အခန်း ၈၀
Vol. 8 Ch. 80
Chapter 80 မင်းကို တကယ်ကြိုက်တယ်။
“ကျွန်မတို့ နောက်ထပ်တွေ့တော့ ရှင့်အသံက နည်းနည်းလေး ပြောင်းသွားပုံရတယ်။ ကျွန်မစိတ်ထဲ ရှင့်အသံ နည်းနည်းဝါးနေခဲ့တာက အချိန်ကာလကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျွန်မ သတိမထားမိဘူး”
“ဒါပေမဲ့ ကျွန်မ ရှင့်နာမည်ကို မှတ်မိတယ်။ ရှင့်စကားပြောတဲ့လေသံ ပြီးတော့ မေးခွန်းကို ဖြေတုန်းက ရှင်ပြောခဲ့တဲ့စကား!”
“ကျွန်မအစ်ကိုက အမြဲပြောတယ်။ ကျွန်မက ရှင့်နဲ့ ဒိတ်ရဖို့ ကြံစည်နေခဲ့တာတဲ့။ ကျွန်မ အဲဒီကတည်းက ရှင့်ကို ကြိုက်နေခဲ့တာလို့တောင် ပြောသေးတယ်”
“ကျွန်မ အမြဲ ရန်ပြန်တွေ့ရတာပေါ့”
“အခု ကျွန်မ သေချာစဉ်းစားကြည့်တော့ ကျွန်မအစ်ကို ပြောခဲ့တာက အဓိပ္ပာယ်ရှိပုံပဲ။ ကျွန်မ ရှင့်ကို စသိကတည်းက ကျွန်မ အမြဲ ရှင့်ခြေရာနောက် လိုက်နေခဲ့တာ”
“တစ်နေ့ ရှင်နဲ့ တကယ်ကြီး သိခွင့်ရမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”
နန်မိသားစုဟာလည်း ကူးသန်းရောင်း၀ယ်ရေး လုပ်တယ်ဆိုပေမဲ့ သူတို့အဓိက အခြေချနေတာက ကျန်းမြို့ပဲလေ။
ရှန်ရန်ချင်းနဲ့ တူညီတဲ့ ဦးတည်ရာမှာ မရှိဘူး။
ကောလိပ်၀င်ခွင့်စာမေးပွဲလည်း ပြီးရော သူမ တိတ်တိတ်လေး သူမ မိဘတွေနဲ့အတူ ပွဲအချို့ကို တက်ခဲ့သေးတယ်။ သူ့ကို တွေ့ရဖို့မျှော်လင့်ပြီးပေါ့။
ကံမကောင်းစွာနဲ့ သူမ မတွေ့ခဲ့ရပါဘူး။
နောက်တော့ ရှန်ရန်ချင်းဟာ ပွဲတွေကို သိပ်မတက်ကြောင်းနဲ့ လူသိရှင်ကြား ထွက်လာတတ်တာ ရှားကြောင်း ကြားရတော့ သူမ ဖြည်းဖြည်းချင်း အကြံကို ပယ်ချလိုက်တယ်။
ဒါကြောင့် ဒီနှစ် သူမ သူ့ကို တကယ် တွေ့ရတဲ့အခါ သူမ တကယ်ကို အိပ်မက် မက်နေသလို ခံစားရတယ်။
ပိုဆိုးတာက သူမတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဟာ ဖြတ်သွားဖြတ်လာ အချင်းချင်း တွေ့တာမျိုးနဲ့ ဘာမှ မကွာဘူးလေ။ သူတို့ဟာ အချင်းချင်း ဖြတ်လျှောက်မိပြီး ဇာတ်လမ်းတစ်ပုဒ် ချန်သွားဖို့ အချိန်တောင် မရှိခဲ့ကြဘူး။
