← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

Chapter 27 ရှန်ရန်ချင်းအတွက် ဆာလာအိတ်ကို ဘာအရောင် လုပ်ပေးရမလဲ။

နန်ကောရဲ့ ဒေါသကို လာဆွမှုကြောင့် နန်ကျဲ့ဟာ သက်ညှာခြင်းအလျင်းမရှိ တိုက်ရိုက်ပဲ သူမကို ဘလော့ပစ်လိုက်တယ်။

သူ့ဖုန်းဟာ အသံကျယ်တစ်ခုနဲ့အတူ စားပွဲပေါ် ပစ်တင်ခံလိုက်ရတယ်။

ဆိုဖာပေါ်မှာ ကော်ဖီထိုင်သောက်နေတဲ့ သူ့သူငယ်ချင်းခမျာ လန့်ဖြတ်ပြီး ကော်ဖီကို ထွေးထုတ်မိတော့မတတ်။

“ဘာဖြစ်တာလဲ။ ခုနကပဲ အကောင်းကြီးမဟုတ်ဘူးလား။ ဘယ်သူ မင်းကို ဆွလိုက်ပြန်ပြီလဲ”

နန်ကျဲ့ဟာ ခါးတစ်ဖက်ထောက်ပြီး ဒေါသတကြီးနဲ့ ဟိုဘက်ဒီဘက်ကို ခေါက်တုံ့ခေါက်ပြန်လျှောက်နေတော့တယ်။သူ့ရဲ့ မြင့်မြတ်တည်ငြိမ်တဲ့ အရောင်၀ါတွေဟာ ပျောက်ဆုံးသွားပြီ။

စက္ကန့်အနည်းငယ်ကြာတော့ ဒီအကြောင်းကို သူတွေးမိလေ ပိုဒေါသထွက်လာမိလေပဲ။သူဟာ လက်တစ်ဖက်ကို ထောင်ပြီး ကျိန်လိုက်တယ်။ “တစ်ခါတည်း ရှင်းအောင် ပြောထားမယ် ရှန်ရန်ချင်း! ငါ့ညီမကို ခိုးသွားတဲ့အတွက် မင်းကို လုံး၀ခွင့်မလွှတ်ဘူး!”

“...ဒါဆို မနက်ဖြန် ပွဲကို မတက်တော့ဘူးလား”

“တက်မှာပေါ့” နန်ကျဲ့က နှာခေါင်းရှုံ့လိုက်ပြီး “ဘာကိစ္စ မတက်ရမှာလဲ”

သူ့လေသံကို ကြားတာနဲ့ သူ့သူငယ်ချင်းဟာ နည်းနည်းသံသယဖြစ်သွားတယ်။ “မင်းရဲ့ အခုလက်ရှိ အပြောင်းအလဲမြန်တဲ့ စိတ်အခြေအနေနဲ့ မင်း မနက်ဖြန် သူနဲ့ ရန်မဖြစ်ဘူးဆိုတာ သေချာလား”

နန်ကျဲ့က တစ်ချက်ပျက်ရယ်ပြုလိုက်တယ်။

“ငါက အဲ့လိုလူစားလား”

“.....”

ကျန်းမြို့တော်က နန်မိသားစုရဲ့ သခင်ငယ်လေးဟာ ငယ်စဉ်ကတည်းက အဖိုးဖြစ်သူဆီကနေ အပျိုးထောင်ခံခဲ့ရမှန်း လူတိုင်းသိကြတယ်။သူဟာ နှိမ့်ချခံခဲ့ရပြီး ကွဲပြားစွာ ပျိုးထောင်ခံခဲ့ရတာ။သူကျောင်းတုန်းကဆိုရင် ကျောင်းတွင်းအနိုင်ကျင့်ခဲ့ပြီး မောက်ကလည်း မောက်‌မာခဲ့သေးတယ်။

အခု သူ့အသက် ၂၅၊၂၆မှာတောင်မှပဲ ကျန်းမြို့တော်က လူငယ်လူရွယ်သူဌေးသားလေးတွေကြားမှာ နန်ကျဲ့ကို မျက်နှာသာပေးကြရတယ်။

