အခန်း ၇၉
Vol. 8 Ch. 79
79 01
Chapter 79 အဲဒီ ဒီနွေကနေ ဒီဆောင်းအထိ။
ရှန်ရန်ချင်း အသံထွက်လာပြီးတဲ့နောက် သူမ သူ့စကားတွေကို နားမလည်သလိုမျိုး နန်ကောဟာ ခေါင်းကို အနည်းငယ် စောင်းလိုက်တယ်။
သူတို့...တွဲနေကြပြီ မဟုတ်ဘူးလား?
မဟုတ်ဘူးလား?
ရှန်ရန်ချင်းဟာ သူမရဲ့ တုံ့ပြန်ပုံအမူအရာကို တွေ့သွားပြီး ခေါင်းကို စောင်းလိုက်တယ်။
ကြာရှည်တဲ့ တိတ်ဆိတ်မှုကြီးအပြီး နန်ကောဟာ ပြန်ပြောတယ်။ “ဒါပေါ့”
“မဟုတ်ရင် ကျွန်မ ဒီနေ့ ဘာလို့ ရှင့်ကို အပြင်ထွက်ဖို့ မေးမလဲ”
ရှန်ရန်ချင်းဟာ ပြုံးပြီး ခေါင်းကို အသာအယာ ခါတယ်။ သူဟာ ဘာမှတော့ ရှင်းပြမနေဘဲ ပြောပဲ ပြောတယ်။ “တကယ်လို့ ကိုယ်အောင်ရင် အခုကစပြီး ကိုယ်တို့ နောက်ထပ်တစ်ဆင့် ထပ်တက်လို့ရပြီလား”
“ကိုယ် အမှတ်ပြည့်ရဖို့ နည်းနည်း လိုသေးတယ်ဆိုပေမဲ့လည်း အနာဂတ်မှာ ကိုယ် မင်းကို ကျေနပ်စရာအဖြေမျိုး ကျိန်းသေပေါက် ပေးနိုင်လိမ့်မယ်”
ခဏရပ်လိုက်ပြီး သူဟာ သူမမျက်လုံးတွေထဲ ကြည့်ကာ အရိုးသားဆုံးပြောတယ်။ “ကိုယ်ပြောချင်တာက...နန်ကော ကိုယ် မင်းကို အရမ်းကြိုက်တယ်”
“ကိုယ်တို့အတူတူ အချိန်တွေအများကြီး မကုန်ဆုံးဖူးဘူးဆိုပေမဲ့ ကိုယ် ကိုယ့်နှလုံးသားနောက်ကို လိုက်ရမယ်။ ကိုယ် မင်းကို တကယ်သဘောကျတယ်လို့ ကိုယ် ပြောချင်တယ်”
ဒါမတိုင်ခင်ကလည်း လက်ထောက်ယွမ်နဲ့ ဥက္ကဌရုံးခန်းမှာ ရှိတဲ့အခြားလူတွေဟာ သူ့ကို အကြံဉာဏ်ပေးခဲ့တယ်။
အထူးတလည် သူမတို့အိုင်ဒေါရဲ့ ရုပ်ရှင်တွေကို ထုတ်ပြီး သူ့ကို မြန်မြန်သင်ယူဖို့ ပြောတဲ့ အမျိုးသမီးအချို့တောင် ရှိခဲ့သေးတယ်။
ဒီလူတွေဟာ သူ့ထက်တောင်မှ သူ့ရဲ့ဖွင့်ပြောတာကို ပိုပြီးစိတ်လှုပ်ရှား နေခဲ့ကြပုံပေါ်ပြီး ဒီအကြောင်းကိုပဲ သူတို့ရဲ့ ဂရုထဲမှာ တောက်လျှောက် ဆွေးနွေးနေခဲ့ကြတာ။
လူတိုင်းဟာ သူ့အတွက် ပြီးပြည့်စုံတဲ့ စကားလုံးပေါင်းများစွာကို ရှာလာပြီး သူသာ ဒီစကားလုံးတွေ သုံးပြီး ဖွင့်ပြောမယ်ဆိုရင် သေချာပေါက် အောင်မြင်လိမ့်မယ်တဲ့။
ဒါပေမဲ့ အခုချိန်မှာတော့ သူ့စိတ်ဟာ ရုတ်တရက် ဗလာကြီးဖြစ်သွားပြီ။ သူပြင်ဆင်ခဲ့တဲ့ စကားလုံးတွေအားလုံးဟာ သူစကားမပြောရသေးခင် တစ်စက္ကန့်အလိုလောက်မှာဘဲ အဖျက် ခံလိုက်ရပုံ ပေါ်တယ်။
