အခန်း ၉၁
Vol. 10 Ch. 91
91 01
Chapter 91 ဖြစ်စဉ်က ပြင်းထန်သွားတယ်။
“ဒါ...ဒါ မင်းကားလား”
သူ့လေသံထဲက သံသယကို ကြားရတော့ နန်ကောဟာ သိပ်နားမလည်ဘူး ဖြစ်သွားတယ်။ “အခြား ဘာရှိလို့လဲ”
သူမဟာ လက်ထဲက ကားသော့ကို ငုံ့ကြည့်ပြီး ကားတံခါးကို ဖွင့်တယ်။ သူမ ကိုယ့်ကိုယ့်ကိုတောင် ပြန်သံသယ ၀င်မိတော့မလို ဖြစ်သွားတယ်။
ဒါသူမကား မဟုတ်ဘူးဆိုရင် ဘယ်သူ့ကားတုန်း။
ရှန်ရန်ချင်းဟာ တစ်ခုခုပြောချင်ပေမဲ့ တွန့်ဆုတ်နေတယ်။ “မင်း ပြောခဲ့ဖူးတယ်လို့ ကိုယ် မမှတ်မိဘူး...”
သူမ ဘာလို့ တစ်ခါမှ မပြောခဲ့တာလဲလို့ သူ မေးချင်တာ။ ဒါပေမဲ့ သူ ပြောလိုက်ရင်း ပြဿနာကို နားလည်သဘောပေါက်သွားတယ်။
နန်ကော ပြောခဲ့တာ မပြောခဲ့တာ အသာထား။ သူမှ ဘာမှ မမေးခဲ့တာ။
ဒီတော့ အခုမှ နန်ကောကို မေးဖို့ သူ့မှာ ဘာအခွင့်ရှိမှာလဲ။
နန်ကောက တမင်ရယ်ရွယ်ပြီး ဖုံးကွယ်ထားတာမျိုး မဟုတ်တာ သူ သိတယ်။
အစကနေ အဆုံးထိ ကြည့်ရတာ သူကပဲ တစ်ခုခုကို အထင်လွဲနေခဲ့ပုံပဲ...။
နန်ကောရဲ့ တိုက်တွန်းမှုကြောင့် ရှန်ရန်ချင်း ကားထဲ ၀င်လိုက်တယ်။
နန်ကောကို ကျေးဇူးတင်ရမယ်။ ဒါဟာ သူ့အနေနဲ့ ပထမဆုံး Lamborghini ပေါ်မှာ ထိုင်ဖူးတာပဲ...။
အရင်က သူ အဆင့်မြင့် ပုံရိပ်ရှိတဲ့ စပယ်ရှယ်ကားကြီးတွေကို စိတ်မ၀င်စားခဲ့ဘူး။
သူ အဆင့်မြှင့်ပြီး ပြောင်းလဲလာတဲ့ ကားတွေကို စိတ်မ၀င်စားဘူး။ သူ့သူငယ်ချင်းတွေဟာ သူ့အသက် ၀န်းကျင် ဒါမှမဟုတ် သူ့အသက်ထက် ကြီးတယ်။ ဒီတော့ သူသိတဲ့လူတွေထဲ ကားပြိုင်ရတာမျိုး၊ ကားအဆင့်မြှင့်တာမျိုးကို မနှစ်သက်ကြဘူး။ သူ ဒီအကြောင်းအရာကို ထည့်ပြောတာတောင် ရှားတယ်။
သူကိုယ်တိုင်လည်း ဒီအပေါ်ကို သိပ်ပြီး အာရုံမထားခဲ့ဘူး။
နောက်ဆုံးတော့လည်း အဲဒါက သယ်ယူပို့ဆောင်ရေးအတွက်ပဲလေ။
အချိန်အများစုမှာ ကောင်းကပဲ မောင်းတာ။
သူအလျင်လိုနေတာကို သိတဲ့အတွက် နန်ကောဟာ သွားမရှုပ်တော့ဘူး။ သူမဟာ အရှိန်တင်ပြီး မောင်းထွက်သွားတော့တယ်။ စစချင်း အသံလှိုင်းတွေဟာ သူ့နားထဲ ထုံကျဉ် တက်သွားတယ်။ အဲဒါက ရှန်ရန်ချင်းခေါင်းကို တူသေးသေးလေးတွေနဲ့ ထုနေသလိုပဲ။ သူ ခံစားလို့ရတာဆိုလို့ မူးနောက်နေတာပဲ ရှိတယ်။