“ဖြစ်နိုင်တာက အရင်က ကျွန်မ ရှင့်ကို လေးစားတာလား။ ကြိုက်တာလား။ ဒါမှမဟုတ် အခြားနားမလည်နိုင်တဲ့ ခံစားချက်မျိုး ရှိတာလားဆိုတာ မသေချာခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ရှန်ရန်ချင်းက ကျွန်မစိတ်ကူးထဲက ပုံစံဆိုတာ ကျွန်မ ရှင့်ကို သေသေချာချာ ပြောနိုင်ပြီ”
“ကျွန်မအစ်ကိုက သဘောမတူဘူး ဆိုရင်တောင်မှ ကျွန်မ ရှင့်ကို အရမ်းကြိုက်နေတုန်းပဲ”
နန်ကောဟာ သူမမျက်နှာကို အုပ်ကိုင်လိုက်တယ်။ ဖယောင်းတိုင်မီးဟာ သူမမျက်လုံးတွေထဲ လက်နေတယ်။ ဒါပေမဲ့ သူမ သူ့ကို မော့ကြည့်တဲ့အခါ သူမရဲ့ ပျော်ရွှင်မှုကို ဖုံးကွယ်ထားလို့ မရဘူး။
“ကျွန်မ ဒီနေ့လည်း ခိုးထွက်လာတာ ကျွန်မအစ်ကိုကို မပြောခဲ့ဘူး ဟီးဟီးဟီး”
သူမ ကြည့်ရတာ မူးနေသလိုမျိုးပဲ။ သူမဟာ ရူးရူးမိုက်မိုက် ပြုံးပြနေရင်းနဲ့ သူမရဲ့ ပါးလေးနှစ်ဖက်ဟာလည်း နီရဲနေတယ်။
အဲဒီအခါမှပဲ ရှန်ရန်ချင်း သိတော့တယ်။ သူတစ်ယောက်ယောက်ကို ကြိုက်ပြီဆိုရင် သူ့အမူအရာတွေက လိမ်လို့ရပေမဲ့ သူ့မျက်လုံးတွေကတော့ မရဘူးဆိုတာ။
ဘာလို့လဲဆိုတော့ သူ သူမကို ကြည့်လိုက်တဲ့အချိန် သူ့မျက်လုံးတွေထဲက တဟုန်ထိုးအချစ်ဟာ တကယ်ကြီး လင်းလက်လာလို့။
“ဒါပေမဲ့ ရှင်စိတ်ပူဖို့ မလိုပါဘူး။ ကျွန်မတို့ မိသားစုက များသောအားဖြင့် မဲပေးတဲ့စနစ်ကို သုံးတာ။ ကျွန်မမိဘတွေက ရှင့်ကို အရမ်းကြိုက်တယ်။ ကျွန်မ အပါအ၀င်ဆို ကျွန်မတို့မှာ ၃မဲရှိတယ်”
_____
သူတို့ စားသောက်ဆိုင်က ထွက်လာတော့ ရုပ်ရှင်ရုံဟာ ဘေးမှာတင်။
သူတို့နှစ်ယောက်ဟာ ဘေးချင်း ယှဥ်လျှောက်နေတယ်။ နန်ကောဟာ လမ်းလျှောက်နေရင်း ယွီကို စာပြန်နေခဲ့တယ်။
သူမအစ်ကိုဟာ ယွီကို မေးတော့ သူမကိုများ သွားချက်ကင်လုပ်ပြီလားသိရဖို့ ယွီဟာ ချက်ချင်း သူမနဲ့ စကားလာဖလှယ်တာ။ သူမ မတော်တဆ အကုန်ပေါ်သွားမှာစိုးလို့။
ယွီ: [နှိုးစက်ပေးထားပါတယ်။ စိတ်မပူနဲ့။ ]
[တကယ်?]
