အခန်း ၂၉
Vol. 3 Ch. 29
Chapter 29 မိန်းကလေးတွေထက်စာရင် ယောက်ျားလေးတွေကို ပိုနှစ်ခြိုက်တယ်။
အမှန်ကတော့ လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ဟာ သူတို့ဟာသူတို့ မူမမှန်ဖြစ်နေခဲ့ကြတာပါ။
ရှန်ရန်ချင်း တိတ်တဆိတ်နဲ့ စက္ကန့်အနည်းငယ်လောက် သူတို့နှစ်ယောက်ကို ကြည့်ပြီး ရိုးရိုးသားသား မေးလိုက်တယ်။ “နှစ်ကုန်တော့မယ် မင်းတို့ နောက်နှစ်ကျရင် အလုပ်ပြောင်းချင်တဲ့ စိတ်ကူးရှိလား”
“ငါတို့ရဲ့ ခင်မင်မှုကြောင့် ငါ မင်းတို့ကို နည်းနည်းပါးပါး မိတ်ဆက်ပေးဖို့ ၀န်မလေးပါဘူး”
လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်က တိတ်ဆိတ်သွားတယ်။ကျေးဇူးပါပဲ။ဒါပေမဲ့ မလိုပါဘူး။
_____
သူမကို အကြီးမားဆုံးခေါင်းကိုက်မှုကြီးကို ပေးတဲ့ ဘာသာရပ်နှစ်ရပ်ကို ဖြေဆိုပြီးဖို့ရာ နန်ကော နှစ်ရက်အချိန်ယူလိုက်ရတယ်။အခြားဘာသာရပ်တွေကတော့ လွယ်လွယ်ကူကူပါပဲ။
ညပိုင်း သူမ အ၀တ်အစားလဲပြီး အပြင်သွားဖို့ လုပ်နေတာကို မြင်တော့ စုဟွေးက သူမ ဘာသွားလုပ်မလဲဆိုတာ သိပြီးသား။ “ဘာတွေ အဲ့လောက်တောင် ဝီရိယကောင်းနေတာလဲ။ နင် ရက်နည်းနည်းလောက် နားဦးမှာ မဟုတ်ဘူးလား”
သူမရဲ့ ကုတ်အင်္ကျီကို ၀တ်ဆင်ပြီးတော့ နန်ကောဟာ တံတောင်ဆစ်နဲ့ ဗီဒိုကို ပိတ်လိုက်ပြီး “ပြီးခဲ့တဲ့ရက်တွေထဲက အရူးလို စာတွေချည်း လုပ်နေခဲ့ရတာ ငါ အပြင်ထွက်ပြီး လေကောင်းလေသန့်သွားရှူဖို့ကို ၀န်လေးမနေဘူး”
သူမ စားသောက်ဆိုင်ကို လမ်းလျှောက်သွားလို့ ရတယ်လေ။တိုက်တိုက်ဆိုင်ဆိုင်ပဲ လမ်းပေါ်က နှင်းတွေဟာလည်း အရည်ပျော်ပြီးသားဖြစ်နေပြီ။
“ပြီးတာပဲ ဂရုစိုက်ဦး”
နာရီ၀က်လောက်ကြာတော့ နန်ကော အော်ဒါသွားပို့ပြီး စားသောက်ဆိုင်ကို ပြန်ရောက်ရုံပဲရှိသေး။သူမရဲ့ မားက ဖုန်းခေါ်လာတယ်။
သူမလက်ထဲက အော်ဒါကို ချလိုက်ပြီး နန်ကောက ဖုန်းကို မန်နေဂျာဆီ ဝှေ့ပြလိုက်တယ်။ “အနောက်မှာ ဖုန်းတစ်ချက်သွားပြောလိုက်ဦးမယ်”
မန်နေဂျာက သူမကို သွားဖို့ လက်ရမ်းပြတယ်။
ဒီည အော်ဒါလေးတွေ များနေပြီး တော်တော်လေး အလုပ်ရှုပ်နေတဲ့ အချိန်လည်းဖြစ်တယ်။
