အခန်း ၄၀
Vol. 4 Ch. 40
Chapter 40 ငါက လိုချင်တပ်မက်တာပါ။
နောက်ဆုံးမှာတော့ နန်ကောဟာ အံကို ကြိတ်ကာ နက်ကတိုင်ကို ဆိုင်မပိတ်ခင် အမှီ၀ယ်လိုက်တယ်။
လျှပ်စစ်စကူတာစီးပြီး ရှန်ရန်ချင်းတိုက်ခန်းဆီ သွားနေတဲ့လမ်းမှာ သူမဟာ တောက်လျှောက်သက်ပြင်းချနေမိတော့တယ်။
ဒီတစ်ခါ တစ်လလုံး အလုပ်လုပ်ပြီး ဘာမှ မကျန်တော့ဘူး။
လ၀က်လောက်နီးနီး သူမအလုပ်ရှုပ်ခဲ့တာ။ ဒါပေမဲ့ အခုတော့ တစ်ပြားမှ မကျန်တော့ဘူး။
သူမရဲ့ ပြောင်သလင်းခါနေတဲ့ ပိုက်ဆံအိတ်အကြောင်း တွေးမိတော့ နန်ကောဟာ နှာခေါင်းတရှုံ့ရှုံ့နဲ့ သနားစရာကောင်းတယ်လို့ ခံစားရတယ်။
သူမ မီးပွိုင့်မိပြီး စောင့်နေတုန်းကဆို လမ်းဘေးက ယာဉ်ထိန်းရဲက သူမစိတ်ညစ်နေမှန်း သတိထားမိပြီး လာတောင် နှစ်သိမ့်သွားသေးတယ်။
“အဆင်ပြေပါတယ် စီးပွားရေးတွေက ကောင်းနေမဟုတ်ပါဘူး လူတိုင်းအတွက် အလုပ်လုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး စား၀တ်နေရေးအတွက်လည်း ခက်ခဲကြပါတယ် ၀မ်းမနည်းပါနဲ့!”
“မင်းက ငယ်ပါသေးတယ်! မင်း နောက်ထပ်၂နှစ်လောက် အော်ဒါလိုက်ပို့လိုက်မယ်ဆိုရင် ဒီစကူတာကနေ ကားကို ပြောင်းလဲနိုင်မှာပါ!”
နန်ကော “.....”
ယာဉ်ထိန်းရဲ သူမကို လာမနှစ်သိမ့်ပေးခင်အထိ သူမ တကယ်တော့ ငိုချင်မနေခဲ့ဘူး။
သူမပိုက်ဆံအတွက် ၀မ်းနည်းတယ်ဆိုပေမဲ့ သူမ မငိုပါဘူး။
သူမဟာလည်း ဂုဏ်သိက္ခာကို အလေးထားတဲ့လူတစ်ယောက်ပါ။
ဒါပေမဲ့ ယာဉ်ထိန်းရဲရဲ့ နှစ်သိမ့်ပေးတဲ့ စကားတွေကို ကြားပြီးတဲ့အခါမှာတော့ သူမ မျက်ရည်တွေဟာ ရုတ်တရက် ကျလာတော့တာပဲ။
“ဝူးဝူး ကားကို မပြောင်းနိုင်ခင်အထိ ငါက ဘာလို့ နောက်ထပ်၂နှစ်ကြီးတောင် အော်ဒါလိုက်ပို့နေရဦးမှာလဲ”
သေစမ်း!
သူမရဲ့ ငိုကြွေးခြင်းဟာ ဘေးက ယာဉ်ထိန်းရဲကို လန့်သွားစေတယ်။
“အာ...” တစ်ဖက်လူဟာ ကူကယ်ရာမဲ့စွာနဲ့ ခေါင်းကိုသာ ကုတ်မိတယ်။ အခုလေးတင် သူမှားတာတစ်ခုခုတော့ မပြောမိခဲ့ပါဘူး။
၂နှစ်က အဲဒီလောက် မကြာပါဘူး။ ဟုတ်တယ်မလားဒီခေတ်လူငယ်တွေ အကုန်လုံး အစိုးရိမ်လွန်တတ်ကြတာလား
_____
နာရီ၀က်ကြာတော့ နန်ကောဟာ ဖြည်းဖြည်းချင်း ရှန်ရန်ချင်းရဲ့ တိုက်ခန်းဆီ ရောက်သွားတယ်။
သူမဟာ လက်နဲ့ မျက်နှာကို သုတ်လိုက်တယ်။
အဆင်ပြေပါတယ်လေ။ အားတင်းထား!
