အခန်း ၂၂
Vol. 3 Ch. 22
Chapter 22မင်းကို တကယ် ကူညီပေးသားပဲ။
အစကတော့ ရှန်ရန်ချင်း အလုပ်များနေလို့ဖြစ်မယ်လို့ နန်ကောက တွေးလိုက်တယ်။
သူ့လက်အောက်မှာတင် ကုမ္ပဏီပေါင်းများစွာ ရှိနေတာလေ။ဒီတော့ ချက်ချင်းစာမပြန်နိုင်လောက်အောင် နေ့တိုင်းအလုပ်များနေလိမ့်မယ်။ဒါက သာမန်ပါပဲ။
စဉ်းစားကြည့်တော့မှ လွန်ခဲ့တဲ့ရက်တွေက ယဉ်ကျေးမှုအရပဲ ဖြစ်လိမ့်မယ်။
ဒါကို တွေးမိတော့ နန်ကောဟာ သူ့ဆီ စာဆက်ပို့ဖို့ကို မျက်နှာပူသွားပြီး နှောင့်ယှက်မိမှာကိုလည်း ကြောက်သွားတယ်။
ညရောက်တော့ သူမဟာ လရောင်အောက်မှာ စာကြည့်တိုက်ထဲကနေ ထွက်လာတယ်။ပထမဆုံး သူမလုပ်လိုက်မိတာက ဖုန်းကို ထုတ်ပြီး မက်ဆေ့ချ်ပို့တဲ့ အက်ပ်ကို ကြည့်တာပဲ။
ဒါပေမဲ့ အပေါ်ကနေ အဆုံးထိ သူမ စာရင်းသွင်းထားတဲ့ အကောင့်တွေနဲ့ အချို့ဂရုချက်တွေက မက်ဆေ့ခ်ျတွေက လွဲရင် အခြားသီးသန့်မက်ဆေ့ခ်ျတွေရယ်လို့ ရှိမနေခဲ့ဘူး။
အထူးသဖြင့် ရှန်ရန်ချင်းဆီကပေါ့။
သူမက မက်ဆေ့ခ်ျဘောက်စ်ကို ဖွင့်ကာ စစ်ဆေးကြည့်လိုက်တယ်။သူမ မနက်တုန်းက ပို့ထားတဲ့ စာတွေပဲ ရှိတယ်။
ဒါကို မြင်တော့ နန်ကောဟာ နှုတ်ခမ်းဆူသွားတယ်။သူမက သူမရဲ့ လက်ချောင်းနဲ့ ဖုန်းအနောက်ဘက်ကို စိတ်တိုပြီး ထိလိုက်တယ်။ရှင်းပြလို့မရနိုင်တဲ့ စိတ်ပျက်ခြင်းကိုပါ ခံစားရတယ်။
“နန်ကော သွားကြမယ်!”
သိပ်မဝေးတဲ့ အကွာအဝေးမှာတော့ သူမရဲ့ အခန်းဖော်က မြန်မြန်လုပ်ဖို့ ပြောနေခဲ့တယ်။
“လာပြီ!” သူမရဲ့ ခံစားချက်တွေကို ဘေးဖယ်ပြီး ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ကာ သူမသူငယ်ချင်းအနောက်ကို စာအုပ်တစ်အုပ်နဲ့ လိုက်သွားလိုက်တယ်။
သူတို့ အိပ်ဆောင်ကို ပြန်ရောက်တော့ သူတို့ဟာ အလှည့်ကျ ဆေးကြောသန့်စင်ကြတယ်။နန်ကောဟာ သူမအမေဆီက ဖုန်းလက်ခံရရှိတာမို့ နောက်ဆုံးမှပဲ ရေချိုးရတော့တယ်။
သူမထွက်လာတော့ အိပ်ဆောင်တစ်ခုလုံး ဘယ်သူမှ မရှိဘူး။အကုန်လုံး ဘယ်ကို သွားကြလဲလည်း မသိဘူး။
“သူတို့ ဘယ်ရောက်သွားတာလဲ။!”
၀ရံတာမှာတော့ သူမရဲ့ အခန်းဖော်တွေက သူမရဲ့ အသံကို ကြားပြီး တစ်ယောက်က အနောက်လှည့်ကာ ၀ရံတာတံခါးကို ခေါက်လိုက်ပြီး သူမဆီ လက်လှမ်းပြလိုက်တယ်။ “နှင်းကျနေပြီ နန်ကော လာကြည့်!”