“ဟယ်လို မား” နန်ကောက ဖုန်းပြောဖို့ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ နေရာကို ရှာလိုက်တယ်။
“ရော့ရော့ သမီးအစ်ကိုက သမီး ပိတ်ရက်မှာ အိမ်ကို ပြန်မလာဘူးဆို”
နန်ကောက “ဘယ်လိုလုပ် ပြန်မလာရမှာလဲ”
နန်ကျဲ့က မားကို ဘာတွေ ပြောလိုက်လဲ မသိပေမယ့် သူမ လိမ်လည်း မလိမ်ချင်ဘူး။ဒီတော့ သူမက “ရက်နည်းနည်းလောက်ကြာမှ ပြန်လာမှာပါ”
“ဘာဖြစ်လို့လဲ။ အခြားလုပ်စရာကိစ္စတစ်ခုခုရှိလို့လား။ မား သမီးကို မတွေ့ရတာ ကြာပြီ လာကြိုဖို့တောင် လုပ်နေတာ”
“အမ်...အစ်ကိုကြီးက ဒီမှာ စားသောက်ဆိုင် ဖွင့်ထားတယ်မလား။ သ...သမီး စာမေးပွဲပြီးတော့ ဝိုင်းကူပေးနေတာ သမီး အဲ့လောက်လည်း နောက်ကျမှာ မဟုတ်ပါဘူး”
“ဘယ်လောက်ကြာမှာလဲ။ နှစ်သစ်ကူးပွဲတော်ကျရင်ရော ပြန်လာမှာလား”
နန်ကောက နံရံကို ကုတ်ခြစ်ပြီး လေသံတိုးတိုးနဲ့ ရှင်းပြတယ်။ “သမီး နှစ်သစ်ကူးပွဲတော်ကျရင် ပြန်လာမယ် ဒါပေမဲ့ နည်းနည်းတော့ နောက်ကျမယ်”
“မြို့ထဲမှာ နေပြီး ဖျော်ဖြေပွဲတစ်ပွဲ ကြည့်ဖို့ရှိလို့ အဲဒါက နည်းနည်းနောက်ကျမှာ...”
ဖုန်းတစ်ဖက်မှာတော့ သူမရဲ့ မားက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ “ရပါတယ် စာမေးပွဲပြီးတော့ သမီးလည်း အနားယူဖို့ လိုတယ်လေ”
“သမီး အခုအရွယ်ရောက်လာပြီး အစ်ကိုကြီးကိုတောင် ဘယ်လိုကူရမလဲသိနေပြီဘဲ သမီးက လိမ္မာတဲ့ ကလေးပါ အရမ်းကြီး အပင်ပန်းမခံနဲ့ နားလည်လား”
“ဟုတ် ဟုတ် နားလည်ပါတယ်”
ခဏရပ်လိုက်တုန်း မန်နေဂျာက သူမကို ခေါ်နေတာကို နန်ကော ကြားလိုက်တယ်။သူမက ခပ်မြန်မြန်ပဲ ဖုန်းထဲကို ပြောလိုက်တယ်။ “မား နောက်မှ ဆက်ပြောကြမယ် သမီး ရေချိုးလိုက်ဦးမယ်”
“အင်း အဲဒါဆိုလည်း သွားတော့ နောက်ကျတဲ့အထိမနေနဲ့နော် စောစောနား”
နန်ကောက ကြုံရာကျပန်းပဲ ပြန်ဖြေလိုက်တယ်။
_____
တစ်ချိန်တည်းမှာပဲ ကျန်းမြို့တော်မှာ တည်ရှိတဲ့ နန်အိမ်တော်မှာတော့။
“ဘာပြောလဲ” သူမ ဖုန်းကို ချလိုက်တာမြင်တော့ မစ္စတာနန်က စိုးရိမ်စိတ်နဲ့ မေးတယ်။
“သူပြောတာက စာမေးပွဲပြီးလို့ ကျဲ့စားသောက်ဆိုင်ကို ဝိုင်းကူပေးဖို့ အဲ့မှာ နေဦးမယ်တဲ့...”