သူမ မှားသွားတဲ့တစ်ခုကိုသာ ပြန်ပေးလိုက်ရင် သူမမှာ ဒေါ်လာ၅၀၀၀လောက်တော့ ကျန်နေဦးမှာ။
သူမ HP အတွက် သွေးကျန်ရင် ကျန်နေဦးမှာ။
ဓာတ်လှေကားရှေ့ရောက်တော့ သူမဟာ လျှို့ဝှက်နံပါတ်ကို နှိပ်၊လက်ဗွေနှိပ်လိုက်ပြီး အပေါ်ကို ချောချောမွေ့မွေ့ပဲ တက်သွားတယ်။
လက်တလော နန်ကောဟာ ဒီကို အစားအစာလာပို့ဖြစ်နေတာမို့ သူမ အဆင်ပြေဖို့အတွက် မကြာခင်ကပဲ ရှန်ရန်ချင်းဟာ သူမရဲ့လက်ဗွေကိုပါ ထည့်ထားတာဖြစ်တယ်။
တံခါးဘဲလ်ကို နှိပ်ပြီးတော့ နန်ကောဟာ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်ပြီး သူမမျက်နှာပေါ်က လည်စည်းကို ဆွဲချလိုက်တယ်။ သူမဟာ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တယ်။
တစ်မိနစ်ကြာသွားပေမဲ့ တံခါးဟာ ပွင့်မလာဘူး။ ပင်ကွင်းပေါက် ခေါင်းပြူပြီး တံခါးနား ကပ်ကြည့်လိုက်တယ်။ ခဏလောက် တုံ့ဆိုင်းနေပြီးတဲ့နောက် သူမဟာ နောက်တစ်ကြိမ် ဘဲလ်ထပ်တီးကြည့်လိုက်တယ်။
အချိန်အတော်ကြာတဲ့အထိ ဘယ်သူကမှ ထွက်မလာတာကို မြင်တဲ့အခါ သူမဟာ အချိန်ကို တစ်ချက်ကြည့်လိုက်တယ်။
၉ခွဲပဲ ရှိသေးတာ။ သေချာပေါက် သူအိပ်ဦးမှာတော့ မဟုတ်ဘူး။
သူမလာတုန်းက သူမပိုက်ဆံတွေအတွက် ၀မ်းနည်းနေတာနဲ့ ရှန်ရန်ချင်းကို ကြိုအသိပေးထားဖို့ မေ့သွားတယ်။
ဝီချက်ကို ဖွင့်ပြီး သူမအမြန်မေးလိုက်တယ်: [ဟယ်လို ရှင် အခုအိမ်မှာ မရှိဘူးလား]
ပြန်စာ ချက်ချင်း ရောက်မလာခဲ့ဘူး။
သူမဟာ ဘေးဘက်ကို ရွှေ့လိုက်ကာ နံရံနား ထိုင်ချလိုက်ပြီး စာဆက်ရိုက်တယ်: [ကျွန်မ နက်ကတိုင်မှားယူသွားတာ။ ဒါပေမဲ့ အစ်ကိုကလည်း အဲဒီနက်ကတိုင်ကို ကြိုက်တယ်။ ]
[ကျွန်မ ဆိုင်ကို ပြန်သွားပြီး အသစ်တစ်ခုထပ်၀ယ်ပေးမလို့ဘဲ။ အဲဒီတစ်ခုက ရောင်းကုန်သွားပြီ။ အဲဒီဟာနဲ့ ဆင်တဲ့တစ်ခုကိုပဲ ၀ယ်လာလိုက်တယ်။ ]
[မပူပါနဲ့။ နည်းနည်းလေး ဒီဇိုင်းကွာသွားတာကလွဲရင် ဒီတစ်ခုက ပိုပြီး ကောင်းပါတယ်!]
