အခန်း ၃၂
Vol. 4 Ch. 32
Chapter 32မင်းရဲ့ ဒရိုင်ဘာဟာ မင်းကို ၀န်ဆောင်မှုပေးဖို့ အဆင်သင့်ပါ။
တကယ်လို့ မင်းကို တွေ့ချင်လို့ဆိုရင်ရော
နန်ကောဟာ သူ့ရဲ့အော်ဒါအကြောင်း စဉ်းစားနေတုန်းဖြစ်တယ်။
ရှန်ရန်ချင်းရဲ့ စကားကို ကြားတော့ သူမဟာ အနည်းယ် အံ့ဩသွားပြီး စက်ပစ္စည်းတစ်ခုလိုမျိုး တောင့်တောင့်ကြီး မော့ကြည့်မိတယ်။
သူ ဘာကိုဆိုလိုတာလဲ သူ နောက်နေတာလား
သူ့ကို အကြာကြီးစိုက်ကြည့်နေပြီးတဲ့နောက်မှာတော့ နန်ကောဟာ နီရဲနေတဲ့ သူမနားရွက်တွေကို ကိုင်ရင်း ကို့ရို့ကားယား ရယ်လိုက်တယ်။ “ဟားဟားဟား...ဒီလိုဆိုမှ ကျွန်မတို့ အချင်းချင်း မတွေ့ရတာ ရက်နည်းနည်းကြာသွားပြီပဲ”
“အင်း” ရှန်ရန်ချင်းဟာ သိနားလည်တဲ့သဘောနဲ့ ပြုံးပြပြီး ဆေးသေတ္တာကို ဧည့်ခန်းထဲက ဗီရိုအကန့်ထဲ ထည့်လိုက်တယ်။ အဲဒီနောက် သူက သူမနဲ့ ဆန့်ကျင်ဘက်မှာ ထိုင်ပြီး သူမရဲ့ တုံ့ပြန်တဲ့အမူအရာကို ကြည့်နေတယ်။
ကောင်မလေးဟာ ဆိုဖာထောင့်မှာ ထိုင်ပြီး သူ့ကို တလက်လက်ထနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။ သူမက တစ်ခုခုကို စဉ်းစားနေရင်း သူမရဲ့ အကြည့်ဟာလည်း အပြောင်းအလဲမြန်တယ်။
သူဟာ အလျင်မလိုပါဘူး။ သူဟာ သူမဆက်ပြောနိုင်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးတယ်။ သူမ ဘာပြောမလဲကို သူကြားချင်တယ်။
“အဲဒီလိုဆိုရင်...”
သူဟာ ၃ ၄မိနစ်လောက် စောင့်နေခဲ့တယ်။ နန်ကောဟာ ရုတ်တရက် အရှေ့ကို တိုးချလာပြီး အသံကို နိမ့်ကာ မေးတယ်။ “အဲဒီလိုဆိုရင် ကျွန်မ တကယ် ပြန်ပေးဖို့ မလိုဘူးပေါ့နော်”
“.....”
အက်ကွဲသံတစ်ခုနဲ့အတူ အခုနကထိ မြင့်တက်နေခဲ့တဲ့ ရီဝေဝေနဲ့ မရှင်းမလင်းလေထုလေးဟာ ချက်ချင်းပဲ ကွဲကြေသွားရရှာတယ်။
ရှန်ရန်ချင်းအတွက် မိန်းကလေးတစ်ယောက်ကို ကြွေမိတာက ဒါပထမဆုံးဖြစ်တယ်။ ဒါပေမဲ့ အမျိုးသားရဲ့ နုနယ်ပြီး ကြေမွလွယ်တဲ့ နှလုံးသားလေးဟာတော့ လေထုလေးနဲ့အတူ ကွဲကြေသွားရရှာပြီ။
“အဲဒါ မဟုတ်သေးဘူး” နန်ကောက ခေါင်းကို ကုတ်လိုက်တယ်။ ဒါနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ သူမခံစားရတာမို့ သူမဟာ သူမကိုယ်သူမ မှန်ကန်အောင် ပြန်ပြင်တယ်။ “ကျွန်မ ဒါအတွက် ပေးရမှာပဲ။ ဒါပေမဲ့ ရှင် ကျွန်မကို မကောင်းတဲ့ ရီဗျူးတော့ မပေးဘူးမလားဟင်”
