← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

20 01

Chapter 20 သူမမှာ ကောင်လေးရှိတယ်။

မောင်နှမနှစ်ယောက် အချိန်အတော်ကြာ စနောက်စကားများခဲ့ကြတယ်။နန်ကျဲ့က သူ့ရဲ့ လက်ကောက်၀တ်ကို မြှောက်ကာ အချိန်ကို ကြည့်လိုက်ပြီး မေးတယ်။ “အိပ်ဆောင်တွေ ပိတ်သွားပြီလား”

“အာဟာ”

နန်ကျဲ့က သက်ပြင်းချပြီး ဘေးက သူ့ကုတ်အင်္ကျီကို ကောက်ယူလိုက်တယ်။ “သွားကြမယ်”

“ဘယ်သွားမှာလဲ။ နင့်တိုက်ခန်းလား” နန်ကောက ချက်ချင်းခေါင်းငြိမ့်ပြတယ်။ “ကောင်းပြီလေ ငါသွားနိုင်မယ်ထင်တာပဲ”

နန်ကျဲ့က ဂျတ်ကတ်ကို ယူပြီး သူမဘက်လှည့်ကာ မျက်နှာချင်းဆိုင်လိုက်တယ်။သူက ပြုံးပြီး “ဘာတွေ ထင်ယောင်ထင်မှားဖြစ်နေလဲ။ ဘာလို့ ငါက နင့်ကို ဒေါ်လာ၄သိန်းတန်တဲ့ အိမ်ကြီးထဲမှာ ပေးနေရမှာလဲ။ ငါတို့ဆက်ဆံရေးအရဆို နင့်ဟာနင် တည်းခိုခန်းရှာပြီး နေသင့်တယ်”

နန်ကော “.....” ဒီကောင်ကတော့!

ဒါပေါ့။နန်ကျဲ့က ဒီတိုင်း ပြီးစလွယ်ပြောလိုက်တာ။

ဟိုးအရင်တည်းက ဟိုက်မြို့တော်မှာ သူတိုက်ခန်းတစ်ခန်း ၀ယ်ထားတယ်။ပြီးတော့ သူ့အဲမှာနေခဲ့တဲ့ အကြိမ်အရေအတွက်က လက်ချိုးရေလို့တောင် ရတယ်။

အဲမှာ အခန်းတွေမှ အများကြီး။နန်ကောအတွက်တော့ လိုတာထက်ကို ပိုလို့။

သူတို့ဟာ အတူတူ အောက်ထပ်ကို ဆင်းသွားကြတယ်။နန်ကျဲ့က သူ့ဂျက်ကတ်ကို ၀တ်လိုက်ပြီး နန်ကောရဲ့ ကျစ်ဆံမြီးကို တစ်ချက်ဆွဲလိုက်တယ်။ “နင့်အ၀တ်တွေ သွားယူ ငါ ကားသွားထုတ်လိုက်ဦးမယ်”

“ဘာလို့ ငါ့ကားကို မမောင်းတာလဲ။ ကားကို ဒီမှာထားခဲ့ရင် ငါက မနက်ဖြန်ကျရင် တစ်ခါပြန်လာယူနေရဦးမယ် အလုပ်ရှုပ်တယ်”

သူမမှာ စာပြန်လေ့လာဖို့ လိုနေသေးပြီး လာမယ့်နှစ်ရက်အတွင်း ကျောင်းကနေ ဘယ်ကိုမှ မသွားချင်ဘူး။

နန်ကျဲ့က သူမနဲ့ စကားတော့ မများချင်တော့တာမို့ သူက ခေါင်းငြိမ့်ကာ သဘောတူလိုက်တယ်။ “ဟုတ်ပြီ ငါ့ကို ကားသော့ပေး”

နန်ကောက အိတ်ကပ်ထဲကို နှိုက်လိုက်ပြီး သော့ကို သူ့ဆီ ပေးလိုက်တယ်။

_____

ရှန်ရန်ချင်းနဲ့ အခြားလူတွေ သီးသန့်အခန်းထဲက ထွက်လာတော့ သူတို့ဟာ နန်ကောက ဂျက်ကတ်တစ်ထည်နဲ့ ပြေးထွက်သွားတာကို တွေ့လိုက်တယ်။

“ဟေး ရန်ချင်း ဟိုကောင်မလေး အလုပ်ဆင်းပြီ”

“အတော်ပဲ မင်း သူ့ကို အိမ်ပြန်လိုက်ပို့လို့ရတယ်”

“သွား သွား! အခွင့်အရေးကို အမိအရယူ!”