“နှစ်သစ်ကူးပွဲတော်မှာ သူ ဖျော်ဖြေပွဲတစ်ခုသွားဖို့ ရှိတယ် ဒီတော့ နည်းနည်းနောက်ကျလိမ့်မယ်တဲ့”
“အိုး နှစ်သစ်ကူးပွဲတော်မှာ” မစ္စတာနန်ရဲ့ မျက်နှာထားက ပြောင်းလဲသွားတယ်။ “ဒီကလေးမ ဘာတွေ တွေးနေတာပါလိမ့်”
“သူ အိမ်ကို ဦးစားပေးလို့ မရဘူးလား။ ပြန်ရောက်တာ မမှီလို့ရှိရင် ဘယ်လိုလုပ်မလဲ”
“တော်စမ်းပါ” မစ္စနန်က ပြန်လည်တုံ့ပြန်တယ်။ “မမှီတော့လည်း မမှီပါစေပေါ့”
“နွေဦးပွဲတော်လည်း မဟုတ်ဘူး ထမင်းတစ်နပ်စားဖို့ သူ ပြန်မလာနိုင်လည်း ကိစ္စမရှိဘူးလေ ဘာတွေ အဲ့လောက်ဖြစ်နေလဲ”
“မားနဲ့ ပါးက ရော့ရော့ကိုဆို ဘယ်လိုလဲဆိုတာ မင်းမသိတာလည်း မဟုတ်ဘူး သူက တမင်တကာ ဖျော်ဖြေပွဲကို သွားပြီး အိမ်ပြန်မလာတာ သိသွားရင် သူတို့ သေချာပေါက် ဒေါသထွက်လိမ့်မယ်”
“ဟ ငါသိတယ်”
ဒီအကြောင်းကို ပြောတော့ မစ္စနန်က မတတ်နိုင်ဘဲ တစ်ချက်လှောင်ရယ်လိုက်သည်။
“ဟိုက်မှာ သူ ကျဲ့ကို ကူညီဖို့ နေနေတယ်လို့သာ ပြောရင် ရှင့်မိဘတွေ သူ ဘယ်တော့မှ ပြန်မလာဖို့ကိုတောင် မစောင့်နိုင်ဘဲ ဖြစ်သွားမယ်!”
“မင်း ဘာအကြောင်းပြောနေတာလဲ”
မစ္စနန်ဟာ မျက်လုံးကိုသာ လှည့်လိုက်ပြီး အနောက်ကို မှီလိုက်တယ်။သူနဲ့ ငြင်းခုံဖို့အတွက်ကို အတော်လေးပျင်းနေတယ်။
မစ္စတာနန်က ပါးစပ်ကို ဖွင့်လိုက်ပေမယ့် အချိန်အတော်ကြာတဲ့အထိ စကားမပြောနိုင်ရှာ။သူက အနောက်လှည့်လိုက်ပြီး လက်ဖက်ရည်တစ်ငုံကိုသာ သောက်လိုက်တော့တယ်။မီးကို ငြိမ်းဖို့ ကြိုးစားနေတာဖြစ်တယ်။
“ပြီးမှ ငါ သူ့ကို ခေါ်လိုက်မယ် သူ ဖျော်ဖြေပွဲကို အချိန်မရွေး ကြည့်လို့ရတယ် နှစ်ကုန်မှာ မိသားစု၀င်တွေ ပြန်လည်စုံစည်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူး”
“ခေါ်ရဲ ခေါ်ကြည့်လေ!” မစ္စနန်က ထရပ်လိုက်တယ်။ “ရှင် ရော့ရော့ကို ပြန်လာဖို့ အတင်းဖိအားပေးလို့ကတော့ နှစ်သစ်ကူးပွဲတော်ကျရင် ငါ စားပွဲတစ်ပွဲလုံးကို ပြောင်းပြန်လှန်ပစ်လိုက်မယ်!”
မစ္စတာနန် “.....”
