← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

Chapter 33 ကြီးကျယ်တဲ့ ကတိတွေ ပေးပြီ။

“ငါတို့ နောက်ဆုံးတွေ့ခဲ့တာ ဘယ်နှစ်ရက်မှ မရှိသေးတာကို နင်က ကားတောင် ဘယ်လိုခိုးရမလဲသိနေပြီပဲ။ နန်ရော့ရော့!”

သူ့လက်နဲ့ တရစပ်တောက်နေတာကြောင့် နာကျင်နေတဲ့ သူမရဲ့ နဖူးလေးကို နန်ကောဟာ လက်နဲ့ကာပြီး ရှောင်လိုက်တယ်။ “ငါ့ကားကို ပြင်ဆိုင်ပို့ထားတယ်လို့ နင့်ကို ငါမပြောလိုက်ဘူးလား”

နန်ကျဲ့ဟာ လက်ပိုက်ပြီး ဟက်ခနဲ တစ်ချက်ရယ်လိုက်တယ်။ “နင် ငါ့အိမ်ရဲ့ လျှို့ဝှက်နံပါတ်ကို ဘယ်လိုသိတာလဲ။ အရင်တစ်ခေါက်က ခိုးကြည့်ထားတာလား”

“မဟုတ်ဘူး” နန်ကောဟာ ရှက်ကိုးရှက်ကန်းနဲ့ နှာခေါင်းကို ပွတ်လိုက်ပြီး “ငါ့ဟာငါ လျှောက်နှိပ်ကြည့်ပြီး ပွင့်သွားတာ”

“အပိုတွေ!”

သူမမှာ ရွေးချယ်စရာမရှိဘဲ အမှန်တိုင်းပြောဖို့သာ ရှိတော့တယ်။ “နင်က အဲဒီလောက်ကြီး အစွန်းရောက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ လျှို့ဝှက်နံပါတ်က နင့်မွေးနေ့နဲ့ အရပ်ဖြစ်နေတာပဲ”

“ငါ ၁၈၄ ကို အရင်နှိပ်ကြည့်ပေမဲ့ မှားတယ်ဆိုလို့ ၁၈၅ ကို နှိပ်ကြည့်လိုက်တာ”

သူမက ပြောနေရင်းနဲ့ ခေါင်းကို အနည်းငယ်ပြူထွက်လာပြီး သူ့ကို စပ်စပ်စုစုနဲ့ ခေါင်းစခြေဆုံးကြည့်တယ်။ “နင်လူပျိုဖော်၀င်ပြီးပြီမဟုတ်ဘူးလား နင် ကယ်လ်စီယမ်ဆေးတွေ သောက်နေတာလား။ ဘယ်လိုလုပ် ၁၈၅ဖြစ်လာတာလဲ”

နန်ကျဲ့ဟာ ချက်ချင်း ခွန်းတုံ့ပြန်တယ်။ “ငါက အမြဲ ၁၈၅ပါနော်! မဟုတ်သေးဘူး ငါက ၁၈၅.၇!”

ဒါကို ကြားတော့ နန်ကောပုံစံကြည့်ရတာ သံသယ၀င်နေပြီး သူ့ကို မယုံကြည်မှန်း အရမ်းသိသာတယ်။ “ညစာစားပွဲတက်ဖို့ နင် လန်ဒန်ကို သွားတာမဟုတ်ဘူးလား နင် အဲဒီမှာ ဟော်မုန်းဆေးတွေဘာတွေ ထိုးလာတာတော့ မဟုတ်ပါဘူးနော်”

“...ပါးစပ်ပိတ်ပြီး အိတ်သယ်ဖို့ ဆင်းလာခဲ့လိုက်တော့!”

နန်ကောဟာ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူ့ခရီးဆောင်အိတ်ကို အထဲကို သယ်ဖို့ ကားတံခါးကို တွန်းဖွင့်လိုက်တယ်။ အဲဒီနောက် သူမဟာ တစ်ချိန်လုံး ကောင်းမွန်တဲ့ ၀န်ဆောင်မှုသဘောထားနဲ့အတူ သူ့အတွက် ခရီးသည်ထိုင်ခုံတံခါးပေါက်ကို ဖွင့်ပေးတယ်။