သူငယ်ချင်းတွေအနေနဲ့ နောက်ဆုံးတော့ ရှန်ရန်ချင်းဟာ မိန်းကလေးတစ်ယောက်အပေါ်ကို စိတ်ဝင်စားဖူးပြီ။ဒါကြောင့်မို့ သူတို့ဟာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအဆင်ပြေဖို့ကို မျှော်လင့်နေတယ်။

ရှန်ရန်ချင်းဟာ ခေါင်းငုံ့ပြီး သူ့လက်ထောက်ရဲ့ စာကို ပြန်နေခဲ့တယ်။အသံကို ကြားတော့ သူက စခရင်ကနေ မော့ကြည့်လိုက်တယ်။

ကံမကောင်းစွာဘဲ သူဟာ နန်ကောရဲ့ အင်္ကျီထောင့်လေးကိုပဲ မြင်လိုက်ရတယ်။

စားသောက်ဆိုင်ရဲ့ တံခါးက ပွင့်ပြီး ပြန်ပိတ်သွားကာ သူ့ရဲ့ မြင်ကွင်းကို ပိတ်ဆို့ထားတယ်။

သူအသိပြန်၀င်လာတော့ သူက ဖုန်းကို ဘေးဖယ်လိုက်ပြီး သူတို့ကို ခေါင်းငြိမ့်ပြတယ်။ “ဒါဆို ငါအရင်ပြန်တော့မယ် နောက်ရက်မှ တွေ့ရအောင်”

ရှန်ရန်ချင်းက သူမအနောက်ကို လိုက်သွားတော့ ချက်ချင်းပဲ သူမကို တွေ့လိုက်ရတယ်။

ဒီနေ့ သူမက ပန်းနုရောင်ကုတ်အင်္ကျီလေးကို ၀တ်ဆင်ထားပြီး ဆံပင်ကို နှစ်ဖက်ခွဲစည်းထားတယ်။သူမ ခုန်ဆွခုန်ဆွလုပ်နေတဲ့အခါ သူမ အနောက်က ဆံပင်လေးနှစ်ဖက်က ညင်သာစွာ ယိမ်းခတ်သွားတယ်။

ဒီအခိုက်အတန့်မှာ သူမဟာ သူ့ကို နောက်ကျောပေးထားကာ လမ်းကျဉ်းလေးပေါ် မတ်တပ်ရပ်နေတယ်။သူမရဲ့ ခေါင်းက အနည်းငယ်ငုံ့နေပြီး ဖုန်းကို ကြည့်နေတာ ဖြစ်လောက်တယ်။

ဒီမြင်ကွင်းကို မြင်ရတဲ့အခါ သူ့ရဲ့ နှုတ်ခမ်းထောင့်လေးဟာ ကွေးညွန့်သွားပြီး အကြည့်ဟာလည်း နူးညံ့သွားတယ်။

သူက သူမရပ်‌နေတဲ့ဆီ‌ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့ရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းလွှာကို ဖွင့်ဟလိုက်တယ်။

“နန်ကော!”

တစ်ဖက်မှာတော့ သူ မခေါ်ရသေးခင်မှာဘဲ အခြားအမျိုးသားတစ်ယောက်ရဲ့ အသံက နန်ကောရဲ့ နာမည်ကို ခေါ်လိုက်တယ်။

ရှန်ရန်ချင်းက ရပ်တန့်သွားပြီး လမ်ဘော်ဂီနိကြီးကို တအံ့တဩ ကြည့်လိုက်တယ်။

ခရီးသည်ထိုင်ခုံဘက် ပြတင်းပေါက်မှန်ဟာ ဖြည်းဖြည်းချင်း ကျသွားပြီး မောင်းသူခုံမှာ ထိုင်နေတဲ့ အမျိုးသားရဲ့ ဘေးတိုက်ပုံစံကို ထုတ်ဖော်ပြတယ်။အမျိုးသားက နန်ကောကို လက်ပြလိုက်တယ်။ “ဘာတွေ ကြည့်နေတာလဲ။ ကားထဲကို အမြန်၀င်တော့ ဒီမှာ အေးလို့ သေတော့မယ်!”

မီတာအနည်းငယ် ဝေးနေတာတောင် သူ့ရဲ့ စိတ်မရှည်နေမှုကို ရှန်ရန်ချင်းဟာ ကြားနေရတယ်။

“လာပြီ လာပြီ!” ဒါပေမဲ့ နန်ကောကတော့ သတိထားမိပုံ မပေါ်ဘဲ မသိရင် ဒါကို အသားကျနေသလိုမျိုး။

သူမက ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ကားတံခါးဖွင့်၀င်လိုက်တယ်။

ကားမှန် မပိတ်သွားခင် နန်ကောရဲ့ စိတ်လှုပ်ရှားနေတဲ့ပုံစံကို ရှန်ရန်ချင်း မြင်ဖြစ်အောင် မြင်လိုက်ရသေးတယ်။