ရှန်ရန်ချင်းဟာ တစ်ခါမှ အခုလောက် စိတ်မလှုပ်ရှားဖူးဘူး။ “မင်း...အတူတူ ဖြစ်ချင်လား”
မေးပြီးတဲ့နောက် သူဟာ လက်သီးဆုပ်လိုက်တယ်။
သူ အဖြေကို ခန့်မှန်းကြည့်လို့ရပေမဲ့ သူစိတ်လှုပ်ရှားနေတုန်းပဲ။
အဲဒါဟာ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်မျိုး။
အဲဒီမှာ အလိုမကျခြင်းနဲ့ အင်အားမဲ့ခြင်းတို့ တစ်စွန်းတစ ပါ၀င်နေပြီး သူ့ကိုယ်သူ ဖော်ပြနိုင်ဖို့ သူ့ရဲ့စွမ်းရည်ကို မေးခွန်းထုတ်နေမိတယ်။
လုံး၀ကို ရှုပ်ရှက်ခက်နေတယ်။
“မင်းရဲ့အမြင်မှာတော့ ကိုယ်တို့တွေ တွဲနေကြပြီဆိုတာ ကိုယ်သိတယ်။ ဒါပေမဲ့ ကိုယ် မင်းကို တစ်ခါမှ ကိုယ့်ရဲ့ခံစားချက်တွေကို လေးလေးနက်နက်နဲ့ ရှင်းရှင်းလင်းလင်း မဖော်ပြရသေးဘူးလို့ ထင်တယ်”
“မင်း ဒါကို ဂရုမစိုက်လောက်ဘူးဆိုတာ ကိုယ်သိတယ်။ ဒါပေမဲ့ မရှင်းမရှင်းနည်းမျိုးနဲ့ မင်းကို ကိုယ်နဲ့အတူရှိခွင့် မပေးနိုင်ဘူး”
“ကိုယ် ဒီဆက်ဆံရေးအတွက် တာ၀န်ယူချင်တယ်”
“တစ်ခုခုကို ကတိပေးဖို့လည်း အလျင်မလိုပါနဲ့။ ဖြစ်နိုင်တာက ဒီနေ့ ကိုယ့်ရဲ့ ဖော်ပြနိုင်တဲ့စွမ်းရည်က အရမ်းသာမန်ဆန်လွန်းပြီး နည်းနည်း ကယောင်ကတမ်းတွေ ပြောနေသလိုမျိုး ဖြစ်နေနိုင်ပေမဲ့ ကိုယ် မင်းကို စိတ်ရှည်ရှည်နဲ့ ဆက်နားထောင်စေချင်တယ်”
“ကိုယ်က ဟိုက်မြို့ကပါ။ ကိုယ့်ရဲ့ ဘိုးဘေးတွေက ဒီမှာနေတာ မျိုးဆက်၃ဆက်လောက် ရှိပြီ။ ကိုယ်က ဒီနှစ် ၂၈နှစ်ဖြစ်ပြီး ၂၉ပြည့်တော့မယ်။ ဒီတော့ ကိုယ် မင်းထက် ၈နှစ်ကြီးတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ ကိုယ် ဘယ်သူ့ကိုမှ မကြိုက်ခဲ့ဖူးဘူး။ မင်းက ကိုယ်ရင်းနှီးချင်တဲ့ ပထမဆုံးနဲ့ တစ်ယောက်တည်းသော မိန်းကလေးပါ”
“ကိုယ်က နည်းနည်း တောင့်ဆတ်ဆတ်နိုင်တယ်။ ကိုယ်က ပျင်းစရာကောင်းတဲ့ လူမျိုးဖြစ်နိုင်ပြီး တစ်ခါတလေ တစ်ယောက်ယောက်ကို ဘယ်လို ဂရုစိုက်ရမလဲ မသိဘူး။ အတိုချုံးပြောရရင်တော့ ကိုယ့်မှာ တကယ်တော့ ပြဿနာလေးတွေ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်မှာ ရှာနိုင်တဲ့ တစ်ခုတည်းသော ကောင်းကွက်ဆိုလို့ အခြားလူတွေထက် ပိုစိတ်ရှည်တာပဲ”