ဒါကို ကြားတော့ နန်ကောဟာ သူမရဲ့ ဆံပင်ကို အခြောက်ခံတာ ရပ်လိုက်ပြီး ဖိနပ်တွေနဲ့ အမြန်ပဲ ပြေးသွားခဲ့တယ်။
ဘယ်လိုလဲဆိုတော့ တောင်ပိုင်းက ကလေးတွေဟာ နှင်းကို ဘယ်လောက်ပဲ မြင်နေရပါစေ ဘယ်တော့မှ မငြီးငွေ့သွားသလိုမျိုးဘဲ။
အနည်းဆုံးတော့ နန်ကောအတွက်ပေါ့။
ဆောင်းရာသီရောက်တိုင်း “နှင်းကျနေပြီ” ဆိုတဲ့ စကားကို သူမကြားရင် မီးခလုတ်ကို ဖွင့်လိုက်သလိုမျိုး သူမ ဘာပဲ လုပ်နေလုပ်နေ အပြင်ကို အမြန်ပြေးထွက်ပြီး ကြည့်လိုက်ရမှ။
_____
သူမရဲ့ အခန်းဖော်၃ယောက်ဟာ ၀ရံတာမှာ ရပ်နေကြတယ်။ထူထဲတဲ့ ကုတ်အင်္ကျီတွေ ၀တ်ဆင်ထားကြပြီး ညကောင်းကင်ပုံကို ရိုက်ယူနေကြတယ်။
နန်ကောက ရေချိုးခန်းထဲက ထွက်လာခါစပဲ ရှိသေးပြီး ပါးလွှာတဲ့ ညအိပ်၀တ်စုံလေးကို ၀တ်ဆင်ထားတယ်။သူမက တံခါးကို တွန်းဖွင့်လိုက်တာနဲ့ လေရဲ့ အဝှေ့ကြောင့် တုန်ယင်သွားတယ်။
“တကယ် နှင်းကျနေတာပဲ!” သူမက ပုဝါနဲ့ တစ်ကိုယ်လုံးကို တင်းနေအောင် ပတ်ထားလိုက်ပြီး ကောင်းကင်ပေါ်က ကျနေတဲ့ နှင်းစက်တွေကို တအံ့တအြ မော့ကြည့်တယ်။
သူမ နှင်းကို မြင်လိုက်တာနဲ့ သူမခန္ဓာကိုယ်တစ်ခုလုံးဟာ နားမလည်နိုင်စွာဘဲ နွေးသွားတယ်။သူမရဲ့ ခြေသလုံးတွေက ညအိပ်၀တ်စုံအောက်မှာ တုန်ယင်နေပေမဲ့လည်း သူမကတော့ သတိထားမိပုံ မပေါ်ဘူး။
“နန်ကော နင် မအေးဘူးလား။ ဘာလို့ ထွက်မလာခင် အနွေးထည်၀တ်မလာတာလဲ”
နန်ကောက တစ်ချက်ရယ်လိုက်ပြီး “ရတယ် ရတယ် ငါ မအေးဘူး!”
ဒီလိုလေတိုက်ပုံမျိုးနဲ့ သည်းခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။
သူမက အဖြူရောင်လေတွေကို တစ်ချက်ရှူသွင်းလိုက်ပြီး မတတ်နိုင်ဘဲ သက်ပြင်းချလိုက်တယ်။ “ဒီနှစ် ဟိုက်မြို့မှာ ဘာတွေဖြစ်နေတာလဲ။ နှင်းတွေမှ အများကြီးပဲ”
မနှစ်က သူမ ပထမနှစ်တုန်းကဆိုရင် ဆောင်းရာသီရောက်တော့ ဟိုက်မြို့တော်မှာ နှင်းမကျခဲ့တာကို မှတ်မိပါသေးတယ်။
ဒီနှစ်ကျတော့ ဆောင်းရာသီက သေချာတောင် မစရသေးဘဲ နှင်းကျတာ နှစ်ခါရှိပြီ။
“ဘယ်သူသိမှာလဲ။ တော်တော်ကျနေတာနော် မနက်ဖြန်မနက်ကျရင် ငါတို့ အောက်ဆင်းပြီး နှင်းလူသားတောင် ဆောက်လို့ ရလောက်တယ်”
“ဘာနှင်းလူသားလဲ။ ဂရုချက်ထဲမှာ မမြင်ဘူးလား။ ဘေးကျောင်းက ဌာနတွေကို စစ်ကြေညာထားပြီးပြီ မနက်ဖြန်မနက်ကျ ကွင်းထဲမှာ နှင်းဘောလုံးတိုက်ပွဲ ရှိတယ်”
“နှင်းဘောလုံးတိုက်ပွဲ” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတာနဲ့ နန်ကောဟာ ချက်ချင်းပဲ စိတ်လှုပ်ရှားလာတော့တယ်။သူမက ခပ်မြန်မြန်ပဲ လက်ကို မြှောက်လိုက်ပြီး “ငါလည်း သွားချင်တယ်!”