စာအချို့ကို ပို့လိုက်ပေမဲ့ အဆုံးသတ်ကျတော့ သမုဒ္ဒရာအောက်ထဲ ပစ်ချခံလိုက်ရသလို ပြန်စာတစ်စိမှ ရောက်မလာဘူး။
သူ နေ့လည်ကလည်း အလျင်စလိုထွက်သွားသေးတယ်။ သူ အလုပ်ရှုပ်နေတာပဲဖြစ်ရမယ်။
ဒါကို တွေးမိတော့ နန်ကောဟာ ထလိုက်ပြီး မနက်ဖြန်မှပဲ ပြန်လာမယ်လို့ ဆုံးဖြတ်လိုက်တယ်။
တစ်ချိန်တည်းမှာပဲ သူမအနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ အဲဒါဟာ တံခါးတွန်းဖွင့်ခံလိုက်ရတဲ့ အသံဖြစ်တယ်။
“မင်းက”
“.....” သူမအနောက်ကနေ မိန်းကလေးအသံတစ်သံကို ကြားလိုက်ရတဲ့အခါ နန်ကောဟာ ကြောင်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်တယ်။
တံခါးအရှေ့မှာတော့ အမျိုးသမီးတစ်ယောက်ဟာ ညအိပ်၀တ်စုံတစ်ထည်နဲ့ တံခါးကို မှီထားတယ်။ ကြည့်ရတာ အိပ်နေရာကနေ အနှိုးခံလိုက်ရတာမို့ စိတ်မရှည်နေတဲ့ပုံမျိုး။ သူမရဲ့ ပျင်းရိလေးတွဲမှုနဲ့ ရင့်ကျက်မှုဟာ သူမအရှေ့က ပင်ကွင်းပေါက်ရဲ့ မရင့်ကျက်မှုနဲ့ ယှဉ်ရင် ဆန့်ကျင်ဘက်ပဲ။
နန်ကောဟာ ဖြည်းဖြည်းချင်း အသက်ရှူနေပြီး သူမစိတ်ထဲ ဗလာဖြစ်သွားတယ်။
အမျိုးသမီးဟာ သူမကို အပေါ်အောက်ကြည့်ပြီး ပဟေဠိဖြစ်သွားပုံရတယ်။ “မင်း ဘယ်သူ့ကို ရှာနေတာလဲ”
“အာ ကျွန်မ ဥက္ကဌရှန်ကို ရှာနေတာပါ”
“အော် ရှန်ရန်ချင်း” အမျိုးသမီးဟာ သန်းလိုက်ပြီး ပြောတယ်။ “သူမရှိဘူး မင်းက ဘယ်သူလဲ မင်း သူ့ဆီက တစ်ခုခုလိုတယ်ဆိုရင် ငါ့ကို ပြောထားခဲ့လို့ ရတယ်”
“ကျ-ကျွန်မ...” နန်ကောဟာ သူမလက်ထဲက အိတ်ကို တစ်ချက်ငုံ့ကြည့်လိုက်တယ်။ အချိန်တစ်ခုလောက်အထိ သူမဟာ ဒါနဲ့ ပတ်သတ်ပြီး ဘယ်လိုရှင်းပြရမှန်းမသိဘူး။
အမျိုးသမီးဟာ သူမအကြည့်နောက်လိုက်ကြည့်ပြီး ရယ်တယ်။ “သူ့တိုက်ခန်းထိ လိုက်လာရလောက်တဲ့အထိ သူ့ကို အဲဒီလောက်တောင် ကြိုက်တာလား”
“ကောင်းပြီ ငါ့ကို ပေး ငါ မင်းအတွက် သူ့ကို ပေးပေးမယ် ဒါနဲ့ မင်းနာမည်က ဘာလဲ သူ မင်းကို မှတ်မိနေအောင် ငါအကောင်းဆုံးကြိုးစားပေးမယ်”
နန်ကောက တုံ့ပြန်တယ်။ “ဟမ်”
အမျိုးသမီးဟာ နန်ကောဆီ လက်လှမ်းလာရင် မတော်တဆ သူမရဲ့ လက်သည်းနဲ့ နန်ကောရဲ့ လက်ကို ခြစ်မိပြီး အနီရောင်အမှတ်သားကို ကျန်စေတယ်။
