အခန်း ၉၃
Vol. 10 Ch. 93
93 01
Chapter 93 အတူရှိကြမယ်။
သူ့ကို အနည်းငယ် ခေါင်းမော့ကြည့်ရင်း ပင်ကွင်းပေါက်ရဲ့ မျက်လုံးတွေဟာ တောက်ပနေတယ်။
လက်တစ်ဖက်ဟာ သူ့ရဲ့အင်္ကျီလက်ကို ဆွဲထားပြီး လက်ကြယ်သီးလေးကို ကိုင်နေတယ်။ ကျန်လက်တစ်ဖက်ဟာတော့ သူ့လက်ဖဝါးကို ကိုင်ထားတယ်။
ရှန်ရန်ချင်းဟာ ခေါင်းကို ငုံ့ပြီး သူမမျက်လုံးထဲ ကြည့်လိုက်တယ်။ သူမအသံကိုလည်း လေးနက်စွာ နားထောင်တယ်။
“မင်း စီကျူးမြို့ကို သွားချင်လို့လား” သူဟာ ခပ်မြန်မြန်ပဲ သူမ ပြောချင်တာကို သဘောပေါက်တယ်။
“ဟုတ်တယ်” နန်ကောဟာ လေးလံစွာနဲ့ ခေါင်းညိတ်တယ်။ “ကျွန်မတစ်ခါ သွားဖူးပေမဲ့ နွေရာသီတုန်းက သွားတာ” သူမ တစ်ခါမှ စီကျူးမြို့ကို နှင်းတွေနဲ့ မမြင်ဖူးဘူး။
ကျောင်းမဖွင့်ခင် ၂ရက် ကျန်သေးတာမို့ သူမ နောက်၂ရက်လောက် လျှောက်သွားလို့ ရပါသေးတယ်။
တကယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှန်ရန်ချင်းကို အနှောင့်အယှက် ပေးဖို့ မသင့်လျော်ဘူးဆိုတာ သူမလည်း ခံစားမိပါတယ်။ သူမ ပြဿနာ မဖြစ်စေချင်ဘူး။ တကယ်တမ်းက သူဟာ အလုပ်နဲ့ သွားတာလေ။ ဒါပေမဲ့ သူမ လေယာဉ် လက်မှတ်တွေကို ဒီတိုင်းပဲ စစ်ကြည့်တော့ ဒီနေ့အတွက် လေယာဉ်တစ်စီးမှ မရှိဘူး။
လေယာဉ်က မနက်ဖြန် မနက်မှာတော့ ရှိတယ်ဆိုပေမဲ့ သူမ ရောက်သွားတဲ့အချိန် နှင်း မကျတော့မှာကို စိုးရိမ်တယ်။
ဒါကြောင့်လည်း သူမ ရှန်ရန်ချင်းကိုပဲ မေးကြည့်ရတော့တာပေါ့။ ရှန်ရန်ချင်းဟာ အလျင်အမြန်ပဲ တုံ့ပြန်တယ်။ “ခဏစောင့်”
“ဟုတ်”
အဆုံးကျတော့ ဒီကိစ္စကို လက်ထောက်ယွမ် လက်ထဲပဲ လွှဲပေးလိုက်တယ်။ သူဟာ ခဏလောက် အပြင်ထွက်သွားပြီး အမြန်လေး ပြန်ရောက်လာတယ်။
“ဥက္ကဌရှန် လက်မှတ် ရှိသေးတယ်”
ခုံကျန်သေးကြောင်း အတည်ပြုပြီးတဲ့နောက် ရှန်ရန်ချင်းဟာ နန်ကောကို လှည့်ကြည့်ပြီး မေးတယ်။ “မင်း အိုင်ဒီ ပါလာလား။ '
“ပါလာတယ် ပါလာတယ်!” နန်ကောဟာ သူမ အိတ်သေးသေးလေးကို ပုတ်ပြတယ်။ “ဒါဆို ဒါ ကျွန်မသွားလို့ ရတယ်ဆိုတဲ့သဘောလား။
“အင်း” ရှန်ရန်ချင်းရဲ့ အကြည့်ဟာ ညင်သာနေခဲ့တယ်။ “ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်”
“ပြောလေ”
