အခန်း ၃၁
Vol. 4 Ch. 31
Chapter 31တကယ်လို့ ကိုယ်က မင်းကို တွေ့ချင်တယ်ဆိုရင်ရော
ဧည့်ခန်းထဲမှာ အမွှေးတိုင်လေးတစ်တိုင်ကို ထွန်းထားတယ်။ အဲဒါက အရမ်းလည်း အနံ့မပြင်းဘဲ လေထဲ လွင့်မျောနေပုံရတယ်။ အနံ့က ရှန်ရန်ချင်းရဲ့ အနံ့နဲ့ အရမ်းဆင်တူတယ်။
နန်ကောဟာ အသာအနံ့ရှူလိုက်ပြီး ရှန်ရန်ချင်းအနောက်ကို လိုက်သွားတယ်။ သူ ထောင့်နားက အခန်းထဲကို ၀င်သွားပြီး ပျောက်သွားတာကို နန်ကော ကြည့်နေခဲ့တယ်။
တစ်ဖက်လူက အနားမှာ မရှိတော့တာမို့ သူမမှာ ဘာလုပ်ရမယ်မှန်းမသိ။ ချက်ချင်းပဲ သူမရဲ့ အာရုံကို ဧည့်ခန်းထဲမှာရှိတဲ့ စန္ဒရားတစ်လုံးဆီကနေ ဆွဲဆောင်ခံလိုက်ရတယ်။
သိပ်မကြာဘူး။ ရှန်ရန်ချင်း ပြန်ရောက်လာတယ်။
ခြေသံတွေကို ကြားလည်း နန်ကောဟာ လှည့်မကြည့်ဘဲ “ရှင် စန္ဒရားတီးတတ်တာလား'
“အင်း ဒါပေမဲ့ ကျွမ်းကျွမ်းကျင်ကျင်တော့ မဟုတ်ဘူး” ရှန်ရန်ချင်းဟာ ဆေးသေတ္တာကို စားပွဲပေါ် တင်လိုက်တယ်။ သူက သေတ္တာကို ဖွင့်ရင်းနဲ့ “ကိုယ် ငယ်ငယ်တုန်းက နှစ်အနည်းငယ်လောက် သင်ခဲ့ဖူးတယ်။ ကျောင်းစာတွေနဲ့ အလုပ်ရှုပ်ပြီး ရပ်လိုက်တာ”
“ကိုယ် ဒီကို ပထမဆုံးပြောင်းလာတော့ သူငယ်ချင်းက ဧည့်ခန်းက နေရာလွတ်နေတာပဲဆိုပြီး ပို့ပေးလိုက်တာပဲ။ များသောအားဖြင့် ကိုယ် ထိတောင် မထိဖြစ်ပါဘူး”
“ဒီလိုကိုး” နန်ကောဟာ သူမနားလည်ကြောင်း ဖော်ပြတယ်။
သူမ စန္ဒရားကို ကြည့်နေတာမြင်တော့ ရှန်ရန်ချင်းဟာ သူမရဲ့ အကြည့်နောက်ကို လိုက်ပြီး နောက်ထပ်အနည်းငယ် ထပ်ကြည့်လိုက်တယ်။ “မင်း စန္ဒရားကို ကြိုက်တာလား”
“အိမ်မှာ တစ်လုံးရှိပေမဲ့ ဘယ်လိုတီးရမလဲမသိဘူး”
အဲဒါက သူ့ဟာနဲ့ တစ်ပုံစံတည်းပဲ။ စတိန်းဝေးအမျိုးအစားထင်တာပဲ။
“မိသားစု၀င်တွေထဲရော ကြိုက်တဲ့လူ ရှိလား”
