အခန်း ၈၆
Vol. 9 Ch. 86
86 01
Chapter 86 အပြစ်ဒဏ်။
ချီယန် သတိပေးခြင်းမရှိဘဲ ကားထဲကနေ ဆွဲထုတ်ခံလိုက်ရတယ်။
သူမ ရုန်းမလို့ လုပ်လိုက်တဲ့အချိန် သူမ မော့ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ မျက်လုံးတစ်စုံနဲ့ သွားဆုံတယ်။
၁၀နှစ်နီးနီးလောက်ကြာပြီးတဲ့နောက်မှာ သူမ ဒီမျက်လုံးပိုင်ရှင်ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိတယ်။
“ဘာဖြစ်နေတာလဲ” သူမ အန္တရာယ်တစ်ခုခုကို ကြုံမှာ စိုးရိမ်တဲ့အတွက် ဘတ်စ်ကားဒရိုင်ဘာ မထွက်သွားသေးဘူး။
ချီယန် သေချာမတ်မတ် ရပ်လိုက်ပြီး ဒရိုင်ဘာကို ခေါင်းညိတ်ပြတယ်။ “အဆင်ပြေပါတယ်။ ကျွန်မ သူငယ်ချင်း လာခေါ်တယ်။ တောင်းပန်ပါတယ်”
သူမ အဆင်ပြေတာ သေချာတော့မှ ဘတ်စ်ကား မောင်းထွက်သွားတော့တယ်။
ဘတ်စ်ကားမှတ်တိုင်မှာ ဘာမှမရှိဘူး။
နန်ကျဲ့ သူမကို လမ်းဘေးကနေ ဆွဲခေါ်လာပြီး စိတ်ချရတဲ့ အကွာအဝေးလောက်မှာ ရပ်တယ်။
သူ သူမ လက်ကို လွှတ်လိုက်ပြီး ဆန့်ကျင်ဘက်က လူကို စတင်ပြီး သေချာကြည့်တယ်။
ဂျူနီယာအထက်တန်းကတည်းက ချီယန် ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်တယ်။ သူမ ဆံပင်က တိုတိုလေးပဲ။ ဒါပေမဲ့ သူမက ယောက်ျားလေးလား မိန်းကလေးလား ဆိုတာတော့ ခွဲရ တကယ်ခက်ခဲ့တယ်။
နှစ်တွေ အများကြီး ကြာပြီးတာတောင် သူမ သိပ်ပြောင်းလဲသွားပုံမရဘူး။
သူမက ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်နေတုန်းပဲ။ သူမက နန်ကျဲ့ထက် ၅စင်တီ၊ ၆စင်တီလောက် ပိုရှည်မယ် ထင်ရတယ်။
ချီယန် ဒီနေ့ အထူးတလည်ကို သာမန်ပဲ ၀တ်စားဆင်ယင်ထားတယ်။ သူမ ခေါင်းစွပ်ပါတဲ့ ဘေ့စ်ဘောဂျက်ကတ်ကို ၀တ်ထားပြီး ကင်းဗတ်အိတ်ကြီးကို လွယ်ထားတယ်။
သူမရဲ့ ခေါင်းမှာလည်း ဦးထုပ်အနက်တစ်လုံး ဆောင်းထားသေးပြီး ဂျက်ကတ်က ခေါင်းစွပ်ကို ဦးထုပ်ပေါ် တင်ထားတယ်။
သူသာ သေချာ မကြည့်မိဘူးဆိုရင် သူ ဘယ်တော့မှ သူမကို သတိထားမိလိုက်မှာ မဟုတ်ဘူး။