“ကိုယ် အလုပ် လုပ်နေတဲ့အချိန် မင်း လျှောက်မသွားရဘူး။ အိမ်မှာပဲ ကိုယ့်ကို စောင့်နေ။ ကိုယ်ပြန်လာမှ မင်းကို လျှောက်ကြည့်ဖို့ ခေါ်သွားပေးမယ်။ အဆင်ပြေလား”
သူ နန်ကောကို ကန့်သတ် မထားချင်ပါဘူး။
နန်ကောလည်း လူကြီးဖြစ်နေပြီဆိုပေမဲ့ ဒီတစ်ခါ သူမဟာ သူနဲ့အတူသွားတာလေ။ ဒီတော့ ပုံမှန်သဘောတရားအရ သူ တာ၀န်ယူရမယ်။
ပြီးတော့ သူမက သူ့ရဲ့ကောင်မလေးလေ။
သေချာတာပေါ့။ သူ သူမကို တစ်ယောက်တည်း လျှောက်သွားခွင့် မပေးနိုင်ပါဘူး။
“တကယ်တော့ ရှင် လုပ်စရာရှိတာကိုပဲ လုပ်ပါ။ ကျွန်မဟာ ကျွန်မ အဆင်ပြေပါတယ်” နန်ကောဟာ သူ့အလုပ်ကိစ္စကို ပြန်ဆွဲထားသလို ဖြစ်နေမှာကို စိုးရိမ်တယ်။
ပြီးတော့ သူမက ကလေးလည်း မဟုတ်တော့ဘူးလေ။
ရှန်ရန်ချင်းဟာ ခေါင်းခါတယ်။
“ကိုယ်တို့ အတူတူ ရှိနေရမယ်”
“ကိုယ် အတူလိုက်ပေးဖို့ မင်းက မလိုအပ်ဘူး ဆိုရင်တောင်မှ မင်းအတူ လိုက်ပေးဖို့ ကိုယ်က လိုတယ်”
နန်ကောဟာ ကြောင်သွားတယ်။ “ဟမ်”
“ကိုယ် အမြဲစီကျူးကို အလုပ်ကိစ္စနဲ့ သွားတာ။ ကိုယ်တခြားဘယ်မှ မရောက်ဖူးဘူး။ ဒီတစ်ခါက မင်းနဲ့အတူ ဖြစ်သွားရုံလေးပဲ”
93 02
“တကယ်က ကိုယ် စီကျူးမြို့အကြောင်း သိပ်မသိဘူး။ မင်း ကိုယ့်ကို လိုက်ပြလို့ ရတယ်”
သူမ တာ၀န်ယူစိတ်နဲ့ မှီခိုစိတ်လေးတောင် ခံစားလိုက်ရတယ်။ ဒါဟာ သူမကို ပိုပြီး စိတ်လှုပ်ရှား စေတယ်။ ပြီးတော့ ဒီစီကျူးမြို့ကို သွားမဲ့ခရီးကို သူမ အရမ်းမျှော်လင့် နေပြီ။
ဒါပေါ့။ ရှန်ရန်ချင်း နန်ကောကို ဒီတိုင်းကြီး ခေါ်သွားလို့ မရဘူးလေ။ လေယာဉ်ပေါ် မတက်ခင် သူ နန်ကောကို အိမ်ကို ဖုန်းဆက်ဖို့ မေးတယ်။ ကိစ္စတွေ ရှင်းအောင် ပြောထားဖို့လေ။
နန်ကောဟာ ပြောတဲ့အတိုင်း လုပ်ပြီး သူမ မားကို ဖုန်းခေါ်လိုက်တယ်။
သူမမားဟာ ဘာကန့်ကွက်မှုမှ မရှိဘဲ သူမကိုယ်ကိုယ်ကိုသာ ဂရုစိုက်ဖို့ သတိပေးတယ်။
နန်ကျဲ့ကတော့ မားက သူမကို ကူလျှို့ဝှက် ပေးထားမယ်တဲ့။
ထပ်ပေါင်းပြောရမယ်ဆိုရင် နန်ကျဲ့ဟာ မိန်းကလေးချီယန်ကို လိုက်တဲ့ကိစ္စနဲ့ အလုပ်ရှုပ်နေပြီး သူမကို ဂရုစိုက်ဖို့ အချိန်မရှိဘူး။ နန်ကောဟာ ပျော်ပြီး စိတ်သက်သာရာလည်း ရတယ်။
ဟိုက်မြို့ကနေ စီကျူးမြို့ကို ၂နာရီခွဲလောက် အချိန်ယူ ရတယ်။
