အခန်း ၆၄
Vol. 7 Ch. 64
Chapter 64 နင့်ကြည့်ရတာ ရူးနေသလိုပဲ။
“.....” ယွီတစ်ယောက် အံ့ဩတကြီး ပါးစပ်ကို အုပ်လိုက်ပြီး ရှန်ရန်ချင်းကို အားမနာတမ်း သေချာကြည့်နေတော့တယ်။
အထက်တန်းလွှာအသိုင်းအဝိုင်းထဲ ရှန်ရန်ချင်းပေါ်လာတယ်ဆိုတာ ရှားတယ်။
သူဟာ တက္ကသိုလ်တက်နေတုန်းဖြစ်ပြီး အပြင်လောကကြီးအကြောင်း သိပ်မသိသေးဘူး။ ရှင်းရှင်းပြောရရင်တော့ သူဟာ အခွင့်ထူးခံမိသားစုတစ်ခုက အားယားပြီး အလုပ်လုပ်စရာမလိုသေးတဲ့ ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်ဖြစ်နေတုန်းပဲ။
ဒါကြောင့် သူလိုလူမျိုးတွေ ရှန်ရန်ချင်းနဲ့ တွေ့ဖို့အခွင့်အရေးဆိုတာ ပိုတောင်နည်းသေး။
တစ်လျှောက်လုံး သူဟာ ဟွားရှန်အဖွဲ့အစည်းအကြောင်းကို သိသင့်သလောက်သိပြီး ရှန်ရန်ချင်းနဲ့ ပတ်သတ်ပြီးလည်း ကြားဖူးတာတွေတော့ ရှိတယ်။ ဒါပေမဲ့ သူ့ကို လူကိုယ်တိုင်တော့ သူတစ်ခါမှ မတွေ့ဖူးဘူး။
သူတို့ ဘားမှာ ပထမဆုံးတွေ့ဖူးတုန်းက အကြောင်းကို ပြန်တွေးကြည့်ရင် သူ့အရှေ့က အမျိုးသားဟာ ထူးခြားတဲ့အရောင်အဝါတစ်ခုခု ရှိနေခဲ့တာ။
အဲဒီတုန်းက သူဟာ အတော်လေးမရေရာ မသေချာနဲ့ ပဟေဠိဖြစ်နေခဲ့တာ။ အခုတော့ သူ အဖြေကို ရသွားပြီ။
ယွီဟာ စိတ်လှုပ်ရှားစွာ တံတွေးမြိုချကာ လေသံတိုးတိုးနဲ့ ရေရွတ်တယ်။ “သေစမ်း ငါ ဒီတစ်ခါတော့ တကယ့်အစစ်ကြီးကို မြင်ရတာပဲ!”
နန်ကောဟာ ဆွံ့အသွားတယ်။ သူဘာကို ဆိုလိုတာလဲ?
“ဟယ်လို အိုင်ဒေါ” ယွီဟာ တက်တက်ကြွကြွနဲ့ သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။ “ကျွန်တော် အမြဲ ဟွားရှန်အဖွဲ့အစည်းကို အားပေးနေတာ ကျွန်တော်က သစ္စာရှိဖန်ပါ! ကျွန်တော့်မိသားစုမှာ ခင်ဗျားကုမ္ပဏီလက်အောက်က စမတ်ထုတ်ကုန်တွေ ရှိပါတယ်!”
“အခု ခင်ဗျားအတွက် အဆင်ပြေလား? ကျွန်တော့်အိမ်ကို အခုလိုက်ကြည့်ပါလား?”
နန်ကောရဲ့ နှုတ်ခမ်းထောင့်ဟာ ခပ်ကြမ်းကြမ်း လှုပ်ခတ်သွားတယ်။ “...နင် ရူးနေလား?”