ရှန်ရန်ချင်းဟာ သူ့ရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းကို ဖွင့်ဟပြီး ခက်ခက်ခဲခဲနဲ့ ပြောတယ်။ “...မပေးပါဘူး”
သူ သူမကို အရင်ကလည်း တစ်ခါမှ မကောင်းတဲ့ရီဗျူး မပေးဖူးပါဘူး။
ပြီးခဲ့တဲ့ရက်တွေထဲ အလုပ်မှာ နေ့တိုင်းဟာ နာရီလက်တံတစ်ချောင်းလိုပဲ။ နေ့လည်စာ ရောက်ပြီဆိုတာနဲ့ သူဟာ သူမအတွက် ချက်ချင်းကို ကောင်းမွန်တဲ့ ရီဗျူးကို ရေးပေးနေကျ။
လတ်တလောမှာ သူမဟာ စာမေးပွဲတွေနဲ့ အလုပ်ရှုပ်နေခဲ့ပြီး အစားအစာ လာမပို့ဖြစ်တော့လို့သာ သူ ဒီရက်ပိုင်း သူမအတွက် ဘာရီဗျူးမှ မရေးပေးဖြစ်တာပါ။
“ကောင်းတယ် ကောင်းတယ်” နန်ကောဟာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တယ်။ သူမက ဖုန်းကို ထုတ်ပြီး အော်ဒါအတွက် ပိုက်ဆံကို သူ့ဆီ ပြန်လွှဲလိုက်တယ်။ “ဒီမှာ လက်ခံလိုက်ပါနော်”
ရှန်ရန်ချင်းဟာ လက်ခံဖို့ စိတ်ကူးမရှိဘဲ မနက်ဖြန်ကျရင် အလိုအလျောက် သူမအကောင့်ထဲ ပြန်ရောက်သွားဖို့ကိုပဲ စောင့်နေဖို့ စီစဉ်လိုက်တယ်။
သူဟာ စကားလမ်းကြောင်း လွှဲလိုက်တယ်။ “မင်း စာမေးပွဲတွေ ပြီးပြီလား။ မနက်ဖြန်ကျ အချိန်ပိုင်း ဆက်လုပ်တော့မှာလား”
“ဟုတ်တယ် မနက်ဖြန်ကျရင် အလုပ်ပြန်ဆင်းတော့မယ်။ ဘာလို့လဲဆိုတော့ အခက်ခဲဆုံး ဘာသာရပ်ကြီး၂ခုကို ပြီးဆုံးသွားပြီလေ။ ကျန်တဲ့ဟာတွေအတွက်က လွယ်တာမလို့ ကျွန်မ ယုံကြည်ချက်ရှိပြီးသား...”
သူမ စကားပြောလို့ မဆုံးခင်မှာဘဲ သူမလက်ထဲက ဖုန်းဟာ ရုတ်တရက် အသံထမြည်လာတယ်။
ရှန်ရန်ချင်းရဲ့ အကြည့်ဟာလည်း ဆွဲဆောင်ခံလိုက်ရတယ်။ သူမဖုန်းစခရင်ပေါ်က ခေါ်ဆိုသူနာမည်ကို ချက်ချင်းပဲ သူမြင်လိုက်တယ်။
အဲဒါက “ရုပ်ဆိုးတဲ့လူတွေဟာ အမြဲပြဿနာတွေ ဖန်တီးတတ်တယ်” တဲ့။
“ကျွန်မ ဒီဖုန်းကို အရင်ကိုင်လိုက်ဦးမယ်နော်” သူမ သူမအစ်ကိုဖုန်းကို ချလို့ မရဘူးလေ။
သူမက ပြောရင်းနဲ့ ဖုန်းကိုင်ဖို့အတွက် ထပြီး လမ်းလျှောက်ထွက်သွားဖို့ ပြင်လိုက်တယ်။
မထင်မှတ်ထားစွာနဲ့ ရှန်ရန်ချင်းဟာ သူမထက် ပိုမြန်သွားတယ်။ သူက သူမလက်ကို ကိုင်ပြီး ထလိုက်တယ်။ “ကိုယ် တစ်ခုခုသွားယူဖို့ သွားလိုက်ဦးမယ်”
ရှန်ရန်ချင်းရဲ့ တွေးတောပေးတတ်မှုအပေါ်မှာ နန်ကောဟာ အထင်ကြီးသွားတယ်။ သူမက ခေါင်းငုံ့လိုက်ပြီး ခေါ်ဆိုသူကို ကြည့်လိုက်တယ်။
သူမက နူးညံ့စွာပဲ သက်ပြင်းချမိတယ်။ ကွာခြားမှုဟာ ကောင်းကင်နဲ့ မြေကြီးလိုပဲ။