မိနစ်အနည်းငယ်အတွင်းမှာပဲ နန်ကောဟာ သူ့ရဲ့ သူမအပေါ် နားလည်မှုကို ထပ်ခါထပ်ခါ ပြန်တွေးရအောင် လုပ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။
ပထမဆုံးအနေနဲ့ သူမမှာ Lamborghini ရှိတယ်။ ဒုတိယအနေနဲ့ သူမ တကယ် ကားဘယ်လို မောင်းရမလဲ သိတယ်။ ပြီးတော့ သူမရဲ့ ကားမောင်း စကေးကလည်း အဆင်ပြေတဲ့ပုံပဲ...။
အဲဒါဆိုရင် သူမ အချိန်ပိုင်း ဒလီ၀န်ထမ်းလုပ်ရင်း လိုချင်တယ်ဆိုတာ ဘယ်လိုကားမျိုးလဲ။ ဒီလိုမျိုးလား။ Lamborghini။
ကားထဲရောက်ကတည်းက မျက်မှန်အောက်က ရှန်ရန်ချင်းရဲ့ မျက်လုံးတွေဟာ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတယ်။
သူ တစ်ခုခု မေးချင်ပေမဲ့ ဘယ်ကစရမလဲ မသိဘူး။
သူ သူ့ဟာသူ ဖြည်းဖြည်းချင်း ချေဖျက်လိုက်ဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး။ အဲဒီနောက် အရင်က ဖြစ်စဥ်လေးတွေဟာ သူ့စိတ်ထဲ ပြန်ပေါ်လာတယ်။
နန်ကော ပြောဖူးတယ်။ သူမ ကားအသစ်ရရင် သူမ သူ့ကို တင်မောင်းမယ်ဆိုပြီး။ ညဘက် ကားအမိုးချပြီး မောင်းတာက ပိုကောင်းတယ်လို့တောင် သူမ ပြောခဲ့သေးတယ်။
91 02
ဟင်း… တကယ်တော့ သူတို့နှစ်ယောက်ဟာ တူညီတဲ့ကားကို တွေးမနေခဲ့ကြတာဘဲ။ သူတို့ အတွေးတွေဟာ တစ်ခါမှ ထပ်တူကျမနေခဲ့ဘူးလို့တောင် ပြောလို့ရတယ်။ သူတို့ဟာ ရိုးရှင်းစွာ ကမ္ဘာခြားနေခဲ့ကြတာ။
ပြီးတော့ သူအရင်က တွေခဲ့တဲ့ ယွီဆိုတဲ့ သူငယ်ချင်းကလည်း သာမန်မိသားစုက ကလေးနဲ့ မတူဘူး။
အော် ဟုတ်သားပဲ။ ပွဲမှာတုန်းကလည်း တစ်ခါ နန်ကောရဲ့ ငယ်သူငယ်ချင်းဆိုတဲ့ တစ်ယောက်လည်း ရှိသေးတယ်။ သူ အခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာထဲ နှိုက်နှိုက်ချွတ်ချွတ် လုပ်ရတာမျိုး မကြိုက်ဘူး။ ဒီတော့ အဲဒီပွဲပြီးတော့ သူ သူမရဲ့ နောက်ခံကို မမေးခဲ့ဘူး။ ဒါပေါ့။ နန်ကောက ချွင်းချက် ဖြစ်ခဲ့တာ။