“ဝေးဝေးသွား နင်ဘာသိလို့လဲ?” ယွီဟာ နန်ကောကို တွန်းလိုက်ပြီး ရှန်ရန်ချင်းရဲ့ လက်ကို ကိုင်လိုက်တယ်။ လွှတ်ပေးဖို့ အစီအစဉ်လည်း ရှိပုံမပေါ်။ “ကျွန်တော် တကယ် ခင်ဗျားကို ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး ဟားဟားဟားဟား”
တစ်ဖက်လူဟာ ရုတ်တရက်ကြီး ဒီလောက်တက်ကြွလာလိမ့်မယ်လို့ ရှန်ရန်ချင်း မထင်ထားမိဘူး။ သူက အသာခေါင်းညိတ်ပြကာ “ကျွန်တော် ဒီည တစ်နေရာရာ သွားဖို့ ရှိလို့ပါ အဆင်မပြေလောက်ဘူး”
ယွီဟာ တစ်ခုခုကို တွေးမိသွားပုံရတယ်။ သူဟာ နန်ကောကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ “အာ ကျွန်တော်နားလည်ပါတယ် ကျွန်တော် နားလည်တယ်”
သူဟာ ပြောနေရင်းနဲ့ လက်ကို လွှတ်ပေးလိုက်ပေမဲ့ အင်တင်တင်ဖြစ်နေတုန်း။ “ကောင်းပါပြီ ကျွန်တော် ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး ဒါပေမဲ့...ကျွန်တော့်ကို လက်မှတ်လေး ထိုးပေးလို့ရမလားဟင်?”
“.....” နန်ကောဟာ လက်ကို မြှောက်ကာ မျက်လုံးတွေကို ကာလိုက်တယ်။ အရမ်းရှက်ဖို့ကောင်းလွန်းတယ်။ သူမ မကြည့်နိုင်တော့ဘူး။
သူမဟာ တိတ်တဆိတ်ပဲ ဘေးဘက်ကို လျှောက်သွားပြီး ယွီနဲ့ ခပ်ခွာခွာနေလိုက်တယ်။
သူတို့ အတူတူလာတာ မဟုတ်ဘူး။ အချင်းချင်းလည်း မသိဘူး။ ကျေးဇူး။
နောက်ဆုံး ယွီကို လိုက်ပို့ပြီးတဲ့နောက်မှပဲ နန်ကော စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်တော့တယ်။
“သူရူးနေတာမဟုတ်ဘူး” သူမဟာ ရှန်ရန်ချင်းကို ကြည့်ပြီး ကို့ရို့ကားယားနဲ့ ရှင်းပြတယ်။ “သူ ရှင့်ကို မလိမ်ပါဘူး သူ့မိသားစုမှာ တကယ်လည်း ဟွားရှန်အဖွဲ့အစည်းရဲ့ ထုတ်ကုန်တွေ ရှိတယ်”
ရှန်ရန်ချင်းဟာ စော်ကားခံရတာမျိုး မခံစားရဘဲ မေးပဲ မေးကြည့်လိုက်တယ်။ “မင်းတို့က ငယ်သူငယ်ချင်းတွေလား?”
နန်ကောဟာ ခေါင်းညိတ်တယ်။ “သူက ကျွန်မထက် တစ်နှစ်ပဲ ကြီးတာ ဒီတော့ သူငယ်တန်းကတည်းကနေ အထက်တန်းအထိ ကျွန်မနဲ့ ကျောင်းအတူတူပဲ ကျွန်မတို့က အတူတူကြီးပြင်းလာတာလို့ ပြောလို့ရတယ်”
“အော် ဟုတ်သားပဲ သူ စစချင်း ပြောခဲ့တဲ့ဟာက...”