ကားထဲရောက်တော့လည်း သူမဟာ သူ့ကို ရေတစ်ဗူးလက်ဆင့်ကမ်းဖို့ကိုလည်း ‌မမေ့ဘူး။

သူမက သီးသန့်၀န်ဆောင်မှုပေးတဲ့ ဒရိုင်ဘာနဲ့တောင် ပိုတူသေး။

လေဆိပ်ကနေ ထွက်လာတော့ နန်ကောဟာ သူ့ကို သိချင်စိတ်နဲ့ ကြည့်လာတယ်။ “နင် ဘာလို့ အစောကြီး ပြန်လာတာလဲ နင့်မှာ အရေးကြီးတာတစ်ခုခုတက်ဖို့ ရှိလို့လား”

နန်ကျဲ့ဟာ နှစ်သစ်ကူးပွဲတော်ကိစ္စအကြောင်း ထည့်ပြောမနေတော့ဘူး။ သူဟာ လက်မှတ်တစ်စောင်ကို ထုတ်ပြီး အလယ်မှာ ထားလိုက်တယ်။ “ဒါကို အရေးကြီးတယ်လို့ ထည့်တွက်လို့ရလား”

ချက်ချင်းပဲ နန်ကောရဲ့ မျက်လုံးတွေဟာ လင်းလက်သွားတယ်။ “ရက်စ် ရက်စ် ရက်စ်!”

“ကျေးဇူးပါ အစ်ကိုကြီး!”

“ကျစ်” နန်ကျဲ့ဟာ သူ့ရဲ့ ခေါင်းကို လှည့်လိုက်ပြီး ပြတင်းပေါက်မှန်ပေါ် လေးတိလေးကန်နဲ့ မှီလိုက်တယ်။ “ငါ နင့်အတွက် အိမ်ပြန်ရောက်မှ လက်မှတ်၀ယ်ပေးဖို့ စီစဥ်ထားတာ။ ဒါပေမဲ့ တစ်နေ့က စားသောက်ဆိုင်တစ်ဆိုင်မှာ ငါထိုင်စားနေတုန်း သူတို့ရဲ့ မန်နေဂျာနဲ့ တိုးလိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ'

“အော် ဟုတ်သားပဲ။ သူတို့က ခရီးသွားနေတာဆိုတော့ သူတို့ အဲဒီကို ရောက်နေမှာပေါ့”

မီးနီနေတာကို အခွင့်ကောင်းယူကာ နန်ကောဟာ ဘရိတ်နင်းထားပြီး လက်မှတ်ကို ခပ်မြန်မြန်ပဲ အနီးကပ်သေချာယူကြည့်တယ်။ “ပထမတန်း!”

ဒီခုံအတွက် ပြန်ရောင်းလက်မှတ်ဈေးဟာ ဒေါ်လာ၂သိန်းကျော်တယ်။

“အာဟာ” နန်ကျဲ့က လေးနက်စွာ ပြောလာတယ်။ “ဖျော်ဖြေပွဲပြီးတဲ့အချိန်က ၁၁နာရီထိုးလောက်ရှိလိမ့်မယ်။ အဲဒီနေ့ကျရင် ငါ့တိုက်ခန်းမှာ လာနေလို့ရတယ်”

“ဟင်း...မလိုပါဘူး။ ငါ စောစောပြန်ဖို့ လုပ်ထားတယ်။ ဒီတော့ ငါအဆုံးထိ စောင့်ကြည့်စရာမလိုတော့ဘူးလေ”

“နင့်မှာ လက်မှတ်ရပြီးပြီပဲကို အဆုံးထိ မကြည့်ဘူးလား”

“ငါ ညစာစားပွဲအတွက် အချိန်မမီမှာ စိုးလို့”

“ဘာလို့ စားဖို့ကို အဲဒီလောက်သောကရောက်နေတာလဲ။ အရင်က ဗိုက်ပြည့်အောင် တစ်ခါမှ မစားဖူးဘူးလား။ နင်မသွားဘဲနေရင် ငတ်သေမှာမလို့လား”

နန်ကောဟာ ဆွံ့အသွားတယ်။

ဒါက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ အကြောင်းအရာလဲ

“ငါ ပြန်မသွားရင် အဖိုးနဲ့အဖွားက မပျော်မှာစိုးလို့ပါ”

“နင် လုပ်ချင်တာသာ လုပ်စမ်းပါ” နန်ကျဲ့ဟာ မေးတစ်ဖက်ထောက်လိုက်ပြီး သူမကို လှမ်းကြည့်တယ်။ “ဘာလို့ အများကြီးတွေ လျှောက်တွေးနေတာလဲ ကောင်မစုတ်လေးရဲ့”