သူမ ဦးထုပ်ရဲ့အစွန်း အလင်းရောင်ကို ကာထားပြီး အရိပ် သူမရဲ့ မျက်နှာတစ်ခုလုံးကို ချောမွေ့စွာပဲ သွားအုပ်နေတယ်။
သူ သူမရဲ့ မေးစေ့ကိုသာ သေချာမြင်ရတယ်။
အလားတူပဲ။ ချီယန်လည်း သူ့ကို သေချာကြည့်နေတယ်။
“အစ်ကိုကြီးနန် တကယ်ကြီး နင်ပဲ” နန်ကျဲ့ဆိုတာ အတည်ပြုပြီးတဲ့နောက် ချီယန် ဦးထုပ်အစွန်းကို မတင်ပြီး သူ့ရင်ဘတ်ကို တစ်ချက် ထိုးလိုက်တယ်။ “ဒီမှာ ဘာလုပ်နေတာလဲ”
နန်ကျဲ့ ဒီထိုးချက်ကြောင့် သတိလက်လွတ်ဖြစ်သွားတယ်။
အားကြောင့် သူ ဟန်ချက် ပျက်လုနီးနီးဖြစ်သွားပြီး ရင်ဘတ်လည်း တုန်လှုပ်သွားတယ်။
သေစမ်း။ ဒီလောက် နှစ်တွေကြာပြီးတာတောင် ဒီမိန်းကလေး ဘာလို့ အရမ်းသန်နေရတာလဲ။
“အဟမ်း”
နန်ကျဲ့ တည့်တည့်မတ်မတ် ရပ်လိုက်တယ်။ “နင် ငါ့ကို မှတ်မိနေမယ်လို့ ငါ မထင်ထားဘူး”
“ဒါပေါ့”
ချီယန် သူမ လက်ကို သူ့ပုခုံးပေါ် တင်လိုက်ပြီး “နှစ်တွေ ကြာသွားပေမဲ့...အာ ငါတို့ နောက်ဆုံး တွေ့ခဲ့တာ ဘယ်နှစ်နှစ် ရှိသွားပါလိမ့်။ ၈နှစ်။ ၉နှစ်။ ထားပါ။ အဲဒါက အရေးမကြီးဘူး။ အစ်ကိုကြီးနန် ဒီလောက်ကြာသွားတာတောင် နင်က အရင်တိုင်းပဲ။ နင့်မှာ နင့်ဆွဲဆောင်မှု ရှိနေသေးတာပဲ။ နင့်ကို မမှတ်မိဖို့ဆိုတာ မလွယ်ပါဘူး”
သူမ သူ့ကို မြှောက်နေတာလား။ ဒါပေမဲ့ ဆွဲဆောင်မှုရှိနေသေးတယ်ဆိုတာ သူမ ဘာကို ဆိုလိုတာလဲ။
နန်ကျဲ့ ပြောစရာစကား ပျောက်သွားတယ်။ “ငါ အဲဒီတုန်းက နင့်ကို စာကြိုးစားဖို့ ပြောခဲ့သားပဲ”
“အဲဒါ အရေးမကြီးပါဘူး။ နင် စားပြီးပြီလား။ ငါ ၀ယ်ကျွေးမယ်။ ထိုင်ပြီး စကားပြောရအောင်” သူနဲ့ တွေ့ရလို့ ချီယန် အလွန်အမင်း ပျော်ရွှင်နေတယ်။
“ဟုတ်ပြီ” ဒါကလည်း နန်ကျဲ့ လိုချင်တာပဲလေ။ “အထဲ၀င်”
ချီယန် အသားကင်ဆိုင်ကို ရှာလိုက်ပြီး နန်ကျဲ့လည်း စိတ်ထဲမထားဘူး။
ထိုင်ပြီးတဲ့နောက် ချီယန် ကုတ်အင်္ကျီနဲ့ ဦးထုပ်ကို ချွတ်လိုက်တယ်။
ရေထည့်ပြီးလို့ နန်ကျဲ့ မော့ကြည့်လိုက်တဲ့အခါ သူနဲ့ ဆန့်ကျင်ဘက်က လူ ခေါင်းစည်းကြိုးတစ်ကွင်းနဲ့ ဆံပင်တွေကို စုစည်းနေတာ တွေ့လိုက်ရတယ်။
ဆံပင်ရှည်...