“ဟေး”
“နင် ဘယ်မှာလဲ”
နန်ကျဲ့ဘက်က အသံဟာ နည်းနည်းဆူညံနေသလိုပဲ။ သူမဘက်က ပတ်၀န်းကျင်နဲ့တော့ လုံး၀ကို ဆန့်ကျင်ဘက်။
“ငါလား အော်ဒါပို့နေတာ”
“ကျောင်းမှာ မဟုတ်ဘူးပေါ့”
“အင်း” သိသာနေတာပဲဟာကို။
“ကောင်းတယ်။ ငါ့ကို လာကြို”
နန်ကောရဲ့ နှုတ်ခမ်းထောင့်ဟာ တွန့်သွားတယ်။ “သခင်ငယ်လေးနန် ရှင် လန်ဒန်မှာ မဟုတ်ဘူးလား။ ကျွန်မက ပျံလာရမှာလား”
“နင် ကန်းနေလား။ ငါ့ဘက်ကနေ ဘာအသံမှ မကြားရဘူးလား” နန်ကျဲ့ဟာ ဖုန်းကို သူ့နားနားကနေ အဝေးကို ရွှေ့လိုက်တယ်။
နန်ကောဟာ ဖုန်းတစ်ဖက်က ဖရိုဖရဲနဲ့ ဆူညံသံတွေကို နားထောင်ကြည့်လိုက်တယ်။ သူမက ကြေညာချက်တစ်ခုကို မကြားခင်အထိ အကြာကြီးနားထောင်နေခဲ့တယ်။
ကြည့်ရတာ...”နင် ပြည်တွင်းလေဆိပ်ရောက်နေတာလား”
“ဟုတ်တယ် မြန်မြန်လာ ငါ နင့်ကို နာရီ၀က်ပဲ အချိန်ပေးမယ်”
“နန်ကျဲ့ နင်က ကလေးကြီးလား။ နင့်မှာ ကားမရှိဘူးဆိုရင်တောင် တက္ကစီငှားပြန်လို့ မရဘူးလား။ နင်မငှားတတ်ဘူးလို့တော့ မပြောနဲ့နော်!”
“ငါ့ဘ၀မှာ တစ်ခါမှ တက္ကစီ မငှားဖူးတာမို့ ငါ မသိဘူး။ ပြီးတော့...”
“နန်ရော့ရော့ အချိန်ကို ကြည့်စမ်း! ညလယ်ခေါင်ကြီးမှာ နင်က ငါ့ကို တက္ကစီငှားဖို့ ပြောတယ်ပေါ့လေ ငါ မကောင်းတဲ့လူနဲ့ တွေ့မှာကို နင်မကြောက်ဘူးလား”
“ငါ နင့်အစ်ကိုအရင်းပါနော်! ငါသာ တစ်ခုခုဖြစ်သွားရင် နင့်မှာ အစ်ကိုရှိတော့မှာ မဟုတ်ဘူး။ နားလည်လား! နင်က တော်တော်အသည်းနှလုံး မရှိတာဘဲ!”
နန်ကောက “ငါပြောချင်တာက နင်လို အရွယ်ရောက်နေပြီဖြစ်တဲ့ ယောက်ျားလေးတစ်ယောက်က တက္ကစီလေး ငှားစီတာနဲ့ ဘာဖြစ်နိုင်မှာမလို့လဲ”
အသက်ပြင်းပြင်းရှူလိုက်ပြီး သူမက ဆက်ပြောတယ် “ငါ့ကားကို ပြင်ဆိုင် ပို့ထားတယ်”
နန်ကျဲ့ဟာ သူမက အကြောင်းပြချက်ရှာနေတယ်လို့ပဲ ထင်တယ်။ “ကောင်းပြီလေ ငါ့ရဲ့ လုံခြုံရေးက နင့်အတွက် အရေးမကြီးဘူးမလား။ ဒါပေါ့ ငါတက္ကစီငှားလို့ ရတယ်။ ငါ အခုလမ်းလျှောက်ပြန်ဖို့တောင် ၀န်မလေးတော့ဘူး”
“ဒါပေမဲ့ ဖျော်ဖြေပွဲလက်မှတ်တွေ နင့်ဆီ ရောက်ဖို့ကိုတော့ ငါ အာမ မခံနိုင်တော့ဘူး”
“ဖျော်ဖြေပွဲလက်မှတ်တွေ” ဆိုတဲ့ စကားလုံးဟာ နန်ကောရဲ့ ပျော့ကွက်ကို တိုက်ရိုက်သွားထိလေတယ်။ သူမက မတ်တပ်ထရပ်လိုက်တယ်။
“နိုင်ငံတကာ လေဆိပ်လား T3 လား အစ်ကိုကြီး အဲဒီနေရာမှာပဲနေနော် ဘယ်မှ မသွားနဲ့!”