အဲဒီလူက သူမကို ကြည့်‌မနေခဲ့တာတောင်မှ သူမက တောက်လျှောက်စကားတွေ ပြောနေခဲ့တာ။

20 02

ငွေရောင်လမ်ဘော်ဂီနိကြီးက ကြာကြာ ရပ်မနေခဲ့ပါဘူး။ကား‌မောင်သူဟာ အရှိန်တင်လိုက်ပြီ ကားဟာလည်း ရှန်ရန်ချင်းရဲ့ မျက်စိရှေ့မှာပဲ မြှားတစ်ချောင်းလိုမျိုး ပျောက်ကွယ်သွားတော့တယ်။တူညီတဲ့နေရာမှာ အသံလှိုင်းတွေကသာ အပြီးတိုင်ပျောက်ကွယ်မသွားခင်အထိ အတန်ကြာ ကျန်ရစ်ခဲ့တယ်။

၀တ်စုံနဲ့လူဟာ ဒီအခိုက်အတန့်မှာ ကြက်သေသေနေခဲ့တယ်။သူဟာ လမ်းမီးတိုင်အောက်မှာ တစ်ယောက်တည်း ရပ်နေခဲ့ပြီး အပေါ်က ဖြာကျနေတဲ့ အဝါရောင်အလင်းတန်းလေးဟာ သူ့ကို ပိုပြီး အထီးကျန်နေတဲ့ပုံကို ပေါက်စေတယ်။

သူဟာ အဲနေရာမှာ အေးခဲနေခဲ့သလိုမျိုး အချိန်တွေသာ ကုန်ဆုံးသွားတယ်။သူကတော့ တစ်စက်လေးမှ မရွေ့ခဲ့ဘူး။

“ဘာဖြစ်တာလဲ” သူ့သူငယ်ချင်းတွေဟာ အနားမှာ ရပ်နေခဲ့ပြီး ဖြစ်စဉ်ကို မြင်ခဲ့ကြတယ်။

အကုန်လုံးဟာ အချင်းချင်းကြည့်လိုက်ပြီးနောက် ရှန်ရန်ချင်းကို ကြည့်လိုက်တယ်။

“ရန်ချင်း အဲကောင်မလေးမှာ ကောင်လေးရှိတာလား”

“မင်း ဘာတွေပြောနေတာလဲ။ သူ့မှာသာ ကောင်လေးရှိရင် ရန်ချင်းက ဘာလို့ သူ့ကို ကြိုက်မှာလဲ”

“တကယ်လို့ ကောင်မလေးက သူ့ကို မပြောပြခဲ့ဘူးဆိုရင်ရော”

“မိသားစု၀င်လည်း ဖြစ်နိုင်တယ်လေ အလုပ်နောက်ကျမှာ စိုးရိမ်တော့ လာ‌ကြိုပေးတာနေမယ်”

သူ ဒါကို ပြောလိုက်တာနဲ့ ပတ်၀န်းကျင်က တိတ်ဆိတ်သွားတယ်။

“အဲလမ်ဘော်ဂီနိကြီးက ဘယ်လောက်လဲဆိုတာ မင်းသိလား”

တကယ်လို့ သူမရဲ့ မိသားစုသာ အဲလောက် ပိုက်ဆံရှိနေရင် ဘယ်သူက အခုလို လာအလုပ်လုပ်နေမှာလဲ။

“အမ်း” ဟုတ်ပြီ။သူ့မှာ ပြောစရာစကားကုန်သွားပြီ။

နောက်ဆုံးတော့ တိတ်ဆိတ်မှုထဲမှာပဲ သူတို့ရှေ့ အတော်ကြာရပ်နေတဲ့လူဟာ လှုပ်ရှားလာတယ်။သူ လှည့်လိုက်တာနဲ့ သူ့ခေါင်းပေါ်က အလင်းတန်းဟာ သူ့ကျောပေါ်ကို သွားဖြာကျတယ်။

သူ့ရဲ့ မျက်နှာထားကတော့ ပုံမှန်ပါပဲ။သူ့မျက်လုံးထဲမှာလည်း အတက်အကျရယ်လို့ မရှိဘူး။ဘယ်လိုပဲဖြစ်ဖြစ် သူ့သူငယ်ချင်းတွေကတော့ စိုးရိမ်နေတုန်းပဲ။သူတို့သိလာတဲ့တစ်လျှောက်လုံးမှာ ဒါဟာ ပထမဆုံးအ‌နေနဲ့ မိန်းကလေးတစ်ယောက်အတွက် ရှန်ရန်ချင်းရဲ့ စိုးရိမ်တွေးတောပေးခြင်းကို မြင်ရတာပဲ...