နန်ကျဲ့ အံ့အားသင့်သွားတယ်။
ဒါ ပထမဆုံးအကြိမ် ချီယန်ကို သူ ဆံပင်အရှည်နဲ့ မြင်ဖူးတာပဲ။
ဦးထုပ်က ကာမနေတော့တဲ့အခါ ဆိုင်ထဲက လုံလောက်တဲ့အလင်းရောင်နဲ့ သူ ချီယန်ရဲ့ မျက်နှာအစိတ်အပိုင်းတွေကို သေချာမြင်ရတယ်။
ဘာမှ ပြောင်းလဲမသွားဘူးလို့ ပြောဖို့က မဖြစ်နိုင်ဘူး။
သူမ ယောက်ျားလေးနဲ့ လုံး၀ မတူတော့ဘူး။
ချီယန် ဆံပင်ကို သာမန်ပဲ မြင့်မြင့်စီးလိုက်ပြီး အပြုံးလေးနဲ့ မော့ကြည့်တယ်။ “ဟေး အစ်ကိုကြီးနန် နင်ဘာလို့ ဒီရောက်နေတာလဲ”
နန်ကျဲ့ သူမကို ရေတစ်ခွက် ကမ်းပေးတယ်။ ခဏလောက် တွေးပြီးတဲ့နောက် သူ အမှန်တိုင်းပဲ ပြောလိုက်တယ်။ “မင်း ဒီနေ့ ဘလိုင်းဒိတ် ရှိလား”
“ငါလူး နင် ဒါကိုတောင် သိတယ်ပေါ့”
86 02
“စိတ် မကောင်းစွာနဲ့ဘဲ ငါက နင့်ဘလိုင်းဒိတ်လေ”
“ဖွီး...” ချီယန် ပါးစပ်ထဲရှိတဲ့ ရေအပြည့်ကို ပြန်ထွေးထုတ် မိလိုက်တယ်။
နန်ကျဲ့ ဒါကို ထင်ထားပြီးသားမို့ လက်သုတ်ပုဝါနဲ့ ကာထားတယ်။ ပြီးတော့ သူပုဝါကို အသာဘေးဘက် ပစ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြောတယ်။ “နင်က တစ်ယောက်ယောက်ကို တွေ့မယ်ဆိုပြီး လာမတွေ့တဲ့ နေရာမှာ တကယ် တော်တာပဲ”
“နိုး နိုး” ချီယန် ပါးစပ်ကို သုတ်ပြီး အလျင်အမြန် ရှင်းပြတယ်။ “ငါ့မှာ ဒီနေ့မှ အလုပ်လေးပေါ် လာပြီး သွားလို့ မရဘူးဖြစ်သွားလို့ ငါအခုမှ အလုပ်ဆင်းလာတာ”
“ငါ နင့်ကို မိတ်ဆက်ပေးတဲ့လူကို နင့်ဆီ မနက်စောစော ဖုန်းဆက် ပြောပေးဖို့ မှာလိုက်တယ်လေ။ သူ ဘာမှ မပြောဘူးလား။ နင်အခုထိ စောင့်နေခဲ့တာတော့ မဟုတ်ပါဘူးနော်”
“ဘယ်လိုထင်လဲ”
“.....” သူမ စိတ်ထဲ နည်းနည်း မကောင်း ဖြစ်သွားတယ်။ တွန့်ဆုတ်စွာပဲ ချီယန် မီနူးကို ကမ်းပေးတယ်။ “ငါ မှားသွားပါတယ်။ နင် ထပ်မှာချင်သေးလား”
သိပ်မကြာခင်ဘဲ ဟင်းပွဲတွေ ရောက်လာတယ်။
ချီယန် သဘာ၀ကျကျပဲ အသားကင်ဖို့ တာ၀န်ကို ယူတယ်။ အဲဒီတုန်းကလိုပေါ့။
သူ့တို့ ကျောင်းတုန်းကဆိုရင် အတူတူ အပြင်မှာ ထွက်စားတတ်ကြတယ်။ သူတို့နဲ့ ဆန့်ကျင်ဘက်က လူ အမြဲ သူဌေးတစ်ယောက်လို ထိုင်ပြီး စားဖို့ကို စောင့်နေတတ်တယ်။
“စကားမစပ် အစ်ကိုကြီးနန် ငါက နင့်နဲ့ ဘလိုင်းဒိတ်ရမယ့်လူဆိုတာ နင် သိထားပြီးသားလား”
“အင်း သူ ငါ့ကို နင့်ပုံ ပြတယ်”
“ဟားဟားဟား အဲဒါကို ဘာလို့ ဘလိုင်းဒိတ်ဖို့ လက်ခံလိုက်တာလဲ” သူမ သိနေတဲ့ လူတစ်ယောက်နဲ့ ဘလိုင်းဒိတ်သွားရမယ်ဆိုတာက အရမ်း ကြောင်တောင်တောင် နိုင်တယ်လေ။
“မတွေ့ရတာ နှစ်တွေ အရမ်းကြာပြီဆိုတော့ ငါက နင်နဲ့ ထမင်းတစ်နပ်လောက် စားချင်လို့လေ ဘာဖြစ်လို့လဲ။ ပြဿနာ ရှိတာလား”
“ဟေး ဖြစ်စရာ... နင်မှန်း သိရင် ငါ ကျိန်းသေပေါက် နင့်ကို လာမတွေ့ဘဲ မနေဘူး!”