စုဟွေးက “ဒါဆိုလည်း အတူသွားကြမယ် ငါတို့ မနက်ပိုင်းအတန်းလည်း မရှိဘူးလေ ကစားပြီး နေ့လည်ဘက်ကျမှ စာသွားလုပ်လို့ရတယ်”
“အိုကေ!”
အဲ့ညမှာ နန်ကောဟာ အိပ်ရာစောစော၀င်ခဲ့ပြီး မနက်ဖြန်မနက်ကျ အောက်ထပ်ကို ဆင်းကာ သွားကစားဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့တယ်။
ရှန်ရန်ချင်းအတွက်ကတော့...နန်ကောဟာ သူ့အကြောင်းကို တစ်ခဏမေ့နေခဲ့တယ်။
_____
နန်ကောဟာ အစောကြီးထတာရှားတယ်။အထူးသဖြင့် အရင်ဆုံးနိုးတာမျိုးပေါ့။
မနက်ခင်း၇နာရီမှာတော့ သူမဟာ အပြည့်အစုံ ၀တ်စားဆင်ယင်ထားပြီး ခေါင်းစခြေဆုံး လုံးကစ်ဖောင်းအစ်နေတဲ့ ကောက်ညှင်းဆန်ဘောလုံးလေးလိုပဲ။
သူတို့၄ယောက်ဟာ အောက်ထပ်ကို အတူတူဆင်းသွားတယ်။စုဟွေးက လမ်းလျှောက်ရင်းနဲ့ သန်းလိုက်တယ်။ “ငါ ဒီစာသင်နှစ်မှာ အတန်းတက်ဖို့ မဟုတ်ဘဲ နှင်းလူသားလုပ်ဖို့ အစောကြီးထရလိမ့်မယ်လို့ကို မထင်ထားဘူး”
“နင် သေချာမတ်မတ်ရပ်ပြီး ပိုပြီး စိတ်လှုပ်ရှားနေသင့်တယ်!” နန်ကောဟာ တစ်လမ်းလုံး ခုန်ပေါက်နေကာ သူမနဲ့တော့ ဆန့်ကျင်ဘက်။
စုဟွေးက ပြောတယ်။ “မြောက်ပိုင်းဇာတိအနေနဲ့ ငါ နှင်းကို နေရာတိုင်းမှာ တွေ့ရတယ်”
“...ဒီတော့ ကျွန်မကို ခွင့်ပြုနော်”
အိပ်ဆောင်အဆောက်အဦးရဲ့ အောက်မှာ နှင်းလူသားအသေးလေးကို ဆောက်ဖို့အတွက် သူတို့၄ယောက်ဟာ သိပ်ဝေးဝေး မလျှောက်လိုက်ရပါဘူး။မနက်စာစားပြီးတော့ သူတို့၄ယောက်လုံး ကွင်းထဲကို တက်တက်ကြွကြွနဲ့ ပြေးသွားတော့တယ်။
အဲ့မှာ ကစားပွဲကို စီစဉ်တဲ့ ဘေးကျောင်းက လူအတော်များများဟာလည်း ရောက်နေကြပြီဖြစ်တယ်။သူတို့ဌာနက လူအနည်းငယ်ပဲ ရှိပြီး သူတို့ ကြည့်ရတာလည်း အဲ့လောက်ကြီး စိတ်အားထက်သန်မနေသလိုဘဲ။
ဘယ်လိုပဲဖြစ်ဖြစ် နန်ကောကတော့ ဂရုစိုက်မနေပါဘူး။နေရာတစ်ခုကို ရှာတွေ့ပြီးနောက် သူမဟာ နှင်းဘောလုံးတွေကို လုပ်နေတော့တယ်။
ဘောလုံးပေါင်းများစွာကို ဆက်တိုက်လုပ်ပြီးတဲ့အခါမှာတော့ လက်အိတ်ထဲက နန်ကောရဲ့ လက်တွေဟာ အအေးဒဏ်ကြောင့် နီရဲနေတော့တယ်။
သူမက ကောင်လေးနဲ့ စာရိုက်နေတဲ့ စုဟွေးကို မော့ကြည့်လိုက်တယ်။သူမ သိပ်နားမလည်ဘူး။ “စုဟွေး နင်ဘာလို့ ဘာမှမလုပ်တာလဲ”