နေ့လည်ခင်း ညနေမစောင်းခင်မှာ အဖွဲ့ဟာ စီကျူးကို ရောက်သွားတယ်။
ရှန်ရန်ချင်းဟာ အလုပ်ကိစ္စပြောဖို့ ထွက်မသွားခင် နန်ကောကို သူ့အိမ်ဆီ အရင်လိုက်ပို့ ပေးတယ်။
၄ထပ်ဗီလာကြီးမှာ နန်ကောအပြင် အိမ်အကူ၂ယောက်ပဲ ရှိတယ်။ ဒီမှာ အရမ်းတိတ်ဆိတ်ပေမဲ့ အပြင်မှာလည်း ဘ၀သိပ်မရှိဘူးဆိုတာ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တယ်။
ရှန်ရန်ချင်းဟာ ဒီမှာ တစ်နှစ် ၂ကြိမ်၊၃ကြိမ်လောက်ပဲ နေတတ်တယ်တဲ့။ အကြိမ်တိုင်း တစ်ပတ်တောင် မပြည့်ဘူး။
အိမ်အကူ၂ယောက်ဟာ အရမ်းသဘောကောင်းတယ်။ သူတို့ သူမကို ဒီနေရာနဲ့ မိတ်ဆက်ပေးပြီး သစ်သီးတွေနဲ့ မုန့်အမျိုးမျိုးတွေလည်း ယူ ယူလာပေးတယ်။
သူမ ပျင်းနေမှာကို စိုးရိမ်တဲ့အတွက် သူဟာ သူမနဲ့အတူ ကစားဖို့ အထူးတလည် ဘုတ်ဂိမ်းအချို့နဲ့ ပိုကာကတ်တွေကိုလည်း ယူလာပေးသေးတယ်။
တစ်ခုပဲ။ အိမ်အကူဟာ နည်းနည်း အသက်ကြီးနေပြီ ဖြစ်ပြီး အကုန်လုံးကို နားမလည်တာလေးပဲ။
သူမတို့၃ယောက်လုံးဟာ ဖဲရိုက်ရင်း အလုပ် ရှုပ်နေခဲ့ကြတယ်။
အဆုံးမှာ နန်ကောဟာ လက်လျှော့ပြီး လေညင်းခံဖို့ အိပ်ခန်းထဲက လသာဆောင်ကို သွားတယ်။
ဒီရှုထောင့်ကနေ သူ မိုးကုတ်စက်ဝိုင်းကြီးထဲက နေ၀င်နေတာကို မြင်နေရတယ်။ ဒါပေမဲ့ သူမ နေနေတာ ဘယ်လောက်မှ မကြာသေးဘူး။ အိမ်အကူဟာ အထဲ၀င်နေဖို့ ပြောတယ်။
စီကျူးမြို့က ရာသီဥတုဟာ ဟိုက်မြို့ကလို မပေါ့ပါးဘူး။ လေအေးတွေ တိုက်ခတ် နေတယ်။ ဒါ နာရီအနည်းငယ်အတွင်းမှာပဲ နှင်းကျတော့မဲ့ ရှေ့ပြေးနိမိတ် ဖြစ်လောက်တယ်။
နန်ကောမှာ ဘာမှ လုပ်စရာ မရှိဘူး။ ဒီတော့ သူမ ဆိုဖာပေါ် ထိုင်လိုက်ပြီး စီကျူးမြို့ရဲ့ ခရီးသွား လမ်းညွှန်တွေကို တစ်ချက်ရှာကြည့်တယ်။
အရင်က သူမ သူမရဲ့ အစ်ကိုနဲ့ လာတာ။ သူမ ဘာမှ ပြင်ဆင်စရာ မလိုဘူး။ သူမမှာ စားဖို့တာ၀န်ပဲ ရှိတယ်။
ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ ကွဲပြားသွားပြီ။
သူမရဲ့ ဗျူဟာနဲ့ ပတ်သက်ပြီး တစ်ခုခု မှားမှာကို နန်ကောစိုးရိမ်တာမို့ သူမ အိမ်အကူတွေကို မေးကြည့်လိုက်တယ်။