“အခုလောလောဆယ် ကိုယ်က မင်းအတွက် အကောင်းဆုံး လက်တွဲဖော် မဖြစ်နိုင်လောက်သေးဘူး။ ဒါပေမဲ့ ကိုယ်က သင်ယူတာနဲ့ ပြောင်းလဲတာမှာ နည်းနည်းတော်တယ်။ မင်း ကြိုက်တာမှန်သမျှ ကိုယ် လက်ခံနိုင်ပါတယ်”
“ဒုတိယအနေနဲ့ ကိုယ့်မိသားစုအခြေအနေနဲ့ ပတ်သတ်ပြီး မင်း ဝေဝေ၀ါး၀ါးလောက်ပဲ သိဦးမယ်။ ကိုယ့်အမေက နိုင်ငံခြားမှာ နေပြီး ကိုယ်နဲ့ အဆက်အသွယ်သိပ်မရှိဘူး။ ကိုယ့်အဖေနဲ့ မိထွေးက နိုင်ငံထဲမှာ ဆိုပေမဲ့ သူတို့ ကိုယ့်ဘ၀ကို ၀င်စွက်ဖက်မှာ မဟုတ်ဘူး။ ကိုယ့်အဖေဘက်မှာ ကိုယ်နဲ့ရင်းနှီးတဲ့ အမျိုးတွေ သူငယ်ချင်းတွေရယ်လို့ မရှိဘူး။ ကိုယ့်အမေဘက်မှာတော့ အဖွားနဲ့ အဒေါ်ပဲ ရှိတယ်”
“အဲဒါကြောင့် ကိုယ်က အခုလောလောဆယ် တစ်သီးပုဂ္ဂလဖြစ်နေတာ။ ကိုယ် ဘယ်သူ့ဆီကမှ အထိခိုက်ခံရတာမျိုး အနှောင့်ယှက်ခံရတာမျိုးရှိလာမှာ မဟုတ်ဘူး။ မင်း အနာဂတ်မှာ ဒီရှုထောင့်ကနေ ဘာပြဿနာကိုမှ စိုးရိမ်စရာ မလိုဘူး”
“ပြီးတော့ အလုပ်အကိုင်မှာဆိုရင်တော့ ကိုယ် ထူးထူးခြားခြား ထူးချွန်မနေပေမဲ့ ကိုယ့်ကို အောင်မြင်မှု အနည်းငယ်ရှိတယ်လို့ ထည့်သွင်းစဉ်းစားလို့ ရပါတယ်”
“အိမ်ခြံမြေနဲ့ ပတ်သတ်တာကတော့ ကိုယ့်မှာ ဟိုက်မြို့မှာ ကိုယ်ပိုင် ပိုင်ဆိုင်မှု၄မျိုးရှိတယ်။ မင်းမြင်ခဲ့တဲ့ တိုက်ခန်းအပြင် နောက်ထပ်ဗီလာ၂ခုနဲ့ တိုက်ခန်းတစ်ခန်း ရှိပါသေးတယ်။ အရင်က ကိုယ်တစ်ယောက်တည်းနေတာမို့ ကုမ္ပဏီနဲ့ နီးတဲ့နေရာကို ရွေးထားတာပါ”
“ကျန်းမြို့အပါအ၀င် ကိုယ့်မှာ အိမ်တစ်လုံးရှိတယ်။ မင်းစိတ်၀င်စားရင် နောက်ရက်ကျ ကိုယ် မင်းတစ်ချက်ကြည့်ဖို့ ခေါ်သွားပေးလို့ရတယ်။ ကိုယ် စီကျူးမြို့ကို မကြာခဏ အလုပ်ခရီးထွက်ရပြီး ဟိုတယ်တွေမှာ နေရတာလည်း မကြိုက်တော့ ကိုယ် အဲဒီမှာလည်း ပိုင်ဆိုင်မှု ၂မျိုးရှိတယ်”
“တခြားပိုင်ဆိုင်မှုတွေအနေနဲ့ကတော့...ကိုယ် မင်းကို မပြောပြခင် အရင်သေသေချာချာရှင်းလိုက်ဦးမယ်”
“ဒါက အခြေခံအားဖြင့် အခုလက်ရှိ ကိုယ့်ရဲ့အခြေအနေပဲ။ ကိုယ် သေချာ မရှင်းပြမိတာမျိုးရှိခဲ့ရင် မင်းကိုယ့်ကို မေးလို့ရတယ်”
နန်ကော “.....”