“သူက ဘာမှ မသိတဲ့ ကလေးသာသာပဲ ရှိသေးတာ ရှင်က လူကြီးဖြစ်နေပြီ ပိုမသိဘူးလား”
“ဘယ်သူ လာရှုပ်နေတာလဲ” မစ္စနန်က သူမလက်တွေကို ပိုက်ထားတယ်။သူမရဲ့ အလွန်တရာမှ ဖော်ဆောင်ထားတဲ့ မျက်နှာထားမှာ ဒေါသရိပ်တွေနဲ့ အပြည့်။ “နှစ်တွေပဲ ဘယ်လောက်ကြာပြီလဲ။ ရော့ရော့ ရှင့်မိဘတွေလက်ထဲ ဘယ်လောက်တောင် ခံစားခဲ့ရလဲ”
“ရှင်က ပိုပြီးကောင်းကောင်းမသိဘူးလား။ သူ အချိန်မှီ ပြန်မလာနိုင်ရင်တောင် ဘယ်သူဘာပြောရဲလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့”
ကျန်းမြို့တော်မှာရှိတဲ့ နန်မိသားစုရဲ့ အခြေအနေဟာ သာမန်တော့ မဟုတ်ဘူး။အခြေအနေဟာ နည်းနည်းတော့ ထူးခြားတယ်။
နန်မိသားစုရဲ့ အကြီးအကဲနှစ်ယောက်ဟာ ရှေးရိုးဆန်ပြီး မိန်းကလေးတွေထက် ယောက်ျားလေးတွေကို ပိုနှစ်ခြိုက်တယ်။နန်ကျဲ့ကို မွေးတော့ နှစ်ယောက်လုံး အလွန်အမင်းပျော်ရွှင်ခဲ့ကြပြီး သူတို့မြေးကို တိုက်ရိုက်ခေါ်သွားပြီး ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တယ်။
အဲ့နောက် နန်ကောကို မွေးတဲ့အခါကျတော့ နန်ကျဲ့အပေါ် ဆက်ဆံပုံနဲ့ လုံး၀ကို ဆန့်ကျင်ဘက်တစ်ခြားစီ။
အကြီးအကဲနှစ်ယောက်ဟာ နောက်ထပ်မြေးထီးလေးတစ်ယောက်ကို လိုချင်ခဲ့တာ။ဒါပေမဲ့ နောက်ဆုံးကျတော့ မြေးမလေးတစ်ယောက်သာ ထွက်လာခဲ့တယ်။
သူတို့ဟာ အစကတည်းက နန်ကောကို မိန်းကလေးဖြစ်တာကြောင့် နှစ်သက်ကြတာ မဟုတ်ဘူး။နန်ကောငယ်ငယ်တုန်းက သူမ စကားပြောတာပဲဖြစ်ဖြစ်၊တွားသွားတာ ဒါမှမဟုတ် လမ်းလျှောက်တာပဲဖြစ်ဖြစ် သူမအရွယ်အခြားကလေးတွေထက်စာရင် နည်းနည်းနောက်ကျတယ်။သူမ ပထမဆုံး ကျောင်းစတက်တော့လည်း သူမက အခြားကလေးတွေထက် နည်းနည်းနှေးကွေးနေခဲ့ပြီး အဆင့်တွေလည်း အထူးတလည် မကောင်းခဲ့ဘူး။
ဒါကြောင့် အကြီးအကဲနှစ်ယောက်ဟာ နန်ကောကို ပိုလို့တောင် သဘောမတွေ့ခဲ့ပြီး သူမနဲ့ အမြဲ ပြဿနာတက်ခဲ့တယ်။
နန်ကောငယ်ငယ်တုန်းက သူမရဲ့ မိဘတွေဟာ အလုပ်ရှုပ်နေခဲ့ကြတယ်။
နန်ကောဟာ နန်ကျဲ့နဲ့အတူ သူမအဖိုးအိမ်မှာ သွားနေရတယ်။ဘယ်လိုပဲဖြစ်ဖြစ် နန်ကောဟာ အကြီးအကဲနှစ်ယောက်ဆီက အချိန်ပြည့် အပြစ်တင်ရှုံ့ချခံခဲ့ရရုံတင်မကဘဲ သူမကို ပျောက်တော့မလိုတောင် ဖြစ်ခဲ့သေးတယ်။
နောက်တော့ သူမ ဒီအကြောင်းကို သိရတော့ သူမ နန်ကျဲ့နဲ့ နန်ကောကို ပြန်ခေါ်လိုက်ပြီး သူတို့ကို စောင့်ရှောက်ဖို့ အိမ်အကူအနည်းငယ်ကို ခန့်ထားလိုက်တယ်။
