အခန်း ၁၅
Vol. 2 Ch. 15
15 01
Chapter 15 သူ့ရဲ့ ကျွမ်းကျင်မှု မဟုတ်ဘူး။
ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာနဲ့ လက်ထောက်ယွမ်ဟာ ဥက္ကဌရုံးခန်းကို ပြန်လာခဲ့တယ်။
ဒေါက် ဒေါက်။
“၀င်လာခဲ့ပါ”
တုံ့ပြန်သံကို ကြားတော့ လက်ထောက်ယွမ်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး တံခါးကို တွန်းဖွင့်လိုက်တယ်။
“ဘာကိစ္စရှိလို့လဲ”
မလာစဖူး လာတာဘဲ။
အခုက နေ့လည်စာစားချိန်လေ။ပုံမှန်ဆို လက်ထောက်ယွမ်က အောက်ထပ်ကို ဆင်းပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဂိမ်းတွေ ကစားနေလောက်မှာ။သူ့ကို ဒီနားတဝိုက်မှာ မြင်ရဖို့ဆို ဝေးသေး။
လက်ထောက်ယွမ်က ပြုံးပြပြီး အိတ်ကို လက်နှစ်ဖက်နဲ့ သေချာကမ်းပေးဖို့ အရှေ့ကို လျှောက်လာတယ်။
“ဒါက ဘာလဲ” ရှန်ရန်ချင်းဟာ နည်းနည်းအံ့ဩသွားတယ်။ “ဒီနေ့ ငါ့မွေးနေ့လည်း မဟုတ်ပါဘူး”
“ဒါ ကျွန်တော်ပေးတာ မဟုတ်ဘူး”
လက်ထောက်ယွမ်ဟာ အိတ်ပေါ်က ပန်းရောင်ဖဲကြိုးလေးကို ထိုးပြပြီး “လွန်ခဲ့တဲ့ ၁၀မိနစ်က မိန်းကလေးနန်ကော ကောင်တာမှာ အပ်ခဲ့တာ”
ဒီတစ်ခါတော့ ရှန်ရန်ချင်း နားမလည်နိုင်တော့တဲ့ အလှည့်ဘဲ။
ကောင်တာ၀န်ထမ်းပြောပြသမျှကို လက်ထောက်ယွမ်ဟာ သူ့ကို ပြန်ပြောပြတယ်။သူပြောပြီးတာနဲ့ မနေနိုင်တော့ဘဲ မေးမိတယ်။ “ဥက္ကဌရှန် ကျွန်တော် တကယ်သိချင်စိတ်လေးဖြစ်နေလို့ တစ်ခုလောက်မေးချင်တယ် မင်း မိန်းကလေးနန်ကောနဲ့ စကားများထားသေးလား”
“.....”
အဲဒါက မေးခွန်းကောင်းပဲ။
သူတို့ စကားများသေးလား။
ရှန်ရန်ချင်း သူ့ကိုယ်သူ စပြီး သံသယ၀င်လာတယ်။
သူ သေသေချာချာ ပြန်စဉ်းစားကြည့်ရင်း စိတ်ထဲ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းတစ်ခုလုံးကို ပြန်တောင် ပုံဖော်မိလုနီးပါးပဲ။
အဆုံးသတ်ကျတော့ သူက ကောက်ချက်တစ်ခုနဲ့ “ငါတို့ စကားမများခဲ့ပါဘူး”
“မင်း သေချာရဲ့လား” လက်ထောက်ယွမ်က သံသယရှိနေတုန်းပဲ။
တကယ်တော့ ဥက္ကဌရှန်ဟာ အရင်က ဘယ်သူနဲ့မှ ပတ်သတ်ခဲ့ဖူးတာ မဟုတ်ဘူး။သူ့မှာ မိန်းကလေးတွေ ဘယ်လိုတွေးလဲ ဘယ်လိုပြောလဲဆိုတာကို နားမလည်နိုင်လောက်ဘူး။
“အင်း ငါသေချာတယ်” ရှန်ရန်ချင်းက ခေါင်းငြိမ့်လိုက်တယ်။
“ဥက္ကဌရှန် တစ်ခါတစ်လေ မိန်းကလေးတွေက ရွဲ့တတ်တယ်နော် မင်း အမှားမလုပ်မိဘူးဆိုတာ သေချာရဲ့လား”
