← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

97 01

Chapter 97 ရှင် ကျွန်မကို အမြဲလိမ်နေတော့တာပဲ။

လက်ထောက်ယွမ်နဲ့ မြောင်မြောင်ဟာ နန်ကောကို ပြန်အနားယူစေချင်ပေမဲ့ နန်ကောဟာ ငြင်းတယ်။

“ပြန်ပါ။ ကျွန်မအဆင်ပြေပါတယ်”

“ဆရာ၀န် ပြောတာ ဆေးသွင်းပြီးရင် သူ အဆင်ပြေသွားလိမ့်မယ်ဆို။ ကျွန်မ ဆေးသွင်းတာ ပြီးအောင် စောင့်လိုက်မယ် အဆင်ပြေတယ်”

လက်ထောက်ယွမ် တစ်ခုခုပြောချင်ပေမဲ့ မြောင်မြောင်ဟာ သူ့ကို ပြန်ဆွဲထားတယ်။

“ဟုတ်ပါပြီ မင်းကိစ္စ တစ်ခုခု ရှိရင် အစ်မတို့ကို ခေါ်သာခေါ်လိုက်”

“ဟုတ်ကဲ့ပါ” နန်ကောဟာ ခေါင်းညိတ်ပြီး သူတို့နှစ်ယောက် ပြန်သွားတာကို ကြည့်နေတယ်။

လျှောက်လမ်းမှာတော့ မြောင်မြောင်ဟာ လက်ထောက်ယွမ်ရဲ့ လက်ကို လွှတ်ပြီး မျက်လုံးကို လှည့်လိုက်တယ်။ “ရှင် သူ့ကို အမှန်အတိုင်း မပြောလိုက်သင့်ဘူး”

“ငါလည်း တွ့န်နေတာပါ” လက်‌ထောက်ယွမ် သူ့ကိုယ်သူ အပြစ်တင်တယ် ဆိုပေမဲ့လည်း သူ ဒါကို အခုမပြောရင်တောင် နောက်ပြောရမှာပဲ။ “ဥက္ကဌရှန်က ဖုံးထားပြီး သူ့ကို စိတ်မပူ စေချင်တာကို ငါသိတယ်”

“ဒါပေမဲ့ အရက်အလတ်ဂျစ်က ပေါ့သေးသေး မဟုတ်ဘူး။ ဥက္ကဌရှန် ဒီတစ်ကြိမ် အတင်း သည်းခံထားတာ။ နောက်တစ်ကြိမ် ရှိမလာဘူးလို့ ပြောမရဘူး။ ဒီတစ်ကြိမ်က အချိန်မီပေမဲ့ နောက်တစ်ကြိမ် သတိမေ့တဲ့အထိ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

“ဒါ နောက်စရာ မဟုတ်ဘူး”

“ဘာပဲဖြစ်ဖြစ် နန်ကောက ဥက္ကဌရှန်ရဲ့ ကောင်မလေးပဲလေ။ သာမန်အားဖြင့် နောက်ဆိုလည်း သူတို့အချိန်ပြည့် အတူတူ ရှိနေကြမှာ”

“သူ သိထားရမယ်။ သူ့မှာ သိခွင့်ရှိတယ်။ ပြီးတော့ ဥက္ကဌရှန်သာ ဆက်ပြီး ဖုံးထားရင် နန်ကောက ဒီ 'ဖြူစင်တဲ့အလိမ်အညာ‌'ကို အေးအေးချမ်းချမ်းနဲ့ လက်ခံမယ် နင် ထင်လား။ ပိုစုပုံလာလေ သူမ ပို၀မ်းနည်းလာလေ ဖြစ်မှာပဲ”

“စဉ်းစားကြည့် ငါတို့က ၀န်ထမ်းတွေ သက်သက်ပဲ။ တစ်ခါတလေ ငါတို့က သတိပေးရင်တောင် ဥက္ကဌရှန်က နားထောင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ နန်ကောကျ မတူဘူး”