နန်ကျဲ့ နှာခေါင်းရှုံ့တယ်။ သူ သူမကို ယုံရဲ့လားဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး။
ညစာစားနေရင်း သူတို့နှစ်ယောက် အရင်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို ပြောဖြစ်ကြတယ်။
အဲဒီတုန်းက ချီယန် ဟိုက်မြို့မှာ အထက်တန်းကို ဆက်မတက်ဘဲ သူမ မိသားစု မြောက်ပိုင်းကို ပြောင်းသွားတယ်။
သူမ ရုတ်တရက်ကြီး ပြောင်းသွားရတာမို့ နန်ကျဲ့နဲ့ အခြားလူတွေကို ပြောဖို့အချိန်တောင် မရလိုက်ဘူး။ ပြောင်းရွှေ့ပြီးတဲ့နောက် သူမ ဖုန်းနံပါတ်ကို လဲလိုက်တဲ့အတွက် သူတို့နဲ့ အဆက်အသွယ်ပါ ပြတ်သွားတော့တယ်။
ဒီတစ်ခါတော့ သူတို့နှစ်ယောက်လုံး ဆက်သွယ်ရမယ့်အချက်အလက်တွေကို လဲလှယ်နေတယ်။ သူတို့ ဖုန်းနံပါတ်တွေကို ဖလှယ်ပြီး အချင်းချင်းဝီချက်မှာလည်း အပ်လိုက်ကြတယ်။ ပြီးတော့ မေးလ်တွေပါ ဖလှယ်ခဲ့သေးတယ်။
ဆိုင်ထဲကနေ ထွက်လာပြီးတဲ့နောက် ချီယန် ကော်ဖီ၀ယ်ဖို့ သွားတယ်။
နန်ကျဲ့ လိုက်သွား မနေတော့ဘူး။
ချီယန်ထွက်လာတဲ့အခါ နန်ကျဲ့ ဆေးလိပ်မီးညှိနေတာကို တွေ့တယ်။ မီးခြစ်က ပျက်နေလားတော့ သူမ လည်း မသိဘူး။ ဒါပေမဲ့ ခဏခဏခြစ်နေတာတောင် နန်ကျဲ့မှာ မီးညှိမရဘူး။
“ဝေါင်း နင့်မှာ ဒီမီးခြစ်ရှိသေးတာပဲ”
တစ်ချက် ကြည့်ရုံနဲ့ ချီယန် သတ္တုမီးခြစ်လေးကို မှတ်မိသွားတယ်။
ဒါကို ကြားတော့ နန်ကျဲ့ မီးညှိနေရင်း တစ်ချက် ရပ်သွားတယ်။ သူ့မျက်နှာထား မြန်မြန်ပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ခေါင်းကို အနည်းငယ်စောင်းကာ နောက်ဆုံးမှာတော့ ဆေးလိပ်ကို မီးညှိလို့ ရသွားတယ်။
“ငါ ဒါကို သုံးတာ ကျင့်သားရနေပြီ” သူ မီးခိုးကွင်းတစ်ကွင်းကို မှုတ်ထုတ်လိုက်ပြီး ပြီးစလွယ်ပဲ ရှင်းပြတယ်။
မီးခြစ် ချီယန်ဆီက မွေးနေ့လက်ဆောင်။
သူ ဂျူနီယာအထက်တန်းကျောင်းကတည်းက ဆေးလိပ်ရော အရက်ပါ ဘယ်လို သောက်ရမလဲဆိုတာ သူ သင်ယူခဲ့ပြီးသား။
ဒါပေမဲ့ သူစွဲတော့ မစွဲဘူး။