ဒါပေမဲ့ အခု သူ သေချာ စဉ်းစားကြည့်တော့မှ တစ်ဖက်လူဟာ သိသိသာသာကိုပဲ ချမ်းသာတယ်။ တကယ်လို့ နန်ကောနဲ့ တစ်ဖက်လူက ငယ်သူငယ်ချင်းတွေဆိုရင် သူတို့မိသားစုတွေရဲ့ အခြေအနေက ဘယ်လောက် ဆိုး၀ါးနိုင်မှာလဲ။
ဒါကို ပြန်စဉ်းစားပြီးတဲ့အခါ အဲဒီတုန်းက သူ့ကိုယ်သူ ဖော်ပြဖို့ ရှန်ရန်ချင်းဟာ စကားလုံးတစ်လုံးကိုပဲ သုံးနိုင်တော့တယ်။ သူ တုံးခဲ့တာ။
လိုက်လို့ရတဲ့ ခြေရာတွေ အများကြီး ရှင်းရှင်းလင်းလင်း ရှိခဲ့ပေမဲ့ သူအမြဲ ကွက်တိပဲ အဖြေမှန်ကို လွဲခဲ့တယ်။
အရင်တစ်ခေါက် ဒီကားကို တွေ့တုန်းက သူ သူမငယ်သူငယ်ချင်းရဲ့ ကားလို့ ထင်ခဲ့တာ...။
သူ မနေနိုင်ဘဲ ဘေးဘက်ကို ကြည့်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်မိတယ်။ ကားအတွင်းပိုင်းဟာ အရမ်းမိန်းကလေး ဆန်တယ်။ အဲဒါတွေဟာ သိသိသာသာကိုပဲ ပိုင်ရှင်ရဲ့အမှတ်အသားတွေ။
သူမကို အချိန်ပိုင်း လုပ်ပြီး ပညာသင်နေတဲ့ ဆင်းရဲတဲ့ ကျောင်းသူလေး တစ်ယောက်လို့ သူ တွေးခဲ့မိတဲ့အကြောင်း ပြန်စဉ်းစားရင် သူက ဒီတိုင်း ငတုံးတစ်ယောက်လို့သာ ခံစားရတယ်။
၁၀မိနစ်ကျော်ကျော်လောက် ချေဖျက်ပြီးတဲ့နောက်မှာတော့ သူ သူမကို တိုးတိုးလေး ခေါ်လိုက်တယ်။ “နန်ကော”
“ဟမ်” နန်ကောဟာ အရှေ့တည့်တည့်ကိုပဲ ကြည့်နေပြီး သူ့ဘက်ကို ကြည့်မလာဘူး။
ခဏလောက် တွေးတောပြီးတဲ့နောက် သူ အစပျိုးဖို့ သင့်တော်တဲ့ အချက်တစ်ခု ရှာတွေ့သွားပြီး မေးလိုက်တယ်။ “မင်းမိသားစု ဘာလုပ်လဲလို့ ကိုယ် မမေးခဲ့ဘူးထင်တယ်။ မင်း ကိုယ့်ကို ပြောပြနိုင်လား”
“ကျွန်မမိသားစု...” နန်ကောဟာ နှုတ်ခမ်းကို ဖိပြီး “ကျွန်မအထင်…ကျွန်မမိသားစုက အကုန်လုပ်တယ်ရော်”
“အိမ်ခြံမြေ၊ရှော့ပင်းမောလ် ပြီးတော့ အရက်ရောပဲ။ ကျွန်မအစ်ကိုဆို ပိုရှုပ်သေး။ သူ့မှာ သီးသန့်ကလပ်တွေ၊ အဆင့်မြင့်ကလပ်တွေရော၊ ဘားတွေနဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေပါ ရှိတယ်”
“အော် ဟုတ်သား။ သူ လတ်တလော သူငယ်ချင်းတစ်ယောက်နဲ့ စားသောက်ဆိုင်တစ်ဆိုင် ထပ်ဖွင့်ထားသေးတယ်”
“စားသောက်ဆိုင်” ရှန်ရန်ချင်းဟာ လက်ထဲက အော်ဒါထုပ်ကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပုံ ရတယ်။