“အခု ဥက္ကဌရှန်ကို ဆုံးမပြီး စကားနားထောင်စေပြီး လေး‌လေးနက်နက်နဲ့ အမှန် ပြင်ပေးနိုင်တဲ့ တစ်ယောက်တည်းသော လူက နန်ကောပဲ”

သူ ဥက္ကဌရှန်နဲ့ ရှိလာတာ နှစ်တွေ အများကြီး ရှိပြီ။

ဒါကြောင့် ဘာက ပြောသင့်လဲ ဘာက မပြောသင့်လဲဆိုတာ သူ သိတယ်။

သူ ဒီည နန်ကောကို အမှန်တရားကို မပြောခင် သေသေချာချာ ဂရုတစိုက် စဉ်းစားခဲ့ပြီးသား။

သူဟာ ပြောရင်း သက်ပြင်းချကာ မြောင်မြောင်ကို ပုခုံးတွန့်ပြတယ်။ “ဒါ ဥက္ကဌရှန် တစ်ယောက်ယောက်နဲ့ ပထမဆုံး တွဲတာ။ သူမိန်းကလေးတွေအကြောင်း သိပ်မသိပါဘူး”

“အဲဒီအချိန်တုန်းက ဖုံးကွယ်ထားတာက နှစ်ယောက်လုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းလို့ ဥက္ကဌရှန်က ထင်တာ။ သူက ဒီတိုင်း အရာရာတိုင်းကို သူ တစ်ယောက်တည်း ဖြေရှင်းတာကို နေသားကျနေတာ”

“ဒါပေမဲ့ တွဲတယ်ဆိုတာ စီးပွားရေးလို မဟုတ်ဘူး။ တွဲပြီဆိုတာနဲ့ သူတစ်ယောက်တည်း မဟုတ်ဘဲ လူနှစ်ယောက်လုံး ပါ၀င်လာပြီ”

“ဒီတော့ ဥက္ကဌရှန် အမှားတွေ လုပ်နေတာကို ငါတို့ ကြည့်နေလို့ မရဘူးလေ”

လက်ထောက်ယွမ် စကားဆုံးတဲ့အခါ အစ်မမြောင်မြောင်ဟာ သူ့ကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ သေချာစိုက်ကြည့်နေတယ်။

“ဘာကြည့်တာလဲ” သူမရဲ့အကြည့်ဟာ သူ့ကို ပျာယာခတ်စေတယ်။ သူမရဲ့ပါးစပ်ကနေ ကောင်းတာတစ်ခုမှ ထွက်လာမှာမဟုတ်ဘူးလို့ ခံစားရတယ်။

မြောင်မြောင်ဟာ စုတ်တစ်ချက်သပ်ပြီး “ငါ နင့်လို နှစ်၂၀လောက် လူပျိုကြီး ဖြစ်နေတဲ့လူက ဒီလောက် သိမယ် မထင်ထားဘူး”

“နင် ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ အရမ်းတော်တာပဲ အာ… နင် အခုတလော ဒိတ်တာနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ဘာတွေများ ရှာနေတာလား။ *

“ကျစ် နင်ဘာလို့ အထူးလက်ထောက် ဖြစ်လဲဆိုတာ အကြောင်းရှိတာပဲ။ ငါ မနာလို မဖြစ်ပါဘူးလေ”

ထင်ထားတဲ့အတိုင်းပဲ အလုပ်တွဲလုပ်တာ ကြာပြီဖြစ်တဲ့ ပါတနာတွေအနေနဲ့ သူတို့မှာ တူညီတဲ့ နားလည်နိုင်စွမ်း ရှိတယ်။

မနက်၃နာရီ ရှန်ရန်ချင်း နိုးလာတော့ အခန်းထဲမှာ အလင်းရောင်တစ်ရောင်ပဲ ရှိတယ်။ အလင်းရောင်ဟာ သိပ်ပြီး မ‌တောက်ပနေဘူး။

