ခွင့်မရဘဲ သေဆုံးသွားခဲ့ရပါတယ်..."
"ဒါပေမဲ့..."
စကားလုံးများက ဤနေရာသို့ရောက်ရှိသွားချိန်တွင် ရှီယဲသည် အနည်းငယ်တုံ့ဆိုင်းသွားချေသည်။
"ဆက်ပြော..."
သင်္ချိုင်းမင်းသားသည် ခုံကိုခေါက်နေပြီး ထျန်းကျီးတောင်ကြားအတွင်းရှိ အစီအမံများပျက်စီးသွားသဖြင့် ဒေါသထွက်ခြင်းမရှိသလို ရုတ်တရက်ပေါ်ထွက်လာသော ချူချင်းကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ပုံမရချေ။
သူသည် ဤနေရာ၌ အေးအေးလူလူထိုင်နေပြီး သိုင်းလောက၏ပုံပြင်များကို တိတ်တဆိတ်နားထောင်နေသော သာမန်လူတစ်ဦးကဲ့သို့ ရှိနေ၏။
အရေးကြီးသော အချိန်သို့ရောက်ရှိချိန်တွင် တင်ပြသူက စကားကိုရပ်တန့်ထားသဖြင့် သူ့စိတ်ထဲ၌ အနည်းငယ် မကျေမနပ်ဖြစ်သွားချေသည်။
ရှီယဲက ချက်ချင်းပင် ဆက်လက်တင်ပြလေသည်။
"ဒါပေမဲ့ သတင်းလမ်းကြောင်းမျိုးစုံကနေ ရထားတဲ့အချက်အလက်တွေအရ တူနေတဲ့အချက်တွေလည်း ရှိနေပါတယ်..."
"ညဧကရာဇ် အသုံးပြုတဲ့အတွင်းအားက ထျန်းဝူမြို့မှာရှိစဉ်က အေးစိမ့်တဲ့အငွေ့အသက်တွေ မရှိခဲ့ပါဘူး..."
"ဒါပေမဲ့ သူက ရှင်တောက်အန်းဂိုဏ်းမှာ တိုက်ခိုက်ချိန်တုန်းက သူ့ရဲ့ဓားပေါ်မှာ နှင်းခဲမြူတွေ ဖုံးလွှမ်းနေတာကို မြင်တွေ့ခဲ့ရပါတယ်..."
"ဒါပေမဲ့ သခင်လေးသုံး ဓားသိုင်းအသုံးပြုချိန်လောက်တော့ မထင်ရှားပါဘူး..."
"ဒါကြောင့် သူအသုံးပြုတဲ့ အတွင်းအားကလည်း အေးစိမ့်တဲ့အမျိုးအစား ဖြစ်နိုင်ပြီး တမင်ဖုံးကွယ်ထားတာ ဖြစ်နိုင်ပါတယ်..."
"ဒုတိယအချက်ကတော့ သခင်လေးသုံး ပေါ်ထွက်လာတဲ့အချိန်က ထျန်းဝူမြို့တော်ဝန်အိမ်တော် တိုက်ပွဲအပြီး ပထမနေ့မှာတင် ဖြစ်ပါတယ်..."
"ပြီးတော့ ဒီလူက ရှင်တောက်မြို့ကို ရောက်လာချိန်မှာ ညဧကရာဇ်ကလည်း ရှင်တောက်မြို့မှာ ပေါ်လာခဲ့ပါတယ်..."
"ဒါ့အပြင် ထျန်းရှာရီဖင်ညီလာခံအတွင်း ညဧကရာဇ်ပေါ်ထွက်လာချိန်မှာ သခင်လေးသုံးက ပျောက်ကွယ်သွားခဲ့ပါတယ်..."