ဒီဟာကြောင့် သူမဟာ ခေါင်းကုတ်ပြီး ပြောစရာစကားပျောက်သွားတယ်။
“အမ် သူ ကျွန်မကို ပြောတာ မဟုတ်ဘူး အဲဒါ ကျွန်မအစ်ကို”
“အစ်ကိုနန်” နဲ့ နန်ကောဟာ အသံထွက် နည်းနည်းဆင်တယ်လေ။ သူမ သူ့မကောင်းကြောင်း ပြောနေတယ်လို့ ရှန်ရန်ချင်းထင်သွားမှာကို သူမ တကယ်ကြောက်နေခဲ့တာ။
“သူက ကျွန်မအစ်ကိုရဲ့ နောက်လိုက်လေ သူက အမြဲ ကျွန်မအစ်ကိုကို 'အစ်ကိုနန်' လို့ ခေါ်တာ”
“ကိုယ်သိပါတယ်” ရှန်ရန်ချင်းဟာ ပြုံးလိုက်တယ်။
သူ စစချင်း ကြားတုန်းကတော့ တကယ်အံ့ဩသွားတာ။ ဒါပေမဲ့ နန်ကောဟာ အဲဒီလိုစကားလုံးမျိုးတွေ ပြောမှာ မဟုတ်ဘူးဆိုတာ သူသိပြီးသား။
အဲဒီဟာက သူမအစ်ကိုရဲ့ ပြောပုံဆိုပုံနဲ့သာ ပိုပြီးဆင်တာ။
“အာ ကျွန်မအစ်ကို တခြားဘာကိုမှ ဆိုလိုချင်တာ မဟုတ်ပါဘူး သူ ရှင်နဲ့ ပတ်သတ်ပြီး တစ်ခုခုအထင်လွဲနေတာဖြစ်မယ်”
“ရပါတယ်” သူဟာ အလွန်တရာကိုမှ နားလည်ပေးပြီး ရှည်ရှည်ဝေးဝေးလည်း စစ်ဆေးမနေဘူး။
ယွီဆီကနေ အနှောင့်အယှက်ခံလိုက်ရပြီးတဲ့နောက် နန်ကောရဲ့စိတ်ဟာ ချက်ချင်းကြည်လင်သွားတယ်။
အခုလေးတင်ရှိခဲ့တဲ့ မရှင်းမလင်းနဲ့လေထုဟာလည်း ပျောက်ကွယ်သွားတယ်။
ရှန်ရန်ချင်းဟာ အချိန်ကို ကြည့်လိုက်ပြီး သူမကို ပြန်လိုက်ပို့ပေးမယ်လို့ ကမ်းလှမ်းတယ်။
ကားဟာ လမ်းဘေးမှာပဲ ရပ်လို့ရတယ်။ နန်ကောဟာ ခါးပတ်ကို ဖြုတ်လိုက်ပြီး သူ့ကို လှည့်နှုတ်ဆက်လိုက်တယ်။ “အဲဒါဆို ကျွန်မအရင် ပြန်တော့မယ်နော် ဘေးကင်းကင်းနဲ့ မောင်းပါ”
ရှန်ရန်ချင်းဟာ သူမထွက်သွားတာကို မကြည့်ချင်တာမို့ သူမနဲ့အတူ ကားထဲက ထွက်လာတယ်။
သူမနဲ့ ဆန့်ကျင်ဘက်က တံခါးပိတ်သံကို ကြားတော့ နန်ကောဟာ မော့ကြည့်ပြီး နားမလည်နိုင်ဖြစ်သွားတယ်။
ရှန်ရန်ချင်းဟာ ကားကို ပတ်ကာ သူမနား လျှောက်လာပြီး နူးညံ့စွာ ပြောတယ်။ “ကိုယ် အထဲထိ လိုက်ပို့ပေးမယ်”
“အလုပ်ရှုပ်မခံပါနဲ့ ကျွန်မ ကိုယ့်ဟာကိုယ် ပြန်လို့ရပါတယ်” နန်ကောဟာ လမ်းကို တစ်ချက်ပြန်ကြည့်လိုက်ပြီး “နီးနီးလေးရယ်”
“ဒီက လမ်းမီးတွေက ဟောင်းပြီး အမြဲချွတ်ယွင်းနေတာ ကိုယ် လိုက်ပို့ပေးပါမယ် သိပ်မှ မဝေးတာ”
“ရှင်...”
