အခန်း ၂၆
Vol. 3 Ch. 26
Chapter 26 စိတ်ဆိုးနေတဲ့ ဇနီးသည်လေသံနဲ့။
ဖုန်းကျသွားပြီး အတော်ကြာတဲ့အထိ ရှန်ရန်ချင်းမှာ စိတ်ငြိမ်ငြိမ်မထားနိုင်ဘူး။
နန်ကောရဲ့ စကားတွေဟာ သူ့နားထဲ တဝဲလည်နေသလိုပဲ။
သူ အဲ့လူ သူမကို အိမ်ပြန်မောင်းပို့ပြီး သူမနဲ့ ဖုန်းပြောနေတာကို မြင်ခဲ့တာတောင်မှ နန်ကောပြောတာက သူမမှာ တစ်ယောက်ယောက်နဲ့ တွဲမနေသလို ကောင်လေးလည်း မရှိဘူးတဲ့။
နှစ်ယောက်ကြားထဲမှာ သူဟာ နန်ကောကို ပိုယုံကြည်တယ်။
သူ့နှလုံးသားထဲက အတိုင်းအတာတွေဟာ တုံ့ဆိုင်းမှု၊တွန့်ဆုတ်မှု အလျင်းမရှိဘဲ သူမဆီ ကြွေဆင်းလှုပ်ခတ်ခဲ့တာ မဟုတ်ဘူး။
သူဟာ အမြဲတမ်း လူတွေကို ကောင်းကောင်းအကဲဖြတ်တတ်တယ်။ပြီးတော့ သူနဲ့ သူမရဲ့ ပြောဆိုဆက်ဆံမှုတွေကနေ သူမဟာ ကြောင်သူတော်လိုမိန်းမစားမျိုး လုံး၀ မဟုတ်ဘူးဆိုတာကို သူ သိခဲ့ရတယ်။
သူမဟာ လိမ်ညာတတ်တဲ့ မိန်းကလေးတောင် မဟုတ်ခဲ့ဘူး။
အခုလေးတင်လိုပေါ့။သူမ ဘာမှ များများစားစားမတွေးဘဲ သူမအစ်ကို ပြောပြတဲ့ စကားတွေကိုတောင် သူ့ကို ပြောပြလိုက်သေးတယ်။
သူမက လူတွေကို စည်းတားမထားဘူး။ဒါကြောင့်မို့ သူမပြောသမျှတွေက အမှန်တွေချည်းပဲ။
ရိုးသားမှုနဲ့ ကြင်နာမှုဆိုတာ သူမနဲ့ ရင်းနှီးနေတဲ့ အရာတွေပဲ။
ဒီအကြောင်းကို တွေးပြီး ရှန်ရန်ချင်းဟာ စိတ်သက်သာရာရသွားတယ်။
သူ့ရင်ထဲက ကျောက်ခဲကြီးဟာ နောက်ဆုံးတော့ ကွဲအက်သွားတယ်။ဘုရားသခင်ဟာ သူ့ကို သနားလို့လားတော့ မသိ။သူဟာ အသက်တစ်ဖန်ထပ်ရှူဖို့ အခွင့်အရေးရသွားတယ်။
သူတွေးနေတာတွေကို လက်ထောက်ယွမ် ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။
သူက ရေခွက်ကို ကိုင်ပြီး သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားရှာတယ်။ “ဥက္ကဌရှန် မင်းဘာလို့ ရေနည်းနည်းသောက်ပြီး စိတ်ကို ငြိမ်အောင်မထားတာလဲ။ အခြားလူတွေဆိုရင်တော့ အသည်းကွဲရင် သူတို့ရဲ့ ၀မ်းနည်းမှုကို အရက်နဲ့ မျောချလို့ ရပေမယ့် မင်းကတော့ မရဘူးလေ မင်းရဲ့ အခြေအနေက ခွင့်မပြုဘူး မင်း အဲ့အစား ဘာလို့ ရေပူပူလေးကို ပိုမသောက်တာလဲ”
“မဟုတ်သေးဘူး တိတိကျကျပြောရမယ်ဆိုရင် မင်း အငြင်းခံရတာ မဟုတ်ပါဘူး”
သူတို့ မတွဲကြသေးဘူး။
ရှန်ရန်ချင်း “.....”