နန်ကျဲ့ဟာ ဂုတ်ပိုးကို ပင်ပန်းနွမ်းနယ်စွာနဲ့ ကိုင်ပြီး ပျင်းရိပျင်းတွဲ အကြောဆန့် လိုက်တယ်။ အလုပ်စောစော ဆင်းဖို့ သူဟာ ထပြီး ဂျက်ကတ်တစ်ထည်နဲ့ အောက်ဆင်းသွားတယ်။
သူဟာ အစကတည်းက ပျင်းနေတာ။ သူ့အတွက် နောက်ကျတာတို့ စောပြန်တာတို့က ပုံမှန်ပဲ။ ရှန်ရန်ချင်းလို အလုပ်ဂျပိုးနဲ့ကတော့ သိသိသာသာကို ဆန့်ကျင်ဘက်။
93 03
သူတို့၂ယောက်ဟာ အစွန်း၂ဖက်မှာ ရှိကြတယ်။
“ဥက္ကဌနန်!” သူ ဓာတ်လှေကားထဲ ၀င်လိုက်တာနဲ့ သူ့အတွင်းရေးမှူးဟာ သူ့နောက်ကို လိုက်လာတယ်။
နန်ကျဲ့ဟာ သူ့ကို စောင့်ရင်း လက်မြှောက်ကာ ဓာတ်လှေကားခလုတ်ကို နှိပ်ထားပေးတယ်။
ဓာတ်လှေကားတံခါး ဖြည်းဖြည်းချင်း ပွင့်လာတာကို မြင်ရင်း အထွေထွေအတွင်းရေးမှူးဟာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချတယ်။ ကံကောင်းစွာနဲ့ သူ အချိန်မှီသွားတယ်။
ဥက္ကဌနန် ကုမ္ပဏီက ပြန်ပြီဆိုတာနဲ့ သူ ပျောက်ကွယ် သွားတတ်တယ်ဆိုတာ လူတိုင်း သိတယ်။ သူ့ကို ဖုန်းလည်း ခေါ်လို့ မရတော့သလို ဝီချက်မှာလည်း စာမပြန်တော့ဘူး။
ကုမ္ပဏီကြီး ဒေဝါလီခံလိုက်ရရင်တောင် အလုပ်ချိန် မဟုတ်ရင် ဥက္ကဌနန်ဟာ ဂရုစိုက်လိမ့်မှာ မဟုတ်။
ဒီလို အေးဆေးတဲ့ သူဌေးမျိုးရှိတာဟာ သူတို့ကံပဲ။
သူ ဝန်ထမ်းတွေ အားနာတာကို မြင်ဖူးပေမဲ့ သူဌေး အားနာတာကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။
သူဌေးက သူတို့ထက်တောင်မှ အလုပ်ဆင်းဖို့ စိတ်အား ထက်သန်နေသေးတယ်။
အဲဒါဟာ ရယ်စရာ ကောင်းတယ်။
“ဘာဖြစ်လဲ” နန်ကျဲ့ဟာ နာရီကို တစ်ချက်ကြည့်တယ်။ သူ ချီယန်ကို ညစာအတူစားဖို့ ပြောထားတယ်။ သူအခု ဟိုက်မြို့ကနေ ထွက်ရင် အချိန်အတော်ပဲ ဖြစ်လိမ့်မယ်။
နည်းနည်းလေး နောက်ကျရင် ညနေလူရှုပ်တဲ့ အချိန်ကို ရောက်သွားလိမ့်မယ်။
အတွင်းရေးမှူးက ပြောတယ်။ “ချန်းအန်အင်တာနေရှင်နယ်ရဲ့ ဥက္ကဌက မနက်ဖြန်ည စီကျူးမြို့မှာ မွေးနေ့ပွဲ ရှိပါတယ်။ ကျွန်တော် မင်းကို မေးလ် ပို့လိုက်ပေမဲ့ မင်း မတွေ့ဘူးထင်လို့ သူတို့က မင်းကို လောနေပြီး သွားမလား မေးနေပါတယ်”
“ချန်းအန်အင်တာနေရှင်နယ်” နန်ကျဲ့ဟာ မျက်မှောင်ကြုတ်လိုက်တယ်။
“အဲဒီဒုက္ခများတဲ့ လူအိုကြီး”
“အာ...” အတွင်းရေးမှူးဟာ ထောက်ခံရမလား မခံရဘူးလားဆိုတာ မသိဘူး ဖြစ်နေတယ်။