အသေအချာကိုပဲ ဒါဟာ ရှန်ရန်ချင်းရဲ့ ကျွမ်းကျင်တဲ့အပိုင်း ဟုတ်မနေဘူး။သူ ခေါင်းတောင် ကိုက်လာသလို ခံစားရတယ်။သူဟာ မျက်ခုံးနှစ်ခုံးကြားက နေရာကို လက်နဲ့ဖိပြီး သေချာထပ်ပြီးတွေးတောကြည့်နေတယ်။
“ငါတော့ မထင်ဘူး ငါတို့ကြားမှာ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းပဲ”
သူ စကားလမ်းကြောင်းလွှဲလိုက်တော့ နန်ကောက လိုလိုချင်ချင်ပဲ စားဖို့ လုပ်တယ်။စားနေတုန်းလည်း နန်ကောက သူမရဲ့ နေ့လည်စာထဲပါတဲ့ ပါစတာက အရမ်းအရသာရှိပြီး သူ့ကို မနက်ဖြန်ကျ အော်ဒါမှာစားကြည့်သင့်တယ်လို့တောင် ပြောခဲ့သေးတယ်။
လေထုဟာ သဟဇာတဖြစ်နေခဲ့တာပဲလေ။
သူမ ပြန်တော့လည်း သူ့ကို ပျော်ပျော်ရွှင်ရွှင်ပဲ လက်ပြနှုတ်ဆက်ပြီး မနက်ဖြန် တွေ့ကြမယ်လို့တောင် ပြောခဲ့သေးတယ်။သေချာပေါက် သူမ စိတ်ဆိုးနေတဲ့ပုံလည်း မဟုတ်ပါဘူး။
“ငါတို့ရဲ့ ရှုထောင့်တွေကို ခဏဖယ်ထားရင်တောင် ခုနက စကားများတာရော နားလည်မှုလွဲတာမျိုးရော မရှိခဲ့တာ သေချာတယ်”
အဲနောက် ရှန်ရန်ချင်းဟာ သူ့ရှေ့က အိတ်ကို ကြည့်ပြီး နန်ကောကို ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်တယ်။
“ငါ မေးကြည့်လိုက်မယ်”
“ဥက္ကဌရှန် ဘာလို့ မင်း အဲဒါကို ဖွင့်ပြီး မကြည့်တာလဲ” လက်ထောက်ယွမ်က အကြံပေးတယ်။
“ဟင့်အင်း” ရှန်ရန်ချင်းဟာ ဒီလက်ဆောင်ပစ္စည်းရဲ့ ရည်ရွယ်ချက်ကို မသိသေးဘဲ မထိကြည့်တာ အကောင်းဆုံးပဲလို့ ခံစားရတယ်။
သူမကို ဆက်သွယ်ပြီးမှပဲ ဖွင့်ကြည့်သင့်လား မသင့်လား သူဆုံးဖြတ်မယ်။
သူက မက်ဆေ့ခ်ျပို့တဲ့ အက်ပ်ကို ဖွင့်လိုက်တယ်။
15 02
သူက နန်ကောရဲ့ ပရိုဖိုင်ကို နှိပ်ပြီး စာရိုက်လိုက်တယ်: [ကိုယ် မင်းလက်ဆောင်ကို ရတယ်။ကိုယ်တို့ကြား နားလည်မှုလွဲနေတာလေးရှိတယ်လို့ ကိုယ်သိရတယ်။ကိုယ် ခုနက မင်းကို စိတ်ဆိုးစေမိတာမျိုးရှိလားသိချင်တယ်။]
နန်ကောဟာ လမ်းပေါ်မှာပဲ ရှိသေးတယ်။ဒီတော့ သူမ မက်ဆေ့ခ်ျကို အချိန်တစ်ခုလောက်ကြာမှပဲ တွေ့တယ်။
ကားမောင်းနေရင်းနဲ့ စာရိုက်ဖို့ အဆင်မပြေတာမို့ သူမက အသံခလုတ်ကိုပဲ နှိပ်လိုက်တယ်။
ရုံးခန်းထဲမှာတော့ ရှန်ရန်ချင်းဟာ သူ့ဖုန်းကိုပဲ အချိန်ပြည့်ကြည့်နေခဲ့တယ်။
အချက်ပေးသံကြားတဲ့အခါ လက်ထောက်ယွမ်က သူ့ထက်တောင်မှ ပိုစိတ်လှုပ်ရှားနေသေးတယ်။ “သူ စာပြန်ပြီ! သူ စာပြန်ပြီ!”