သူဟာ သူ့ခေါင်းကို ထောင်လိုက်ပြီး သတိအပြည့်နဲ့ ပြောလိုက်တယ်။ “သူတို့က တွဲနေတာ မဟုတ်ဘူး အဲ့လူက သူ့ကောင်လေး မဟုတ်ဘူး”
“ဟမ်” လက်ထောက်ယွမ်က သတိမထားမိဘဲ ရှန်ရန်ချင်းဟာ ၀မ်းနည်းလွန်းပြီး ထုံသွားပြီလို့ တွေးလိုက်မိတယ်။
“မင်း တကယ်ဒီလိုဖြစ်ဖို့လိုလို့လား ဥက္ကဌရှန်။ မင်း မုန်တိုင်းမျိုးစုံကို ဖြတ်ကျော်လာတာပဲ မင်း ဒီလို သေးငယ်တဲ့ လှိုင်းလေးကြောင့်နဲ့ ပြိုလဲသွားလို့ မရဘူးလေ”
“ပြီးတော့ အချစ်က အဲ့လောက် အရေးမကြီးဘူး မင်းကို မင်းကြည့်စမ်းပါ မင်းမှာ အလုပ်အကိုင်ကောင်းကောင်းရှိတယ်...အချစ်တဲ့...ဘယ်သူက လိုမှာတဲ့လဲ။ မင်းက အောင်မြင်မှုရဲ့ ပြယုဂ်ပဲလေ”
“.....”
“သူက တကယ်လူလွတ်ပါ ငါ့ဟာငါ အတွေးလွန်သွားတာ” သူဟာ မျက်လွှာကို ချပြီး လက်ထောက်ယွမ် ကမ်းပေးတဲ့ ရေခွက်ကို ဗီဒိုပေါ် တင်လိုက်တယ်။ “ငါ သူ့ကို အထင်လွဲသွားတာ”
လက်ထောက်ယွမ်ဟာ ချက်ချင်းပဲ ကြောင်အသွားတယ်။
သူက သူ့ခေါင်းကို ကုတ်လိုက်ပြီး “တကယ်လား”
“တကယ်”
“အဲ့လူက ဘယ်သူလဲ”
“ငါ မမေးလိုက်ဘူး” ရှန်ရန်ချင်းရဲ့ အာရုံဟာ နန်ကောရဲ့ အဖြေမှာပဲ ရှိနေခဲ့တာမို့ သူ ကျန်တာတွေကို မမေးခဲ့ဘူး။
“သူငယ်ချင်းတွေလို့ ထင်တာပဲ”
“ကောင်းတာပေါ့!” လက်ထောက်ယွမ်က လက်ခုပ်တီးလိုက်ပြီး သူ့အတွက် ပျော်နေခဲ့တယ်။ “သူက သူ့ကောင်လေး မဟုတ်ဘူးဆိုတော့ သူ့ဟာသူ ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးတော့ဘူး ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးနန်ကောက ဘယ်လိုလူလဲဆိုတာ ကျွန်တော်တို့ သိနေတာပဲလေ”
သူ သိသားပဲ။တုံးတုံးအအကောင်မလေးတစ်ယောက်နဲ့တူတဲ့ နန်ကောဟာ အဲ့လိုလူမျိုး မဖြစ်နိုင်ဘူးဆိုတာ။
သူ့အတွဲအတွက် အခွင့်အရေးရှိသေးကြောင်းကို တွေးမိပြီး လက်ထောက်ယွမ်ဟာ အများကြီးတက်ကြွလာတော့တယ်။သူက သူ့လက်သီးကို ဆုပ်ပြီး ရှန်ရန်ချင်းကို အားပေးနေခဲ့တယ်။
“ကံကောင်းပါစေ! ဥက္ကဌရှန်! ၃၇ထပ်က လူတွေ အားလုံး မင်းကို အားပေးနေတယ်”
ဟွားရှန်အဖွဲ့အစည်းရဲ့ ၃၇ထပ်မြောက်ဆိုတာ ဥက္ကဌရုံးခန်းပဲဖြစ်တယ်။
ရှန်ရန်ချင်းက ကူကယ်ရာမဲ့စွာနဲ့ ပြောတယ်။ “ကြည့်ရတာ မင်းတို့တွေ ဒီကိစ္စကို လွန်ခဲ့တဲ့ရက်တွေထဲက သီးသန့်ဆွေးနွေးနေခဲ့ကြပုံပဲ”
“မဟုတ်ပါဘူး” လက်ထောက်ယွမ်က ခြောက်ကပ်ကပ် ပြုံးပြလိုက်တယ်။
“အိုး တကယ်လား”
“အားလုံးက မင်းအတွက် ပိုစိုးရိမ်တာပါ စဉ်းစားကြည့်လေ နှစ်တွေအများကြီး ကြာပြီးနောက် မိန်းကလေးတစ်ယောက်နဲ့ ပတ်သတ်ပြီး မင်း အရမ်းစိုးရိမ်နေတာက ဒါ ပထမဆုံးပဲ အားလုံးက မင်းအတွက် မျှော်လင့်နေတာပါ”
“ဒါပေါ့ အားလုံးက မင်းအတွက် အားပေးနေကြတာ! မင်း ကောင်မလေးကို ရဖို့ ငါတို့ မျှော်လင့်ပါတယ်!”