စုဟွေးဟာ အသံလာရာကို ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် နိမ့်ချလိုက်တယ်။သူမရဲ့ အကြည့်ဟာ မြေပေါ်က အဖြူရောင်ဘောလုံးပေါ် ကို ရောက်သွားတယ်။အဲ့နောက် သူမက သက်ပြင်းတစ်ချက်ချကာ ပြောတယ်။ “အတွေ့အကြုံအများကြီး ရှိတဲ့လူတစ်ယောက်အနေနဲ့ ငါနင့်ကို ပြောပြမယ် ဒါတွေက အကျိုးမရှိဘဲ အချိန်ကုန်တာပဲ ရှိမယ်”
“ဟမ်” နန်ကောက အံ့ဩသွားတယ်။ “ဒါဆို ငါ ဘာလုပ်ရမှာလဲ”
ဒါဟာ သူ့မဘ၀မှာ ပထမဆုံးအနေနဲ့ နှင်းဘောလုံးတိုက်ပွဲကို ကစားဖူးတာပဲ။
“အချိန်ကျလို့ရှိရင် ဒီတိုင်း နှင်းကို ကောက်ပြီး တစ်ယောက်ယောက်ကို ပစ်လိုက် ဒါမှမဟုတ် သူတို့ကို နှင်းထဲ တွန်းချပြီး အပေါ်ကနေ ဖိထား အဲ့ဒါကမှ အခုလုပ်နေတာထက် ပိုမြန်တယ် ပိုတိကျတယ် ပိုရက်စက်ရာကျတယ်”
နန်ကောဟာ မျက်တောင်မခတ်လိုက်ခင် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။ “ငါမေးနေတာက ဆွဲလားရမ်းလားမဟုတ်ဘဲ အနိုင်ယူလို့ရမယ့်နည်းမရှိဘူးလားလို့”
“ရှိတာပေါ့” စုဟွေးက ခေါင်းငြိမ့်ပြပြီး သူမကို နောက်လှည့်ကွက်တစ်ခု ပြောပြတယ်။ “သစ်ပင်အောက်ကနေ ကျောက်ခဲနည်းနည်း သွားကောက်လိုက် ကြီးလေ ကောင်းလေပဲ ပြီးရင် နှင်းဘောလုံးထဲ ထည့်ပြီး ပစ် နင်နိုင်မှာ ကျိန်းသေတယ်”
နန်ကော “.....”
ဒါပေါ့။အဲဒါဆိုရင်တော့ သေချာပေါက်နိုင်တာပေါ့။
ဒါပေမဲ့ တစ်ချက်ပစ်ပြီးတာနဲ့ ပြိုင်ဘက်က ဘယ်တော့မှ ပြန်ထနိုင်မှာ မဟုတ်တော့ဘူး။
အဆုံးသတ်ကျတော့လည်း နန်ကောဟာ စုဟွေးကို နားမထောင်ဘဲ တိတ်တဆိတ်ပဲ နောက်ထပ်ဘောလုံးလက်နက်အလုံး၂၀ လုပ်လိုက်တယ်။
ဒါပေမဲ့ စုဟွေးဟာ တကယ်တော့ သူမပြောတာကို သူမကောင်းကောင်းသိပါတယ်။
စုဟွေးပြောတာ မှန်တယ်။သူမရဲ့ ဘောလုံးလက်နက်လေးတွေဟာ အဲ့လောက်လည်း ထိခိုက်မှုမရှိဘူးဆိုတာ။
အစကတော့ နှစ်ဖက်လုံးဟာ သဟဇာတဖြစ်ပြီး ယဉ်ယဉ်ကျေးကျေးပါပဲ။ဒါပေမဲ့ ၅မိနစ်အတွင်းမှာပဲ ပထမဆုံးလူတစ်ယောက် ချော်လဲသွားတာနဲ့ အခြေအနေဟာ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားတော့တယ်။