“ဒီလိုမှ ကိုယ် စိတ်ပူတာလျော့မှာ” သူဟာ သူမကို ဖြတ်ပြောလိုက်ပြီး တုံ့ဆိုင်းမှုမရှိ လှမ်းကိုင်လိုက်တယ်။ “သွားကြမယ်”
နန်ကောဟာ ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီး သူ့လက်ကို ညင်ညင်သာသာလေး ကိုင်လိုက်တယ်။
ရှန်ရန်ချင်းဟာ ပြုံးပြီး အရှေ့ကို လျှောက်နေရင်း သူမလက်ကို ကိုင်ထားတယ်။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးဖြစ်နေတဲ့အချိန် နန်ကောဟာ သူ့ကို မော့မကြည့်ရဲဘူး။ သူမရဲ့ စိတ်ခံစားမှုအတက်အကျတွေကို တစ်ဖက်လူ ရှာတွေ့သွားမှာ စိုးရိမ်လို့။
ရှန်ရန်ချင်းဟာ သူမကို သူမအိမ်အထိ လိုက်ပို့ပေးတယ်။
သူ့အရှေ့က တံခါးကို ကြည့်ပြီး သူ ညင်ညင်သာသာပဲ သူမလက်ကို တစ်ချက်ညှစ်ပြီး လွှတ်ပေးတယ်။
သူလက်လွှတ်ပေးလိုက်တာနဲ့တစ်ပြိုင်နက် ပင်ကွင်းပေါက်ဟာ မသိစိတ်ကနေ လေကို ကိုင်မိပြီး တိတ်တိတ်လေး လက်ကို ပြန်ရုတ်လိုက်တယ်။
ရှန်ရန်ချင်းဟာ လှည့်ပြီး “အထဲ၀င်ပြီး စောစောနားတော့”
“အိုး ဟုတ်ပြီ” နန်ကောဟာ သူမရဲ့ ပန်းရောင်၀က်ပူဖောင်းကို ဆွဲထားပြီး တံခါးကို တွန်းဖွင့်လိုက်တယ်။
သူမဟာ တွန့်ဆုတ်ခြင်းမရှိ ထွက်သွားခဲ့တယ်။
သူမတံခါးခုံနားရောက်တော့ သူမအနောက်ကနေ သက်ပြင်းချသံတစ်သံ ရုတ်တရက် ထွက်လာတယ်။ အဲဒါက ကြည့်ရတာ စနေသလိုလိုပေမဲ့ သေချာနားထောင်ကြည့်ရင် မကျေနပ်သံလေး နည်းနည်းပါနေတယ်။ “မင်း ကိုယ့်ကို တကယ်ကြီး ကောင်းသောညပါလို့ မပြောတော့ဘူးလား?”
“!” နန်ကောရဲ့ ဝိညာဥ်ဟာ အခုမှ ခန္ဓာကိုယ်ထဲ ပြန်ရောက်လာပုံ။ သူမဟာ အလျင်စလို အနောက်ပြန်လှည့်လိုက်တယ်။ “ကျွန်မ...ကျွန်မ မေ့သွားတာ!”
“အာ့ဆို အခုရော?” ရှန်ရန်ချင်းဟာ သူမကို စိတ်ရှည်ရှည်နဲ့ လမ်းကြောင်းပေးရှာပါတယ်။ “မင်း အခုပြောမှာလား?”
သူဟာ စိတ်မဆိုးပါဘူး။ အဲဒီအစား သူ့မျက်လုံးထဲ အလင်းရောင်လေးဟာ ထူးထူးခြားခြား နူးညံ့ပြီး တောက်ပနေတယ်။
သူဟာ အရမ်းကို စိတ်ရှည်တတ်တဲ့ ဆရာတစ်ယောက်ဖြစ်ပြီး နာခံတတ်တဲ့ ကျောင်းသူလေးနဲ့ လာတွေ့တာပဲ။
နန်ကောဟာ လက်မြှောက်ကာ သူ့ကို နူးညံ့စွာ ဝှေ့ယမ်းပြတယ်။ “ကောင်းသောညပါ!”
“ကောင်းသောညပါ” သူမရဲ့ လှုပ်ရှားမှုလေးကို သူအတုခိုးလိုက်တယ်။ သူဟာ အိတ်ကပ်ထဲကနေ လက်ကို ထုတ်ပြီး လေထဲမှာ နူးညံ့စွာ ဝှေ့ယမ်းပြတယ်။
_____
နန်ကော အိမ်ပြန်ရောက်တော့ သူမ မားကို ဂါရ၀ပြုကာ သူမအခန်းထဲ ၀င်ပုန်းပြီး အကြာကြီးတည်ငြိမ်အောင် လုပ်လိုက်ရတယ်။
သူမ လက်ကောက်၀တ်က ပူဖောင်းကို ဖြည်လိုက်တယ်။ အဲဒါဟာ ညင်သာစွာ လေထဲလွင့်နေခဲ့ပြီး မျက်နှာကျက်နား သွားကပ်တယ်။
နန်ကောဟာ အိပ်ရာပေါ် လှဲချလိုက်ကာ ပန်းရောင်၀က်လေးကို စိုက်ကြည့်လိုက်တယ်။
စက္ကန့်အနည်းငယ်ကြာတော့ သူမဟာ ဖုန်းကို ထုတ်လိုက်ပြီး အခုလေးတင် ရိုက်လာတဲ့ ပုံကို ကြည့်လိုက်တယ်။ သူမဟာ ပုံကြီးချဲ့ပြီး သေချာဂရုတစိုက်ကြည့်နေတယ်။
ကင်မရာရှေ့မှာ သူမဟာ တကယ်ကိုပဲ တုံးအတဲ့ ပင်ကွင်းပေါက်လေးတစ်ကောင်နဲ့တူတယ်...