ရှန်ရန်ချင်းက သူ့ကို တစ်ချက်ကြည့်လိုက်တာနဲ့ လက်ထောက်ယွမ်ရဲ့ မျက်နှာပေါ်က အပြုံးဟာ အေးခဲသွားတယ်။သူ တိတ်တဆိတ်ပဲ အနောက်ကို ခြေတစ်လှမ်းဆုတ်ကာ ပါးစပ်ပိတ်နေလိုက်တယ်။
ရှန်ရန်ချင်းဟာ အသံမက်ဆေ့ခ်ျကို ဖွင့်ကာ အသံကို ချဲ့လိုက်တယ်။ [ကျွန်မ ကားမောင်းနေတယ်။ဒါကြောင့် ကျွန်မ ရှင့်ကို အသံမက်ဆေ့ခ်ျပဲ ပို့လိုက်တာ။]
[မဟုတ်ဘူး။မဟုတ်ဘူး။ဘာနားလည်မှုလွဲတာမျိုးမှ မရှိပါဘူး။ကျွန်မ ကောင်တာ၀န်ထမ်းကို တမင်အဲလိုပြောလိုက်တာ။ကျွန်မက သူ ရှင့်ကို လက်ဆောင်တစ်ချက်ပေးပေးအောင်လို့။]
[ကျေးဇူးပြုပြီး လက်ဆောင်ကို လက်ခံလိုက်နော်။အဲဒါက ဘယ်လောက်မှလဲ ဈေးကြီးတာ မဟုတ်ဘူး။ရှင် ကျွန်မကို မုန်ဖို့းတွေ အများကြီးပေးလိုက်တာကို လက်ခံရတာ သိပ်အဆင်မပြေလို့။]
[ရှင် ကျွန်မကို အဲလိုတွေနှစ်သိမ့်ပေးတယ်ဆိုတာက ဒေါ်လာ၅၀၀ကို ပြန်ပေးချင်လို့ဆိုတာ ကျွန်မသိပါတယ်။]
[ရှင် ဒီလက်ဆောင်ကို ကျွန်မကြောင့် ရှင် အလတ်ဂျစ်ဖြစ်ရတဲ့အတွက် လျော်ကြေးလို့ သတ်မှတ်လိုက်လို့ရတယ်။ဟုတ်ပြီလား။ရှင် ကျွန်မပိုက်ဆံကို လက်ခံမှာမဟုတ်တာ သိပြီးသား။ဒါပေမဲ့ လက်ဆောင်ကို လက်ခံတာကတော့ ကိစ္စမရှိဘူးမလား။]
[ရှင် ဘာကြိုက်လဲဆိုတာကိုတော့ မသိဘူး။သေချာပေါက် ကျွန်မ ရှင့်ကို ဈေးကြီးတာမျိုးလည်း မပေးနိုင်သေးဘူးပေါ့။ရှင် စိတ်မရှိဖို့ မျှော်လင့်ပါတယ်။]
[အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်မအချိန်ပိုင်းလုပ်နေတယ်ဆိုတာ ကျွန်မရဲ့ ကားကို ပြောင်းချင်လို့။ငွေက ကြပ်တည်းနေပေမဲ့လည်း အဲလောက်ကြီးတော့ မဟုတ်ပါဘူး။ဒါက လက်ဆောင်သေးသေးလေးတစ်ခုပါပဲ။]
[တစ်လအတွင်း ကားအသစ်၀ယ်ဖို့ ပိုက်ဆံလောက်သွားတဲ့အခါကျရင် ကျွန်မ ရှင့်ကို ပထမဆုံး ကားပေါ် ခေါ်စီးပါမယ်! ချုံကြည့်ရင် ကျွန်မကားအသစ်၀ယ်နိုင်ဖို့ ရှင်လည်း အများကြီး ပါ၀င်ကူညီပေးထားတာပဲ။]
[အဲအခါကျရင် ကျွန်မ ရှင့်ကို မြစ်ဘက်ကို ခေါ်သွားမယ်။အဲဒါက အရမ်းပျော်စရာကောင်းမယ်ဆိုတာ သေချာတယ်။]
“.....”