ယွီ: [ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ။ သူ့ကို စကားပြောပြီးတော့ ငါအစ်ကိုနန်ကို တော်တော်ဆိုးဆိုးဝါးဝါး အရူးလုပ်လိုက်တာ သူ့ဟာနဲ့သူတောင် ဘာဖြစ်သွားမှန်း မသိဘူး။ ]
ဓာတ်လှေကားဟာ ပွင့်သွားတယ်။ နန်ကောဟာ တစ်ချက်ကြည့်ပြီး ထွက်လိုက်တယ်။
ရှန်ရန်ချင်းဟာ လက်ကို အနည်းငယ်မကာ တစ်ခါပြန်ချလိုက်တယ်။ သူဟာ တစ်ခုခုကို တုံ့ဆိုင်းနေသလိုမျိုး သူ့လက်ချောင်းတွေကို ညင်ညင်သာသာ ပွတ်နေတယ်။
နောက်ဆုံးတော့ အခွင့်အရေးရှာပြီး သူဟာ သူမလက်ကို လှမ်းကိုင်လိုက်တယ်။
နန်ကောဟာ နည်းနည်းလန့်သွားပြီး လှည့်ကြည့်လိုက်တယ်။
“မင်းလမ်လျှောက်နေရင်း စာရိုက်နေမယ်ဆို လမ်းကို မြင်ရမှာ မဟုတ်ဘူး ကိုယ်...မင်းလက်ကို ကိုင်ပြီး လျှောက်ပေးမယ်”
ဒါဟာ သေချာပေါက်ကို သူတို့ ပထမဆုံးအကြိမ် လက်ကိုင်တာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ လက်ချင်းထိသွားတဲ့ အခိုက်အတန့် သူမ မတတ်နိုင်ဘဲ နှလုံးခုန်သံ မြန်လာတယ်။
နန်ကောဟာ ခေါင်းညိတ်ပြီး လက်ကို ပြန်မရုတ်ဘူး။
နောက်ပြီး ချက်ချင်းပဲ သူမဟာ သူ သတိလွတ်နေတဲ့အချိန်မှာ သူမရဲ့ လက်ချောင်းတွေကို သူ့လက်ချောင်းတွေနဲ့ ယှက်လိုက်တယ်။
သူ ခပ်တင်းတင်း ပြန်မဆုပ်ကိုင်လိုက်ခင် ရှန်ရန်ချင်းရဲ့ ခန္ဓာကိုယ်ဟာ အနည်းငယ် တောင့်သွားတယ်။
သူ့ရဲ့ လည်စလုတ်ဟာ လှုပ်ခတ်သွားတယ်။ သူဟာ အရမ်းစိတ်လှုပ်ရှားနေခဲ့ပြီး သူ့ကိုယ်သူ ဘာအတွက်မှ မကောင်းတဲ့လူလို့ သူ့စိတ်ထဲ ခေါ်နေမိတယ်။
ရုပ်ရှင်ဟာ စဖို့ လိုသေးတယ်။
သူ အစက ရုံတစ်ရုံလုံးယူချင်ခဲ့ပေမဲ့ လက်ထောက်ယွမ်က လူများလေ လေထုက ပိုကောင်းလေတဲ့။ သူစောင့်ဖို့ပဲ လိုတယ်တဲ့။
ဒီအချိန်ကို အခွင့်ကောင်းယူပြီး သူတို့နှစ်ယောက် ဟိုဟိုဒီဒီလျှောက်ကြည့်နေလို့ ရတယ်။
လမ်းပေါ်မှာ သွားလာနေတဲ့လူတွေ အများကြီးရှိတယ်။ နန်ကောဟာ ဆူဆူညံညံအသံတွေကနေ ဆွဲဆောင်ခံလိုက်ရပြီး ဖုန်းကို သိမ်းလိုက်တယ်။ ရှန်ရန်ချင်းဟာ သူမကို မျက်လုံးထောင့်ကနေ ကြည့်နေခဲ့တာဖြစ်တယ်။ ဒါကို မြင်တော့ သူ သူမအကြည့်နောက်ကို လိုက်ကြည့်လိုက်တယ်။
တီးဝိုင်းတစ်ဖွဲ့နဲ့အတူ လေးထောင့်အကွက်လေးတစ်ကွက် ရှိနေခဲ့တယ်။ သူတို့ကို လူတွေအများကြီး ၀န်းရံထားတယ်။ ပြီးတော့ အများစုဟာ အတွဲတွေ။