သူမဟာ ကင်မရာရှိတဲ့ဘက်ကို ကြောင်တောင်တောင်နဲ့ ရှက်ရှက်ရွံ့ရွံ့နဲ့ ကြည့်နေခဲ့တာ။ သူမရဲ့ အတွေးတွေအကုန်လုံးကို သူမမျက်နှာပေါ်မှာ ရေးထားတယ်။
ယှဥ်ကြည့်လိုက်ရင် ရှန်ရန်ချင်းဟာ လုံး၀တည်ငြိမ်နေရော!သူ့မျက်နှာထားဟာ တစ်ချိန်လုံး မပြောင်းလဲသွားဘူး...
သူမဟာ မျက်နှာကို အုပ်ပြီး အိပ်ရာပေါ် လှိမ့်လိုက်တယ်။ သူမ မနေနိုင်ဘဲ ညည်းတွားအော်ဟစ်မိတော့တယ်။
ဘာလို့ သူမ အလွယ်တကူနဲ့ ရှက်နေခဲ့တာလဲ?!
ဒါက သူမကို အရူးနဲ့ တူစေတယ်!
“ဝူးဝူးဝူး! ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ?!”
“ရော့ရော့?” မငြိမ်မသက်နဲ့ အသံကို ကြားတော့ သူမမားက တံခါးလာခေါက်တယ်။
“ဟမ်?”
နန်ကောဟာ နည်းနည်းလန့်သွားတယ်။
သူမက စောင်ကို ဖက်လိုက်ပြီး “သ-သမီး အိပ်နေပြီ!”
“...အော် အိုကေ”
သူမမား ထွက်သွားတာနဲ့ ယွီဟာ သူမကို ဖုန်းခေါ်လာပြီး ရှန်ရန်ချင်းနဲ့အတူ ရှိနေသေးလားလို့ မေးတယ်။
“ဟင့်အင်း ငါအိမ်ပြန်ရောက်နေပြီ” ဒီအကြောင်းကို ပြောမိတော့ နန်ကောဟာ ထထိုင်ပြီး ဆူပူလိုက်တယ်။ “ခုနက နင် ရူးသွားတာလား?”
“ရှန်ရန်ချင်းကို တွေ့တာ မသိရင် နင့်အဖေအရင်းကို ရှာတွေ့တာကျနေတာပဲ”
“နင် ဘာတွေ လုပ်လိုက်တာလဲ? အရမ်းရှက်ဖို့ ကောင်းတယ်!”
“တကယ်လား?” ယွီကတော့ မထင်ပါဘူး။ “နင့် အိုင်ဒေါကို တွေ့ရင် နင်စိတ်မလှုပ်ရှားဘူးလား?”
“အဲဒါကို စိတ်လှုပ်ရှားတာလို့ ထည့်တွက်လို့ရလား။ ငါတော့ လူတွေက ငါတို့ကို တူညီတဲ့ စိတ်ကျန်းမာရေး ဆေးရုံကနေ ထွက်လာတယ်လို့ ထင်ကြမှာကို ကြောက်တယ်!”
ယွီဟာ ချောင်းတစ်ချက်အသာဟန့်ပြီး အဓိက မေးချင်တာကိုပဲ မေးလိုက်တော့တယ်။
“နင်နဲ့ ရှန်ရန်ချင်း တကယ်ကြီး တွဲနေပြီလားလို့ ငါ နင့်ကို ဖုန်းဆက်မေးတာ”
******