နန်ကောဟာ သေချာတွေးကြည့်လိုက်ပြီး ခေါင်းခါတယ်။ “ကျွန်မအစ်ကို ငယ်ငယ်တုန်းကတော့ သင်ခဲ့ရတယ်။ သူသဘောကျတဲ့ပုံတော့ မပေါ်ပါဘူး”
“ငယ်ငယ်က အစ်ကို စန္ဒရားတီးကျင့်တဲ့အချိန်ဆို ကျွန်မ သူ့ဘေးမှာ ထိုင်ပြီး သူ့အတွက် သံစဥ်စာရွက်လှန်ပေးနေကျ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သူက စန္ဒရားကို တာအိုဘာသာ၀င်လိုလိုဘာလိုလိုနဲ့ တီးတာ။ နားထောင်လို့လည်း မကောင်းပါဘူး”
ဒါဟာ နန်ကော သူမအစ်ကိုအကြောင်းပြောတာ ရှန်ရန်ချင်း ပထမဆုံးကြားရတဲ့အကြိမ်တော့ မဟုတ်ဘူး။
စား၀တ်နေရေးအတွက် ဘာတွေလုပ်ခဲ့လဲလို့ သူမအစ်ကိုကို သူမ မေးကြည့်ဖို့ လုပ်ခဲ့ဖူးသေးတယ်။ သူမဟာ တစ်ခုခုကို စဉ်းစားတွေးတောနေရင်း အကြည့်ကို တစ်ချက်ပြန်ရုတ်လိုက်ပြီး သူ့ကို နှစ်ချက်လှမ်းကြည့်တယ်။
“ဘာဖြစ်လို့လဲ” သူက သူလုပ်လက်စကို ရပ်လိုက်တယ်။
နှစ်စက္ကန့်လောက် တွေးနေပြီးတဲ့အခါမှာတော့ နန်ကောဟာ မေးစေ့ကို ပွတ်ပြီး ပြောတယ်။ “ဘာလို့ အစ်ကို့ကို အဖိုးက အတင်းစန္ဒရားတီးခိုင်းလဲဆိုတာ ကျွန်မ နားမလည်ဘူး သူ့စိတ်နေစိတ်ထားနဲ့လည်း လိုက်နေတာ မဟုတ်ဘူး”
“ကျွန်မ ရှင်စန္ဒရားတီးတာကို မြင်ကြည့်လို့ရတယ်။ အမြင်တင့်တယ်နေလောက်တယ်။ ဒါပေမဲ့ ကျွန်မအစ်ကိုကျတော့...”
ဒီဟာကို တွေးမိတော့ သူမ မတတ်နိုင်ပေမဲ့ ခေါင်းကိုသာ အသွင်သွင်ခါမိတယ်။ သူမ မြင်ယောင်ကြည့်လို့တောင် မရဘူး။
သူမရဲ့ မထီမဲ့မြင်မျက်နှာထားကြောင့် ရှန်ရန်ချင်းဟာ ရယ်ချင်သွားပြီး သူမရဲ့ ဘေးကို ၀င်ထိုင်တယ်။ “ဒါဆို မင်းအစ်ကိုရဲ့ စိတ်နေစိတ်ထားက ဘယ်လိုမျိုးလဲ”
တွေးတောင် တွေးမနေဘဲ နန်ကောဟာ ချက်ချင်းဆိုသလို ပြောလိုက်တယ်။ “လမ်းသရဲစိတ်နေစိတ်ထားလေ”
ရှန်ရန်ချင်း “.....”