နန်ကောဟာ နာသွားတာမို့ အလိုလိုလက်ကို ပြန်ရုတ်ပြီး ရှောင်လိုက်တယ်။
“ဟင့်အင်း ရပါတယ် ကျွန်မ မနက်ဖြန်မှ ပြန်လာခဲ့မယ်”
ဒါကို ကြားတော့ အမျိုးသမီးဟာ ဓာတ်လှေကားက ပုံမှန်လိုမျိုး လူတိုင်းသုံးလို့ မရဘူးဆိုတာကို မှတ်မိသွားတယ်။ ဒီတော့ သူမဟာ သိချင်စိတ်နဲ့ မေးလိုက်တယ်။ “မင်း ဒီကို ဘယ်လိုတက်လာတာလဲ”
“ဓာတ်လှေကားနဲ့” သူမတို့အနောက်က ဓာတ်လှေကားကို နန်ကောညွှန်ပြလိုက်တယ်။
အမျိုးသမီးက “ငါတို့ ဒီကို တက်လာဖို့ လျှို့ဝှက်နံပါတ်နဲ့ လက်ဗွေမလိုဘူးလား”
“ကျွန်မ ဥက္ကဌရှန်ရန်ချင်းဆီ အရင်က အော်ဒါပို့ဖူးပါတယ်...”
“ဒလီသမားလား” အမျိုးသမီးဟာ အံ့အားသင့်သွားတယ်။ သူမဟာ နန်ကောကို ခေါင်းစခြေဆုံး စိစစ်ကြည့်လိုက်တယ်။
သူမရဲ့ အ၀တ်အစားနဲ့ အရောင်အဝါကို ကြည့်ရသလောက်တော့ ဒလီသမားနဲ့ မတူပါဘူး။
နန်ကောဟာ သူမကို ကြည့်နေတဲ့အကြည့်ကို မကြိုက်ဘူး။ သူမဟာ အသာခါးကိုင်းလိုက်ပြီး ပြောတယ်။ “ကျွန်မ ရှင့်ကို နှောင့်ယှက်ရတာတော့ တောင်းပန်ပါတယ် ဥက္ကဌရှန် မရှိဘူးဆိုတော့ ကျွန်မသွားလိုက်တော့မယ်”
“နှုတ်ဆက်ပါတယ်”
သူမမှာ ထွက်ပြေးမိလုနီးနီး။
နေ့လည်က နန်ကောနဲ့ ခွဲပြီးကတည်းက ရှန်ရန်ချင်းဟာ တိုက်ခန်းကို ပြန်မလာခဲ့ဘူး။
အစည်းအဝေးပြီးသွားတော့မှပဲ သူ့မှာ ဖုန်းကြည့်ဖို့ အချိန်ရှိတော့တယ်။
“ဥက္ကဌရှန် နောက်ကျနေပြီရော် တစ်ခုခုအရင်စားမလား ဒီအချိန်ဆို ကန်တင်းမှာတော့ ဘာမှ မကျန်လောက်တော့ဘူး ကျွန်တော် အော်ဒါမှာပေးမယ်လေ”
လက်ထောက်ယွမ်ဟာ သူ့အနောက်က လိုက်နေရင်း မေးတယ်။
သူစကားဆုံးတာနဲ့ သူ့အရှေ့က လူဟာ ချက်ချင်းရပ်တန့်သွားတယ်။
“ဥက္ကဌရှန်”
ရှန်ရန်ချင်းဟာ လက်ကို မြှောက်ပြီး သူ့ကို ခဏစောင့်ဖို့ အချက်ပြတယ်။
သူဟာ အသံခလုတ်ကို နှိပ်လိုက်ပေမယ့် ဘယ်သူကမှ ဖုန်းမကိုင်ဘူး။
“ငါ့ကို Star Bay ကို တစ်ချက်ပြန်လိုက်ပို့ဖို့ ကောင်းကို ပြောလိုက်”
၁ဝမိနစ်ကြာတော့ ရှန်ရန်ချင်းဟာ ကားထဲမှာ ထိုင်ပြီး နန်ကောဆီ တည်ငြိမ်လေးနက်နေတဲ့ မျက်နှာထားနဲ့ စာပို့လိုက်တယ်။