ကံကောင်းထောက်မစွာနဲ့ နန်ကျဲ့ဟာတော့ သူ့အဖိုးနဲ့ အဖွားလို လမ်းမလွဲခဲ့ဘူး။သူက ငယ်သေးတယ်ဆိုပေမဲ့လည်း သူ့ညီမလေးကို ကောင်းကောင်းဂရုစိုက်ပေးတယ်။
သူမထင်ခဲ့တာက နန်ကျဲ့သာ ကြီးပြင်းလာရင် အကြီးအကဲနှစ်ယောက်ရဲ့ မလိုမုန်းထားမှုတွေလည်း နည်းနည်းလျော့သွားမယ်ပေါ့။
တကယ့်တကယ်အမှန်တရားကတော့ သူမ အရမ်းကို မျှော်လင့်ချက်ထားခဲ့မိတာပဲ။
နန်ကောမှာ သူနဲ့ သက်တူရွယ်တူ၀မ်းကွဲနှစ်ယောက်လည်း ရှ်ိသေးတယ်။နှစ်ကူးမှာ မိသားစုတွေ ပြန်လည်ဆုံဆည်းတဲ့ ညစာစားပွဲလုပ်တိုင်း အကြီးအကဲနှစ်ယောက်ဟာ နန်ကောတစ်ယောက်တည်းကို ဖယ်ဖယ်ထားတယ်။
နန်ကောအကြောင်း အပြောခံရတဲ့အခါဆိုလို့ သူမကို သူမရဲ့ ၀မ်းကွဲတွေနဲ့ နှိုင်းယှဥ်တဲ့အခါပဲ ရှိမယ်။ဒါပေါ့။သူမဟာ တစ်ယောက်တည်း သိမ်ငယ်ခဲ့ရရှာတာ။
သူမ ကောင်းကောင်းမှတ်မိနေတဲ့ တစ်ခေါက်ရှိသေးတယ်။နန်ကောရဲ့ ဂျူနီယာအထက်တန်းကျောင်းက အမှတ်တွေဟာ ပျမ်းမျှပဲဆိုပေမယ့် ရုတ်တရက်ကြီး သူမက အထက်တန်းကျောင်းမှာ အရမ်းကြိုးစားခဲ့တယ်။သူမရဲ့ ဒုတိယနှစ်ရောက်တော့ သူမက တစ်မြို့နယ်လုံး တတိယအဆင့်ရခဲ့တယ်။
သူမရဲ့ မိဘတွေဟာ အရမ်းကို ပျော်ရွှင်ခဲ့ကြပြီး အားလုံးကို ထမင်းစားဖိတ်ခဲ့တယ်။
ညစာစားပွဲမှာ အကြီးအကဲနှစ်ယောက်ဟာ သူတို့ရဲ့ အနီရောင်စာအိတ်တွေကို လက်ဆင့်ကမ်းပေးတဲ့အခါ နန်ကောဟာ အရမ်းကို ပျော်ရွှင်ကြည်နူးခဲ့ရတယ်။
အဆုံးသတ်ကျတော့ သူမက အကြီးအကဲနှစ်ယောက်ပြောတာကို ကြားလိုက်ရပြန်တယ်။ “နင် ပိုကြိုးစားဖို့ လိုတယ် ဒီတစ်ခါ နင် တတိယပဲ ရသေးတာ နင့်အစ်ကိုတုန်းကဆို ပထမရခဲ့တာ”
နောက်ထပ် နှိုင်းယှဥ်မှု။
ဒီဟာရဲ့ လွှမ်းမိုးမှုကြီးကို ခံလိုက်ရပြီး နန်ကောရဲ့ အဆင့်တွေဟာ ကျသွားခဲ့တယ်။သူမမိဘတွေဟာ ဆရာမနဲ့ စကားပြောဖို့အတွက် ကျောင်းကို မကြာခဏ အခေါ်ခံရတော့တယ်။
တက္ကသိုလ်၀င်ခွင့်စာမေးပွဲက စာသင်နှစ်တစ်နှစ်သာ လိုတော့တာတောင်မှပဲ နန်ကောမှာ ကောင်းကောင်း စာမလေ့လာနိုင်ခဲ့ရှာဘူး။သူမရဲ့ မိဘတွေဟာ သူမကို ဖိအားတွေလည်း မပေးရဲခဲ့ဘူး။
နောက်ဆုံးကျတော့ နန်ကျဲ့ဟာ အချိန်ကိုက်ပဲ နိုင်ငံခြားပညာတော်သင်ကနေ ပြန်လာပြီး အထက်တန်းကျောင်းနားမှာ တိုက်ခန်းတစ်ခန်း၀ယ်လိုက်တယ်။သူက နန်ကောကို တိုက်ခန်းမှာ နေခိုင်းပြီး သူမကို နေ့တိုင်း စာပြပေးခဲ့တယ်။
နန်ကျဲ့ဟာ အင်တိုက်အားတိုက်နဲ့ သူ့ညီမလေးရဲ့ အဆင့်တွေကို ချောက်ကမ်းပါးအစွန်းကနေ ပြန်ဆွဲခေါ်ပေးခဲ့တယ်။
++++++