သူ ဘယ်မှာလဲဆိုတာ သူ လျှောက်ကြည့်နေစရာ မလိုခဲ့ဘူး။

သူ မျက်လုံးဖွင့်တာနဲ့ တွေးမိတာက ဒေါသထွက်တာပဲ။ သူ နန်ကောကို အကြာကြီး စောင့်ရအောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ အဆုံးကျတော့လည်း သူ သူမရဲ့ စိတ်ဝိဉာဏ်ကို ထိုးကျသွားစေတယ်။

သူ နန်ကောနဲ့ လျှောက်လည် ပြီးတဲ့အချိန်အထိ အနည်းနဲ့အများတော့ တောင့်ခံနိုင်မယ် ထင်ခဲ့တာ။ အချိန်ပြည့်ရင် သူ နန်ကောကို အနားယူဖို့ ပြန်ပို့လိုက်ပြီး သူက ဆေးရုံမှာ ဆေးသွင်းဖို့ လာမယ်ပေါ့။

သူ သူမကို မပြောချင်ခဲ့ဘူးဆိုတာ သူမကို စိတ်မပူစေချင်လို့။ သူမကို တစ်ညလုံး ပျော်ပျော်ပဲ နေစေချင်တယ်။

97 02

အစကတည်းက မိန်းမငယ်လေးဟာ နှင်းကျတာ ကြည့်ဖို့ လာခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးကျတော့လည်း သူနဲ့အတူ ဆေးရုံမှာ ပိတ်မိနေရတယ်။

ရှန်ရန်ချင်းဟာ မျက်လုံးမှိတ်ပြီး မျက်မှောင် ကြုတ်လိုက်တယ်။

ခဏလောက် အနားယူပြီးတော့ သူ ဖုန်းရှာဖို့ ကိုယ်ကို ကြွလိုက်တယ်။ ဘယ်အချိန် ရှိပြီလဲရယ် နှင်းကျတာ ရပ်သွားပြီလားရယ်ဆိုတာကို သူ သိချင်တာ။ ဒါပေမဲ့ သူ ထလိုက်တာနဲ့ ခေါင်းသေးသေးလေးတစ်လုံး အိပ်ရာပေါ်မှာ လှဲနေတာကို တွေ့လိုက်ရတယ်။

သူ တောင့်သွားပြီး မျက်လုံးကို ကျဉ်းကာ သူမကို သေချာကြည့်မိတယ်။

သူ မျက်မှန် မတပ်ထားဘူးလေ။ စက္ကန့်အနည်းငယ်လောက် ကြာတော့ ဘယ်သူလဲဆိုတာ သူ သိသွားပြီး သူ့အကြည့်ဟာလည်း နူးညံ့သွားတယ်။

ကောင်မလေးဟာ ခုံပေါ်မှာ ထိုင်ပြီး အိပ်ရာဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ။

လူနာရဲ့ အိပ်ရာကို လုမိမှာ စိုးတဲ့အတိုင်း သူမရဲ့ လက်မောင်းတစ်၀က်ကိုပဲ အိပ်ရာပေါ် တင်ထားတယ်။ နည်းနည်းလေး ချော်သွားရင်တောင် သူမလက်မောင်းနဲ့ အနားယူနေတဲ့ ခေါင်းလေးဟာ ချက်ချင်း ပြုတ်ကျလိမ့်မယ်။

ဆေးသွင်းတာက ပြီးသွားပြီ ဖြစ်တယ်။ သူ ဂရုတစိုက်နဲ့ ဆင်းကာ သူမကို အိပ်ရာပေါ် သယ်ပေးတယ်။

သူမခန္ဓာကိုယ် အိပ်ရာနဲ့ ထိတာနဲ့တစ်ပြိုင်နက် နန်ကောဟာ ငူငူငိုင်ငိုင်နဲ့ မျက်လုံးကို ဖွင့်လာတယ်။

ရှန်ရန်ချင်းဟာ မထနိုင်သေးဘဲ သူ့လက်ကလည်း သူမရဲ့ ‌အနောက်မှာပဲ ရှိနေသေးလျက်။

အဲဒီလိုနဲ့ပဲ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ်နဲ့ ကြည့်နေတယ်။