သူတို့မှာ ရွေးချယ်စရာမရှိဘူးလေ။နန်ကျဲ့က သဘောကောင်းတဲ့ထဲ မပါဘူး။

သူ့ကို ကြည့်ရဲတဲ့ ဘယ်သူမဆို နောက်တစ်စက္ကန့်မှာပဲ ပါးချခံရလိမ့်မယ်။

သူဟာ ရှန်ရန်ချင်းနဲ့ဆိုရင် လုံး၀ဆန့်ကျင်ဘက်ဖြစ်တည်မှု။

ရှန်ရန်ချင်းက သိမ်မွေ့ပြီး ယဉ်ကျေးတယ်။မကောင်းသတင်းမရှိသလောက်ဘဲ။

နန်ကျဲ့ကျတော့ ရိုင်းစိုင်းပြီး အကြည့်ချင်းဆုံရခဲတဲ့ ဂုဏ်သတင်းမျိုးတော့ ရှိတယ်။ဒါပေမဲ့ သူ့ကို အရမ်းကြီးလွန်ကဲတယ်လို့တော့လည်း ပြောလို့မရဘူး။ယေဘုယျအားဖြင့် လူတွေကလည်း သူ့ကို ပြဿနာမရှာရဲကြပါဘူး။

အဓိကက ဘာလဲဆိုတော့ အများစုက သူ့အကြောင်း မကောင်းမပြောရဲကြတာဘဲ။

“ငါ ဒီအရှုပ်ထုပ်ကို ကိုယ်တိုင် တွေ့ရမယ်”

အဲဒါကို ပြောပြီးတဲ့နောက် သူက ခဏတွေးလိုက်ပြီး သူ့သူငယ်ချင်းဘက် လှည့်ကာ မေးတယ်။ “ရှန်ရန်ချင်း သူ့ရဲ့ ဆာလာအိတ်အတွက် ဘာအရောင်ကို ကြိုက်လောက်လဲမသိဘူး”

“ဘာလဲ။ မင်းလည်း သူ့ကို ကြိုက်လို့လား”

နန်ကျဲ့က ချက်ချင်းပြန်ပက်ပေးလိုက်တယ်။ “သောက်ရေးမပါတာ!”

“ငါက ပြင်ဆင်ထားချင်လို့! သူသာ စကားပြောရလွယ်ရင် အားလုံးအဆင်ပြေတယ် တကယ်လို့ မဟုတ်ဘူးဆိုလို့ကတော့ ငါ သူ့ကို ဆာလာအိတ်နဲ့ စွတ်ပြီး တရွတ်တိုက်ဆွဲခေါ်လာပြီး ရိုက်မှာ”

“.....”

_____

နောက်တစ်နေ့ည။

မီဒီယာပေါင်းများစွာက ပွဲခန်းမကြီးရဲ့ အပြင်ဘက်မှာ အလုအယက်နဲ့။

ဒီပွဲဟာ အရမ်းကြီးတယ်။အခြားဟာတွေကို ဘေးဖယ်ထားလိုက်ဦး။ကမ္ဘာပေါ်က ထိပ်တန်းကုမ္ပဏီပေါင်း ၅၀၀ က တကယ့်အကောင်အကြီးစားတွေချည်း လာကြမှာ။

ရှန်ရန်ချင်းဟာ သံသယ၀င်စရာကို မလိုဘဲ သူတို့ထဲက တစ်ယောက်ပေါ့။

ပွဲခန်းမထဲမှာတော့ နန်ကျဲ့ဟာ လက်ထဲ ဝိုင်တစ်ခွက်နဲ့ ဘေးဘက်မှာ ရပ်နေပြီး သူ့ရဲ့ အကြည့်တွေဟာတော့ တံခါးမကြီးမှာပဲ တွယ်ကပ်နေတော့တယ်။

သူ့သူငယ်ချင်းကတော့ ဘေးနားမှာ ရင်းနှီးမြှုပ်နှံမှုအကြောင်း ပြောနေပြီး နန်ကျဲ့ကိုပါ ဆွဲထည့်ချင်နေတယ်။

သူတို့က စကားပြောနေရင်းနဲ့ ဆရာသမားဟာ သေချာနားမထောင်နေဘူးဆိုတာ သတိထားမိသွားတယ်။

“ဟေး နန်ကျဲ့ ဘာတွေ ကြည့်နေလဲ”

“တစ်ယောက်ယောက်ကို စောင့်နေတာလား”

“ငါ မင်းကို အရေးကြီးကိစ္စ ပြောနေတယ်လေ”