“တော်လောက်ပြီ” ရှန်ရန်ချင်းဟာ အပြုံးသေးသေးလေးတစ်ပွင့်နဲ့ သူ့ခေါင်းကို ခါတယ်။သူက ဒေါသထွက်တာ မဟုတ်ပေမဲ့ အများကြီးလည်း မပြောတော့ဘူး။ “ငါ နည်းနည်းလောက် ထပ်အိပ်လိုက်ဦးမယ် ဆေးသွင်းတာကုန်ရင် ငါ့ကို နှိုးပေး”
_____
အဲ့အချိန် အမျိုးသမီးအိပ်ဆောင် အခန်း၅၁၈မှာတော့။
နန်ကော ဖုန်းပြောပြီးတာကို မြင်တော့ စုဟွေးဟာ ပန်းသီးကို တစ်စိတ်ကိုက်လိုက်ပြီး မေးတယ်။ “နင်အပြင်သွားမလို့လား။ ဒီအချိန်ကြီးလေ။ လမ်းပေါ်မှာ နှင်းနည်းနည်းထူတယ် ကားမောင်းမသွားနဲ့”
“လမ်းပေါ်မှာ နှင်းတွေ တော်တော်လေးထူနေတာနော် နင် ကားမောင်းမသွားသင့်ဘူး”
နန်ကောက ဖုန်းကို ဝေးဝေးဖယ်လိုက်ပြီး ခေါင်းခါလိုက်တယ်။ “ငါ အပြင်မသွားပါဘူး”
“ဘယ်သူ ခေါ်တာလဲ။ နင့်အစ်ကိုလား”
“ဟင့်အင်း” နန်ကောက သူမရဲ့ဖုန်းနဲ့ အိပ်ရာပေါ်ကို ပြန်တက်သွားတယ်။သူမက စောင်ကို ညှိရင်း ရှင်းပြတယ်။ “ရှန်ရန်ချင်းပါ သူ ဖျားနေတယ်တဲ့ ကြည့်ရတာ တော်တော်ဖျားနေပုံပဲ”
“ဟမ်”
ဒီနာမည်ကို ကြားတော့ သူမရဲ့ ကျန်တဲ့အခန်းဖော်တွေကပါ လှည့်ကြည့်လာတယ်။
“ရှန်ရန်ချင်း။ ဟိုရက်တုန်းက သင်ခန်းစာလာသင်ပေးသွားတဲ့လူကို ပြောနေတာလား” သူမရဲ့ အခန်းဖော်ဖုန်းယွမ်ယွမ်ဟာ မျက်လုံးပြူးသွားတယ်။
“ဟုတ်တယ်”
“နန်ကော နင် ရှန်ရန်ချင်းနဲ့ ဘယ်တုန်းက တွေ့ခဲ့တာလဲ”
စုဟွေးက သူမခေါင်းကို အနည်းငယ်စောင်းပြီး ကူဖြေပေးတယ်။ “နန်ကောက သူတို့ကုမ္ပဏီကို အစားအစာသွားပို့ပေးတဲ့ အချိန်ပိုင်းအလုပ်လုပ်နေတာ”