ရှန်ရန်ချင်းရဲ့ စကားတွေကို ကြားရပြီးတဲ့နောက်မှာတော့ ချဲ့ကားပြောဖို့ရာတောင် မရှိတော့ဘူး။ သူမ ခေါင်းထဲ တဝီဝီ ဖြစ်နေတယ်။
သူတို့ အကြည့်ချင်းဆုံသွားပြီး ထူးဆန်းတဲ့တိတ်ဆိတ်မှုဟာ ပျံ့နှံ့သွားတယ်။
“နန်ကော”
ရှန်ရန်ချင်း သူမကို မလောချင်ပါဘူး။ ဒါပေမဲ့ သူမဆီက ဒီလိုမျိုး အကြည့်ခံရတာကို တကယ် မခံနိုင်ဘူး။
“အာ” သူမ အသိပြန်၀င်လာပြီး မျက်တောင် တစ်ချက် ခတ်လိုက်တယ်။ “ကျွန်မ...ဘာမေးခွန်းမှ မရှိပါဘူး”
သူ့ရဲ့မျိုးဆက်၃ဆက် ဘိုးဘေးတွေ ဘယ်မှာ မြှုပ်ခံထားရလဲဆိုတဲ့အကြောင်းကို သူအတိုချုံး ရှင်းပြနေခဲ့တာပဲဟာ။
“ဒါဆို မင်း ကိုယ်နဲ့ ပတ်သတ်ပြီးရော ဘယ်လိုခံစားရလဲ”
“ကျ-ကျွန်မ အရင်က တစ်ခါမှ ဘယ်သူနဲ့မှ မတွဲဖူးဘူး” နန်ကောဟာ ခေါင်းငုံ့ လိုက်တယ်။ သူမအသံဟာ အရမ်းတိုးလွန်းလို့ သိပ်မလှမ်းမကမ်းက တီးနေတဲ့တယောသံအောက်မှာ နစ်၀င်သွားတော့မလိုပဲ။
“ကျွန်မ အခြားလူတွေ တွဲတာကိုပဲ မြင်ဖူးတာ...”