“သူတို့ ပျော်တာမပျော်တာကို ဘာလို့ ဂရုစိုက်နေတာလဲ။ နင်ကိုယ့်နင် ပျော်အောင်ထားဖို့ပဲ လိုတယ်”

“နင့်ကို လက်မှတ်ကောင်းကောင်းပေးဖို့ ငါ့အတွက် လွယ်နေတာ မဟုတ်ဘူးနော်။ နင်ဖျော်ဖြေပွဲတစ်ခုလုံးကို ကြည့်ရမယ် မဟုတ်ရင် ငါ လက်မှတ်ကို အခုချက်ချင်း ပြန်ရောင်းပစ်လိုက်မယ်!”

“ဟင့်အင်း မလုပ်ပါနဲ့!” နန်ကောဟာ လက်မှတ်ကို သူမအိတ်ကပ်ထဲ ထည့်လိုက်တယ်။ “ငါသေချာပေါက် အဆုံးထိကြည့်ပါမယ်။ အဲဒါကို မကြည့်လည်း ဘယ်သူမှ ဘာမှမပြောကြလို့ ငါက ဒီတိုင်း...ဒါက အကြံကောင်းမဟုတ်ဘူးထင်လို့ပါ”

“ဘာက မကောင်းတာ” နန်ကျဲ့ဟာ သူ့လက်တွေကို ယှက်လိုက်ပြီး သူမကို ခပ်တင်းတင်း ကြည့်တယ်။ “အဆုံးထိ ကြည့်ရုံတင်မကဘူး။ ဆယ်လ်ဖီတွေ အများကြီးဆွဲပြီး လိုင်းပေါ်လည်း တင်ရမယ်။ ဘယ်သူ့ကိုမှ မဘလော့ထားနဲ့! ကြားလား”

“အဲဒါဆို ငါ့၀မ်းကွဲတွေနဲ့ ဒေါ်လေးက တွေ့ပြီး အဖိုးနဲ့ အဖွားကို သွားပြောမှာပေါ့။ သူတို့မေးတဲ့အခါကျ ငါက ဘယ်လိုဖြေရမှာလဲ”

အဖိုးနဲ့အဖွားသာ သိသွားရင် သူတို့တွေ ‌ဒေါသထွက်ကြလိမ့်မယ်။

နန်ကောရဲ့ဘ၀ဟာ သူမအစ်ကိုအပေါ်မှာ အရမ်းမူတည်နေပြီ။ သူမရဲ့ မေတ္တာရပ်ခံနေတဲ့ မျက်လုံးလေးတွေဟာ နန်ကျဲ့ကို အကြံဉာဏ်ကောင်းပေးဖို့ တောင်းဆိုနေသလိုပဲ။

‌မမျှော်လင့်ထားစွာဘဲ သူမ အစ်ကိုဟာ လက်ကို ‌ခါယမ်းလိုက်ပြီး ပြောတယ်။ “နင် ဘာတွေပြောနေတာလဲ သူတို့အကုန်လုံးကို ဘလော့ပြီး ဖျက်ပစ်လိုက်လေ!”

နန်ကောဟာ ဆွံ့အသွားတယ်။ သူမအစ်ကိုဟာ အနည်းငယ်ပုန်ကန်နေတုန်းဆိုတာ သူမသိတယ်။

မီးစိမ်းသွားတဲ့အခါ သူမဟာ ကားကို ဆက်ပြီး မောင်းတယ်။

နန်ကောဟာ မောင်းနေရင်းနဲ့ သက်ပြင်းချတယ်။ “ကိစ္စမရှိပါဘူး။ ငါ ပုံတွေ မတင်ခင် သူတို့ကို ဘလော့ထားလိုက်မယ်။ မဟုတ်ရင် နွေဦးပွဲတော်ညစာစားပွဲကျရင် ဒီအကြောင်းကို ဆွဲထည့်လာကြဦးမှာ”

အရင်ကလည်း အကြိမ်ရေမနည်း ဖြစ်ခဲ့ဖူးတယ်။

နွေဦးပွဲတော်ကျ ပြန်လည်ဆုံစည်းပွဲရယ်၊ မိသားစု၀င်တွေ ထိုင်ပြီး အတူတူစားကြ၊ စကားပြောကြမှာရယ်ကို စဉ်းစားမိရုံနဲ့တင် နန်ကောမှာ ခေါင်းတွေ ကိုက်ခဲလာတယ်။