“ဘုရားရေ သူက ချစ်စရာကောင်းလား”
“သူက အရမ်းချောတယ်! ငါနဲ့ အတူအတန်းတက်ဖို့ နင့်ကို ပြောသားပဲ ဒါပေမဲ့ နင်ပဲ ငြင်းပြီးတော့”
“ဟူး ငါ နင့်ကို အလုပ်ရှုပ်နေလို့လို့ ပြောခဲ့တယ်မလား” ဖုန်းယွမ်ယွမ်ဟာ အိပ်ရာကို ပွတ်သပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောတယ်။ “မြန်မြန်လုပ် ငါ့ကို သူဘယ်လောက်ချောလဲပြောပြ! ထိပ်တန်းအနုပညာရှင်တွေနဲ့ ယှဉ်ရင် ဘယ်လိုလဲ”
စုဟွေးက တုံ့ပြန်တယ်။ “ဥက္ကဌရှန်ကို အနုပညာရှင်တွေနဲ့ ယှဉ်လိုက်တာက သူ့ကို စော်ကားလိုက်သလိုပဲ”
အိပ်ဆောင်ရဲ့ ခေါင်းဆောင်ဖြစ်သူ ချန်ရှားကပါ ၀င်ပါလာပြီး “ပြီးခဲ့တဲ့၂ရက်က တရား၀င်၀က်ဆိုက်ဘ်မှာ ရှန်ရန်ချင်းရဲ့ ပုံကို တင်ထားတယ် ယွမ်ယွမ် နင် မတွေ့ဘူးလား”
ဒါကို ကြားတော့ ဖုန်းယွမ်ယွမ်ဟာ အံ့ဩသွားပြီး သူမဖုန်းကို အမြန်သွားယူလိုက်တယ်။
မိနစ်အနည်းငယ်ကြာတော့ အိပ်ဆောင်ထဲကနေ အော်သံတစ်သံ ထွက်ပေါ်လာတယ်။
အခြား၃ယောက်ဟာ ဒီလိုဖြစ်မယ်ဆိုတာ ထင်ထားပြီးသားမို့ ဘေးကပ်ဆိုးဒဏ်မှ ရှောင်ရှားနိုင်ဖို့အတွက် သူတို့ရဲ့ နားတွေကို အုပ်ထားကြတယ်။
“ငါလိုး! ငါဘာလို့ အဲ့နေ့က မသွားလိုက်တာလဲ။ သေစမ်း! အကောင်းပြောတာ သူအပြင်မှာရော တကယ်အဲ့လောက်ချောတာလား။ ဒီပုံမှာ ဘာမှ မသုံးထားဘူးဆိုတာ သေချာလား”
“ဌာနမှူးမျက်နှာပေါ်က အရေးအကြောင်းတွေကိုသာ ကြည့်ကြည့်ပါလား ဒီပုံက တရား၀င်တယ်”
“ကျစ်! ငါ နင့်ကို မယုံဘူး နန်ကော ငါ့ကို အမှန်တိုင်းပြော!”