“ဟုတ်တယ် ကျွန်မ ဒလီပို့တဲ့တစ်ခုလေ။ ကျွန်မ အဲဒီမှာ အချိန်ပိုင်းလုပ်တာ။ အစ်ကိုက ကျွန်မ တစ်လ ဒလီပို့ရင် ကျွန်မကားအသစ် ၀ယ်ဖို့ ပိုက်ဆံ သူ ထောက်ပံ့ပေးမယ်ဆိုလို့”
ရှန်ရန်ချင်းဟာ အနည်းငယ် မျက်မှောင် ကြုတ်ပြီး ပြန်တွေးကြည့်ပြန်တယ်။
သူ ကျန်းမြို့နဲ့ နန်မိသားစုရဲ့ သဲလွန်စတွေကို ပေါင်းစပ်မယ်ဆိုရင်တောင်မှ ကွာဟချက်က ကြီးနေတုန်းပဲ။
ဒါပေမဲ့ သူအခုလေးတင် နန်ကော ပြောတဲ့ ကုမ္ပဏီတွေကိုပါ ထည့်လိုက်မယ်ဆို နာမည်တစ်ခုတည်းကသာ စိတ်ထဲ ပေါ်လာတယ်။
“ကိုယ် တစ်ခုလောက် မေးမယ်နော်။ မစ္စတာနန်ကျန်းနင်းက မင်းနဲ့ တစ်ခုခုများ တော်လား”
နန်ကောဟာ မျက်တောင် ခတ်ပြီး “ကျွန်မအဖေလေ”
“.....” အိုကေပါ။ အကုန်လုံး ဆက်စပ်မိသွားပြီ။
91 03
ကျန်းမြို့က နန်မိသားစုရဲ့ ဇာတ်လမ်းအချို့ကို ရှန်ရန်ချင်း တကယ်သိတယ်။
နန်မိသားစုရဲ့ ဘိုးဘေးတွေဟာ ကျန်းမြို့ဇာတိတော့ ဖြစ်ပုံမရဘူး။ နန်ကောရဲ့ အဘေးလက်ထက်မှာ အဲဒီကို ပြောင်းသွားတာ ဖြစ်လောက်တယ်။
အဲဒီအချိန်တုန်းက နန်မိသားစုဟာ ချမ်းသာနေပြီးသား။ သူတို့ရဲ့ ဘိုးဘေးတွေမှာ တောင့်တင်းတဲ့နောက်ခံ ရှိတယ်လို့ ပြောကြတယ်။
ဒါပေမဲ့ နန်ကောအဖိုးရဲ့မျိုးဆက်က စပြီး နန်မိသားစုဟာ အမြဲ သူတို့ဇုန်ထဲမှာပဲ သူတို့နေလို့ တဖြည်းဖြည်းချင်း ကျဆင်းလာတယ်။
နောက်တော့ နန်ကောရဲ့အဖေ နန်ကျန်းနင်းဟာ မိသားစုစီးပွားရေးကို ဆက်ခံရတယ်။
နန်မိသားစုရဲ့ စီးပွားရေးဟာ သူ့လက်ထဲမှာ တဖြည်းဖြည်း ကျယ်ပြန့်လာတယ်။ ဒီနေ့အထိကိုပဲ နန်ကျန်းနင်းဟာ ကျန်းမြို့ရဲ့ အချမ်းသာဆုံး လူစာရင်းထဲ အခိုင်အမာရှိနေတုန်း။
သူ ဒီအကြောင်းကို သေချာရတဲ့ အကြောင်းအရင်းဟာ သူအရင်က လေ့လာခဲ့ဖူးလို့။ ပရော်ဖက်ဆာဟာ နန်မိသားစုရဲ့ ကုမ္ပဏီကို လေ့လာရမဲ့ကိစ္စတစ်ခု အနေနဲ့ အသုံးပြုပြီး အသေအချာ ခွဲခြမ်းစိတ်ဖြာ ခိုင်းခဲ့တယ်။
ပိုအရေးကြီးတာက သူ နန်ကျန်းနင်းကို လူကိုယ်တိုင် ဆုံခဲ့ဖူးတယ်။
အဲဒီတုန်းက တစ်ဖက်လူဟာ သူ့မှာ စာလေ့လာနေဆဲ ဖြစ်တဲ့ သမီးလေးတစ်ယောက် ရှိကြောင်း ပြောခဲ့တယ်...