နန်ကောဟာ ချဲ့ကားပြောနေတာ မဟုတ်ဘူး။ သူမအစ်ကို နန်ကျဲ့ဟာ တကယ်ကို “တင့်တင့်တယ်တယ်” ဆိုတဲ့ စာလုံးနဲ့ နည်းနည်းလေးမှ မသက်ဆိုင်ဘူး။ သူကြိုးစားမယ်ဆိုရင်တောင်မှ သူ ရှန်ရန်ချင်းလိုမျိုး ခဏတောင် ဟန်ဆောင်နေနိုင်မှာ မဟုတ်ဘူး။
သူ့ကို လမ်းသရဲလို့ပဲ ပြောတာကတောင် သူမက တော်တော်သဘောကောင်းလွန်းနေပြီလို့ ခံစားရတယ်။
ရှန်ရန်ချင်းက ပြုံးလိုက်တယ်။ “မင်းအစ်ကိုက မင်းအပေါ်တော့ အရမ်းကောင်းတယ်မလား”
နန်ကျဲ့ရဲ့ ကွန်ပလိန်းတက်တာတွေကို သူမအမြဲတမ်းကြားရတယ်ဆိုပေမဲ့လည်း အဲဒါကပဲ မောင်နှမနှစ်ယောက်လုံးဟာ ရင်းရင်းနှီးနှီးရှိတယ်ဆိုတဲ့ သက်သေပေါ့။
“ဒါပေါ့” နန်ကောဟာ တုံ့ဆိုင်းမှု မရှိဘဲ ခေါင်းညိတ်လိုက်တယ်။
ဒါက အမှန်ပဲ။
ငယ်ငယ်လေးကတည်းက သူမ တစ်ခုခုလိုချင်ပြီဆိုတာနဲ့ သူမအစ်ကိုက အမြဲ၀ယ်ပေးတတ်တယ်။
အစ်ကိုက အမြဲတမ်း သူမကို ဘာပစ္စည်းမှ ၀ယ်မပေးမှာ မဟုတ်ဘူးလို့ ပြောပေမဲ့ များသောအားဖြင့် နောက်တစ်နေ့ဆို အဲဒီပစ္စည်းက သူမရဲ့ မျက်စိရှေ့ ကျိန်းသေပေါက် ရောက်လာလိမ့်မယ်။
သူမ ကားလိုချင်တယ်လို့ ပြောတုန်းကလိုပေါ့။ သူမအစ်ကိုက သူမရဲ့ ကားမောင်းတဲ့ စကေးက အရမ်းဆိုးဝါးလွန်းတာမို့ သူမရဲ့ကားမောင်းလိုင်စင်ကပဲ အခိုးခံလိုက်ရသလားလို့ သူ သံသယ၀င်မိတယ်ဆိုပြီး ငြင်းတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်နေ့လည်း ရောက်ရော သူ့ကားဂိုဒေါင်က နောက်ဆုံးပေါ် Lamborghini တစ်စီးကို သူမရဲ့ ကျောင်းဆီ ပို့လိုက်တာပါပဲ။
“ကိုယ့်ကို မင်းလက်ပေး”
သူမဟာ သူမရဲ့ အတွေးထဲ အရမ်းနစ်မွန်းလွန်းနေခဲ့တာမှာ ရှန်ရန်ချင်းပြောတာကို မကြားလိုက်ဘဲ မလှုပ်မယှက်နဲ့ ထိုင်နေမိတယ်။
သူမ သတိထားမိတဲ့အချိန်လည်းကျရော တစ်ယောက်ယောက်က သူမလက်ကို ဆုပ်ကိုင်ပြီးသားဖြစ်နေပြီ။ တစ်ဖက်လူရဲ့ လက်ချောင်းလေးတွေဟာ သူမရဲ့ လက်ကောက်၀တ်အတွင်းသားထဲ ညင်ညင်သာသာနဲ့ တိုး၀င်လာတယ်။
ရှန်ရန်ချင်းဟာ သူမရဲ့ လက်အိတ်တွေကို ချွတ်ပေးပြီး ဂရုတစိုက်နဲ့ သူမရဲ့ လက်ကို ရွှေ့တယ်။