“ဒါပေမဲ့ ကျွန်မ အတွေ့အကြုံ မရှိဖူးဘူးဆိုပေမဲ့ ရှင်က ကျွန်မစတိုင် ဆိုတာကိုတော့ အစကတည်းက ကျွန်မခံစားမိတယ်”
“လုံးလုံးတော့ မဟုတ်ဘူး။ ကျွန်မက ဒီတိုင်း ကျွန်မ ကြိုက်တဲ့ ကောင်လေးပုံစံကို မသိတာ။ ကျွန်မအခန်းဖော်က မေးဖူးပေမဲ့ ကျွန်မလည်း သိပ်မသေချာခဲ့ဘူး။ ရှင့်ကို မြင်ပြီးတဲ့နောက်မှာတော့ ရှင်က ကျွန်မအာရုံတွေကို ဆွဲဆောင်နေခဲ့တာ”
“ကျွန်မတို့ ၈နှစ်ကွာတယ်ဆိုလို့ မျိုးဆက် ကွာဟမှုမျိုး ရှိမယ်လည်း မထင်ပါဘူး။ ကျွန်မတို့ အချင်းချင်းကြားလည်း ကွာဟတယ်လို့ မခံစားရပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မ ရှင်နဲ့ နေရတာ အရမ်းသက်တောင့်သက်သာ ရှိတယ်”
“အခြားလူတွေနဲ့ အတူ ရှိတာထက် ပိုပြီး သက်တောင့်သက်သာ ရှိတယ်။ ရှင်နဲ့ရှိနေရင် ကျွန်မ ဘာကိုမှ စိုးရိမ်နေစရာ မလိုတော့သလိုဘဲ”
“ပြီးတော့ ရှင်က အရမ်းအရမ်းထူးချွန်တယ်လို့ ကျွန် မထင်တယ်။ ဒါပေမဲ့...ကျွန်မ စာမေးပွဲဖြေတိုင်း ရှင့်ကို လှောင်မိပေမဲ့ ရှင်က တကယ်ကြီးကို လူတွေ မထိနိုင်တဲ့ အဆင့်တစ်ခုမှာ ရောက်နေတယ်ဆိုတာကိုတော့ ကျွန်မ ငြင်းမရပါဘူး”
“ကျွန်မရှင့်ကို သတိထားမိတာ နှစ်နှစ်ရှိသွားပြီ။ တစ်နေ့မှာ ရှင်နဲ့အတူ ထိုင်ခွင့်ရလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးဘူး”
“ကျွန် မရှင့်ကို ပြောခဲ့လားဆိုတာ မေ့သွားပြီ” နန်ကောဟာ ရှက်ရှက်နဲ့ ခေါင်းကုတ်ကာ ရယ်တယ်။ “အဲဒီတုန်းက ပါးနဲ့ ကျွန်မ ကျွန်မရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီး သဘောထား ကွဲလွဲမှုရှိခဲ့တယ်။ ဒီတော့ ဒေါသထွက်ပြီး ကျွန်မ အိမ်ကနေ ထွက်ပြေးလာခဲ့တယ်”
“ကျွန်မ အကြာကြီး လမ်းလျှောက်ခဲ့ပြီး တက္ကစီးတစ်စီးနဲ့ ၀င်တိုးတယ်”
“ကျွန်မ အနောက်ခုံမှာ ထိုင်ခဲ့တယ်။ ဒရိုင်ဘာက ဦးလေးကြီးတစ်ယောက် ကျွန်မက နည်းနည်း ၀မ်းနည်းနေတာကို မြင်တော့ သူက ဘာမှ မပြောဘဲ ရေဒီယိုကို ဖွင့်လိုက်တယ်”
“သူ့ကားက တကယ်ဟောင်းပြီး စုတ်ပြတ်နေခဲ့တာ။ ရေဒီယိုပေါ်က သီချင်းကိုတောင် ကျွန်မ ရှင်းရှင်းလင်းလင်း မကြားခဲ့ဘူး”
“အဲဒါနဲ့ ဦးလေးကြီးက ချန်နယ်ကို ပြောင်းလိုက်တယ်။ ပြီးတော့...ကျွန်မ ရှင့်အသံကို ကြားခဲ့ရတာပဲ”
“တကယ်တော့ ကျွန်မမှတ်ဉာဏ်က အဲဒီလောက် မကောင်းဘူး။ ကောလိပ်၀င်ခွင့် စာမေးပွဲပြီး တဲ့နောက်ပိုင်း ကျွန်မ ကိစ္စတော်တော်များများကို မမှတ်မိဘူး။ ဒါပေမဲ့ အဲဒီနှစ်နွေကနေ ဒီနှစ်ဆောင်းအထိ ကျွန်မ အဲဒီအဖြစ်အပျက်ကိုတော့ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့တယ်”
******