ဒါဟာ နှစ်တိုင်း သူမ အမုန်းဆုံးအရာတစ်ခုပဲ။ အထူးသဖြင့် လွန်ခဲ့တဲ့၂နှစ်က နန်ကျဲ့ မရှိတုန်းကပေါ့။

နန်ကျဲ့ဟာ ဒေါသတကြီးနဲ့ “ငါသေပြီလို့ ထင်နေတာလား”

“တစ်ယောက်ယောက်က နင့်ကို မကောင်းပြောရဲရင် စိတ်မပူနဲ့။ ငါ စားပွဲတစ်ပွဲလုံးကို တုံ့ဆိုင်းမနေဘဲ မှောက်ခုံလှန်ပစ်လိုက်မှာ”

“ဘယ်သူပြောလဲဆိုတာ ငါဂရုမစိုက်ဘူး။ တစ်ယောက်‌ယောက်က နင့်ကို ပညာလာပြရဲရင် သူတို့ နင့်အတွက် ခက်ခဲနေအောင် လုပ်လာလို့ကတော့ သူတို့အတွက်လည်း လွယ်ကူမနေအောင် ငါ သေချာပေါက်လုပ်ပစ်လိုက်မယ်”

တကယ်လို့ လူတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိုင်ပြီး ညစာစားဖို့ကို ငြင်းဆိုကြမယ်ဆိုရင် ဘယ်သူကမှ စားသောက်နေကြမှာ မဟုတ်တော့ဘူး။

သူမအစ်ကိုဟာ ကြွားလုံးထုတ်နေတာ မဟုတ်ဘူးဆိုတာ နန်ကောသိတယ်။ ဘာလို့လဲဆိုတော့ ဆင်တူတဲ့အရာတွေကို သူလုပ်ခဲ့ဖူးလို့ပဲ။

သူမ ငယ်ငယ်တုန်းက သူမတစ်ယောက်တည်း အဖိုးရဲ့အိမ်ကို သွားဖူးခဲ့တယ်။ အဲဒီတုန်းက သူမအစ်ကိုဟာ စန္ဒရားပြိုင်ပွဲ ၀င်ပြိုင်နေခဲ့တာမို့ သူမနဲ့အတူ မလိုက်နိုင်ခဲ့ဘူး။

အဲဒီတုန်းက သူမရဲ့၀မ်းကွဲတစ်ယောက်လည်း ရှိခဲ့တယ်။ သူက သူမနဲ့ ကစားနေရင်း သူမကို တုံးအတယ်လို့ လှောင်ပြောင်ခဲ့ပြီး နှောင့်နှေးတဲ့လူဆိုပြီးလည်း ပြောဆိုခဲ့သေးတယ်။

သူမဟာ ငိုမိတဲ့အထိ အရမ်းစိတ်တိုသွားတယ်။ အဖိုးနဲ့အဖွားကို သူမ သွားတိုင်ပေမဲ့ အဖိုးနဲ့အဖွားဟာ သူမရဲ့၀မ်းကွဲဘက်ကနေပဲ ရပ်တည်ခဲ့တယ်။

အဖွားက သူမရဲ့၀မ်းကွဲဟာ စနောက်နေရုံပဲဖြစ်ပြီး ငိုစရာဘာအကြောင်းမှ မရှိဘူးဆိုပြီးပြောခဲ့တယ်။

နောက်တော့ သူမအစ်ကိုဟာ ဒီကိစ္စအကြောင်းကို သိသွားတယ်။

သူမအစ်ကိုနဲ့ သူမ၀မ်းကွဲဟာ နှစ်တန်းကွာပေမဲ့ သူတို့ဟာ တစ်ကျောင်းတည်းမှာပဲ။

အစ်ကိုဟာ အတန်းပြီးတော့ သူမ၀မ်းကွဲကို ခေါ်ပြီး လျှောက်လမ်းမှာ တက်နင်းထားကာ ရိုက်နှက်ခဲ့တယ်။ သူမ၀မ်းကွဲရဲ့ သွားတစ်ချောင်းကျိုးသွားတယ်။