[ခုနက ကိုယ်အစည်းအဝေးတက်နေတာ။ ကိုယ်စာကို မတွေ့လိုက်ဘူး။ တောင်းပန်ပါတယ်။ ]
[မင်းရှိသေးလား]
[ကိုယ်အခုပြန်နေပြီ။ ကိုယ် အဲဒီကို မိနစ်၂၀အတွင်း ရောက်မှာ။ ]
_____
အပေါ်ထပ်ကို ရောက်တော့ ရှန်ရန်ချင်းဟာ လစ်ဟာနေတဲ့ လျှောက်လမ်းကို ကြည့်ပြီး လေးလံစွာ အသက်ရှူထုတ်လိုက်တယ်။
သူလျှို့ဝှက်နံပါတ်ကို ထည့်မလို့ဘဲရှိသေး တံခါးဟာ အထဲကနေ ပွင့်သွားတယ်။
ရှန်ရန်ချင်းဟာ နည်းနည်းအံ့ဩသွားတယ်။
သူအစကတော့ နန်ကောလို့ ထင်သွားတာ။
ဒါပေမဲ့ ပြန်တွေးကြည့်တော့ နန်ကောအတွက် ၀င်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
“နင်ပြန်လာပြီပဲ”
“.....” တံခါးနားက လူကို တွေ့လိုက်တော့ ရှန်ရန်ချင်းဟာ မျက်မှောင်ကြုတ်လိုက်တယ်။ “နင် ဘာလို့ ဒီရောက်နေတာလဲ”
“ငါအခုမှ ဒီနိုင်ငံကို ပြန်ရောက်တာ သွားစရာနေမရှိလို့ နင့်ဆီ လာနေမလို့”
အမျိုးသမီးဟာ သူ၀င်လို့ရအောင် ဖယ်ပေးတယ်။
ရှန်ရန်ချင်းဟာ မသိစိတ်ကနေ ဧည့်ခန်းထဲကို ကြည့်မိတယ်။ ဘာမှ မရှိဘူး။
သူ့ရဲ့ စိတ်ပျက်သွားတဲ့ မျက်နှာထားကို မြင်တဲ့အခါ အမျိုးသမီးဟာ လက်ပိုက်ပြီး သိချင်စိတ်နဲ့ မေးလိုက်တယ်။ “နင့်မျက်နှာထားက ဘာဖြစ်တာလဲ”
“တစ်ယောက်ယောက် ငါ့ကို လာရှာသွားသေးလား ဘယ်သူလဲ”
“ကောင်မလေးတစ်ယောက် ဒီလောက်လောက် ရှည်တယ်” သူမက လက်ကို မြှောက်ပြီး ပုံဖော်ပြတယ်။ “သူက ဆံပင်နှစ်ဖက်ခွဲစီးထားတာ”
“သူ့မှာ မျက်လုံးဝိုင်းဝိုင်းတွေ ရှိလား”
“အာဟာ ဟုတ်တယ် သူလာသွားတယ်”
“သူ ဘယ်မှာလဲ”
“ပြန်သွားပြီလေ”
“ဘာလို့ ခေါ်မထားတာလဲ”
“သူပြောတာတော့ သူက ဒလီသမားတဲ့လေ ငါက ဘာလို့ ခေါ်ထားရမှာလဲ”
ရှန်ရန်ချင်း “.....”
“ငါ့ကို ဘာလို့ အဲဒီလိုကြီး ကြည့်နေတာလဲ”
“ငါ ဒါကို မပြောချင်ပေမဲ့လည်း ဘာလို့ မိန်းကလေးတွေအများကြီး နင့်ကို ကြိုက်ကြတာလဲဟေ ဒလီမိန်းကလေးကတောင်မှ နင့်ကို လိုချင်တပ်မက်နေတယ်”
ရှန်ရန်ချင်းဟာ သူမရဲ့ လေသံကို မကြိုက်ဘဲ သူမကို ချက်ချင်းဖြတ်ပြောလိုက်တယ်။ “မှားနေပြီ ငါက လိုချင်တပ်မက်တာ”
++++++