နန်ကော တကယ်နိုးလာလား မသေချာတာမို့ ရှန်ရန်ချင်းဟာ စကားမပြောရဲသေးဘူး။

နန်ကောဟာ မလှုပ်ဘူး။ သူမရဲ့ မျက်လုံးတွေကို အသာဖွင့်ထားကာ သူမ‌ရှေ့ကလူကို ကြည့်နေတယ်။

မကြာဘူး။ သူမရဲ့ မျက်လုံးတွေ အနည်းငယ် နီနေတာကို ရှန်ရန်ချင်း သတိထားမိလိုက်တယ်။

ခုနက သူမ ခေါင်းကို ငုံ့ပြီး အိပ်နေတာ။ သူ သူမကို သယ်တော့လည်း သူ သတိမထားမိဘူး။ အခု သူမက နီးကပ်နေတော့ သူ ရှင်းရှင်းလင်းလင်း မြင်ရတယ်။

သူဟာ အနည်းငယ် အံ့ဩသွားကာ လွတ်ခနဲ မေးလိုက်မိတယ်။ “မင်း ငိုထားတာလား”

သူ့အသံကို ကြားတော့ နန်ကော ချက်ချင်း နိုးသွားပြီး နောက်ဆုံးတော့ အိပ်မက် မဟုတ်ဘူး‌ဆိုတာ အတည်ပြု နိုင်သွားတယ်။

ရှန်ရန်ချင်းဟာ မေးပြီးခါမှ နောင်တ ရသွားတယ်။ သူ သူမရဲ့ ကျောလေးကို ပုတ်ပေးပြီး ဆက်အိပ်ဖို့ ချော့သိပ်ချင်တယ်။ ဒါပေမဲ့ ချက်ချင်းပဲ ကောင်မလေးဟာ သူမရဲ့ လက်တွေနဲ့ သူ့လည်ပင်းကို သိုင်းဖက်လာပြီး မျက်နှာကို သူ့ရင်ဘတ်ထဲ မြှုပ်ထားတယ်။ သူမ စပြီး ငိုတော့တယ်။

အမျိုးသားဟာ သတိလက်လွတ် ဖြစ်သွားတယ်။ သူ့ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းဟာ မျက်ရည်တွေနဲ့ စိုရွှဲသွားပြီး လေးလံစွာ ခုန်ပေါက်နေတယ်။

“ကိုယ် တောင်းပန်ပါတယ်” ရှန်ရန်ချင်းဟာ ခေါင်းငုံ့ပြီး ရောယှက်နေတဲ့ ခံစားချက်တွေနဲ့အတူ သူမကို ဖက်ထားပေးတယ်။ အချိန်တစ်ခုလောက် သူ ဘယ်လို ရှင်းပြရမလဲ မသိဘဲ တိတ်တိတ်လေးသာ တောင်းပန်နိုင်တယ်။

“ရှင် အရင်တစ်ခေါက်က ပြောတော့ ဒါမျိုး ထပ်မဖြစ်တော့ပါဘူးဆို...” နန်ကောဟာ ငိုပြီး စကားကို ဆုံးအောင် မပြောနိုင်ဘူး။

ဒါပေမဲ့ ရှန်ရန်ချင်းဟာ သူမရဲ့ ပြတ်တောင်းပြတ်တောင်းနဲ့ စကားတွေကို ကြားနေရတယ်။

“ကိုယ်...” သူ တစ်ခုခု ပြောချင်ပေမဲ့ တွန့်ဆုတ်နေတယ်။ “တကယ်တော့ ကိုယ် ဆေးသောက်ထားပြီး ဆရာ၀န်နဲ့လည်း ချိန်းထားတယ်။ ကိုယ့်ခန္ဓာကိုယ်က ဒီလောက် အားနည်းလိမ့်မယ်လို့ မထင်ထားတာ ကိုယ်ထင်ထားတာထက်တောင် ပိုဆိုး နေသေးတယ်”