ဒါကို တွေးမိတော့ သူ မော့ပြီး သူ့အကြည့်ဟာ တစ်ယောက်သော “သမီးငယ်” လေးဆီ ကျရောက်သွားတယ်။ သူ့ခံစားချက်တွေ မရှင်းပြနိုင်အောင် ရှုပ်ထွေးနေတယ်။
အနာဂတ်မှာ သူ နန်ကောရဲ့မိသားစုအကြောင်းကို ဖြည်းဖြည်းချင်းပဲ နားလည်ဖို့ အခွင့်အရေး ရမယ်။ ပြီးတော့ မိသားစုထဲက လူကြီးတွေကိုလည်းပဲ တဖြည်းဖြည်းချင်း သိလာမယ်ပေါ့။ အဆုံးသတ်ကျတော့ သူ သူမအဖေကို ဟိုးအရင်ကတည်း တွေ့ခဲ့ဖူးရုံတင် မကဘဲ သူမမိသားစု အခြေအနေကိုပါ ကောင်းကောင်းကြီး သိနေသေးတယ်။
လေဆိပ်နားက လမ်းမဟာ နည်းနည်း လူကြပ်နေတယ်။
နန်ကောဟာ ရှေ့က ကားနောက်လိုက်ပြီး မကြာခဏ မျက်မှောင်ကြုတ်နေမိတယ်။ “ရှင့် လေယာဉ်က ဘယ်အချိန်လဲ။ လွတ်သွားမှာလား”
ရှန်ရန်ချင်းဟာ အိပ်မက်ကနေ နိုးထလာပုံပေါ်ပြီး နာရီကို ကြည့်လိုက်တယ်။ “ဟင့်အင်း စောသေးတယ်။ မင်း မောင်းတာ အရမ်းမြန်တယ်”
ဒါကို ကြားတော့ နန်ကောဟာ ရယ်တယ်။ “အရိုးသားဆုံးပြောရင် အစ်ကို ကျွန်မကို ဒီကားပေးတော့ ကျွန်မ မသိအောင် ယွီနဲ့အခြားလူတွေနောက် လိုက်ပြီး တောင်ပတ်လမ်းကို မောင်းခဲ့သေးတယ်။ ကျွန်မ တတိယနေရာတောင် ရလိုက်သေးတယ်”
“ဒါပေမဲ့ အဲဒီကတည်းက ထပ်မရောက်ဖြစ်တော့ဘူး”
“အဲဒါက မလုံခြုံဘူးလား” ရှန်ရန်ချင်းဟာ ဒီပရောဂျက်တွေအကြောင်း သိပ်မသိဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တောင်ပတ်လမ်းဆိုတာက အန္တရာယ်များမဲ့ပုံပဲ။
“အာ… အနည်းနဲ့ အများပေါ့” သူမ ကြည့်ရတာ အတိတ်ကို ပြန်ကြည့်ဖို့ မခံနိုင်သလိုဘဲ။ သူမက ဆက်ပြောတယ်။ “ဘာလို့လဲဆိုတော့ အဲဒီတုန်းက ကျွန်မအဆုံးကိုလည်း ရောက်ရော ကားတံခါး ဖွင့်လိုက်တာနဲ့ ကျွန်မအစ်ကိုကို တွေ့တော့တာပဲ”
“အဲဒီနောက်ကတော့ ရှင် စိတ်ကူး ကြည့်လို့ရသလိုပဲ ဖြစ်စဉ်က အရမ်း ပြင်းထန်သွားတယ်”
ရှန်ရန်ချင်းက မျက်မှောင်ကြုတ်တယ်။ “မင်း အစ်ကို မင်းကို ရိုက်တာလား”
“ဟင့်အင်း အစ်ကိုက ပုံမှန်အားဖြင့် ကျွန်မကို ဆူပဲ ဆူတယ်” အဲဒီနောက် သူမက ထပ်ထည့်ပြောတယ်။ “ဒါပေမဲ့ ကျွန်မနဲ့ ပြိုင်ခဲ့တဲ့လူတွေကတော့ အစ်ကို့ဆီက အရိုက် ခံလိုက်ရတယ်လို့ ကြားတယ်”
ရှန်ရန်ချင်း “.....”
******