သူမ ရုတ်တရက်အခေါ်ခံလိုက်ရတော့ နန်ကောဟာ လန့်သွားတယ်။
သူမက နားရွက်ကို ရှက်ရှက်နဲ့ ကုတ်ပြီး “ပုံတွေထဲကထက် အပြင်မှာဆိုရင် သူက ပိုကြည့်ကောင်းတယ်”
ဖုန်းယွမ်ယွမ်ဟာ ဒါကို ကြားပြီး အလွန်အံ့အားသင့်သွားတယ်။
“ရှန်ရန်ချင်း ဘယ်အချိန် သင်ခန်းစာလာထပ်သင်ပေးမှာလဲ”
_____
မီးတွေကို ပိတ်ပြီးတဲ့နောက်မှာတော့ နန်ကောဟာ လိုက်ကာကို ဆွဲပြီး အိပ်ရာပေါ် လှဲချလိုက်တယ်။
သူမက သိပ်တော့ မအိပ်ချင်သေးဘူး။ဒီတော့ သူမက သူမရဲ့ ပုံရိပ်တွေကို ခဏတဖြုတ်လောက် ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
အချိန်တစ်ခုလောက်အထိ ဖုန်းပွတ်နေခဲ့ပြီး နောက်ဆုံးမှာတော့ လွန်ခဲ့တဲ့နာရီအနည်းငယ်က သူမအစ်ကို ပို့ထားတဲ့ တည်နေရာနဲ့ ဓာတ်ပုံကို တွေ့လိုက်ရတယ်။သူက လန်ဒန်ရောက်နေတာပဲ။
[။] သူမက မှတ်ချက်ပေးလိုက်တယ်။
မိနစ်အနည်းငယ်ကြာတော့ နန်ကျဲ့က သူမကို သီးသန့်စာပို့လာတယ်: [အတော်လေးနောက်ကျနေပြီကို နင် ဘာလို့ မအိပ်သေးတာလဲ။]
နန်ကောဟာ သူမကြည့်နေတဲ့ဆီကနေ ခဏထွက်လိုက်ပြီး စာပြန်ရိုက်တယ်: [မအိပ်ချင်သေးလို့]
[အစ်ကိုကြီး။နင်ဘာလို့ လန်ဒန်ကို သွားတာလဲ။နင်ဘာလို့ ငါ့ကို မပြောပြတာလဲ။]
ရုပ်ဆိုးတဲ့လူတွေဟာ အမြဲပြဿနာတွေ ဖန်တီးတတ်တယ်: [ငါနင့်ကို အရင်က မပြောခဲ့ဘူးလား။]
နန်ကောဟာ ခဏတွေးကြည့်လိုက်တယ်။အဲ့လိုပြောခဲ့တာမျိုးကိုတော့ သူမ မမှတ်မိပါဘူး။
သူမက အခိုင်အမာပြောလိုက်တယ်: [ဟင့်အင်း ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး။]
[ရှန်ရန်ချင်းလည်း အခုလန်ဒန်မှာပဲ]
ဒါကပဲ သူမပြောချင်တဲ့ဟာ ဖြစ်ရမယ်။
ရုပ်ဆိုးတဲ့လူတွေဟာ အမြဲပြဿနာတွေ ဖန်တီးတတ်တယ်: [.....]
အဲ့ဒီ့အချိန် အင်္ဂလန်မှာတော့။
ဟိုတယ်မှာ ရှိနေတဲ့ နန်ကျဲ့ဟာ ဒီစာကို မြင်တော့ ဒေါသထွက်ထွက်နဲ့ ရယ်လိုက်တယ်။
သူက ကီးဘုတ်ကို ခပ်ပြင်းပြင်း ရိုက်လိုက်တယ်။ဒါပေမဲ့ စာလုံးတွေက သူရဲ့ တဟုန်ထိုးခံစားချက်တွေကို သေချာဖော်ပြနိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် သူဟာ ခပ်မြန်မြန်ပဲ အသံခလုတ်ကို နှိပ်ပြီး: [ငါ အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ညစာစားပွဲတက်စရာရှိလို့ ငါလန်ဒန်ကို သွားမယ်လို့ ဟိုးအရင်ကတည်းက နင့်ကို ပြောဖူးတယ်လေ! နင်သေချာနားမထောင်ဘူးမလား။!]
[ရှန်ရန်ချင်း ဘယ်ရောက်ရောက် နင့်ကိစ္စမဟုတ်ဘူး! ငါလည်း အတူတူပဲ!]
[နန်ရော့ရော့ နင်က နင့်အစ်ကိုအရင်း ဘယ်ရောက်နေလဲဆိုတာတောင် မသိဘဲ အခြားလူတွေကို ဂရုစိုက်နိုင်သေးတယ်ပေါ့လေ။ နင် လူမှ ဟုတ်သေးရဲ့လား။]
မိနစ်အနည်းငယ်ကြာတော့ နန်ကျဲ့က ပြန်စာတစ်ခုကို လက်ခံရရှိလိုက်တယ်: [အစ်ကိုကြီး နင့်လေသံက စိတ်ဆိုးနေတဲ့ ဇနီးသည်ကြီးလိုပဲ]
[.....]
++++++