“နိုး ဟင့်အင်း” နန်ကျဲ့ဂာ လက်ခါလိုက်တယ်။ နန်ကျဲ့ဟာ အဲဒီလိုပွဲမျိုးကို စိတ်မ၀င်စားဘူး။
“ငြင်းလိုက် တစ်ယောက်ယောက်ကို လက်ဆောင်ပြင်ပြီးသာ ပို့ခိုင်းလိုက်”
“အဲဒါဆို ကောင်းပါပြီ” အတွင်းရေးမှူးဟာ တိတ်တဆိတ် သက်ပြင်းချတယ်။ လူတိုင်းဟာ သွားဖို့ကို မစောင့်နိုင် ဖြစ်နေခဲ့ကြတာ။
ချန်းအန်ဥက္ကဌရဲ့မွေးနေ့ပွဲဟာ နိုင်ငံထဲက တကယ့်အကောင်ကြီးတွေပဲ တက်ခွင့်ရတာ။ သူတို့ထဲက ဘယ်သူမဆို စီးပွားရေးလောကကို လှုပ်ခါနိုင်တယ်။
မွေးနေ့ပွဲက ဒုတိယ ဖြစ်ပြီး အဓိက ရည်ရွယ်ချက်ဟာ ပေါင်းသင်းဆက်ဆံဖို့။
ဟူး။ သူ့သူဌေး စီးပွားရေးအကြောင်း မတွေးတာက နှမြောစရာဘဲ။
ဒါပေမဲ့ ထပ်တွေးကြည့် လိုက်တဲ့အခါ ဥက္ကဌရှန်ဟာ ပေါင်းသင်းဆက်ဆံဖို့လည်း လိုမနေတော့ပါဘူးလေ။
အမြဲတမ်း အခြားလူတွေကသာ သူနဲ့ ပေါင်းသင်း ဆက်ဆံချင်ကြတာ။ သူ့အဖို့ သူ့ကိုယ်သူ နှိမ့်ချပြီး အခြားလူတွေနဲ့ သဘောတူတာမျိုး လုပ်စရာ မလိုဘူး။
“ဒါဆို ဂရုစိုက်ပါ” အတွင်းရေးမှူးဟာ အနည်းငယ် ဦးညွှတ်လိုက်တယ်။ သူ ဓာတ်လှေကားကို ကူပိတ်ရင်း ဖုန်းကို ထုတ်ကာ နန်ကျဲ့ ပွဲမတက်တော့ဘူးဆိုတဲ့အကြောင်း အတည်ပြုဖို့ ပြင်လိုက်တယ်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ ဥက္ကဌနန်ဟာ စကားထပ်ပြောလာတယ်။ “စာရင်းရှိလား”
“စာရင်း” အတွင်းရေးမှူးဟာ မတုံ့ပြန်ခင် ခဏလောက် ကြောင်သွားတယ်။ ပြီးမှ ခပ်မြန်မြန် ပြောလိုက်တယ်။ “မရှိသေးဘူး မင်းလိုတယ်ဆိုရင် ကျွန်တော် ကူမေးပေးမယ်”
“ဟုတ်ပြီ” နန်ကျဲ့ဟာ ခေါင်းညိတ်ပြီး ခလုတ်ကို ထပ်နှိပ်လိုက်တယ်။ “မြန်နိုင်သမျှ မြန်မြန်လေး” နန်ကျဲ့ရဲ့ ကုမ္ပဏီဟာ ပျင်းရိသူတွေကို အားမပေးဘူးဆိုတာ အမှန်ဘဲ။
အလုပ်ဆင်းရမဲ့ အချိန် ဖြစ်နေတာတောင်မှ အတွင်းရေးမှူးဟာ အရမ်းထိထိရောက်ရောက်ကို ကြိုးစားနေတုန်းပဲ။
ပွဲရဲ့ ဧည့်သည်စာရင်းကို လက် ခံရရှိလိုက်တဲ့အချိန်မှာ ကားဟာ မီတာအနည်းငယ်လောက်ပဲ မောင်းရသေးတယ်။
နန်ကျဲ့ဟာ လှန်လှောကြည့်ဖို့အထိ လိုမနေခဲ့ဘူး။ ဘာလို့လဲဆိုတော့ အရှေ့ဆုံး စာမျက်နှာပဲ။ သူရှာနေတဲ့နာမည်ကို သူတွေ့လိုက်ရလို့။ ဟွားရှန်အဖွဲ့အစည်း ရှန်ရန်ချင်း...
******