နန်ကောက ပြတ်တောင်းပြတ်တောင်းနဲ့ အသံမက်ဆေ့ခ်ျပေါင်းများစွာကို ပို့ရှာတယ်။ရှန်ရန်ချင်းဟာလည်း တစ်ခုချင်းစီကို နှစ်ကြိမ်စီ သေချာနားထောင်ရှာပါတယ်။
သူမက စကူတာစီးနေတုန်းဆိုတာကို တွေးမိတော့ သူက စာမရိုက်တော့ဘဲ သူမလိုပဲ အသံမက်ဆေ့ခ်ျပို့လိုက်တယ်: [အဲဒါဆိုလည်း ကောင်းပါပြီ။ကိုယ် လက်ဆောင်ကို လက်ခံလိုက်မယ်။စာပို့တာရပ်ပြီး သေချာဂရုစိုက်ဦး။အိပ်ဆောင်ကို ပြန်ရောက်တော့မှ ကိုယ့်ကို စာပို့။]
နန်ကောက အိုကေဆိုတဲ့ အီမိုဂျီနဲ့ စာပြန်တယ်။
အဲဒါဟာ စကားဝိုင်းရဲ့ အဆုံးသတ်ပဲ။
ရှန်ရန်ချင်းက သူ့ဖုန်းကို ချလိုက်ပြီး လက်ဆောင်ကို ဖွင့်ကြည့်ဖို့ လုပ်တယ်။
ဖဲကြိုးလေးကို ဖြည်ချလိုက်တော့ ဘရန်းနာမည်နဲ့ လည်စည်းတစ်ခု အိတ်ထဲမှာ ရှာတွေ့တယ်။
ရှန်ရန်ချင်းအကြိုက်ဆုံးပုံစံတော့ မဟုတ်ပေမဲ့လည်း
နန်ကောဆီက လက်ဆောင်ဖြစ်တဲ့အတွက် သူက သေချာခေါက်ပြီး အိတ်ထဲကို ပြန်ထည့်ထားတယ်။
“ပစ္စည်းအစစ်ရဲ့ ဈေးကတော့ နည်းနည်းများတယ်” လက်ထောက်ယွမ်က ရှန်ရန်ချင်းဘေးကနေ တိုးတိုးလေး ရေရွတ်တယ်။
“အဲဒါက ဒေါ်လာ၃၀၀၀လောက် ရှိတယ်”
နန်ကောရဲ့ လက်ရှိငွေကြေးအခြေအနေအရဆိုရင် ပစ္စည်းအစစ် မဟုတ်လောက်တာကို ရှန်ရန်ချင်း စဉ်းစားမိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူ ဂရုမစိုက်ဘူး။ “အဲဒါက တန်ဖိုးကို ရေတွက်တတ်တဲ့ အတွေးတွေ ငါ သူ ဘာပေးပေး အဲလောက်ကြီး စိတ်ထဲ မထားဘူး”
“ဒါ့အပြင် သူက ကျောင်းသူလေ သူ ပစ္စည်းအစစ်နဲ့ အတုကို မခွဲတတ်တာမျိုးလည်း ဖြစ်နိုင်တယ် သူ တကယ့်ဈေးအစစ်ကိုတောင် သိချင်မှ သိမှာ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေ အရေးမကြီးဘူး”
လက်ထောက်ယွမ်က သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်တယ်။ခဏလောက် ရပ်တန့်ပြီးမှ နန်ကော ပြောသွားတာကို သူပြန်သတိရသွားပြီး သိချင်စိတ်နဲ့ မှတ်ချက်ပေးမိတယ်။ “ဒါဆို မိန်းကလေးနန်ကောက ပိုက်ဆံလိုနေလို့ အချိန်ပိုင်းလုပ်တာ မဟုတ်ဘဲ တကယ်တော့ ကားအသစ်တစ်စီး၀ယ်ဖို့ လုပ်နေတာပေါ့”