နှစ်ဖက်လုံးဟာ စတင်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတယ်။ပထမဆုံးလဲကျသွားတဲ့တစ်ယောက်ကတော့ ပြန်တောင် ထမလာတော့ဘူး။
ကံမကောင်းစွာဘဲ ပထမဆုံးလဲကျသွားတဲ့လူက နန်ကောဖြစ်နေတယ်။
သူမဟာ ပြီးပြည့်စုံစွာပဲ နှင်းတွေထဲမှာ မြုပ်နေပြီး အဲ့နေရာမှာတင် သေသွားလို့ ရတယ်။
နောက်ဆုံးတော့လည်း သူမကို သူမရဲ့ အခန်းဖော်၃ယောက်ကပဲ အားမနာ လျှာမကျိုး မဟားတရားရယ်ပြီး ဆွဲထူရတော့တယ်။
စုဟွေးဟာ လုံခြုံရေးဆီ တန်းသွားလိုက်ပြီး နှင်းဂေါ်ပြားတစ်လက်ကို ငှားလိုက်တယ်။သူမက ငှားလာတဲ့ဂေါ်ပြားထဲ နှင်းအပြည့်ထည့်ပြီး ကစားပွဲကို စီစဉ်တဲ့ ဘေးကျောင်းက နန်ကောကို နှင်းတွေနဲ့ မနားတမ်းပစ်တဲ့ စီနီယာကို မြုပ်ပစ်လိုက်တယ်။
နှင်းတွေကြောင့် စီနီယာရဲ့ မျက်မှန်ဟာ ပြုတ်ထွက်သွားတယ်။နောက်ဆုံးတော့လည်း သူ့မှာ နှင်းတွေကြားထဲ တိုး၀င်ကာ သူ့မျက်မှန်ကို ရှာရတော့တယ်။သူက နန်ကောကို “မင်းမှာ အခန်းဖော်ကောင်းရှိတာပဲ မင်းလဲကျတော့ သူ တကယ်ကူညီပေးသားပဲ”
နန်ကောက “အခုလေးတင် သူမပြေးလာတုန်းကဆိုရင် ငါပါ လန့်ဖြတ်သွားတာ သူ သူငယ်ချင်းနဲ့ ရန်သူကို သေချာ မခွဲခြားနိုင်တော့ဘဲ ငါ့ကို သေတဲ့အထိ ရိုက်တော့မယ်မှတ်နေတာ”
အောင်အောင်မြင်မြင်နဲ့ အကယ်ခံလိုက်ရပြီးတဲ့နောက်မှာတော့ နန်ကောခမျာ ဂိုးတိုင်ကို မှီထားပြီး အမောဆို့နေတော့တယ်။ “ဒါက ဘယ်လိုလုပ် နှင်းဘောလုံးတိုက်ပွဲလဲ။ ဒုတိယကမ္ဘာစစ်ကျနေတာပဲ!”
သူမ စကားပြောလို့ ဆုံးတာနဲ့ ဘယ်က လာမှန်းမသိတဲ့ နှင်းဘောလုံးဟာ သူမရဲ့ ခြေထောက်ကို လာမှန်တယ်။
နန်ကောဟာ အထိတ်တလန့်နဲ့ လှိမ့်လိုက်ကာ တွားသွားပြီး တိုက်ပွဲနယ်မြေထဲကနေ လွတ်မြောက်ဖို့ လုပ်တယ်။
ကွင်းထဲမှာရှိတဲ့ လူအုပ်ကြီးထဲက ထွက်လာပြီးတဲ့နောက်မှာတော့ နန်ကောဟာ အောင်အောင်မြင်မြင်နဲ့ပဲ သူမရဲ့ အခန်းဖော်တွေနဲ့ လူကွဲသွားတော့တယ်။
သူမက အခန်းဖော်တွေကို ဖုန်းဆက်ဖို့အတွက် အိတ်ကပ်ထဲကို လက်နှိုက်လိုက်တယ်။
အိတ်ကပ်ထဲကို နှိုက်လိုက်တာနဲ့ သူမရဲ့ မျက်နှာထားဟာ ပြင်းပြင်းထန်ထန်ပြောင်းလဲသွားတယ်။
သေစမ်း။သူမရဲ့ ဖုန်းဘယ်ရောက်သွားလဲ။
++++++