ဒီကိစ္စကြောင့် သူမတို့မိသားစုနဲ့ သူမဒေါ်လေးရဲ့ မိသားစုဟာ နှစ်နဲ့ချီပြီး အဆက်အသွယ်မလုပ်ကြတော့ဘဲ ဆက်ဆံရေးဟာလည်း တင်းမာသွားခဲ့တယ်။

ဒီအကြောင်းကို တွေးမိပြန်တော့ နန်ကောရင်ထဲ ကြည်နူးသွားမိတယ်။ ဒီတော့ သူမဘက်ကပဉ အရင်စပြီး နှစ်သစ်အတွက် ဘာလက်ဆောင်လိုချင်လဲလို့ သူ့ကို မေးလိုက်တယ်။

“ငါ လစာရရင် နင့်အတွက် ၀ယ်ပေးမယ်!”

နန်ကျဲ့ဟာ မျက်ခုံးပင့်လိုက်ပြီး “အရင်နှစ်တွေကလည်း နင် ကြီးကြီးကျယ်ကျယ်ကတိတွေပေးတာပဲ ဒါပေမဲ့လည်း ငါ မျှော်နေလိုက်ပါမယ်”

“ဒီတစ်ခါ ငါအတည်ပြောနေတာ”

“ငါ နင့်ကို ပေးတဲ့လစာနဲ့ ငါ့အတွက် လက်ဆောင်၀ယ်ပေးမယ်ဆိုတာကို အတည်လို့ ပြောနေတာလား”

“.....”

ဟင်း...။

“ဒါပေမဲ့ ငါ့မှာ အခြားနေရာက ပိုက်ဆံမရဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့လုပ်လို့ ငါရတာပဲလေ”

“ဘာပဲဖြစ်ဖြစ်” နန်ကျဲ့ဟာ စိတ်မ၀င်စားဟန်နဲ့ လက်ခါပြတယ်။

“အိုကေ ငါ နင်ဘာလိုနေလဲဆိုတာ မသိဘူး”

“အဲဒါဆိုလည်း ဘာမှ ပေးမနေနဲ့”

“ဟင့်အင်း ဒါက ငါရဲ့ပထမဆုံးလစာပဲ ငါနင့်အတွက် အရင်ဆုံး တစ်ခုခု ၀ယ်ပေးရမယ်။ ငါပထမဆုံး၀ယ်တဲ့ လက်ဆောင်ဟာ နင့်အတွက်ပဲ ဖြစ်ရမယ်!”

နန်ကျဲ့ဟာ ဘာမှတော့ လိုအပ်မနေပါဘူး။ ဒါပေမဲ့ သူမ ဒီလိုပြောတာကို ကြားရတော့ သူ့မှာ ချက်ချင်း ရင်ထဲထိသွားရတယ်။

“နင် တကယ်အရွယ်ရောက်လာပြီပဲ။ ငါ့အတွက်တောင် အတော်လေးဂရုစိုက်ပေးနေပြီ”

သူဟာ အကျေကြီးနပ်နေတယ်။ “ဟုတ်ပါပြီ နင့်အတွက်လည်း မလွယ်ဘူးဆိုတာ ငါသိပါတယ် နင် ငါ့ကို ဈေးကြီးတာမျိုး ပေးဖို့ မလိုဘူး W က နက်ကတိုင်ပဲ ၀ယ်ပေး”

“သူတို့ဆီမှာ ဈေးအပေါဆုံးတစ်ခုက ဒေါ်လာ၄၀၀၀ကျတယ်ရော်” နန်ကောဟာ နည်းနည်းလေး ဈေးကြီးနေတယ်လို့ ခံစားရပြီး ပြောပြလိုက်တယ်။

“နင် ဒေါ်လာ၄၀၀၀လောက်တောင် မတတ်နိုင်ဘူးလား” နန်ကျဲ့ဟာ သေအံ့ဆဲဆဲ နာမကျန်းတဲ့ လူနာတစ်ယောက်လိုမျိုး အသက်ပြင်းပြင်းတစ်ချက် ရှူပြီး မတ်မတ်ထိုင်လိုက်တယ်။ သူက မေးတယ်။ “ဒါဆို နင့်မှာ ပိုက်ဆံဘယ်လောက်ရှိတာလဲ”

“နည်းနည်းလေး နည်းတယ်”

“ဒေါ်လာ၃၀၀၀”

“မဟုတ်သေးဘူး”

“ဒီတော့ ဘယ်လောက်လဲလို့”

“၄...၄၀၀”

“.....”

******

All Chapters