“ကိုယ့်ဟာကိုယ်ပြော ငါ့လာမရှုပ်နဲ့” နန်ကျဲ့က သူ့ပုခုံးပေါ်က လက်ကို ပုတ်ထုတ်လိုက်ပြီး တံခါးမကြီးကိုပဲ ကျောက်တုံးတစ်တုံးလို မျက်တောင်တစ်ချက်မခတ်၊မလှုပ်မယှက်နဲ့ စိုက်ကြည့်နေတော့တယ်။

သူတို့က သူတို့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး သူတို့ကြား တိုးတိုးလေး ပြောတယ်။

“ငါ နားမလည်ဘူး ဒီကောင် ဘယ်သူ့ကို စောင့်နေတာလဲ”

“ဒီလောက်အတည်ဖြစ်နေတာကို ကြည့်ရင် သူ့ကောင်မလေးများလား”

“.....”

တစ်ချိန်တည်းမှာပဲ ပွဲအပြင်ဘက်မှာတော့ ရှန်ရန်ချင်းဟာ မီဒီယာတွေဆီကနေ ပုန်းရှောင်ပြီး ခန်းမထဲ တိတ်ဆိတ်စွာပဲ ၀င်လာတယ်။

သူဟာ သူနဲ့အတူ လူနှစ်ယောက်ကို ခေါ်ဆောင်လာတယ်။လက်ထောက်ယွမ်နဲ့ အမျိုးသားအတွင်းရေးမှူးတစ်ယောက်။

ဒါဟာ သူ့ရဲ့ ပွဲတွေ တက်တိုင်း အသုံးပြုတဲ့ စံဖွဲ့စည်းမှုတစ်ခုပဲ။သူဟာ သူ့ရဲ့ အနေအေးတဲ့ပုံရိပ်ကို ထိန်းထားပြီး ဘယ်တော့မှ မိန်းကလေးအဖော်ကို ခေါ်မလာဘူး။

ပွဲခန်းမထဲမှာတော့ အပြင်ကထက်စာရင် ပိုနွေးတယ်။ရှန်ရန်ချင်းဟာ အထဲကို ရောက်တာနဲ့ သူ့ရဲ့ အပေါ်ကုတ်ကို ချွတ်လိုက်ပြီး အတွင်းရေးမှူးဆီ ပေးလိုက်တယ်။

“မင်းတို့ ခရစ်ကို တွေ့ကြလား”

မနေ့က သူ့အဖျားကျသွားပေမဲ့ အအေးမိတာကတော့ အရှင်းကြီးမပျောက်သေးဘူး။သူစကားပြောလိုက်တဲ့အခါ သူ့ရဲ့အသံဟာ နှာသံ‌နည်းနည်းပါနေတုန်းပဲ။

ဒါဟာ ဟွားရှန်အဖွဲ့အစည်းနဲ့ နှစ်ပေါင်းများစွာ လက်တွဲလုပ်လာတဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပဲ။

ဒီအမေးအောက်မှာ လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးဟာ သတိကြီးကြီးထားကာ သူတို့ရဲ့ မျက်လုံးနဲ့ နားတွေကို စွင့်ထားလိုက်တယ်။

သူတို့နှစ်ယောက်လုံး ပစ်မှတ်ကို ရှာဖို့အတွက် အလိုလိုပဲ သူတို့အနားတစ်ဝိုက်မှာရှိတဲ့ လူတွေကို ကြည့်လိုက်ကြတယ်။

ရုတ်တရက် လက်ထောက်ယွမ်ဟာ တစ်ယောက်ယောက်ကို တွေ့လိုက်ပြီး တိုးတိုးလေး ခေါ်လိုက်တယ်။ “ဥက္ကဌရှန် ဟိုကို ကြည့်!”