နန်ကောဟာ သီချင်းကို တုံ့ပြန်တဲ့အနေနဲ့ ခေါင်းကို လှုပ်တယ်။ “ဒီနေ့ တော်တော် အသက်၀င်တာပဲ”
“အင်း” ရှန်ရန်ချင်းဟာ အရင်က သီချင်းနားထောင်တာ ရှားပြီး ဒီနာမည်ကြီး နေတဲ့သီချင်းတွေနဲ့ သိပ်မရင်းနှီးဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် နန်ကော ကြိုက်တယ်ဆိုရင် သူလည်း ကြိုက်တယ်။
သူတို့၂ယောက်တွဲတဲ့အခါကျရင် သူတို့ဟာ အချင်းချင်း လွှမ်းမိုးရပြီး အချင်းချင်း နေသားကျဖို့လိုတယ်လေ။
သူ လူအုပ်တွေကို မကြိုက်ဘူးဆိုတာ နန်ကောသိတာမို့ သူမဟာ သူ့ကို အရှေ့ကို ဆွဲမခေါ်သွားဘူး။
ဒါပေမဲ့ သူမအနေနဲ့က သူမ တကယ် တီးဝိုင်းအဖွဲ့ကို မမြင်ရဘူး။ သူမဟာ အနောက်နားကနေသာ တိတ်တိတ်လေး နားထောင်နေရတယ်။
သီချင်းတစ်ပုဒ်ပြီးတော့ နောက်သီချင်းတစ်ပုဒ်တီးတယ်။
နန်ကောဟာ နည်းနည်း မူးဝေလာတယ်။ ရုပ်ရှင်ဟာ စတော့မှာဖြစ်တဲ့အတွက် သူမ တွန့်ဆုတ်စွာပဲ ရှန်ရန်ချင်းနဲ့ ထွက်လာခဲ့ရတယ်။
ဒီနေ့ဟာ ချစ်သူများနေ့မို့ ရုပ်ရှင်ရုံမှာ လူတွေအများကြီးပဲ။
တူညီတဲ့လက်မှတ်တွေကို စစ်တဲ့အတန်းကြီးက တံခါးနားအထိ ရောက်တော့မယ်။
နန်ကောဟာ အတန်းအဆုံးနားမှာ ရပ်နေပြီး ရှန်ရန်ချင်းပြန်လာမှာကို ငြိမ်ငြိမ်လေး စောင့်နေတယ်။
ရှန်ရန်ချင်းဟာ လက်မှတ်ကို ညွှန်ကြားချက်အတိုင်း သွားယူပြီး မုန့်တွေနဲ့ အအေးတွေကို ၀ယ်လာတယ်။ သူ ချဉ်းကပ်သွားတာနဲ့ နန်ကော တစ်ခုခုကို ညည်းနေသံကို ကြားလိုက်ရတယ်။ သူ စကားလုံးအချို့ကို ယောင်ဝါးဝါးကြားရတယ်။
“ဒီတော့ အချစ်ရေ ငါစောင့်နေဖို့အတွက် မင်းကြိုက်တဲ့ ငါ့ရဲ့လက်ကလေးကို ဆုပ်ကိုင်ပါ”
“ဒါပေမဲ့ ငါ မင်းကို ပြောစရာရှိတယ်-”
ဒါကို ကြားတော့ ရှန်ရန်ချင်းဟာ ဒီတိုင်းပဲ မေးလိုက်တယ်။ “ဘာလဲ”
“ဟမ်” နန်ကောဟာ သူမရပ်နေခဲ့တဲ့နေရာမှာ အိတ်ကပ်ထဲ လက်ထည့်ကာ ရပ်နေခဲ့တာ ဖြစ်တယ်။ သူမ လှည့်ကြည့်လိုက်တော့ သူမ ရှန်ရန်ချင်းကို တွေ့ရတယ်။
ရှန်ရန်ချင်းဟာ သူမကို လက်မှတ်ပေးပြီး အခြားပစ္စည်းတွေကို ယူတယ်။ အဲဒီနောက် သူဟာ ပြုံးပြီး မေးတယ်။ “ဒီတော့ မင်း ကိုယ့်ကို ဘာပြောချင်တာလဲ”
နန်ကောဟာ သူမရဲ့ ရှက်ရွံ့မှုကို ဖုံးကွယ်ဖို့အတွက် အကြိမ်ရေအနည်းငယ်လောက် ချောင်းဆိုးလိုက်တယ်။
“ကျွန်မ ဒီတိုင်း သီချင်းလျှောက်ဆိုနေတာ”