“ငါ တစ်နာရီတောင် မလိုဘူး။ မိနစ်၂၀အတွင်း အဲဒီကို ရောက်နိုင်တယ်။ ငါ အဲဒီကို မကြာခင်ရောက်မယ်!”
“အာ နင် ငါ့ကို လာကြိုမလို့လား။ မလိုဘူး မဟုတ်လား။ ညလယ်ခေါင်ကြီး ငါ ဘယ်လိုလုပ် ငါ့ညီမလေးကို ဒုက္ခပေးရက်ပါ့မလဲ” တစ်ဖက်ကလူဟာ စတင်ပြီး ရွဲ့တော့တယ်။
“ဒုက္ခမဟုတ်ပါဘူး။ ဘယ်လိုလုပ်ဒုက္ခဟုတ်ပါ့မလဲ” နန်ကောဟာ တစ်ချက်ရယ်လိုက်ပြီး “မင်းရဲ့ဒရိုင်ဘာဟာ မင်းအတွက် ၀န်ဆောင်မှုပေးဖို့ အဆင်သင့်ပါပဲ”
“ငါ အခု နင့်ကို ပြည်တွင်းလေဆိပ်မကဘူး။ လန်ဒန်ထိတောင် လာခေါ်နိုင်ပါတယ်။ ငါ စည်းဘောင်တွေကို တရားမ၀င် ကျော်ဖြတ်ရမယ်ဆိုရင်တောင် ငါ နင့်ကို ဒီနေ့ ရအောင် လာခေါ်မှာ”
“ဟန့်”
“ငါ့ကို စောင့်နေနော်!”
“ကောင်းပြီ။ နင်က အရမ်းလာချင်နေတယ်ဆိုတော့လည်း မြန်မြန်လာ ငါ အိပ်ချင်နေပြီ”
“ဟုတ်ပြီ ဟုတ်ပြီ!” နန်ကောဟာ ပြုံးပြီး ဖုန်းချလိုက်တယ်။
ဖုန်းချလိုက်တာနဲ့ သူမရဲ့ အပြုံးဟာ ပျောက်ကွယ်သွားပြီး ဖုန်းထဲကို ခပ်တိုးတိုးလေး ပွားတော့တယ်။ “ငါ့ကို ခြိမ်းခြောက်ဖို့ပဲ သိတဲ့အကောင်! ထွီ!”
အချိန်ကို ကြည့်လိုက်ပြီး သူမဟာ ခပ်မြန်မြန်ပဲ ဖုန်းကို သိမ်းကာ ရှန်ရန်ချင်းကို ရှာလိုက်တယ်။ “ဥက္ကဌရှန်!”
သူမဟာ အထဲကို ၀င်မသွားရဲဘူး။ ဧည့်ခန်းထဲမှာ နေပြီး အထဲကို လှမ်းကြည့်ဖို့ပဲ ရဲတယ်။ “ဥက္ကဌရှန်”
“အင်း” ရှန်ရန်ချင်းဟာ စာလေ့လာနေခဲ့တာ။ သူမအသံကို ကြားတော့ သူထွက်လာတယ်။ “မင်း ဖုန်းပြောလို့ ပြီးပြီလား”
“ဟုတ်တယ် တောင်းပန်ပါတယ် ကျွန်မသွားရတော့မယ် ကျွန်မအစ်ကိုကို လေဆိပ်မှာ သွားကြိုရမယ်”
“အဲဒါဆို ကိုယ် လိုက်ပို့ပေး...”
“ဟင့်အင်း ရတယ်!” နန်ကောဟာ သူမရဲ့ ကုတ်အင်္ကျီနဲ့ လက်အိတ်တွေကို ကောက်၀တ်လိုက်တယ်။
“ရှင် အခုမှ ပြန်ရောက်တာမလား ရှင် ကောင်းကောင်းအနားယူသင့်တယ် ရှင့်ကိုယ်ရှင် ဒုက္ခခံဖို့ မလိုပါဘူး!”