15 03
ရှန်ရန်ချင်းက ဒီဟာနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ မထင်ဘူး။အဲဒီအစား သူ့ရဲ့ နန်ကောအပေါ်အမြင်ကတောင် တစ်မျိုးပြောင်းသွားသေးတယ်။
“သူက သူလိုချင်တာအတွက် ကြိုးစားနေတာ အဲဒါ ကောင်းပါတယ်”
“ဒါနဲ့ သူမ ဒလီပို့တာကနေ တစ်လကို ဘယ်လောက်ရတာလဲ”
ဘယ်လိုကားမျိုးကို သူမရနိုင်မှာလဲ။
လက်ထောက်ယွမ်ဟာ သူမေးစေ့သူကိုင်ပြီး သူ့ကိုယ်သူ ရေရွတ်တယ် “သူက ကျောင်းသူဆိုတော့ လျှပ်စစ်စကူတာအသေးစားလေး ဒါမှမဟုတ် အခြားတစ်ခုခုကို ၀ယ်ချင်တာထင်တယ် ဟုတ်တယ်မလား”
ခုနက “ပြောင်းတယ်” ဆိုတဲ့ စကားလုံးလည်း သူကြားလိုက်မိသလိုပဲ။စကူတာမှာတော့ အမိုးမရှိတာ သေချာတယ်။
အမှန်ပဲ။အမိုးမရှိရုံတင်မကဘဲ ဘက်ပေါင်းစုံကနေလည်း လေတိုးသေးတယ်။
“ဖြစ်နိုင်တာက”
ရှန်ရန်ချင်းကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သိပ်တွေးမနေဘူး။
သူက အိတ်ကို ခေါက်လိုက်ကာ အံဆွဲထဲ ညင်ညင်သာသာ ထည့်လိုက်တယ်။ညကျရင် အိမ်ကို ယူသွားဖို့ ရည်ရွယ်ပြီးတော့ပေါ့။
နောက်အပတ်မှာတော့ နန်ကောဟာ ကြိုးကြိုးစားစားနဲ့ စာပြန်လေ့လာနေတော့တယ်။
သူမရဲ့ အစ်ကိုက မထင်မှတ်ထားစွာဘဲ တစ်ခါလောက် သဘောကောင်းနေတယ်။သူက သူမကို လစာပေးခဲ့ပြီး လတ်တလော အစားအစာဒလီပို့မနေဖို့ကိုလည်း မှာခဲ့တယ်။သူမ စာမေးပွဲပြီးမှ ဆက်လုပ်လို့ရပါတယ်လေ။
ဒါပေါ့။ဘာမှမလုပ်ဘဲ ရတဲ့ ပိုက်ဆံကို နန်ကောက ငြင်းနေမှာ မဟုတ်ဘူး။
နန်ကော ရှန်ရန်ချင်းကို ပြောချင်ပေမဲ့ အဲနေ့က သူမ အရမ်းအလုပ်ရှုပ်နေခဲ့ပြီး ပြောဖို့ကို မေ့သွားတယ်။
နောက်တစ်နေ့ကျတော့ မန်နေဂျာက သူမရဲ့ လုပ်ဖော်ကိုင်ဖက်ကို ဟွားရှန်အဖွဲ့အစည်းရဲ့ ဥက္ကဌရုံးခန်းကို အော်ဒါသွားပို့ပေးဖို့ ခိုင်းတယ်။
အဲဒီ့နေ့ရဲ့ နေ့လည်ခင်းမှာပဲ သူမရဲ့ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီကို ရောက်တာနဲ့ သူမ ရှန်ရန်ချင်းဆီက မက်ဆေ့ခ်ျတွေ လက်ခံရရှိတော့တယ်။
******