“ဒီလိုကိုး” သူက တုံ့ပြန်တယ်။ ဒါပေမဲ့ သူ့အသံဟာ နည်းနည်း စိတ်ပျက်သွားသလိုပဲ။
သူဟာ ပေါ့ပေါ့ပါးပါးပဲ မေးတယ်။ “ကျန်တဲ့စာသားတွေကရော ဘာတွေလဲ”
စာသားတွေကို စဉ်းစားပြီးနောက် နန်ကောကြည့်ရတာ သူမ တစ်ခုခုကို ပြောချင်ပေမဲ့ တုံ့ဆိုင်းနေပုံ ရတယ်။
သူမရဲ့ နီရဲနေတဲ့ပါးနှစ်ဖက်ဟာ အရာရာကို လက်လျှော့လိုက်တယ်။
“ဒါဆိုလည်း နောက်တစ်ခါ ကြုံမှ ကိုယ့်ကို ပြောပေါ့” ရှန်ရန်ချင်းဟာ ပြုံးပြပြီး သူမကို ခက်ခဲအောင် မလုပ်ဘူး။
“အိုး” နန်ကောဟာ အင်းလို့လည်း မပြောသလို ဟင့်အင်းလို့လည်း မပြောခဲ့ဘူး။ ခဏလောက်ကြာတော့ ရှန်ရန်ချင်းဟာ ဒီအကြောင်းမေ့သွားပြီ ဖြစ်တယ်။ နန်ကောဟာ ရုတ်တရက် သူမလက်ကို သူ့လက်မောင်းတစ်ဝိုက် ဖက်တွယ်လိုက်ပြီး ညင်ညင်သာသာလေး ကိုင်ထားတယ်။ အဲဒီနောက် သူမဟာ ခြေဖျားထောက်ပြီး သူ့နားထဲ လေးသံတိုးတိုးလေးနဲ့ ဆိုပြတယ်။
“ငါ တကယ် တကယ် တကယ် တကယ် မင်းကို ကြိုက်တယ်”
“ပြီးတော့ ငါ မင်းကို လိုချင်တယ် မင်းရော ငါ့ကို လိုချင်လား။ မင်းရော ငါ့ကို လိုချင်လားဟင်”
“မင်းကို ကြိုက်တယ်~” နန်ကောဟာ အိတ်ကပ်ထဲက လက်ကို ထုတ်လိုက်ပြီး လက်မနဲ့ လက်ညှိုးကို ယှက်ကာ အသည်းပုံလေးလုပ်ပြတယ်။
ရှန်ရန်ချင်းဟာ မနေနိုင်ဘဲ ပြုံးလိုက်မိတယ်။ သူဟာ သူ့ခေါင်းကို လှည့်ပြီး သူ့မျက်လုံးတွေထဲ အပြုံးလေးတစ်ပွင့် ပေါ်လာတယ်။ သူ့ရင်ဘတ်ဟာ တုန်ခါနေပြီ။
နန်ကောဟာ ကိုအာလာ၀က်ဝံလေးလိုမျိုး ခေါင်းကို စောင်းပြီး သူ့ကို မှီထားတယ်။ သူမဟာ သူ့ကို တမင်တကာ ကြည့်နေတာဖြစ်တယ်။
ရှန်ရန်ချင်းဟာ ခေါင်းကို လှည့်ပြီး ရှောင်တယ်။ ဒါပေမဲ့ သူမဟာလည်း သူ့ခေါင်းအနောက် လိုက်တယ်။
“ရှင်လည်း ရှက်နေတာလား” သူမလေသံဟာ နည်းနည်း အံ့ဩသွားပုံရပြီး ချဲ့ကားသံတောင် နည်းနည်း ပါနေသေး။ မသိရင် သူမဟာ ကမ္ဘာ့အထင်ကရ နေရာတစ်ခုခုကိုပဲ တွေ့လိုက်ရသလိုမျိုး။
သူမဟာ တမင်တကာ အရှေ့ကို မှီပြီး အသည်းပုံလေး ထပ်လုပ်ပြတယ်။ “ရှင့်ကို ကြိုက်တယ်”
ရှန်ရန်ချင်းခမျာ သူမကို ဘာမှလုပ်ဖို့ မတတ်နိုင်တော့ရှာဘူး။ သူမဟာ အရမ်းချိုသာလွန်းလို့ သူ သူ့ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘူး။
သူအရှေ့ကို တိုးပြီး သူမရဲ့ နဖူးလေးပေါ်ကို အနမ်းတစ်ပွင့်ခြွေလိုက်တယ်။ “ကိုယ်ရောပဲ”
“ကိုယ် မင်းကို တကယ် ကြိုက်တယ်”
******