အနီးကပ်ကြည့်ရင်တော့ လက်ထောက်ယွမ်ဟာ သူ့အသံထဲက စိတ်လှုပ်ရှားမှုတွေကိုတောင် မဖုံးထားနိုင်ဘူး။

ရှန်ရန်ချင်းက သူ ခရစ်ကို ရှာတွေ့ပြီလို့ ထင်လိုက်တယ်။သူမော့ကြည့်လိုက်တဲ့အခါ သူဟာ အခြားမျက်လုံးတစ်စုံနဲ့ အကြည့်ချင်းသွားဆုံတယ်။

သူတို့ ကြည့်ရတာ ရင်းနှီးနေသလိုပဲ။

ဒါပေမဲ့ ခရစ်တော့ ဟုတ်မနေ။

သူတို့ အကြည့်ချင်းဆုံသွားပြီး မီးပွားလေးတွေ ဖြာထွက်လာတယ်။

တစ်ဖက်လူကြည့်ရတာ သူ့ကို လောင်ကျွမ်းနေတဲ့အကြည့်နဲ့ တစ်ချိန်လုံး ကြည့်နေခဲ့ပုံရတယ်။

နန်ကျဲ့က သူ့မျက်လုံးတွေကို ကျဉ်းလိုက်တယ်။ပြီးတော့ ချက်ချင်းပဲ အပြုံးတစ်ပွင့်ဖော်ဆောင်ကာ ဝိုင်ခွက်တစ်ခွက်နဲ့ အရှေ့ကို လျှောက်သွားတယ်။ “ဟွားရှန်အဖွဲ့အစည်းရဲ့ ဥက္ကဌရှန်”

“အာဟာ” သူအနားကို ရောက်လာတော့မှပဲ ရှန်ရန်ချင်းဟာ သူ့ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။သူက ခေါင်းငြိမ့်ပြီး ပြောလိုက်တယ်။ “မင်္ဂလာပါ”

“တကယ်ကြီး ဥက္ကဌရှန်ပဲ မနေ့က မနက်က လေဆိပ်မှာ မင်းကို မမှတ်မိလိုက်ဘူး တစ်နေရာရာမှာ မြင်ဖူးတယ်‌ဆိုပြီးပဲ တောက်လျှောက်စဉ်းစားနေတာ”

“သေချာတွေးကြည့်လိုက်တော့မှပဲ ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ညီလာခံတစ်ခုခုမှာ တွေ့ဖူးတာပဲ ဥက္ကဌရှန်ရော ကျွန်တော့်ကို မှတ်မိသေးရဲ့လားမသိဘူး”

တစ်ယောက်သောသူကတော့ တစ်ချိန်လုံး အပြုံးတုလေးတစ်ပွင့်ကို ဖော်ဆောင်ထားတယ်။သူဟာ စကား၀ိုင်းဖွဲ့ဖို့ ကြိုးစားနေပုံရပေမဲ့ တကယ်က သူပြောလိုက်တဲ့ စကားလုံးတိုင်းမှာ ဆူးလေးတွေပါပုံရတယ်။

“ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့်မှတ်ဉာဏ်က သိပ်မကောင်းလို့” ရှန်ရန်ချင်းက တောင်းတောင်းပန်ပန်နဲ့ ပြုံးပြတယ်။

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း မင်းကို တွေ့တာ ဒါပထမဆုံး မဟုတ်ပါဘူး ကျွန်တော်မှတ်မိတာသာ မှန်မယ်ဆိုရင် မင်းက နန်ကောရဲ့ သူငယ်ချင်းမလား”

ဒီအသုံးအနှုန်းမျိုးကို ကြားလိုက်ရတော့ နန်ကျဲ့က မျက်ခုံးပင့်သွားတယ်။

ဘာသူငယ်ချင်း။

သူဟာ ခဏလောက် တွေးလိုက်ပြီး ‌မေးတယ်။ “နန်ကော ပြောပြတာလား”

“အဲ့လိုပြောလို့ရပါတယ်”

နန်ကျဲ့က ပုခုံးတွန့်ပြလိုက်ပြီး “အဲဒါဆိုရင်တော့ ဆောရီး ကျွန်တော်တို့နှစ်ယောက်က...သူငယ်ချင်းတွေပဲ မဟုတ်ဘူး”

သူ့စကားဆုံးတာနဲ့ ရှန်ရန်ချင်းမျက်လုံးထဲက ရှော့ရသွားပုံကို သူ ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။

ဒါကို မြင်တော့ သူမတတ်နိုင်ဘဲ ရယ်မိတယ်။သူ့ရင်ထဲ ကျေနပ်အားရမှုလေးတစ်ခုဟာ မြင့်တက်လာတယ်။ “ဥက္ကဌရှန် ကြည့်ရတာ ကျွန်တော်နဲ့ နန်ကောရဲ့ ဆက်ဆံရေးကို နည်းနည်းသိချင်နေပုံပဲ”