အခုချိန်မှာ နန်ကောစဉ်းစားနိုင်တာဆိုလို့ ဖျော်ဖြေပွဲလက်မှတ်တွေပဲ ရှိတယ်။ ရှန်ရန်ချင်းကို နှုတ်ဆက်ပြီးတော့ သူမဟာ ရှန်ရန်ချင်းဆီက တုံ့ပြန်တာကိုတောင် မစောင့်ဘဲ ပြေးထွက်သွားတယ်။
ရှန်ရန်ချင်း သူမအနောက်ကို လိုက်သွားတဲ့အချိန်ကျတော့ သူမက ဓာတ်လှေကားထဲတောင် ၀င်နေပြီ။
ဓာတ်လှေကားတံခါးဟာ ဖြည်းညင်းစွာ ပိတ်သွားတယ်။ နောက်ဆုံးအချိန်လေးမှာ သူမဟာ တက်တက်ကြွကြွနဲ့ သူ့ကို လက်ဝှေ့ယမ်းပြလိုက် သေးတယ်။ “ဘိုင့်-ဘိုင် မနက်ဖြန် တွေ့ကြမယ်!”
ရှန်ရန်ချင်းဟာ ဖြည်းဖြည်းချင်း လေရှူထုတ်လိုက်ပြီး သူမကို ပြုံးပြတယ်။ “မနက်ဖြန် တွေ့ကြမယ်”
_____
နန်ကောဟာ သူမရဲ့လျှပ်စစ်စကူတာနဲ့ သူမအစ်ကိုရဲ့ တိုက်ခန်းဆီသွားတယ်။ အဲဒီနောက် လှေကားပေါ် အလွယ်တကူတက်သွားတယ်။
သူခိုးတစ်ယောက်လိုမျိုး သူမဟာ လျှို့ဝှက်နံပါတ်ကို နှစ်ကြိမ်တိတိနှိပ်ပြီး အောင်မြင်စွာနဲ့ အထဲကို ၀င်သွားတယ်။
အ၀င်၀နားက ဗီဒိုထဲ မွှေနှောက်ပြီးတဲ့အခါမှာတော့ သူမဟာ ကြုံရာ Porsche သော့တစ်ခုကို ကောက်ယူလိုက်ပြီး မြေအောက်ထပ်ကို တစ်ဟုန်ထိုး ပြေးဆင်းသွားတယ်။
လမ်းတစ်လျှောက်လုံး သူမဟာ အမြန်ဆုံးသောနှုန်းနဲ့ နိုင်ငံတကာလေဆိပ်ကို ရောက်လာတယ်။
ဖုန်းကောလ်ကို လက်ခံရရှိပြီးတော့ နန်ကျဲ့ဟာ ထွက်လာပြီး ပတ်ပတ်လည်ကို ကြည့်ကြည့်တယ်။ ဒါပေမဲ့ သူဟာ သူ့မှတ်ဉာဏ်ထဲ ရင်းနှီးနေတဲ့ Lamborghini ကို မမြင်မိဘူး။
ဒါပေမဲ့ ဆန့်ကျင်ဘက်ခြမ်းမှာ ရှိတဲ့ Porsche 911 ကတော့ နည်းနည်းလေး ရင်းနှီးနေသလိုပဲ။
သူဟာ မျက်မှောင်ကြုံ့လိုက်ပြီး သူ့ခရီးဆောင်အိတ်နဲ့အတူ အနားကို လျှောက်သွားလိုက်တယ်။ အခုမှ ပိုတောင် ရင်းနှီးလာသလိုပဲ။
ပိုပြီးဆိုးတာက ဒီလိုင်စင်နံပါတ်ပြားက တစ်ခုခုပဲဆိုပေမဲ့ သူ သေချာမမှတ်မိနိုင်ဘူးဖြစ်နေတယ်။
သူဟာ ကားမောင်းသူနေရာကို လျှောက်သွားလိုက်ပြီး ကားပြတင်းပေါက်ကို ခေါက်ကြည့်လိုက်တယ်။
ချက်ချင်းပဲ ကားပြတင်းပေါက်ဟာ ဖြည်းဖြည်းချင်း လျှောကျသွားပြီး တစ်ယောက်သောသူဟာ သူ့ကို အပြုံးလေးတစ်ပွင့်နဲ့ နှုတ်ဆက်တယ်။
နန်ကျဲ့ “.....” ကောင်းပြီ။ ဒါဟာ သေချာပေါက် သူ့ကားဖြစ်နေတာပဲ!
******