သူရဲ့ တတိယမြောက်မွေးနေ့မှာ ချီယန် သူ့ကို မီးခြစ်တစ်လုံး ပေးခဲ့တယ်။
ငွေရောင်လေး ဖြစ်ပြီး အပေါ်မှာ ဒီဇိုင်းနည်းနည်းပါးပါး ဆွဲထားတယ်။ နှင်းဆီပန်းလေး။ နှစ်တွေ အရမ်းကြာသွားပြီးတဲ့နောက် ဆေးရောင် ကွာကျသွားပြီ။
ချီယန် ခေါင်းညိတ်ပြီး သူ့ကို ကော်ဖီတစ်ခွက် ပေးတယ်။
နန်ကျဲ့ မယူဘဲ လက်ထဲက ဆေးလိပ်ကို ခါလိုက်ကာ “ပြီးမှ သောက်မယ်”
“နင် ဘယ်မှာ နေတာလဲ။ ငါ နင့်ကို အရင် လိုက်ပို့ပေးရမလား”
နောက်ကျနေပြီ ဖြစ်တယ်။
ချီယန် မငြင်းတော့ဘူး။
နန်ကျဲ့ကား လမ်းဘေးနားမှာ ရပ်ထားလျက် ရှိတယ်။
_____
တစ်ချိန်တည်းမှာပဲ နန်ကောနဲ့ ရှန်ရန်ချင်း ဂိမ်းဆိုင်ထဲကနေ ထွက်လာတယ်။
ရှန်ရန်ချင်း နေလာတာ အနှစ်၃၀နီးနီး ရှိပြီ။ ဒီလိုနေရာမျိုးကို ရောက်ဖူးတာ ဒါပထမဆုံးပဲ။ ပြီးတော့ သူ ပထမဆုံး အရုပ်ကောက်တဲ့စက်ကို မြင်ဖူးတာဆိုလည်း ဟုတ်တယ်။
သူ ဒီစက်တွေနဲ့ မရင်းနှီးပေမဲ့ နန်ကော ဘယ်လိုသုံးရမလဲ ပြပေးတယ်။
86 03
သူတို့နှစ်ယောက် အရုပ်ကောက်စက်ကနေ အမွှေးပွအရုပ်တွေအများကြီး ရလာပြီး ဆိုင်ထဲက ထွက်လာတယ်။
ရှန်ရန်ချင်း အိတ်တစ်လုံးနဲ့ ဘေးမှာ ရပ်နေတယ်။ နန်ကော ကုန်းပြီး အဲ့ထဲကို မွှေလိုက်တယ်။ သူမ အရုပ်လှလှလေးတစ်ရုပ် တွေ့သွားပြီး သူ့ကို ပေးလိုက်တယ်။ “ဒီမှာ ရှင့်အတွက်”
“ကျေးဇူး”
နန်ကော အိတ်ထဲကို တစ်ဖန်ထပ်မွှေပြီး သက်ပြင်းချတယ်။ “ကျန်တဲ့တွေက နည်းနည်း ရုပ်ဆိုးပြီး ရှင်နဲ့ မထိုက်တန်ဘူး။ ရှင် ဒီတစ်ခုကို ယူနော်”
“ကျွန်မ ရုပ်ဆိုးဆိုးတွေကို နောက်မှ အစ်ကို့ကို ပေးလိုက်မယ်”
ရှန်ရန်ချင်း မထိန်းနိုင်ဘဲ ရယ်လိုက်မိတယ်။
အပြစ်ဒဏ် ပဲလားတော့ မသိ။ နန်ကော စကားပြောပြီးလို့ သိပ်မကြာဘဲ သူမ ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်တဲ့အချိန် တစ်ယောက်သော အသိမိတ်ဆွေကို တွေ့လိုက်တယ်။
လမ်းဘေးမှာ ဆေးလိပ်ရပ်သောက်ရင်း အလှလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ နန်ကျဲ့က လွဲလို့ ဘယ်သူရှိဦးမှာလဲ။!
******