ရှန်ရန်ချင်းလို သန့်ရှင်းသပ်ရပ်တဲ့လူဟာ သူ့ဟာသူ လူကွယ်ရာမှာ ဘာပဲလုပ်လုပ် လူရှေ့မှာတော့ ကောင်းမွန်တဲ့ပုံစံကို လုပ်ပြနေဦးမှာပဲ။သူဟာ သူ့ရဲ့ လူကြီးလူကောင်းပီသတဲ့ မျက်နှာဖုံးကို လွယ်လွယ်ကူနဲ့ ဖယ်ပစ်မှာ မဟုတ်သလို လူကိုယ်တိုင်လည်း ၀န်ခံမှာ မဟုတ်ဘူး။

မထင်မှတ်ထားစွာနဲ့ အဲ့လူဟာ ချက်ချင်းခေါင်းငြိမ့်ပြတယ်။ “နည်းနည်းပဲ မဟုတ်ဘူး အရမ်းသိချင်နေတာ”

“ကျွန်တော် တောင်းပန်ပါတယ် ဒါကို ပြောဖို့ မသင့်တော်သလိုဖြစ်နိုင်ပေမဲ့ ကျွန်တော် မင်းကို တကယ်မလိမ်ချင်ဘူး”

နန်ကျဲ့ သူ့ကို မကြားမှာစိုးရိမ်တဲ့အလား ရှန်ရန်ချင်းက ထပ်ပြောလိုက်တယ်။ “ကျွန်တော် မင်းနဲ့ နန်ကောရဲ့ ဆက်ဆံရေးကို ‌အရမ်းသိချင်နေတာပါ”

ရည်ရွယ်ပြီး လုပ်သလား မလုပ်သလားတော့ မသိဘူး။အသံကတော့ အရင်ကထက်ကို ပိုကျယ်လာတယ်။

နန်ကျဲ့ “.....”

ရှန်ရန်ချင်းပြောလို့ ပြီးတာနဲ့ သူ့အကြည့်ဟာ သူ့ဆီက ခွာမသွားဘူး။အဖြေရဖို့ကို လုံး၀စိတ်ဆုံးဖြတ်ထားသလိုမျိုး။

သူတို့နှစ်ယောက်ဟာ တိတ်တဆိတ် တိုက်ခိုက်နေကြတယ်။ရှန်ရန်ချင်းဟာ အရှေ့ကို ခြေတစ်လှမ်းဆီ တိုးတိုးလာပြီး နန်ကျဲ့ကို တုံ့ပြန်ခွင့်တောင် မပေးဘူး။

ဒါပေမဲ့ နန်ကျဲ့ဟာလည်း အချဉ်တော့ မဟုတ်။သူက လက်ကို မြှောက်ပြီး စားပွဲထိုးကို အနားလာဖို့ ခေါ်လိုက်တယ်။

“တကယ်တော့ ဒါက ကျွန်တော်တို့ကြား လျှို့ဝှက်ချက်လေး ပုံမှန်ဆို ကျွန်တော် ဒီအကြောင်း မပြောပြဘူး” နန်ကျဲ့ဟာ လင်ဗန်းပေါ်က ဝိုင်တစ်ခွက်ကို ယူပြီး သူ့ဆီ ကမ်းပေးတယ်။ “ဥက္ကဌရှန် မင်းသိချင်တယ်ဆိုရင်လည်း ဘာလို့ ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ နည်းနည်းမသောက်တာလဲ”

ရှန်ရန်ချင်းဟာ အပြင်မှာဆိုရင် ချွင်းချက်ရယ်လို့ မရှိဘဲ လုံး၀မသောက်ဘူးလို့ သူ ကြားထားဖူးတယ်။

ဒါကို မြင်တော့ သူ့အနောက်မှာရှိတဲ့ လက်ထောက်ယွမ်က ချက်ချင်းအရှေ့ကို တစ်လှမ်းတိုးလာပြီး သူရဲ့ ပရိုဆန်မှုကို ထုတ်ပြတယ်။

“ကျွန်တော် တောင်းပန်ပါတယ် လူကြီးမင်း ဥက္ကဌရှန် တကယ်သောက်လို့ မရဘူးဗျ သူ့အစား ကျွန်တော်သောက်ပေးရင်ရော”

နန်ကျဲ့က တုံ့ပြန်တယ်။ “မင်း ဘယ်လိုထင်လဲ”

++++++

All Chapters