သေသေချာချာ စစ်ဆေးပြီး ဒဏ်ရာဟာ သိပ်မကြီးကြောင်း သေချာသွားတော့မှပဲ သူဟာ မသိမသာ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းတစ်ချက်ကို ချလိုက်တယ်။ “ကံကောင်းစွာနဲ့ပဲ မင်း အောက်နားလေးကိုပဲ ခြစ်မိသွားတာ”
သူက စကားပြောလို့ဆုံးတာနဲ့ အရက်ပျံကို ထုတ်ပြီး သူမရဲ့ အနာကို သေသေချာချာ ဂရုတစိုက် သန့်စင်ပေးတယ်။ “ကိုယ် အတတ်နိုင်ဆုံး ဖွဖွလေးလုပ်ပေးမယ်နော်”
“ဟုတ်” နန်ကောက ပြန်ပြောတယ်။
အရက်ပျံဟာ အနည်းငယ် အေးနေခဲ့တယ်။ အနာကို ထိတဲ့အခါ မနာဘူးဆိုပေမဲ့ သူမ အနောက်ကို နည်းနည်းတော့ ကျုံ့မိသွားတယ်။
ရှန်ရန်ချင်းရဲ့ အခြားလက်တစ်ဖက်ဟာ သူမရဲ့ လက်ကောက်၀တ်ကို ကိုင်ထားဆဲပဲ။ သူမရဲ့ ခုခံမှုကို သူခံစားမိတော့ ချက်ချင်းပဲ ရပ်လိုက်ပြီး သူမကို မော့ကြည့်တယ်။ “တော်တော်နာလို့လား”
နန်ကောဟာ ပလုတ်တုတ်ဗုံလိုမျိုး သူမရဲ့ ခေါင်းကို ခါတယ်။
သူမရဲ့ ဒဏ်ရာတွေက အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ သူမ ပြုတ်ကျတုန်းက မသိစိတ်ကနေ သူမကိုယ်သူမ မြေကြီးပေါ်က ရှောင်လိုက်သေးတယ်။ အဲဒါက နည်းနည်းပဲ ခြစ်မိသွားတာပါ။ ပလာစတာနဲ့တင်ပဲ လုံလောက်ပါတယ်။
ဒါပေမဲ့ သူမက မော့ကြည့်လိုက်ပြီး သူမရဲ့ အကြည့်ဟာ သူ့မျက်နှာပေါ် ကျရောက်သွားတယ်။
သူ့ဦးခေါင်းအထက်မှာရှိတဲ့ မီးပန်းက အလင်းရောင်ဟာ သူ့ဘေးမှာရှိတဲ့ မီးအိမ်ဆီက အလင်းရောင်နဲ့ ရောယှက်နေပြီး ညင်ညင်သာသာနဲ့ သူ့ကို လွှမ်းခြုံထားတယ်။
သူဟာ ခေါင်းကို အနည်းငယ်ငုံ့လိုက်တယ်။ သူ့ရဲ့ မျက်ခုံးတွေက တွန့်သွားပြီး သူ့မျက်နှာထားဟာလည်း တည်ကြည်နေတယ်။ သူမရဲ့ ရှုထောင့်ကနေဆိုရင် မျက်တောင်တွေအောက်က သူ့ရဲ့ မျက်လုံးတွေကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။
မထင်မှတ်ထားစွာဘဲ သူမက မေးကြည့်တယ်။ “ရှင်က အနီးအရမ်းမှုန်တာလား”
“အဲဒီလောက်ကြီး မဟုတ်ပါဘူး” ရှန်ရန်ချင်းရဲ့ အာရုံကတော့ သူမရဲ့ လက်ပေါ်မှာပဲ ရှိနေဆဲ။