ဒါ ဘာကို ဆိုလိုတာလဲ။ သူ့ခမျာ ကြိုးတောင် မကြိုးစားရသေးဘဲ ရှူံးသွားပြီလား။

ဘယ်လိုပဲဖြစ်ပါစေလေ သူက ရှန်ရန်ချင်းပဲ!

“ရန်ချင်း မင်း တကယ်အဆင်ပြေရဲ့လား”

ရှန်ရန်ချင်းဟာ သူ့ရဲ့ ခေါင်းကို အသာခါပြပြီး ဖော့တော့စွာ ပြုံးပြတယ်။ “အဆင်ပြေတယ် မင်းတို့ အရင်ပြန်တော့”

အကုန်လုံးပြန်သွားတဲ့အခါမှာတော့ ရှန်ရန်ချင်းဟာ အဲနေရာမှာပဲ အကြာကြီး ရပ်နေခဲ့တယ်။

သူ့အိတ်ကပ်ထဲက ဖုန်းမြည်လာတဲ့ အခါမှသာ သူဟာ ဘာမှ မဖြစ်ခဲ့သလိုမျိုး ထွက်သွားတော့တယ်။

_____

ကားထဲမှာတော့။

“လုပ်ပါ လုပ်ပါ လုပ်ပါ!”

နန်ကော ညင်ညင်သာသာနဲ့ နန်ကျဲ့ရဲ့ အင်္ကျီလက်ကို ဆွဲလိုက်တယ်။

“ငါ့ကို လွှတ်ပါဟ” နန်ကျဲ့က သူ့ရဲ့ လက်မောင်းကို ခါလိုက်ပြီး သူမရဲ့ လက်ကို ဖယ်လိုက်တယ်။

“ဟေး...လက်မှတ်လေးတစ်စောင်တည်းဟာကို ဥက္ကဌနန်သာဆိုရင် စကားနည်းနည်းလောက်ပြောရုံနဲ့ ရမှာကို”

သူမက နန်ကျဲ့ဘက်ကို လှည့်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို အတူအုပ်ကာ “လုပ်ပါနော် တစ်စောင်တည်းလေ နော်”

မီးပွိုင့်မိသွားတဲ့အခါ နန်ကျဲ့က သူမကို စိုက်ကြည့်လိုက်တယ်။ “နှစ်သစ်ကူးပွဲတော်မှာ အိမ်ကို ပြန်မယ့်အစား ယောက်ျားလေးအဖွဲ့ရဲ့ ဖျော်ဖြေပွဲကို သွားချင်တယ်ပေါ့လေ အဖေသာ သိသွားရင် သွေးတက်သွားမယ်လို့ နင် မထင်ဘူးလား”

နန်ကောက ထိုင်ခုံပေါ် မှီချလိုက်ပြီး ချစ်စရာကောင်းစွာ နှုတ်ခမ်းဆူပြလိုက်တယ်။ “ပွဲက ဟိုက်မြို့တော်မှာမို့လို့ အဲဒါကို ကြည့်ပြီးမှလည်း ငါပြန်လို့ ရပါတယ် ဘာပြဿနာမှ ရှိတာလည်း မဟုတ်ဘူး!”

“အဖေ့ကို ပြောလေ”

“ဟူး ငါ အရင်ယူပြီးမှ ပြောမယ် ငါ့ကို လက်မှတ်သာ အရင်၀ယ်ပေး ဟုတ်ပြီလား”

“အစ်ကိုကြီး!”

နန်ကျဲ့က သူ့မျက်လုံးတွေကို လှည့်လိုက်ပြီး “အဲလို မခေါ်နဲ့ ငါ ကြက်သီးထလို့ ကျေးဇူးအများကြီးတင်ပါတယ်”

“ယောက်ျားလေးအဖွဲ့ရဲ့ နောက်ဆုံးဖျော်ဖြေပွဲက လွန်ခဲ့တဲ့ ၃ နှစ်ကလေ ကမ္ဘာလှည့်ဖျော်ဖြေပွဲက ရှားတယ်လို့ နင် ငါ့တောင်းဆိုချက်သေးသေးလေးကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူးလားဟာ”

ဒါကို ကြားရတာနဲ့ ဟာသတစ်ခုကို ကြားလိုက်ရသလိုမျိုး နန်ကျဲ့က ရယ်တယ်။ “ငါက ပြောရုံပဲ ပြောတာပါ နင့်တောင်းဆိုချက်က ဒါပဲဆိုတာ သေချာလား”

“ကျွန်မက ဘာပြောနိုင်ဦးမှာလဲ။ ရှင်က လုံး၀အရည်အချင်းရှိတဲ့ လူပါပဲ ရှင်က အရမ်း...အရမ်း...အရမ်း...ထူးချွန်ထက်မြက်လွန်းပါပေတယ်!”

“ဟား...ကျေးဇူး”

******

All Chapters