“ကိုယ် မင်းကို လန့်သွား စေမိပြီလား”

97 03

နန်ကောဟာ သူ့ကို တင်းကြပ်စွာ ဖက်ထားတယ်။ “ဝူးဝူး ရှင် ကျွန်မကို လိမ်နေပြန်ပြီ။ ရှင် ကျွန်မကို အမြဲလိမ်တယ်”

ရှန်ရန်ချင်းရဲ့ မျက်တောင်တွေ လှုပ်ခတ်သွားတယ်။ သူ့ရဲ့ မျက်တောင်ရှည်ရှည်တွေဟာ မျက်လုံးထဲက အမှောင်ထုကို ဖုံးကွယ်ဖို့ လျှောကျသွားတယ်။

သူဟာ အမြဲစကားကြွယ်ပြီး စကားလုံး နည်းနည်းပါးပါးလောက်နဲ့ တစ်ယောက်ယောက်ကို သိမ်းသွင်းနိုင်တယ်။

ဒါပေမဲ့ အခုတော့ အချိန်တစ်ခုလောက်အထိ ရုန်းက န်နေရပြီး အဆုံးမှာလည်း တောင်းပန်စကားကိုသာ ပြောနိုင်တယ်။ “ကိုယ် တောင်းပန်ပါတယ်”

သူ ဘာလို့ ဖုံးကွယ်ထားလဲဆိုတာကို သူ မပြောခဲ့ဘူ။ အခုချိန်မှာ သူ ပြောတာ မှန်သမျှဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ထင်တယ်။

အမှားက အမှားပဲလေ။

“ရှင်သာ ဆေးရုံကို စောစော မလာရင် ရှင် သတိမေ့သွားပြီး ပိုဆိုးတဲ့အခြေအနေကို ရောက်သွားနိုင်တယ်တဲ့။ အဲဒီတုန်းက ရှင့်အတွက် အသက်ရှူဖို့တောင် ခက်ခဲနေမှာကို ကျွန်မကို ပြောတောင် မပြောဘူး။ အနည်းဆုံးတော့ ကျွန်မကို ပြောပြလို့ ရတယ်လေ!”

သူမဟာ အရှေ့ကိုပဲ စိတ်ရောက်နေပြီး အနောက်မှာ သူ နာနေမယ်‌ဆိုတာကို သတိမထားမိဘူး။

နန်ကောဟာ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ သူမသာ လိုက်လာမယ်လို့ မပြောခဲ့ရင် အခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး။

“ကိုယ် ဒီတစ်ခါ သတိလျော့သွားတာ။ အဓိကက ဒီည ကိုယ်သောက်ရလိမ့်မယ်လို့ မမျှော်လင့်ထားလို့။ ကိုယ်ရဲ့ ဒီညမူရင်းပလန်က မင်းနဲ့ အတူပျော်ဖို့ပါ။ ဒီလိုတွေ ဖြစ်သွားမယ်လို့ ကိုယ် မထင်ထားဘူး”

“ကိုယ် မင်းကို ထပ်မလိမ်တော့ပါဘူး...။ ဒီတစ်ခေါက်က ‌လုံး၀ကို ကိုယ့်အမှားပါ”

“ကိုယ် မင်းကို မပြောပြချင်ခဲ့တာ မဟုတ်ပါဘူး။ ဒီတိုင်း နည်းနည်း ရုတ်တရက် ဆန်သွားပြီး ကိုယ် သေချာ မတုံ့ပြန် နိုင်လိုက်ဘူး”

ရှန်ရန်ချင်းဟာ မျက်လုံးမှိတ်လိုက်ပြီး သူ့မျက်လုံးထောင့်ကနေ မျက်ရည်တွေ တိတ်ဆိတ်စွာနဲ့ ကျဆင်းလာတယ်။ “နန်ကော ကိုယ် တောင်းပန်ပါတယ်...”

******

All Chapters