“အဲဒါဆို ဘာလို့ အိမ်မှာ မျက်မှန်တပ်ထားတာလဲ။ သက်တောင့်သက်သာမရှိဘူး မဟုတ်လား”
“မင်းရဲ့အနာကို သေချာမမြင်ရမှာစိုးလို့”
စက္ကန့်အနည်းငယ်လောက် ကြာတော့ နန်ကောဟာ သူထပ်ပြောတာကို ကြားရတယ်။ “ပဲ့နေတဲ့ ကျောက်တုံးကျောက်စတွေ ဒါမှမဟုတ် ညစ်ပတ်နေတဲ့ အခြားဟာတွေရှိနေရင် ကိုယ် မမြင်လိုက်ဘဲ ဒဏ်ရာကို သေချာ မသန့်ရှင်းပေးနိုင်မှာ စိုးလို့”
ဒါဟာ သူ အိမ်မှာ မျက်မှန်တပ်ထားရတဲ့ အကြောင်းအရင်းလို့ သူမတစ်ခါမှ မတွေးမိလိုက်ဘူး။
သူမကို တံခါးလာဖွင့်ပေးတုန်းက ရှန်ရန်ချင်း မျက်မှန်တပ်မထားတာကို သူမ မှတ်မိသွားတယ်။
သူ ဆေးသေတ္တာကို သွားယူတုန်းက မျက်မှန်ကို တပ်လိုက်တာဖြစ်မယ်။
“မင်းရဲ့ နောက်လက်တစ်ဖက်ကိုလည်း ကြည့်ရအောင်” သူဟာ သူမရဲ့ ဘယ်ဘက်လက်ကို သူမပေါင်ပေါ် ပြန်တင်ပေးလိုက်ပြီး နောက်လက်တစ်ဖက်ကို ယူတယ်။
နန်ကောဟာ မျက်တောင်တစ်ချက်ခတ်ပြီး နာနာခံခံနဲ့ပဲ သူမရဲ့ ညာဘက်လက်ကို သူ့လက်ဖဝါးပေါ် တင်လိုက်တယ်။
ရှန်ရန်ချင်းဟာ အနီးကပ်တစ်ချက်သေချာကြည့်လိုက်ပြီး နောက်ဆုံးမှပဲ သူ့ရဲ့ ကျုံ့နေတဲ့ မျက်ခုံးတို့ဟာလည်း ပြေကျသွားတော့တယ်။ “ဒီလက်က အဆင်ပြေတယ် တခြားနေရာတွေမှာရော အနာတွေ ရှိသေးလား”
နန်ကောဟာ သေချာတွေးတောလိုက်ပြီး ခေါင်းခါပြတယ်။
ဆောင်းရာသီ ရောက်နေတာမလို့ သူမက ထူထဲတဲ့အ၀တ်တွေကို ၀တ်ထားခဲ့တာ။
သူမလက် မြေကြီးပေါ် ကျတုန်းက သူမရဲ့ လက်အိတ်က မြေကြီးနဲ့ ပွတ်မိသွားပြီး သူမလက်ဖဝါးမှာ ခြစ်ရာလေးဖြစ်သွားတာ။
ရှန်ရန်ချင်းဟာ စိုးရိမ်နေတုန်းပဲ။ သူဟာ မေးခွန်းတစ်ခုပြီး တစ်ခုမေးနေဆဲ။ “မင်း ပြန်ထပြီး လှုပ်ရှားလိုက်တုန်းက တခြားတစ်နေရာရာမှာရော နာတာမျိုးရှိလား”
“မင်းအရိုးတွေ ဘာတွေ ကျိုးသွားသေးလား”
“ဟင့်အင်း” အချိန်နည်းနည်းကြာသွားပြီဖြစ်ပြီး သူမခန္ဓာကိုယ်က နာကျင်မှုဟာလည်း ပျောက်သွားတာ ကြာပြီ။
သူမရဲ့ အဖြေကို ကြားပြီး သူမရဲ့ မရေရာမသေချာတဲ့ မျက်နှာထားကို ခြုံကြည့်လိုက်တဲ့အခါ ရှန်ရန်ချင်းဟာ သူမကို ယုံလို့မရဘူးလို့ ထင်မိတယ်။
“ထပြီး နည်းနည်း လမ်းလျှောက်ကြည့်”
“.....” နန်ကောဟာ နားမလည်နိုင် ဖြစ်သွားတယ်။
_____
သူမ အဆင်ပြေတာကို အထပ်ထပ်အခါခါ သေချာအောင် လုပ်ပြီးတော့မှပဲ ရှန်ရန်ချင်းဟာ သူမကို လွှတ်ပေးလိုက်တယ်။
နန်ကောဟာ စားပွဲပေါ်က အော်ဒါကို မြင်ပြီး အရေးကြီးတာတစ်ခုခုကို သတိရသွားတယ်။ “အမ်...ရှင့်အစားအစာတွေက စားလို့ မရတော့ဘူး”
“ကျွန်မ ထပ်မှာပေးရမလား”
“ရှင် မစားချင်တော့ဘူးဆိုရင်လည်း ကျွန်မ ရှင့်ကို ပိုက်ဆံပြန်ပေးပါမယ်”
ရှန်ရန်ချင်းဟာ စားပွဲပေါ်က အော်ဒါကို ကြည့်လိုက်တယ်။ အဲဒါကို မဖွင့်ဘဲ အထဲမှာ ဘယ်လိုပုံစံရှိနေမလဲဆိုတာ သူ ခန့်မှန်းကြည့်လို့ရတယ်။
“ရပါတယ်။ ကိုယ် လေယာဉ်ပေါ်မှာ စားခဲ့တယ်”
“.....” နန်ကောဟာ ခေါင်းကုတ်လိုက်ပြီး ရှုပ်ထွေးသွားတဲ့ မျက်လုံးတွေနဲ့ “ဒါဆို ဘာလို့ အော်ဒါမှာသေးတုန်း”
ရှန်ရန်ချင်းဟာ အရှေ့ကို ကုန်းပြီး ဆေးသေတ္တာကို သေချာစိစစ်ခွဲထုတ်နေတယ်။
သူက ပြုံးပြီး ပြန်ဖြေတယ်။ “ကိုယ် စားပြီးပြီဆိုရင်တောင်မှ ကိုယ် မှာလို့ ရသေးတာပဲ”
နန်ကောဟာ ဂရုတစိုက်နဲ့ တွေးကြည့်လိုက်ပြီး အဲဒါလည်း ဟုတ်တာပဲလို့ ခံစားရတယ်။ “လေယာဉ်ပေါ်က အစားအစာတွေဟာ သေချာပေါက် အရသာမရှိဘူး။ နည်းကလည်း နည်းသေး။ ပြီးတော့ တစ်နာရီ နှစ်နာရီလောက် ကြာနေပြီဆိုတော့ ရှင် ဗိုက်ဆာတာလည်း မဆန်းပါဘူးလေ”
“ရှင်အရမ်းဗိုက်ဆာနေရင် ကျွန်မ အောက်ဆင်းပြီး တစ်ခုခု အရင်သွား၀ယ်ပေးမယ်လေ။ ကျွန်မတို့ စားသောက်ဆိုင်ကတော့ ဒီည နည်းနည်းကြာမယ်...”
“အလုပ်ရှုပ်မခံနဲ့။ ကိုယ် တကယ်တော့ ဗိုက်မဆာပါဘူး”
နန်ကောဟာ လုံး၀ပြောစရာ စကားပျောက်သွားတယ်။ “ရှင် မစားချင်ဘူးဆိုရင် ဘာလို့ အော်ဒါမှာသေးလဲ”
“ကိုယ် အော်ဒါမှာတာနဲ့ပဲ ကိုယ်ဗိုက်ဆာတယ်လို့ မဆိုလိုဘူးလေ” တစ်ဖက်မှာတော့ ရှန်ရန်ချင်းဟာ ဆေးသေတ္တာကို ညင်ညင်သာသာပဲ ပြန်ပိတ်လိုက်တယ်။ ခန္ဓာကိုယ်ကို မတ်ပြီး သူမကို နူးနူးညံ့ညံ့လေး ကြည့်တယ်။
“ကိုယ်က မင်းကို တွေ့ချင်လို့ဆိုရင်ရော”
******